အခန်း ၁၀
Vol. 1 Ch. 10
Ch-10
အမဲလိုက်တဲဟူသည်မှာ ရွှံ့နံရံနှင့် သစ်သားပြားများရောကာ သက်ငယ်မိုးထားသည့် အိမ်ငယ်လေးသာဖြစ်သည်။ အတွင်း၌ သစ်သားကုတင်တစ်လုံးနှင့် စားပွဲအသေးတစ်လုံးရှိပြီး ကုတင်အောက်ခြေ၌ သားကောင်ဖမ်းသည့် ထောင်ချောက်များနှင့် အခြားအသုံးအဆောင် ပစ္စည်းအချို့ရှိနေသည်။
လင်းယွဲ့ တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် အရာအားလုံးကို တစ်ချက်တည်းဖြင့် အကုန်မြင်လိုက်ရတော့သည်။
“မိုးချုပ်နေပြီ၊ မင်းတို့အိပ်ကြတော့”
အဖွားကုက သူတို့ကို အခန်းထဲလိုက်ပို့ပြီးနောက် ထွက်မသွားမီ မှာကြားခဲ့သည်။ ထင်းလည်းမရှိ၊ ဖယောင်းတိုင်လည်းမရှိသဖြင့် လင်းယွဲ့မှာ တံခါးကို အသာဟထားရပြီး လရောင်အောက်၌ပင် ကလေးနှစ်ယောက်ထံသို့ မုန့်ပြားနှင့် အသားပေါက်စီများကမ်းပေးလိုက်သည်။
“စားပြီးရင် အိပ်ကြတော့”
ကုတင်ပေါ်ရှိ ကောက်ရိုးများမှာ စိုထိုင်းထိုင်းဖြစ်ကာ မှိုနံ့နံနေ၏။ နွေရာသီဆိုသော်လည်း ညဘက်အပူချိန်မှာ အေးနေတုန်းပင်။ လင်းယွဲ့က သူမယူလာသော အိပ်ရာခင်းကို ခုတင်ပေါ်၌ခင်းပေးလိုက်ပြီး ကလေးနှစ်ယောက်ကို အတွင်းဘက်၌အိပ်ခိုင်းကာ သူမက အပြင်ဘက်ကနေအိပ်လိုက်သည်။
နောက်ဆုံးတော့ အခြေချနိုင်ခဲ့ပြီ။
တဲအိမ်တစ်လုံးဖြစ်သော်လည်း ခိုနားစရာနေရာလေးတစ်ခုတော့ ရခဲ့ပြီပင်။ လင်းယွဲ့ စိတ်အေးသွားကာ အိပ်ပျော်သွားတော့သည်။ ရှိုက်ကြီးတငင် ငိုသံကြောင့် သူမနိုးလာသည့်အခါ ကလေးနှစ်ယောက်မှာ ကုတင်ပေါ်၌ထိုင်ကာ ငိုနေသည်ကို မြင်လိုက်ရ၏။ သူမ မျက်လုံးကို ပွတ်သပ်ကာထထိုင်ပြီး မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
ကုတန်က ငိုရင်းပြောလိုက်သည်။
“ဘယ်သူမှ ကျွန်တော်တို့ကို မလိုချင်ကြဘူး၊ ကျွန်တော့်ကံဇာတာက ကံဆိုးလွန်းလို့ မိသားစုကိုသေအောင် လုပ်မိတာ၊ ဘာလို့ ကျွန်တော်ကိုယ်တိုင် မသေခဲ့တာလဲ”
တာ့ယာမှာ စကားတစ်လုံးမျှမပြောသော်လည်း နှုတ်ခမ်းကိုကိုက်ကာငိုနေလေသည်။ သူမက ကုတန်ထက်ပင် ပို၍စိတ်မကောင်းဖြစ်နေပုံရသည်။
“သူတို့သေတာ မင်းတို့အပြစ်မဟုတ်ဘူးလေ”
လင်းယွဲ့မှာ ဘယ်လိုနှစ်သိမ့်ရမည်မှန်း မသိသဖြင့် ဒဲ့တိုးပင်ပြောလိုက်သည်။
