အခန်း ၈
Vol. 1 Ch. 8
Ch-8
“ဟေ့ ဟေ့ လှည်းခဏရပ်ပေးပါဦး”
ကုတန်က ရုတ်တရက် အော်လိုက်သည်။ ကျိုးကျားက လှည့်ကြည့်ကာပြောလိုက်၏။
”ဘာလဲ အပေါ့သွားချင်လို့လား၊ လှည်းအပြင်ဘက်မှာပဲ ဖြေရှင်းလိုက်လေ၊ ဘာတွေ လျှောက်အော်နေတာလဲ”
“မဟုတ်ဘူး၊ ကျွန်တော်တို့ရောက်ပြီ”
“ရှီထိုင်ခရိုင်ရောက်ဖို့ တစ်နာရီကျော် ခရီးလိုသေးတယ်လေ”
ကုတန်က ခေါင်းခါလျက်ပြောလိုက်သည်။
“ကျွန်တော်တို့အိမ်က ဒီမှာပါ၊ မာယန်ကျေးရွာလေ”
ကျိုးကျားက နဖားကြိုးကိုဆွဲလိုက်ရာ နွားလှည်းသည် ဖြည်းညင်းစွာရပ်တန့်သွားတော့၏။
“မရီးနဲ့ ညီမလေး သတိထားဆင်းနော်”
ကုတန်က လှည်းပေါ်မှခုန်ဆင်းကာ သတိပေးလိုက်၏။ လင်းယွဲ့သည် လှည်းပေါ်မှဆင်း၍ မာယန်ကျေးရွာဘက်သို့ လှမ်းကြည့်လိုက်၏။
ယခင်ကကြုံတွေ့ခဲ့ရသော အဆုံးမရှိသည့် တောတောင်ထူထပ်သောဒေသများနှင့် နှိုင်းယှဉ်ပါက ဤနေရာမှာ စိမ်းလန်းသောတောင်တန်းများ ဝန်းရံထားသည့် မြေပြန့်လွင်ပြင်ကြီး ဖြစ်သည်။
မြေပြန့်၏နောက်ကျောဘက်တွင်လည်း စိမ်းညို့ညို့တောင်တန်းကြီးများက ကာရံထားသည်။
သို့သော်လည်း နေထိုင်မှုအခြေအနေမှာ အတော်ပင် ကောင်းမွန်လှသည်ဟုဆိုရမည်။ အဝေးတစ်နေရာတွင် စပါးစိုက်ခင်းကြီးများကို မြင်တွေ့ရပြီး အနီးအနားတွင် နေအိမ်များတည်ရှိနေသည်။
ပုံမှန်အားဖြင့် အိမ်ခြေသုံးလေးအိမ်သာတည်ရှိပြီး အခြားအိမ်များနှင့် ခပ်လှမ်းလှမ်းတွင်ရှိသည်။
ဤနေရာ၏လူဦးရေမှာ ယခင်က ဖြတ်သန်းခဲ့သော ရွာများထက် ပိုမိုများပြားကာ အဝေးသို့ကြည့်လျှင် အခြားကျေးရွာများကိုလည်း မြင်တွေ့နိုင်ပေသည်။
“မြန်မြန်သွားရအောင်၊ မှောင်တော့မယ်”
ကုတန်သည် ပြောပြောဆိုဆိုနှင့် ရှေ့မှ ပြေးထွက်သွား၏။ သူတို့အိမ်တစ်လုံးရှေ့သို့ရောက်ရှိချိန်တွင် လုံးဝအမှောင်အတိကျသွားချေပြီ။
ကုတန်သည် ခြံဝင်းတံခါးကိုတွန်းဖွင့်လိုက်သည်။ အိမ်လေးလုံး မဟုတ်သေး အိမ်သုံးလုံးခွဲခန့်ကို မြင်လိုက်ရသည်။
အလယ်ဗဟိုမှအိမ်ကြီးမှာ အုတ်အိမ်ဖြစ်ပြီး အခန်းများစွာဖြင့် အလွန်လှပသည်။
ထူးဆန်းသည်မှာ ထိုအိမ်ကြီး၏ဘယ်ဘက်တွင် အိမ်တစ်လုံး၏တစ်ဝက်ခန့်မှာကပ်လျက် တည်ရှိနေခြင်းဖြစ်သည်။
ထိုမြေအိမ်ကလေးမှာ တစ်ဝက်တိတိ အဖြတ်ခံထားရသကဲ့သို့ရှိသည်။ အိမ်ကြီးနှင့်ကပ်နေသောဘက်ခြမ်းမှာလည်း အိမ်ကြီးပေါ်တွင် အမှီပြုထားခြင်းမဟုတ်ဘဲ သစ်သားတိုင် အနည်းငယ်ဖြင့်သာ ထောက်ထားခြင်း ဖြစ်သည်။
