← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

Ch-11

လင်းယွဲ့ ထင်းချောင်းများကိုခုတ်ကာ ကြိုးဖြင့်ချည်နှောင်ပြီး မြေကြီးပေါ်စိုက်ထူလိုက်ရာ ရိုးရှင်းသောကြက်အိမ်လေးတစ်ခု ဖြစ်သွားတော့သည်။

ထို့နောက် အိပ်ရာထက်မှကောက်ရိုးအချို့ကိုဆွဲထုတ်ကာ လိပ်ခွေပြီး ကြက်အိမ်ထဲသို့ ထည့်ပေးလိုက်သည်။

"မရီးက တကယ်တော်တာပဲ"

ကုတန်နှင့် တာ့ယာတို့မှာ သူမကိုအံ့ဩတကြီးဖြင့်ကြည့်နေကြပြီး ချီးကျူးကြလေသည်။ ကြက်မကြီးမှာ လည်ပင်းကိုဆန့်၍ လမ်းအနည်းငယ်လျှောက်လိုက်ပြီး တကွတ်ကွတ်ကွတ်တွန်မြည်နေ၏။ တောင်ပံများကိုခတ်ကာ သူမကိုယ်ပေါ်ရှိပိုးမွှားများအား ခါချလိုက်ပြီး ကောက်ရိုးသိုက်ထဲတွင်ဝပ်လိုက်သည်။

*ဘုတ်*

"မရီး ကြက်မကြီးဥ, ဥလိုက်ပြီ"

ကြက်ချေးများပေကျံနေသည့် ပူနွေးနွေးအဝါရောင်ဥလေးတစ်လုံး ကြက်အိမ်ထဲတွင်ရှိနေသည်။ ကြက်မကြီးသည် ထိုအိမ်လေးကို အတော်လေးသဘောကျပုံရ၏။ ကုတန်စိတ်လှုပ်ရှားစွာဖြင့်သွားကောက်ရာ ကြက်မကြီး၏ဆိတ်ခြင်းကို အနည်းငယ်ခံလိုက်ရသော်လည်း အားပါးတရပြုံးကာပြောလိုက်သည်။

"ဒီဥကိုရောင်းရင် ပိုက်ဆံရမှာ"

လင်းယွဲ့ပြောလိုက်သည်။

"ကောင်းပြီလေ ငါတို့ဒါတွေကိုစုထားမယ်၊ ဈေးနေ့ကျရင် သွားရောင်းပြီး ပိုက်ဆံရှာကြတာပေါ့"

လင်းယွဲ့အိမ်ထဲသို့ ဝင်လိုက်သော်လည်း ဥများသိမ်းဆည်းရန် ဗီရို သို့မဟုတ် သေတ္တာတစ်လုံးမျှမရှိသည်ကို တွေ့လိုက်ရသည်။ သူမ သက်ပြင်းချမိ၏။

ဤအိမ်ကလေးမှာ ကျဉ်းလွန်းလှသည်။ ထို့ပြင် ကုတန်မှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိနေပြီပင်။ ရှေးခေတ်ထုံးစံအရ ခုနစ်နှစ်ကျော်လျှင် ယောက်ျားလေးနှင့် မိန်းကလေး တစ်အိပ်ရာတည်းအတူမအိပ်ရတော့ပေ။ မကြာမီ ကုတန်သည် သူတို့နှင့်အတူ အိပ်၍ရတော့မည်မဟုတ်ပေ။

၎င်းအပြင် လင်းယွဲ့ကိုယ်တိုင်လည်း သီးသန့်အခန်းတစ်ခန်းကို လိုချင်နေမိသည်။ သူမ စိတ်ပိုင်းဖြတ်လိုက်၏။

'ပိုက်ဆံရှာပြီး အခန်းကြီးကြီးထပ်ဆောက်ရမယ်’

