အခန်း ၉
Vol. 1 Ch. 9
Ch-9
“ဒါဆိုရင်လည်း အမေ့ကိုမင်းပဲတင်ကျွေးလိုက်တော့”
ကုဝူရွှမ်းက မျက်နှာအပျက်ပျက်ဖြင့် ပြောဆိုကာ အဖွားလီကို အကြီးဆုံးသားဖြစ်သူထံ ဆွဲခေါ်သွားလေသည်။
“ဒီလောက်ကောင်းနေမှတော့ မင်းပဲခေါ်ထားလိုက်တော့”
ကုတာဖုသည် လှောင်ပြုံးပြုံး၍ ပြောလိုက်၏။
“အမေက မင်းတို့ကိုတော်တော်လေး ထောက်ပံ့ပေးခဲ့တာ မဟုတ်လား”
“ဘာလဲ ရွှေဥဥတဲ့ငန်းကို သတ်မလို့လား၊ အမေ့ရဲ့ပင်စင်ပိုက်ဆံတွေကိုတော့ယူထားပြီး အခုကျတော့ မကျွေးချင်တော့ဘူးပေါ့လေ”
“မင်း တော်တော်အရှက်မရှိတာပဲ”
ကုဝူရွှမ်းက ဒေါသတကြီးရှေ့သို့တိုးကာ ကုတာဖုကို ထိုးရန်ပြင်လေသည်။
“လက်ဖျားနဲ့တောင် ထိကြည့်စမ်းပါ”
ကုတာဖု အပြုံးများပျောက်ကွယ်သွားပြီး မျက်နှာမှာ အေးစက်ကာ မျက်လုံးများက ရေခဲထက်ပင်ပိုမိုအေးစက်နေသည်။ သူက အင်္ကျီလက်များကိုမတင်လိုက်၏။
“လူယုတ်မာ... တကယ်ကို လူယုတ်မာပဲ”
ကုစန်းဖျင်၏မျက်နှာမှာ ဒေါသကြောင့် နီရဲနေသော်လည်း ဤစကားအနည်းငယ်ကိုသာ ပြန်ပြောနိုင်သည်။ သူတို့လေးယောက် ငြင်းခုံနေကြသည်ကိုမြင်ရသောအခါ လင်းယွဲ့ စိတ်ပျက်လာသည်။ သူတို့ထဲမှ မည်သူမျှ အရှုံးမပေးလိုကြချေ။ အားလုံးက စားထားကြပြီးသားဖြစ်ရာ မည်သူမျှပြန်အန်မထုတ်ချင်ကြပေ။
“အားလုံးပဲ ရပ်ကြပါတော့၊ ရှင်တို့မိသားစုပြဇာတ်တွေကိုကြည့်နေဖို့ ကျွန်မမှာ အချိန်မရှိဘူး”
သူမ စိုက်ကြည့်ကာ ကုတာဖုကို မေးလိုက်သည်။
“ရှင် ကုချိုင်ရဲ့မိသားစုကို ထောက်ပံ့မယ်လို့ပြောခဲ့ဖူးလား”
ကုတာဖုက လင်းယွဲ့ကိုစိုက်ကြည့်နေပြီး ဘာမှပြန်မပြောပေ။
“ပြောလေ”
ကုဝူရွှမ်းက နှာခေါင်းရှုံ့ကာ
“မင်းက စကားပြောအရမ်းကောင်းတာ မဟုတ်လား၊ အခုကျတော့ ပြန်တောင်မပြောနိုင်တော့ဘူးလား၊ ငါ သက်သေခံမယ်”
ကုဝူရွှမ်းက အကျယ်ကြီးအော်ပြောလေသည်။