ဘယ်ဘက်နှင့် ညာဘက်တွင် နောက်ထပ် အိမ်နှစ်လုံးရှိနေသေးသည်။
အိမ်ထောင်စု လေးစု၊ အိမ်သုံးလုံးခွဲ
လင်းယွဲ့သည် အကြီးဆုံးအိမ်ကြီးကို ကြည့်ကာပြုံးလိုက်မိသည်။
မှောင်လည်းမှောင်၊ မိုးကလည်း ရွာသွန်းနေသဖြင့် ခြံဝင်းထဲတွင် မည်သူမျှမရှိချေ။
“အဖွား ဦးလေး ကျွန်တော်တို့ပြန်ရောက်ပြီ၊ အိမ်က ဘာဖြစ်သွားတာလဲ”
အဖွားဖြစ်သူကို မေးလိုက်သည်။ သူထွက်ခွာသွားစဉ်က ဤမြေအိမ်မှာ အရှေ့ဆုံးတွင်ရှိနေပြီး အကောင်းပကတိရှိသေးသည်။
အဘယ်ကြောင့် နှစ်အနည်းငယ်အတွင်း တစ်ဝက်သာကျန်ရှိတော့သည်ကို သူမသိရှိပေ။
သို့သော်လည်း ကုတန်သည် အိမ်ဟောင်းကိုမှတ်မိနေဆဲဖြစ်၍ ထိုမြေအိမ်တစ်ဝက်ဆီသို့ လျှောက်သွားလိုက်သည်။ တံခါးမှာ ပွင့်လျက်ရှိ၏။
ကုတန်သည် လူတစ်ယောက်နှင့် မျက်လုံးချင်းဆုံမိသွားပြီး မေးလိုက်သည်။
“ဦးလေးလား”
“မင်းက ဘယ်သူလဲ”
“ကျွန်တော်က စီအန်းရဲ့သားပါ”
ကုတန်က အနည်းငယ်ကြောက်ရွံ့စွာ ပြောလိုက်သည်။
“ဦးလေးက ပဉ္စမဦးလေးလား”
ထိုစဉ် မီးဖိုချောင်ထဲမှအမျိုးသမီးအိုကြီးတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး ထွက်လာကြသည်။
“အဖွား”
ရင်းနှီးသောသူကိုမြင်လိုက်ရသဖြင့် ကုတန် အနည်းငယ် စိတ်သက်သာရာရသွားသည်။
“ကုတန်”
အဖွားကုသည် အံ့အားသင့်စွာဖြင့် ပြေးလာကာ ကုတန်ကျောကိုပုတ်၍ ဆဲဆိုသံနှင့် ငိုယိုသံများဆူညံသွားတော့သည်။
“မင်းတို့ကလေးတွေ ဘယ်တွေ လျှောက်သွားနေကြတာလဲ၊ အခုမှ ပြန်လာဖို့ သတိရသလား”
“မင်းတို့ကိုယ့်ကိုကိုယ် ဂရုမစိုက်နိုင်ဘဲ သေကုန်မှာကို အဖွားဘယ်လောက် စိုးရိမ်ခဲ့ရလဲသိရဲ့လား၊ မင်းတို့မိဘတွေကလည်း ကံမကောင်းရှာဘူး၊ စောစောစီးစီး ခွဲခွာသွားကြတယ်၊ ငါ့မြေးလေးတွေ သနားစရာပဲ”
သူမအသံမှာ တေးသီချင်းတစ်ပုဒ်ကဲ့သို့ နိမ့်ချည်မြင့်ချည်နှင့် ဝမ်းနည်းဖွယ် ကောင်းလှသဖြင့် ကုတန်နှင့် တာ့ယာတို့ ချက်ချင်းငိုကြွေးမိတော့သည်။
သူတို့သည် အဖွားကုအနားတွင်ကပ်လျက် အလွန်ပင် သနားစရာကောင်းနေတော့သည်။
“ကုချိုင်ရော မင်းအစ်ကိုကြီးကိုမတွေ့ပါလား”
“ဝူးဝူးး အစ်ကိုကြီး အစ်ကိုကြီးဆုံးသွားပြီ”
ထိုစကားကိုကြားလိုက်ရသည်နှင့် အဖွားကုသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်ကို လင်းယွဲ့ မြင်လိုက်ရသည်။