လင်းယွဲ့ အိပ်ရာထဲမှကောက်ရိုးအချို့ကို ထပ်မံဆွဲထုတ်ကာ လိပ်ခွေပြီး စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် ဥလေးကို ထိုထဲတွင်ထည့်ထားလိုက်ရာ ယာယီဥသိမ်းရာနေရာလေး ဖြစ်သွားတော့၏။ ထိုအချိန်တွင် မွန်းတည့်နေပြီဖြစ်ရာ လင်းယွဲ့ဗိုက်မှာလည်း ဆာလောင်နေပြီဖြစ်သည်။ သူမသည် အသားပေါက်စီလေးလုံးကို ထုတ်ကာ ခွဲဝေလိုက်၏။

"ကျွန်တော်မစားဘူး"

ကုတန်မျက်လုံးများမှာ အသားပေါက်စီပေါ်တွင်ကပ်ပါနေသော်လည်း စည်းကမ်းကြီးသူပီပီ ခိုင်ခိုင်မာမာပင် ငြင်းဆန်နေသည်။ တာ့ယာကလည်း ကုတန်ကို တစ်လှည့်၊ လင်းယွဲ့ကို တစ်လှည့်ကြည့်ရင်း ငြိမ်သက်နေဆဲပင်။

"ဘာလို့ မစားတာလဲ"

"မရီး"

ကုတန်မှာ ဆုံးမသောလေသံဖြင့်

"ကျွန်တော်တို့ ဒီမုန့်တွေဝယ်ဖို့ မနက်က ပိုက်ဆံတွေအများကြီး သုံးလိုက်ရပြီ၊ ဒီလိုသာဆက်စားနေရင် ဆောင်းရာသီကို ဘယ်လိုကျော်ဖြတ်မလဲ၊ မရီး တော်ပါတော့ ထပ်ပြီးဘာမှမဝယ်ပါနဲ့တော့"

"နင်တို့ကို အငတ်မထားပါဘူး"

လင်းယွဲ့ သူ့ခေါင်းကိုအသာပွတ်ပေးလိုက်သည်။

"ဝယ်ပြီးသားဟာတွေကို မစားဘဲထားပြီး သိုးသွားမှလွှင့်ပစ်ချင်လို့လား"

ကုတန်မျက်နှာလွှဲကာ ပြောလိုက်၏။

“ခုမစားဘူး ညကျမှစားမယ်၊ လူတိုင်းလည်း တစ်နေ့နှစ်နပ်ပဲစားကြတာပဲလေ"

ဤခေတ်ကာလတွင် တောင်သူအများစုမှာ အလုပ်မသွားမီ တစ်နပ်စားပြီး တစ်နေကုန် အလုပ်လုပ်ကာ ညနေအိမ်ပြန်မှ နောက်တစ်နပ်စားလေ့ရှိကြသည်။ တစ်နေ့ နှစ်နပ်သာပင်။ သို့သော် ကုတန်အတွက် တစ်နေ့သုံးနပ်လုံး အသားပေါက်စီစားရမည်ဆိုသည်မှာ မကြားဖူးသောကိစ္စပင်။ လင်းယွဲ့ ခဏမျှ စဉ်းစားလိုက်သည်။ ဤကလေးနှစ်ယောက်ကိုလှည့်စားရန် အကြောင်းပြချက်တစ်ခုရှာရမည်။

မဟုတ်ပါက နောင်တွင်စားစရာများ လေထဲမှနေပေါ်ပေါ်လာသည်ကို သူတို့ သတိထားမိသွားပါက ပြဿနာတက်နိုင်သည်။

'ဘယ်လိုနည်းလမ်းက ကောင်းမလဲ'

လင်းယွဲ့ခေါင်းထဲအကြံတစ်ခုပေါ်လာပြီး မနက်ဖြန်ကျမှ သူတို့ကိုပြောပြရန် စီစဉ်လိုက်၏။ ကုတန်၏ဇွဲကိုမြင်သောအခါ လင်းယွဲ့ အသားပေါက်စီ တစ်လုံးကို ပါးစပ်ထဲအတင်းထိုးထည့်ကာ အလွန်အရသာရှိဟန်ဖြင့် အသံထွက်အောင် ဝါးပြလိုက်သည်။