“ကုအာ့ကွေ့က လက်သမားပညာသင်တယ်၊ ကုစန်ဖျင်က စာသင်တယ်၊ ဒါပေမဲ့ ကုချိုင်ကတော့ ငယ်ငယ်လေးကတည်းက လယ်ယာလုပ်ကိုင်ပြီး ကြီးပြင်းလာခဲ့ရတာ၊ နောက်ပိုင်းမှာ ကုချိုင်က အမဲလိုက်ထွက်တယ်၊ ရသမျှပိုက်ဆံတွေအားလုံးက မိန်းမယူဖို့ မင်းအိတ်ကပ်ထဲရောက်သွားတာ၊ အဲဒီတုန်းက မင်း ဘာပြောခဲ့လဲ၊ ကုချိုင်ကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်လို့ မင်းကတိပေးခဲ့တာလေ၊ လယ်မြေကိုလည်း အများဆုံးရတယ်၊ အဖေရဲ့ လက်မှုပညာကိုလည်း မင်းပဲဆက်ခံခဲ့တာ၊ အဲဒီတုန်းက ကုချိုင်ရဲ့ကလေးတွေကို ထောက်ပံ့ပါ့မယ်လို့ မင်းလေးလေးနက်နက်ကျိန်ဆိုခဲ့တာ မဟုတ်လား၊ မင်း ကုချိုင်ရဲ့ပိုက်ဆံတွေကိုမယူခဲ့ဘူးလား၊ မင်းမိန်းမကို ဘယ်လိုယူခဲ့တာလဲ၊ ကုအာ့ကွေ့ ကုစန်ဖျင်မင်းတို့ရော အိမ်တွေကိုဘယ်လိုဆောက်ခဲ့ကြတာလဲ”
ကုတာ့ဖုက သူတို့ကိုလှောင်ပြုံးပြလိုက်ကာ
“ငါမသိဘူးလို့ မထင်နဲ့၊ မင်းတို့လည်း အဲဒီတုန်းက ပိုက်ဆံတွေအများကြီး ယူခဲ့ကြတာပဲ၊ အနည်းဆုံးတော့ အဲဒီတုန်းက ငါအိမ်အသစ်မတောင်းခဲ့ဘူး၊ အိမ်ဟောင်းရဲ့တစ်ဝက်ကိုပဲယူခဲ့တာ၊ ဘာလဲ ငါ့အရည်အချင်းနဲ့ ငါအိမ်အသစ်ဆောက်တာကို အခုမှမနာလိုဖြစ်နေကြတာလား”
“ဘာကို မနာလိုဖြစ်ရမှာလဲ၊ သရဲကိုမနာလိုဖြစ်ရမှာလား”
ကုဝူရှန်းက နှာခေါင်းရှုံ့ကာ
“မင်း သမီးငါးယောက်မွေးပြီးမှ သားတစ်ယောက်ရခဲ့တာကို မနာလိုဖြစ်ရမှာလား”
ကုစန်းဖျင်၏မျက်နှာက နီရဲနေသည်။
“အဲဒါကို ဘာလို့ပြန်ပြောနေတာလဲ၊ မိသားစုခွဲဝေရေးအကြောင်းပဲ ပြောရအောင်”
ကုစန်းဖျင်တွင်လည်း သမီးသုံးယောက်ရှိပြီး သားတစ်ယောက်မျှမရသေးသောကြောင့်ဖြစ်သည်။
“ကြည့်ရတာ ကျွန်မရဲ့ယောက္ခမက ဒီမိသားစုအတွက် အများကြီးပေးဆပ်ခဲ့တာပဲ”
လင်းယွဲ့က ပတ်ဝန်းကျင်ကိုလေ့လာပြီး မှတ်ချက်ချလိုက်သည်။
“ဒါဆိုရင် ရှင်တို့က ဘယ်လိုမျက်နှာမျိုးနဲ့များ လုပ်ရက်ရတာလဲ၊ သူဆုံးသွားတော့မှ သူတို့ကလေးတွေက ကံဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး နှိပ်စက်ကြတာလား၊ ဘယ်လောက်တောင်လဲဆိုရင် ကုချိုင်တောင် အိမ်ပေါ်ကဆင်းသွားရတဲ့အထိပဲ”