“ဘယ်လိုလုပ် သေနိုင်မှာလဲ၊ သူက ငယ်ငယ်လေးရှိသေးတာကို”
“သူစစ်ထဲဝင်ပြီး စစ်ပွဲမှာကျဆုံးသွားတာပါ”
သုံးယောက်သား ငိုကြွေးကြပြန်သည်။
“အမေ တိတ်တိတ်နေစမ်းပါ”
အခြားအမျိုးသမီးတစ်ဦးက မကျေမနပ်မျက်နှာဖြင့် အခန်းထဲမှငိုနေသော ကလေးငယ်တစ်ဦးကို ပွေ့ချီလာကာ ပြောလိုက်၏။
“အမေ့မြေးနိုးသွားပြီ”
အဖွားကုသည် ခါးစည်းကိုယူ၍ မျက်ရည်များကို သုတ်လိုက်တော့သည်။
“မင်းတို့ ထမင်းမစားရသေးဘူးမလား၊ အဖွား ညစာပြင်နေတာ”
“အဟမ်း အဟမ်း”
ပဉ္စမဦးလေးက ချောင်းဟန့်လိုက်ပြီး
“အမေ ကျွန်တော်တို့အိမ်ခွဲပြီးသားလေ၊ ပြီးတော့ သူတို့က ကျွန်တော်တို့ ပန်းကန်တွေထဲက စားဖို့မသင့်တော်ဘူး”
“ဟုတ်တယ်”
အမျိုးသမီးကလည်း မျက်မှောင်ကြုတ်လျက်
“အမေ့မြေးက မွေးကာစပဲရှိသေးတာ၊ မကောင်းတဲ့သူတွေရဲ့ အငွေ့အသက်တွေ သူ့ဆီမကူးပါစေနဲ့”
ထိုစကားကိုကြားသောအခါ ကုတန်နှင့် တာ့ယာတို့မှာ သိသိသာသာပင် ကြောက်ရွံ့သွားကြသည်။
သူတို့စိတ်ခံစားချက်များကို ထိန်းချုပ်ကာ အဖွားကုကို သနားစဖွယ်မျက်လုံးများဖြင့်ကြည့်လျက် ကူညီစောင့်ရှောက်ရန် တောင်းဆိုကြသည်။
“ဒါက....”
အဖွားကုသည် နှစ်ဖက်စလုံးကိုကြည့်ကာ ဗျာများနေတော့သည်။
လင်းယွဲ့သည် သူတို့နှင့်သိကျွမ်းသည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း ဤကလေးနှစ်ဦးမှာ စိတ်ထားကောင်းသူများဖြစ်ကြောင်း သိရှိသည်။
ယခုကဲ့သို့ ကံဆိုးသူများဟုအခေါ်ခံရကာ သနားစရာကောင်းသော မြင်ကွင်းကို မြင်ရသောအခါ လင်းယွဲ့ စိတ်မကောင်းဖြစ်မိသည်။
“လူတိုင်းမှာ ကံတရားကိုယ်စီရှိကြတာပဲ၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းဆိုတာ ကောင်းကင်ဘုံက သတ်မှတ်တာပါ၊ လက်ရှိဧကရာဇ်ရဲ့ခမည်းတော်နဲ့ မယ်တော်ကြီးတို့တောင် နတ်ရွာစံသွားကြတာပဲ၊ အဲဒါ ဘာကိုဆိုလိုတာလဲ၊ ရှင့်စကားကို ရွာလူကြီးဆီသွားတိုင်စေချင်တာလား”
“မင်းက ဘယ်သူမို့လို့ ဒီလောက်စကားအပြောကောင်းနေရတာလဲ”
ကုဝူရွှမ်က လင်းယွဲ့ကိုစိုက်ကြည့်ကာ မေးသည်။
“ကျွန်မက ကုချိုင်ရဲ့ဇနီးပါ”
“ဟမ့်”
ပဉ္စမဦးလေးက စိတ်မရှည်စွာဖြင့် မောင်းထုတ်လိုက်သည်။
“ဒီခေတ်ကြီးမှာ နောက်ထပ်လူသုံးယောက်ကို ကျွေးမွေးဖို့မတတ်နိုင်ဘူး၊ အားလုံး ထွက်သွားကြစမ်း၊ ထွက်သွား”
“ကျွန်တော်တို့ရွာက ရေကြီးလို့ပျက်စီးသွားပြီ၊ ပြန်စရာ အိမ်မရှိတော့ဘူး”