"ဒါက တကယ့်ကိုထူးကဲတဲ့ အရသာပဲ၊ ဒီပေါက်စီတွေက ဖြူဖွေးနူးညံ့နေတာနော်၊ အသားကလည်း အရမ်းလတ်ဆတ်တာ၊ မစားတဲ့သူတွေကတော့ နှမြောစရာပဲ"

ပေါက်စီများမှာ အေးစက်နေပြီဖြစ်သော်လည်း သူမဖဲ့လိုက်သည်နှင့် အသားနံ့မှာ နှာခေါင်းထဲသို့တိုးဝင်လာသည်။ ဆာလောင်နေချိန်ဖြစ်၍ အနံ့ခံအာရုံမှာ ပို၍ပင်ထက်မြိနေနိုင်သည်။

*ဂလု*

ကုတန်သည် တံတွေးကိုအလောတကြီးမျိုချလိုက်ရပြီး တာ့ယာလည်း ပေါက်စီကိုစိုက်ကြည့်နေ၏။ အခြေအနေ ကောင်းလာပြီဖြစ်၍ လင်းယွဲ့ထပ်ပြောလိုက်သည်။

"ဒီနေ့, နေ့လယ်ကျရင် ငါငါးသွားဖမ်းမယ်၊ ညကျရင် ငါးဆန်ပြုတ်သောက်ကြတာပေါ့၊ ဒီည အသားပေါက်စီမကျွေးတော့ဘူး၊ အခုအမြန်စားလိုက်ကြတော့"

ကလေးနှစ်ယောက်မှာ လူကြီးလေးများကဲ့သို့ စဉ်းစားတတ်ကြသော်လည်း ကလေးမှာ ကလေးပင်ဖြစ်သည်။ ဤသို့သော ဆွဲဆောင်မှုကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။ သူတို့သည် ချက်ချင်းပင် ပေါက်စီများကို ကောက်ယူကာ အငမ်းမရစားကြတော့သည်။

*ဒေါက် ဒေါက် ဒေါက်*

ထိုစဉ် အိမ်တံခါးအပြင်ဘက်မှ အလောတကြီး တံခါးခေါက်သံထွက်ပေါ်လာသည်။

"ဘယ်သူလဲ လာပြီ လာပြီ"

"ဟဲ့ ဒါကဘာအနံ့လဲ"

တံခါးပွင့်သွားသည်နှင့် အမျိုးသမီးတစ်ဦးမှာ နှာခေါင်းရှုံ့၍အိမ်ထဲသို့ မျက်လုံးဖြင့် အဆက်မပြတ်ကြည့်နေ‌လေ၏။

"ရှင်က ဘယ်သူလဲ"

လင်းယွဲ့သည် တံခါးဝတွင်ပိတ်ရပ်ကာ သူမအကြည့်ကို ကာကွယ်လိုက်သည်။ ထိုအမျိုးသမီးမှာ လင်းယွဲ့ပါးစပ်နားထိ တိုးကပ်ကာ အနံ့ခံနေပြီး ရုတ်တရက် ခြေဖျားထောက်၍ အိမ်ထဲသို့ချောင်းကြည့်လိုက်ပြန်သည်။

"နင်တို့က အသားပေါက်စီတွေစားနေကြတာလား"

သူမ အံသြတကြီးအမူရာဖြင့် အော်ပြောလိုက်၏။ တံတွေးများကို အကြိမ်ကြိမ် သူမမျိုချနေမိသည်။ သူမမှာ နေ့တိုင်းလိုလို ဟင်းသီးဟင်းရွက်များကိုသာ ဆီမပါ ဆားမပါစားနေရသူဖြစ်၏။ အသားနံ့ရသည်နှင့် ပါးစပ်ထဲတွင်သွားရည်များ တစက်စက်ထွက်လာတော့သည်။ သူမ ထိုအနံ့ကိုရှူရှိုက်နေရင်း အသားပေါက်စီ စားနေသည့် တာ့ယာကိုပင်စိုက်ကြည့်နေလေ၏။ တာ့ယာမှာ လန့်သွားကာ အရသာပင်မခံနိုင်တော့ဘဲ နှစ်လုပ် သုံးလုပ်နှင့် အကုန်မျိုချလိုက်ရသည်။