“သူတို့ကို မင်းတို့သတ်တာမှမဟုတ်တာ၊ မင်းတို့အဖေက ကျားကိုက်လို့သေတာ၊ အဲဒါ ကျားသတ်တာပဲ၊ မင်းတို့အစ်ကိုက စစ်ပွဲမှာသေတာ၊ အဲဒါ ရန်သူတွေကြောင့်၊ မင်းတို့က သူတို့အတွက် လက်စားချေဖို့ မစဉ်းစားဘဲ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး ငိုနေမယ်ဆိုရင် အဲဒါ စိတ်ဓာတ်ပျော့ညံတဲ့သူတွေရဲ့လက္ခဏာပဲ၊ မင်းတို့လက်စားမချေတော့ဘူးလား၊ ဒီအတိုင်းပဲ ဆက်ငိုနေတော့မှာလား”
ကုတန်က မျက်ရည်များကိုသုတ်ပြီး ခေါင်းခါပြသည်။
“မဟုတ်ဘူး၊ ကျွန်တော်လက်စားချေချင်တယ်၊ အဲဒီကျားကိုသတ်ပြီး ရန်သူတွေကို အကုန်မောင်းထုတ်ပစ်မယ်”
တာ့ယာမှာ ငိုနေသည်ကိုရပ်လိုက်ပြီး လင်းယွဲ့ကို မော့ကြည့်နေမိသည်။ အရင်ဘဝတုန်းက ယောင်းမဖြစ်သူက သူမကိုရိုက်နှက်တိုင်း သူမကံဇာတာဆိုး၍၊ အစ်ကိုဖြစ်သူကို သေအောင်လုပ်၍၊ ဘဝကို ဆင်းရဲအောင်လုပ်၍ဟုဆိုကာ အမြဲအပြစ်တင်ခဲ့ဖူးသည်။
သို့သော် လက်ရှိယောင်းမမှာမူ ဤစကားများက တာ့ယာအပေါ်အတော်ပင် သက်ရောက်မှုရှိသွားတော့သည်။
သူမသည် အမြဲတမ်းဆင်းရဲပင်ပန်းစွာ နေခဲ့ရသော်လည်း ဤအရာအားလုံးမှာ သူမကံနိမ့်၍ ခံထိုက်၍ဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
ယခု သူမလက်စားချေ၍ရသည်၊ အခြားသူကို အပြစ်တင်၍ရသည်၊ ပြောင်းလဲ၍ရသည်ကိုသိသွား၏။ တာ့ယာ၏မျက်ရည်များမှာ ပို၍စီးကျလာတော့သည်။
လင်းယွဲ့က ကလေးနှစ်ယောက်ကို နှစ်သိမ့်ပြီး အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။
“မိုးတိတ်သွားပြီ”
သူမ သူတို့ကိုပြုံးပြကာပြောလိုက်သည်။
“မိုးတိတ်သွားပြီဆိုတော့ ငါတို့ရဲ့ အခက်အခဲတွေလည်း အဆုံးသတ်ရတော့မယ်၊ ဒီနေ့ကစပြီး နေ့တိုင်းက နေ့ကောင်းနေ့မြတ်တွေဖြစ်လာလိမ့်မယ်”
ဤသို့ အကောင်းမြင်တတ်သည့်အပြုံးမှာ ကလေးနှစ်ယောက်ရင်ထဲ၌ စွဲထင်သွားပြီး နောင်တစ်ချိန်တွင် အမြဲတမ်းသတိရနေမည့်အရာတစ်ခု ဖြစ်လာတော့သည်။
“မရီး”
ကုတန်က တစ်ခုခုကိုဆုံးဖြတ်လိုက်သလိုမျိုး ဘောင်းဘီထဲမှကြေးပြားများကို ထုတ်လိုက်သည်။
“ဒီမှာ ကြေးပြား ၈၀၀ရှိသေးတယ်၊ မရီးကို ၆၀၀ ပေးမယ်၊ မျိုးစေ့တချို့သွားဝယ်ရအောင်”
ကျန်သည့် ၂၀၀ကို သူကဆုပ်ကိုင်ထားပြီးပြောလာ၏။
“ဒီပိုက်ဆံကိုတော့ ကျွန်တော်သိမ်းထားချင်တယ်”