ကုတန်သည် လင်းယွဲ့အနားကိုကပ်လျက် သူမအင်္ကျီစကိုဆွဲကာ မျက်ရည်များစီးကျလာတော့သည်။
“တခြားရွာသားတွေရော ဘယ်လိုဖြစ်သွားလဲ”
“အားလုံး သေကုန်ကြပြီ”
ကုတန်စကားကြောင့် ကုမိသားစုဝင် သုံးဦးစလုံး ထိတ်လန့်သွားကြသည်။
ပဉ္စမဦးလေး၏သဘောထားမှာ ပိုမိုဆိုးရွားလာကာ ကူးစက်ရောဂါသည်ကို မောင်းထုတ်သကဲ့သို့ အနီးရှိတံမြက်စည်းကိုကောက်ယူကာ မောင်းထုတ်လေသည်။
“အမြန်သွားကြ အမြန်သွားကြ”
အဖွားကုမျက်နှာတွင်လည်း ဝေခွဲမရဖြစ်နေမှုများမရှိတော့ဘဲ မြေပြင်ပေါ်သို့ လဲကျလျက်
“မင်းတို့က ကံဆိုးလွန်းတယ်၊ ကံဆိုးလွန်းတယ်၊ ငါတို့ကို အပြစ်မတင်ပါနဲ့၊ လူတိုင်းက ကြောက်နေကြလို့ပါ”
“ခဏနေဦး ကျွန်မတို့ဒီကိုလာတာက အိမ်ခွဲတုန်းက ရသင့်ရထိုက်တဲ့မြေနဲ့ အိမ်ကို ပြန်တောင်းဖို့လာတာ”
လင်းယွဲ့သည် ရှေ့သို့တစ်လှမ်းတိုးကာ အဖွားကုကို စိုက်ကြည့်လျက် မေးခွန်းထုတ်လိုက်သည်။
“ကျွန်မတို့ရဲ့ကံကြမ္မာအကြောင်းကို ထားလိုက်ပါဦး၊ ကျွန်မရဲ့ယောက္ခမတွေ အရင်တုန်းက ကုမိသားစုအတွက် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့ကြတာလေ၊ အခု သူတို့ကိုဘာမှမပေးဘဲ မောင်းထုတ်ဖို့ ကြံနေတာလား၊ ရှင့်သားနဲ့ ချွေးမအပေါ်မှာ စိတ်ရောသန့်ရဲ့လား”
ပဉ္စမဦးလေးသည် ဒေါသထွက်လျက် လက်ကို ဝေ့ယမ်းလိုက်သည်။
“ငါ့ကို ဘာလာမေးနေတာလဲ၊ ငါက ပိုယူထားတာ မဟုတ်ဘူး၊ ဟိုအိမ်ထောင်စုသုံးစုကို သွားမေးပါလား”
လင်းယွဲ့က တံခါးဝမှလှမ်းကြည့်လိုက်ရာ ကျန်အိမ်ထောင်စုသုံးစု၏ တံခါးဝများတွင် လူများရပ်ကြည့်နေကြသည်ကိုမြင်ရသဖြင့် သူတို့ခိုးနားထောင်နေကြသည်မှာ ထင်ရှားလှသည်။
‘ကောင်းသားပဲ အိမ်ခွဲတဲ့ကိစ္စကိုလူစုံတုန်း ဆွေးနွေးရမယ်’
“အဝေးကနေ ကြည့်မနေကြနဲ့၊ အိမ်ခွဲတဲ့ကိစ္စကို ပြန်ပြောကြရအောင်၊ မဟုတ်ရင် လူကြီးတွေကိုခေါ်ပြီး တရားမျှတအောင် ဆောင်ရွက်ခိုင်းရလိမ့်မယ်”
ကံကောင်းထောက်မစွာဖြင့် သူတို့သည် တာ့ဟွမ်ယာမိသားစုကဲ့သို့ အရှက်မရှိသူများမဟုတ်ကြဘဲ လူကြီးများ ရောက်ရှိလာကာ ရွာသားများ၏ အတင်းပြောခြင်းခံရမည်ကို စိုးရိမ်ကြသည်။
မကြာမီပင် ကျန်အိမ်ထောင်စုသုံးစုမှ အမျိုးသားများ ရောက်ရှိလာကြ၏။ သူတို့အားလုံး၏မျက်နှာများမှာ မကျေမနပ်ဖြစ်နေကြသော်လည်း ကုတာ့ဖု တစ်ဦးတည်းသာပြုံးပြုံးရွှင်ရွှင်ရှိနေသည်။ ကြည့်ရသည်မှာ ချမ်းသာကြွယ်ဝပြီး အေးချမ်းတည်ငြိမ်သူတစ်ဦးကဲ့သို့ပင်။