"ရှင်က ဘယ်သူမို့လို့လဲ"

လင်းယွဲ့ လေသံမာမာဖြင့်မေးလိုက်၏။ သူမအတွေးများ နှောင့်ယှက်ခံလိုက်ရသဖြင့် အလွန်တရာမကျေမနပ်ဖြစ်သွားသည်။

"ငါက ဘယ်သူလဲဟုတ်လား၊ ငါက ဒီအိမ်ရဲ့ပိုင်ရှင်ပေါ့အေ၊ နင်ကသနားစရာကောင်းတဲ့ပုံဖမ်းပြီး ငါ့အိမ်ကိုလာသိမ်းထားတာပေါ့၊ ဒါပေမဲ့ နင့်မှာ ပိုက်ဆံရှိနေတာပဲ၊ ဒီမနက်တင်အိမ်ထဲကိုပစ္စည်းတွေ အများကြီးသယ်လာတာတင်မကဘူး၊ အခုလည်း အိမ်ထဲမှာ ကောင်းတာတွေ စားသောက်နေကြတာပေါ့လေ"

"အဒေါ်လား"

လင်းယွဲ့ သူမသည် ကုတာဖု၏ဇနီးဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

"နင်ကသိတော့သိသားပဲ"

သူမ လင်းယွဲ့ကိုစိုက်ကြည့်ကာ မောက်မောက်မာမာဖြင့်ပြောလာ၏။

"အသားပေါက်စီတွေ ဘယ်မှာလဲ၊ ငါ့ကို တစ်လုံးပေး မဟုတ်ဘူး နှစ်လုံးပေး"

"ကျွန်မ ပါးစပ်ထဲမှာလေ၊ ဘာလုပ်ချင်လို့လဲ"

လင်းယွဲ့သည် သူမ၏မောက်မာသောပုံစံကိုကြည့်ကာ စိတ်ပျက်သွားသည်။

"ရှင် ဘာလာလုပ်တာလဲ"

ထိုစဉ် လင်းယွဲ့နောက်ဘက်မှ ခြေသံများကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ လန့်သွားရသည်။ ကုတန်သည် ထင်းခုတ်ဓားကို ညာဘက်လက်မှကိုင်ထား၏။ သူ့မျက်နှာတွင် ကြောက်ရွံ့မှုများရှိနေသော်လည်း ဒေါ်လေးကုထံစိုက်ကြည့်ကာ အော်ပြောလိုက်သည်။

"ခင်များ ဘာလုပ်ချင်လို့လဲ"

ဒေါ်လေးကုမှာ လန့်သွားကာနောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ရသည်။ ထို့နောက်မှ သတိပြန်ဝင်လာကာ အားတင်းသည့်အနေဖြင့် ရှေ့သို့အနည်းငယ်တိုးလာပြီး ကုတန်မျက်နှာကို လက်ညှိုးထိုးကာဆဲဆိုတော့သည်။

"ဟဲ့ အပုလေး ဘာလဲ နင်ကငါ့ကို ခုတ်သတ်ချင်တာလား လာလေ လုပ်လိုက်စမ်း"

ကုတန်၏လက်များမှာ တုန်ယင်နေပြီး ဒေါ်လေးကုဆီသို့ လျှောက်သွားရန်ပြင်နေသည်။ ထိုအခါ လင်းယွဲ့မှာ ကုတန်၏လက်ကို ဆွဲထားလိုက်ပြီး ခေါင်းခါပြလိုက်သည်။ ထို့နောက် ဒေါ်လေးကုကို ကြည့်ကာ