ပြောဆိုရင်းနှင့် လင်းယွဲ့ ဒေါသထွက်လာ၏။ ကမ္ဘာပေါ်တွင် ဤမျှ အရှက်မရှိသော မိသားစုရှိနိုင်ပါဦးမည်လား။ ကိုယ့်သွေးရင်းသားရင်းအပေါ်မှာတင် ရက်စက်နေကြချင်းပင်ဖြစ်သည်။
ကျေးလက်တောရွာများတွင် မေတ္တာတရားမရှိကြောင်း သူမအဖေ သက်ပြင်းချကာပြောဖူးသည်ကို လင်းယွဲ့ ရုတ်တရက်သတိရသွားသည်။ အသက်ရှင်ရေးနှင့် ကိုယ်ကျိုးစီးပွားကသာ အရေးကြီးဆုံးဖြစ်နေသည်။ သူမဖခင်၏မိသားစုသည်လည်း ထိုနည်းတူပင်။
သူမအဘိုးတို့နှင့် ဖခင်မှာစကားပင်မပြောနိုင်လောက်အောင် စိတ်ဝမ်းကွဲခဲ့ကြဖူးသည်။ ယခုမှပင် လင်းယွဲ့ အမှန်တကယ် နားလည်သွားတော့သည်။
သူတို့က လင်းယွဲ့ကို ဆင်းရဲသောဆွေမျိုးတစ်ဦးကဲ့သို့ ဆက်ဆံနေကြပြီး သူမက အမွေလာလုကြသည်ဟုထင်နေကြသောကြောင့် သူတို့သဘောထားမှာ သဘာဝကျကျပင် ဆိုးရွားနေခြင်း ဖြစ်သည်။
“ဘာလဲ မိသားစုခွဲဝေတုန်းက ကုချိုင်ရဲ့ဝေစုကို ရှင်တို့ယူခဲ့ကြတာလေ၊ အဲဒါကို အကြာကြီးသိမ်းထားလိုက်တော့ တကယ်ပဲ ကိုယ့်ပစ္စည်းလို့ထင်သွားကြတာလား”
လင်းယွဲ့ပြောရင်းနှင့် ဒေါသပိုထွက်လာသည်။ ကျေးလက်တွင် လူမှုဆက်ဆံရေးက အရေးကြီးသည်ဆိုသော်လည်း လူမှုဆက်ဆံရေးဆိုသည်မှာ အခြားသူများကို အမြဲတမ်း လိုက်လျောနေရခြင်းမဟုတ်ပေ။
အခိုင်အမာ ရပ်တည်ရမည့်အချိန်တွင် ရပ်တည်ရမည်ဖြစ်သည်။ သို့သော် ဤမိသားစု ခွဲဝေထားသည်မှာကြာပြီဖြစ်သောကြောင့် ယခုအချိန်တွင် ဘာမှအများကြီးရလိမ့်မည်မဟုတ်ကြောင်း လင်းယွဲ့ နားလည်ထားသည်။
မျိုးနွယ်စုလူကြီးများကို ဖိတ်ခေါ်လျှင်ပင် လူကြီးများက အခြေအနေကို ကြည့်၍သာဆုံးဖြတ်ကြလိမ့်မည်။ တစ်ဖက်တွင် အင်အားကြီးမားသော မိသားစုကြီးရှိပြီး အခြားတစ်ဖက်တွင် လူကြီးမိဘများဆုံးပါးသွားသော မိဘမဲ့နှင့် မုဆိုးမသာရှိသည်။ လင်းယွဲ့အနေဖြင့် ပိုက်ဆံရရန် မမျှော်လင့်ပါ။