ကုတန်က သူမကို သူ့စုဆောင်းထားသမျှပိုက်ဆံများ အကုန်ပေးလိုက်ခြင်းကြောင့် လင်းယွဲ့အံ့သြသွားရသည်။
ဤယုံကြည်မှုကို သူမအလွဲသုံးစားမလုပ်ဘဲ သူတို့ကိုပိုကောင်းသည့်ဘဝဆီ ခေါ်ဆောင်သွားမည်ဟု ဆုံးဖြတ်လိုက်လေသည်။
ဤပိုက်ဆံများကို သူမ၏လျှို့ဝှက်သိုလှောင်ခန်းထဲ ထည့်မထားရန် စဉ်းစားလိုက်၏။ အိမ်အလွတ်လေးကို ကြည့်ရင်း အိမ်သုံးပစ္စည်းတချို့အရင်ဝယ်ရန် လိုအပ်သည်ကို လင်းယွဲ့တွေးမိသွားသည်။
မာယန်ရွာမှာ အတော်လေးကျယ်ဝန်းပြီး အခြားရွာများထက်လည်းကြီးသည်။ လဆန်း ၁ ရက်၊ ၁၅ ရက် ဈေးနေ့များအပြင် ကုန်စုံဆိုင်လေးများလည်းရှိနေသည်။ မာယန်ရွာထဲရှိ ဆိုင်တစ်ဆိုင်၌ ပစ္စည်းအချို့ခင်းကျင်းရောင်းချနေသည်ကို တွေ့ရ၏။
ရိုးရှင်းပြီး ပစ္စည်းအစုံအလင်မရှိသော်လည်း လက်ရှိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ လင်းယွဲ့က အနည်းဆုံးတော့ ဟင်းချက်၍ရအောင် သံဒယ်အိုးတစ်လုံး ဝယ်ချင်နေသည်။ မဟုတ်ပါက ဟင်းသီးဟင်းရွက်မပါဘဲ အသားပေါက်စီများသာ ဆက်တိုက်စားနေလျှင် အာဟာရချို့တဲ့သွားနိုင်ပေသည်။
“ဘယ်လောက်လဲ”
လင်းယွဲ့ မေးလိုက်သည်။
“အကောင်းစားဆိုရင် ၅တေး၊ အညံ့ဆိုရင် ၃တေး အရင်ပေးထားမှ ၃၊ ၄ ရက်နေရင် ပစ္စည်းရောက်မယ်”
ဈေးနှုန်းကြောင့် လင်းယွဲ့လန့်သွားရသည်။
၃တေးဆိုသည်မှာ ကြေးပြား ၃၀၀၀နှင့် ညီမျှ၏။ ဤမျှများပြားသည့် ပိုက်ဆံကို သူမဘယ်ကရမည်နည်း။ လင်းယွဲ့ သတိရသွားသည်။
အရင်အခန်းထဲမှာရော ကုမိသားစု၏ အိမ်မှာရော သံဒယ်အိုးမရှိခြင်းမှာ ဘာကြောင့်ဆိုသည်ကို ယခုမှသိပါတော့သည်။ အလွန်ဈေးကြီးလွန်းလှသည်မဟုတ်ပါလော။
“မြေအိုးပဲ ဝယ်ပါလား၊ အဲဒါလည်း ဟင်းချက်တာဖြစ်ဖြစ် ဆန်ပြုတ်ပြုတ်တာဖြစ်ဖြစ် ရတာပဲ၊ ဈေးလည်း သက်သာတယ်”
လင်းယွဲ့ အခက်တွေ့နေသည်ကိုမြင်သဖြင့် ဆိုင်ရှင်က အကြံပေးသည်။
“သံဒယ်အိုးက အရမ်းဈေးကြီးလို့ ရွာထဲမှာ ဝယ်တဲ့သူသိပ်မရှိဘူး၊ ငါကိုယ်တိုင်လည်း ရှီထိုင်မြို့အထိသွားပြီး ပန်းပဲဆရာကို လုပ်ခိုင်းရတာ”
လင်းယွဲ့က အရွယ်အစားမျိုးစုံရှိသည့် မြေအိုးများကို ကြည့်ကာမေးလိုက်၏။
“ဒီမြေအိုးတွေက ဘယ်လောက်လဲ”
“ဒါတွေက အများကြီးသက်သာပါတယ်၊ အိုးအသေးက ကြေးပြား ၁၀၀၊ အကြီးက ၁၅၀ပဲ"