"ရှင် တကယ်ပဲ ဘာလာလုပ်တာလဲ၊ ဒီအိမ်ကိုခွဲတမ်းချပြီး ကျွန်မတို့ဆီပေးထားပြီးသား၊ ရှင်မကျေနပ်ရင် အခုပဲ မျိုးနွယ်စုလူကြီးတွေဆီ သွားကြရအောင်၊ ဒါကဘယ်လိုယုတ္တိမရှိတာမျိုးလဲ၊ ကျွန်မယောက္ခမက ဒီမိသားစုအတွက် အလုပ်တွေကြိုးစားပမ်းစား လုပ်ပေးခဲ့တာ၊ တောလိုက်ရင်း သေသွားတာတောင်မှ ရှင့်ဆီက ပိုက်ဆံတစ်ပြားမှမရခဲ့ဘူး၊ အခုလည်း တဲအိုလေးဆီထိလာပြီး ပြဿနာရှာနေသေးတယ်၊ ကျွန်မရွာထဲမှာ သွားအော်ပြီး အားလုံးကို အဆုံးအဖြတ်ပေးခိုင်းမယ်၊ ရှင်က လူတွေကို အသေတွန်းပို့နေတာလားလို့၊ နောင်ကျရင် ရှင့်သမီးတွေကို ဘယ်သူက ယူရဲမလဲ၊ ရှင့်သားတွေဆီကိုရော ဘယ်သူက သမီးပေးစားရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

လင်းယွဲ့ပြောရင်းနှင့် ပိုစိတ်တိုလာကာ နောက်ဆုံးစကားလုံးများကို အော်ဟစ်ပြောဆိုလိုက်သည်။ ကျေးလက်တောရွာတွင် ဂုဏ်သိက္ခာသည်အလွန်အရေးကြီးသည်။ ကုတာဖုမှ မိသားစု ခွဲတမ်းချသည်ကို ရွာသားများအနည်းငယ် အတင်းအဖျင်းပြောကြသော်လည်း မကြာမီမေ့သွားကြလိမ့်မည်။

သို့သော် ဤကိစ္စကိုအတိအလင်း လူသိရှင်ကြားချပြလိုက်လျှင် ကုတာဖု၏ရက်စက်မှုနှင့် မျက်နှာပြောင်တိုက်မှုမှာ ဂုဏ်သိက္ခာကျဆင်းစရာဖြစ်လာပေလိမ့်မည်။ ဒေါ်လေးကု၏အရှိန်လည်း အနည်းငယ်လျော့ကျသွားသည်။ အဘယ်ကြောင့်ဆိုသော် ကုတာဖုမှာ ရွာထဲတွင်နာမည်ကောင်းရှိသူဖြစ်သောကြောင့်ပင်။

ထို့အပြင် သူမသားဖြစ်သူမှာလည်း စာသင်ကျောင်းတွင် ပညာသင်ကြားနေပြီး နောင်တစ်ချိန်တွင် စာမေးပွဲများ အောင်မြင်ရန် ရည်မှန်းထားသူ ဖြစ်သည်။ ဆွေမျိုးသားချင်းများကိုနှိပ်စက်ပြီး အသေတွန်းပို့သည်ဟူသော နာမည်ဆိုးသာထွက်သွားပါက ဂုဏ်သိက္ခာကျရလိမ့်မည်။

"နှုတ်သီးကောင်းလျှာပါးလိုက်တာ"

ဒေါ်လေးကု မကျေမနပ်နှာခေါင်းရှုံ့ကာ လေသံလျှော့လိုက်ပြီး

"ငါက ငါ့မိသားစုပစ္စည်းတွေ လာယူတာ၊ ဒီအိမ်က နင့်အိမ်ဖြစ်သွားပေမဲ့ ပစ္စည်းတွေက ငါတို့ဟာတွေပဲ"

သူမ အိမ်ထဲသို့အတင်းဝင်ရန်ကြိုးစားနေသည်ကိုမြင်သောအခါ လင်းယွဲ့ဖယ်ပေးလိုက်သည်။ ထိုအခါ ဒေါ်လေးကုမှာ အရှိန်မထိန်းနိုင်ဘဲ မြေကြီးပေါ်သို့ မှောက်လျက်လဲကျသွားကာ တစ်မျက်နှာလုံး ရွှံ့များပေကျံသွားလေ၏။

All Chapters