သူမတွင် ရောင်းရန်စားစရာနှင့် ကြက်ဥများရှိနေသည်ပင်။ သို့သော် သူမ နေစရာနေရာတစ်ခုတော့ လိုချင်သည်။
အိမ်တစ်လုံးကို ချက်ချင်းမဆောက်နိုင်သေးသောကြောင့်ဖြစ်၏။ သို့သော် သူမထိုသို့ပြောလိုက်သော်လည်း လူအချို့၏မျက်နှာပေးမှာ မပြောင်းလဲဘဲ မည်သည့် အပြစ်ရှိစိတ်မှမရှိကြပေ။
သူတို့က ဟိုအရင်ကိစ္စဟောင်းများကို ပြန်ဖော်ကာ မည်သူက ရေပုံးတစ်ပုံးပိုယူသွားသည်အထိ အပြန်အလှန်ငြင်းခုံနေကြပြီး လုံးဝအလျော့မပေးကြချေ။
သူတို့က သူမကိုစိတ်ပျက်သွားအောင် လုပ်ပြီး အခက်အခဲများရှေ့မှ ဆုတ်ခွာသွားစေလိုခြင်းဖြစ်ကြောင်း လင်းယွဲ့ သိသည်။
ညဉ့်နက်လုနီးပါးရှိနေပြီဖြစ်သော်လည်း မည်သည့်ဆုံးဖြတ်ချက်မျှ မထွက်သေးပေ။
“ရပ်ကြတော့ ကျွန်မတို့နေစရာနေရာနဲ့ လယ်မြေနည်းနည်းလိုချင်တယ်”
လင်းယွဲ့က သူမ၏တောင်းဆိုချက်ကို တိုးမြှင့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမအနေဖြင့် နည်းနည်းသာပေးမည်ကိုသိနေသောကြောင့် ဖြစ်သည်။
သို့သော် တစ်ယောက်ကိုတစ်ယောက် တွန်းလွှတ်ကာ သဘောမတူလိုကြပေ။ အဖွားကုက တွန့်ဆုတ်နေသော အမူအရာဖြင့် ပြောလာ၏။
“သားကြီး သူတို့ကို ကုချိုင်ရဲ့အရင်က အမဲလိုက်တဲလေးပဲပေးလိုက်ပါ၊ အဲဒါက လွတ်နေတာပဲ၊ မင်းလည်း အဲဒီကိုမသွားဘူးလေ၊ ဒါကြောင့် သူတို့ကိုပဲ ပေးလိုက်ပါ”
အကြီးဆုံးသားက မကျေမနပ်လေသံဖြင့် ပြန်ပြောသည်။
“ဘယ်သူပြောလဲ၊ ကျွန်တော်တောင်ပေါ်ပစ္စည်းတွေ သွားသိမ်းရင် အဲဒီမှာ ခဏခဏ အိပ်တယ်၊ ဒါ့အပြင် ကုအာ့ကွေ့နဲ့ ကုစန်းဖျင်တို့မှာ အိမ်အသစ်တွေရှိနေပြီ၊ ကျွန်တော်က အဲဒီတုန်းကအိမ်ဟောင်းတစ်ဝက်ပဲရခဲ့တာ၊ ဒါကြောင့် အဲဒီတဲက ကျွန်တော့်အတွက် နစ်နာကြေးပဲ”
“အစ်ကို အဲဒီအိမ်ကကုချိုင်ဆောက်ခဲ့တာလေ”
ယခုအချိန်အထိ တိတ်ဆိတ်နေသော ကုအာ့ကွေ့က အကြီးဆုံးအစ်ကိုကိုမကြည့်ဘဲ မနေနိုင်တော့ချေ။
“ကုချိုင်ရဲ့ဝိညာဉ်က ကောင်းကင်ကနေ မင်းကို ကျိန်စာတိုက်မှာမကြောက်ဘူးလား”