ဆိုင်ရှင်က ပြန်ပြောလိုက်သည်။ လင်းယွဲ့ လက်ထဲရှိ ကြေးပြားများကို ရေတွက်ကြည့်ပြီး ဒါကလည်းမသက်သာလှဟု သူမတွေးမိသည်။
“ဒီမြေအိုးအသေးလေး တစ်လုံးပေးပါ”
သူမ ဆက်ကြည့်ပြီး နှီးခြင်းတောင်းတစ်လုံးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့တချို့ကိုပါ ဝယ်လိုက်သည်။ ထိုနောက် ဆန်များကို ကြည့်လိုက်၏။ ဤနေရာ၌ ဆန်အနည်းငယ်လည်း ရောင်းချသည်။
သို့သော် အခွံမချွတ်ရသေးသည့် စပါးများသာ ဖြစ်သည်။ စပါးခွံချွတ်ရန်အတွက် ဆုံနှင့်ကျည်ပွေ့လည်းဝယ်ရဦးမည်။
သို့သော် လင်းယွဲ့ ရွာထဲလမ်းလျှောက်လာစဉ်က ကွင်းပြင်တစ်ခု၌ လူများ တန်းစီနေသည်ကို သတိထားမိလိုက်သည်။ ထိုနေရာ၌ ကျောက်ကြိတ်ဆုံကြီးတစ်ခု ရှိနေခြင်းပင်။ ထိုအရာနှင့်လည်း ဆန်ဖွတ်၍ရသည်။ ကုတန်က လင်းယွဲ့အင်္ကျီလက်ကိုဆွဲကာ ပြောလိုက်သည်။
“မရီး၊ အဖွားက ဒီနေ့ ကျွန်တော်တို့ကိုဆန်ပေးမယ်လို့ ပြောထားတယ်၊ ကျွန်တော်တို့မှာ ပိုက်ဆံသိပ်မကျန်တော့ဘူး၊ ထပ်မဝယ်နဲ့တော့”
အဖွားကုက တကယ်ပင်ဆန်လာပေးလိမ့်မည်ဟု လင်းယွဲ့သိပ်မယုံကြည်ပေ။
အဖွားကုက ယခုကုဝူရှန်းအိမ်၌နေ,နေခြင်းဖြစ်ပြီး သူတို့ကမူအိမ်ခွဲနေကြပြီ ဖြစ်သည်။ မနေ့ကကြည့်ရသလောက် အဖွားကု၏သြဇာမှာ မသက်ရောက်သည်မှာ ထင်ရှားလှသည်။
မည်သူမျှမနေသည့် အမဲလိုက်တဲလေးကိုပေးရန်ပင် အတော်လေးပြောယူခဲ့ရသည်။ ဆန်ဆိုသည်က အသက်ရှင်ရန်အတွက် အခြေခံအကျဆုံးအရာပင်။ အဖွားကု ဘယ်ကနေရဦးမည်နည်း။
“ကောင်းပြီလေ”
လင်းယွဲ့က ကုတန်ခေါင်းကိုပုတ်ပေးလိုက်ပြီး ဆန်မဝယ်တော့ချေ။
အသားပေါက်ဆီများရှိနေသေးသဖြင့် ပိုက်ဆံရှားပါးသည့်အချိန်၌ ချွေတာခြင်းကပိုကောင်းပေသည်။ သို့သော် ဘေးရှိထင်းစည်းများကို ကြည့်ကာမေးလိုက်၏။
“ထင်းတစ်စည်း ဘယ်လောက်လဲ”
“၅ ပြား”
“တစ်စည်းပေးပါ”
ထင်းများကို မီးစိုက်ရအောင်ပေါက်ရန် ပုဆိန်တစ်လက်လည်း လိုသေးသည်။
“ပြား၅၀”
ကုတန်မှာ စိတ်ပူနေသည့်မျက်နှာဖြင့် လင်းယွဲ့အင်္ကျီကို ခဏခဏဆွဲနေတော့သည်။ သူ့စိတ်ထဲ၌ ပိုက်ဆံများ အကုန်ပေးမိသည်ကို နည်းနည်းနောင်တရနေမိ၏။ မရီးက အသုံးအဖြုန်း ကြီးလွန်းလှသည်ပင်။
*ကွက်... ကွက်... ကွက်*
ထိုအချိန်၌ပင် ဝင်းထဲ၌ခွေးတစ်ကောင်က ကြက်တစ်ကောင်အား လိုက်ကိုက်နေသဖြင့် ဆူညံနေတော့သည်။