ကုမိသားစုမှ ညီအစ်ကိုငါးဦး၏ အမည်များမှာ ကုတာ့ဖု၊ ကုအာ့ကွေ့၊ ကုစန်းဖျင်၊ ကုစီအန်း နှင့် ကုဝူရှန်းတို့ဖြစ်ကြသည်။
ကုတာ့ဖုမျက်နှာမှာ အသားညိုညို၊ ပါးချိုင့်နှင့် အရေးအကြောင်းများရှိနေပြီး နေပူထဲတွင် အလုပ်လုပ်ရသော လယ်သမားတစ်ဦးနှင့် တူသည်။
သူသည် ပြုံးနေသော်လည်း ထိုအပြုံးက တစ်ပါးသူကို စိတ်အေးချမ်းမှုမပေးနိုင်ပေ။
ကုအာ့ကွေ့မှာ ကျေးလက်ဒေသတွင် တွေ့ရခဲသော ဝဖြိုးသူတစ်ဦးဖြစ်ပြီး မျက်မှောင်ကြုတ်လျက် ပြောလာ၏။
“ငါ အရင်ပြောထားမယ်၊ အိမ်ခွဲတုန်းက ငါ အနည်းဆုံးရခဲ့တာ၊ အဲဒါ ငါနဲ့မဆိုင်ဘူး”
“ဟမ့်”
ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ဆေးနံ့ထွက်နေသော ကုစန်းဖျင်ကပြောလိုက်၏။
“အစ်ကိုကြီး၊ အစ်ကိုကြီးပဲ စတုတ္ထညီနဲ့ အရင်းနှီးဆုံးမို့လို့ သူ့ကလေးတွေကို စောင့်ရှောက်မယ်လို့ ပြောခဲ့တာမဟုတ်လား၊ အမေ့ကိုတောင် ပဉ္စမညီဆီမှာထားခဲ့ပြီး ပိုင်ဆိုင်မှုအများဆုံးကို ယူခဲ့တာလေ”
“အဲဒါတော့ မဟုတ်သေးဘူး”
ကုတာဖုက ပြုံးလျက်ပင် ပြန်ပြောသည်။
“ဒုတိယညီက အဲဒီတုန်းကလက်သမားပညာသင်နေတာဆိုတော့ အိမ်က လယ်လုပ်ငန်းတွေကို မလုပ်သလောက်ပဲလေ၊ မင်းအကြောင်းကိုတော့ ထည့်တောင် မပြောချင်ဘူး၊ မင်းက အလုပ်လည်းမလုပ်တဲ့အပြင် ဆရာကြီးကျူးဆီမှာ စာသင်ဖို့အတွက် နှစ်စဉ်ကျောင်းလခ အများကြီးပေးခဲ့ရတာ၊ ဒီလောက် နှစ်တွေကြာတာတောင် ထူးထူးခြားခြား ဘာမှဖြစ်မလာဘူး၊ စာမေးပွဲတောင် မအောင်ခဲ့ဘူးလေ၊ နောက်ပိုင်းမှာ ဆေးပညာသွားသင်ပြန်တယ်၊ မိသားစုအတွက် ဘာမှအကျိုးမပြုခဲ့ဘူး၊ ပဉ္စမညီကျတော့လည်း သူငယ်ငယ်လေးကတည်းက ငါပဲကျွေးမွေးခဲ့ရတာ၊ သူက အမေနဲ့ပဲနီးစပ်တာလေ၊ အိမ်မှာ လူကြီးတစ်ယောက်ရှိနေတာက ရတနာတစ်ခုရှိနေသလိုပဲ၊ အမေ့ရဲ့ပိုင်ဆိုင်မှုဝေစုတွေ ပဉ္စမညီရသွားတာကို ထားပါဦး၊ အမေရှိနေရုံနဲ့တင် ပဉ္စမညီအတွက် အများကြီးအကျိုးရှိပါတယ်၊ နေ့တိုင်း အမေက ပဉ္စမညီမိသားစုအတွက် အဝတ်လျှော်၊ ထမင်းဟင်းချက်ပေးနေတာ၊ ဘယ်လောက်တောင် သက်သာသလဲ၊ ဒါကြောင့် ပိုင်ဆိုင်မှုတွေကို ငါယူတာကတော့ ငါ့ကိုယ်ငါလိပ်ပြာသန့်ပါတယ်”
ကုတာ့ဖုသည် စကားကိုအလွန်ပင် စီကာပတ်ကုံး ပြောဆိုနိုင်လေသည်။