ကုတာ့ဖုက ဂရုမစိုက်ဟန်ပြလိုက်သည်။ အမဲလိုက်တဲ ရရှိခြင်းသည်လည်း အကောင်းကြီးမဟုတ်ပေ။ သို့သော် သူတို့နှင့်သီးခြားခွဲနေရခြင်းက ပိုကောင်းလိမ့်မည်ဟု လင်းယွဲ့တွေးမိသည်။
ဝေးဝေးမှာနေမှသာ သူမရေခဲသေတ္တာထဲမှ ပစ္စည်းထုတ်ယူသည်ကို သံသယဝင်မည်အား မစိုးရိမ်စရာမလိုတော့မည်ဖြစ်သည်။ မဟုတ်ပါက အသားပေါက်စီတင်မကဘဲ နောက်ပိုင်း အသားတွေပါရလာလျှင် မီးဖိုချောင်အတူသုံးနေရပါက သူမချက်ပြုတ်နိုင်မည် မဟုတ်ပေ။ သူမကိုပင် အတင်းအဓမ္မ ဝေမျှခိုင်းနိုင်သေးသည်။ ဤနည်းလမ်းက အကောင်းဆုံးပင် ဖြစ်သည်။
သူတို့ဘက်ကလည်း မည်သည့်အကျိုးအမြတ်မျှ မမျှော်လင့်သင့်တော့ပေ။ လင်းယွဲ့ စိတ်ဆုံးဖြတ်လိုက်ပြီး ကုတာ့ဖုကိုသာ အာရုံစိုက်ပြောလိုက်တော့သည်။
“ဦးကြီး အဲဒီအိမ်က ကျွန်မယောက္ခမ ဆောက်ခဲ့တာ၊ ကျွန်မယောက္ခမ ငယ်ငယ်လေးကတည်းက လယ်လုပ်ခဲ့တယ်၊ နောက်တော့ အမဲလိုက်ပြီးအိမ်ကို ပိုက်ဆံတွေအများကြီး သယ်လာပေးခဲ့တာ၊ ရှင်က ကုချိုင်ရဲ့မိသားစုကို သေအောင် တွန်းပို့နေတာလား၊ ကုချိုင်က ဆုံးသွားပြီ၊ ရှင့်စတုတ္ထမြောက်ညီရဲ့ မျိုးဆက်ကို တကယ်ပြတ်သွားစေချင်တာလား”
ကုတာ့ဖုက မျက်စောင်းထိုးကြည့်ကာ ဘာမှပြန်မပြောပေ။
“ငါ ဆုံးဖြတ်လိုက်ပြီ၊ အမဲလိုက်တဲကို ကုချိုင်ရဲ့မိသားစုကို ပေးမယ်”
အဖွားကုက ပြတ်သားသောအမူအရာဖြင့် ကုတာ့ဖုကိုပြောလိုက်သည်။
“မင်း သဘောမတူရင် ငါတို့ရွာသူကြီးဆီသွားမယ်၊ ရွာထဲက လူတိုင်းကိုလည်း ဖိတ်ပြီး ဒါကမှန်သလား မှားသလားဆိုတာ အဆုံးအဖြတ်ခံယူမယ်”
အခြားသူများကလည်း သူ့ကိုဝိုင်းဝန်း တိုက်တွန်းကြလေသည်။
“အေး အေး မင်းတို့အားလုံး ငါ့ကိုသေအောင် တွန်းပို့ချင်နေကြတာပဲမဟုတ်လား”
ကုတာ့ဖုမျက်နှာက လုံးဝငြိမ်ကျသွားသည်။
“ယူသွား ယူသွားကြ၊ အကြွေးတောင်းတဲ့ ကောင်တွေ၊ စောစောစီးစီး သေသွားတဲ့ကောင်ကမွေးတဲ့ သေချင်းဆိုးလေးတွေ”
ကုတာ့ဖုက ပြင်းပြင်းထန်ထန်ဆဲဆိုကာ တံခါးပြင်သို့ ထွက်သွားလေသည်။ အဖွားကုပြောလိုက်၏။