ကြက်ကလည်း ကြောက်လန့်တကြား အော်ဟစ်ကာ လမ်းတစ်လျှောက် အညစ်အကြေးများပါလာ၏။ လင်းယွဲ့က ကောက်ရိုးဖိနပ်စီးထားသဖြင့် ကြက်ချေးများကို မရှောင်နိုင်လိုက်ပေ။
သူမခြေထောက်မှ အညစ်အကြေးများကို ခါထုတ်ရင်း စိတ်ထဲ၌အကြံတစ်ခု ရသွားသည်။
“ဟေ့ ဆိုင်ရှင်၊ ဒီမှာ ကြက်ဥဝယ်လား”
ဆိုင်ရှင်က ခေါင်းခါလိုက်ပြီး
“ဒီမှာတော့ မဝယ်ဘူး၊ ဝယ်တဲ့သူလည်းသိပ်မရှိဘူး”
လင်းယွဲ့မျက်လုံးထဲ၌ စိတ်ပျက်သောအမူအရာများ ပေါ်လာသည်။ ဆိုင်ရှင်က သက်ပြင်းတစ်ချက်ချကာဆက်ပြောသည်။
“ဒါပေမဲ့ ၁ ရက်နေ့နဲ့ ၁၅ ရက်ဈေးနေ့တွေမှာတော့ သွားရောင်းလို့ရတယ်၊ ကြက်မမွေးတဲ့မိသားစုတွေနဲ့ အာဟာရဖြည့်ချင်တဲ့သူတွေ အဲဒီမှာသွားဝယ်ကြတယ်၊ အော် မြို့ကလာဝယ်တဲ့ ကုန်သည်တွေလည်းရှိတယ်”
လင်းယွဲ့ စိတ်လှုပ်ရှားသွားပြီး
“ကျွန်မကို ကြက်မတစ်ကောင်ပေးပါ”
“တစ်ကောင်ကို ၃၀ ကနေ ၇၀ အထိရှိတယ်၊ ကြိုက်တာရွေး ငါဖမ်းပေးမယ်”
“ဟိုတစ်ကောင်”
လင်းယွဲ့က ဝဖြိုးနေသည့်ကြက်မတစ်ကောင်ကို ရွေးလိုက်သည်။
“ရစေရမယ်ဗျာ”
ဆိုင်ရှင်မှာ စိတ်ထဲမှတွေးကာ မျက်လုံးလှန်လိုက်သည်။
‘ဒီမိန်းမငယ်လေးက ကြက်မဝယ်တတ်ဘူးပဲ’
ဤကြက်မမှာဝဖြိုးနေသော်လည်း ဥ ဥသည့်အရွယ်ထက် ခြောက်လလောက် ကျော်နေပြီဖြစ်သည်။
ဤသို့ကြက်များကို များသောအားဖြင့် နို့ထွက်ကောင်းအောင် ကိုယ်ဝန်ဆောင်သည်များအတွက် စွပ်ပြုတ်လုပ်တိုက်ရန်သာ ဝယ်ကြခြင်းဖြစ်သည်။
“ပြား၇၀”
“ရော့”
လင်းယွဲ့က ဝဖြိုးနေသည့်ကြက်မကြီးကို စိုက်ကြည့်နေမိသည်။ ဤသို့ဆိုလျှင် သူမကြက်ဥများ ဘယ်ကရသလဲဆိုသည်ကို အကြောင်းပြချက်ပေး၍ရပြီပင်။
ပုံမှန်ဆိုလျှင် ကြက်တစ်ကောင်က တစ်နေ့ကို တစ်လုံးသာဥတတ်သည်။
သို့သော် ဤသို့ထူးခြားသည့် ကြက်မကြီးက တစ်နေ့ကို ၁၀လုံးလောက် ဥမည်ဆိုလျှင် နည်းနည်းတော့လွန်ရာကျသော်လည်း ဖြစ်နိုင်ခြေရှိသည့် အကြောင်းပြချက်ဖြစ်သွားပေလိမ့်မည်။
လင်းယွဲ့က ကလေးနှစ်ယောက်ကို ပန်းကန်များ၊ မြေအိုး၊ ဖယောင်းတိုင်နှင့် တခြားပစ္စည်းများကိုသယ်ခိုင်းပြီး သူမက ထင်းစည်းနှင့် ကြက်မကြီးကိုသယ်ကာ အိမ်ပြန်လာခဲ့တော့သည်။
“မရီး၊ ကြက်မကြီးက ဘယ်မှာနေမှာလဲ”
ကုတန် မေးလိုက်သည်။