“လယ်မြေကတော့ နွေဦးမှာစိုက်ကြပြီး ဆောင်းဦးမှာ ရိတ်သိမ်းဖို့ စောင့်နေကြတာ၊ ဘယ်သူမှ တစ်နှစ်ပတ်လုံး အလကား အလုပ်မလုပ်ချင်ကြဘူး၊ မင်းတို့ အခုလောလောဆယ် အဲဒီမှာပဲ နေဦး၊ လယ်မြေအကြောင်းကိုတော့ ဆောင်းတွင်းကျမှ ထပ်ပြောကြတာပေါ့၊ နောက်မှ ငါသူတို့ကို ရိက္ခာအချို့စုခိုင်းပြီး မင်းတို့ကိုပေးခိုင်းမယ်၊ အမဲလိုက်တဲနားမှာလည်း စားဖို့သောက်ဖို့ တစ်ခုခုစိုက်ထားလို့ရတာပဲ”
လင်းယွဲ့ကလည်း မည်သည့်အချိန်တွင် ရပ်ရမည်ကိုသိသည်။
“ကောင်းပါပြီ၊ အခု ကျွန်မတို့ကိုအမဲလိုက်တဲဆီ လိုက်ပို့ပေးပါ”
“ကောင်းပြီလေ”
အဖွားကုက သူမလက်များကို လက်သုတ်ဖြင့်သုတ်လိုက်ကာ ရှေ့မှဦးဆောင်သွားသည်။ လင်းယွဲ့က ကလေးနှစ်ယောက်လက်ကိုဆွဲကာ နောက်မှ လိုက်သွားလေသည်။
ထိုအချိန်တွင် ကုအာ့ကွေ့အိမ်ထဲမှ အမျိုးသမီးတစ်ဦး ရုတ်တရက်ပြေးထွက်လာသည်။ သူမက ကြင်နာသောမျက်နှာထားရှိပြီးပြုံးလျက် လင်းယွဲ့လက်ထဲသို့ မုန့်ပြားနှစ်ချပ် သုံးချပ်ခန့် ထည့်ပေးလိုက်သည်။
“မင်း ဒီည ဘာမှမစားရသေးဘူး မဟုတ်လား ဒါလေးတွေ စားထားလိုက်ဦး”
လင်းယွဲ့ပြန်မပြောနိုင်ခင်မှာပင် သူမကမိုးရေထဲတွင် လက်ဖြင့်အုပ်ကာ အိမ်ထဲသို့ ပြန်ပြေးဝင်သွားလေသည်။
“ထွီ”
ရွှံ့အိမ်ထဲမှ ပဉ္စမမြောက်အဒေါ်က တံထွေး ထွေးလိုက်သံကို လင်းယွဲ့ ကြားလိုက်ရသည်။
“သူတစ်ယောက်ပဲ ကြင်နာတတ်တာပေါ့လေ၊ ငါတို့ကတော့ လူဆိုးတွေပေါ့”
အမဲလိုက်တဲမှာ ကုမိသားစုအိမ်အနောက်ဘက် တောင်လယ်ကွက်နားတွင်ရှိပြီး နာရီဝက်ခန့်လမ်းလျှောက်ရသည်။ သိပ်မဝေးလှပေ။
သူတို့က ကုမိသားစုအိမ်ကိုမြင်နေရပြီး ကုမိသားစု၏ကျောထောက်နောက်ခံရှိနေသဖြင့် အနည်းဆုံးတော့ အခြားရွာသားများ၏ အနိုင်ကျင့်ခြင်းကိုခံရမည်မဟုတ်ပေ။ ထို့အပြင် အကွာအဝေးတစ်ခုရှိနေသဖြင့် သူမသီးသန့် ချက်ပြုတ်စားသောက်နိုင်သည်။
'မဆိုးပါဘူး'
လင်းယွဲ့ကျေနပ်သွားတော့သည်။