အခန်း ၁၃
Vol. 2 Ch. 13
Ch-13
လင်းယွဲ့က အနီးအနားရှိ နေရာတစ်ခုသို့ ရွှေ့လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ငါးတွေက ငါတို့လှုပ်ရှားလိုက်ရင် ဖြစ်လာတဲ့ ရေလှိုင်းတွေကို အာရုံခံနိုင်ကြတယ် ဒါကြောင့် ငါတို့က တတ်နိုင်သမျှ ဖြည်းဖြည်းချင်း လှုပ်ရှားရမယ် သူတို့ကို လန့်မသွားစေနဲ့ဦး”
ကုတန်နှင့် တာ့ယာတို့က ခေါင်းညိတ်လိုက်ပြီး ရေထဲသို့ ဖြည်းဖြည်းချင်း ဆင်းလိုက်ကြသည်။
“မင်းတို့ ခြေထောက်တွေကို ကြည့်ပြီး လက်နဲ့ စမ်းကြည့်ဦး၊ မင်းတို့ မြင်နေရတဲ့ အနေအထားက တကယ့် အမှန်တကယ် ရှိနေတဲ့ နေရာနဲ့ ကွဲပြားနေသလား”
လင်းယွဲ့က သူတို့ကို စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးနေသည်။
“ဒါက ရေပေါ်ကို နေရောင်ကျနေလို့ အမြင်အာရုံ မှားစေတာပဲ၊ ဒါကြောင့် ငါတို့က ဒီအမြင်အာရုံ အမှားကို တွက်ချက်ပြီးမှ တုတ်နဲ့ အားစိုက်ထိုးချရမယ်”
ရုတ်တရက် လင်းယွဲ့က ရေထဲသို့ လှံဖြင့် ထိုးချလိုက်ပြီး ပြန်မြှောက်လိုက်သည်။ နေရောင်အောက်တွင် ငါးမြှီးမှ လွင့်စင်လာသော ရေစက်ကလေးများသည် ရွှေရောင်အဆင်းဖြင့် ဝင်းလက်နေ၏။
“မရီး မရီးက ကျွန်တော့်ရဲ့ နတ်ဘုရားမပဲ”
ကုတန်တစ်ယောက် အားကျမဆုံး ဖြစ်နေသည်။
“မင်းတို့လည်း စမ်းကြည့်ကြဦးလေ”
လင်းယွဲ့၏ လမ်းညွှန်မှုအောက်တွင် ကုတန်နှင့် တာ့ယာတို့မှာ ပထမအကြိမ်များတွင် လွဲချော်ခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ကျွမ်းကျင်လာကြ၏။ တာ့ယာသည် ရေမျက်နှာပြင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သူမ၏ အမူအရာမှာ အလွန်ပင် အာရုံစူးစိုက်နေပြီး သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာလည်း ရေမျက်နှာပြင်နှင့် တစ်သားတည်း ဖြစ်နေသယောင်ပင်။ရုတ်တရက် သူမ ထိုးချလိုက်၏။ ငါးသေး တစ်ကောင်ကို ထိုးမိသွားပြီး သူမက လင်းယွဲ့ကို အံ့ဩတကြီး ကြည့်လိုက်ပြီး ငါးကို ကိုင်ကြည့်ကာ မယုံနိုင်အောင် ဖြစ်နေသည်။ အကယ်၍ သူမတွင်သာ ဤအရည်အချင်းမျိုး ရှိခဲ့ပါက အတိတ်ဘဝတုန်းက ငတ်ငတ်ပြတ်ပြတ် ဖြစ်ခဲ့စရာ အကြောင်းမရှိပေ။ သူမ လင်းယွဲ့ကို ပြန်ကြည့်ကာ ငါးကလေးကို လှမ်းပေးရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“မရီး ဒါ မရီးအတွက်”
လင်းယွဲ့က သူမခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။
“လိမ္မာတဲ့ ကလေးလေးပဲ”
ကုတန်၏ မျက်လုံးများလည်း တောက်ပလာကာ
“မရီး ကျွန်တော်လည်း မရီးအတွက် တစ်ကောင် ဖမ်းပေးဦးမယ်”
“အေးပါ အေးပါ ”
တာ့ယာဖမ်းလာသော ငါးကို လင်းယွဲ့က သန့်စင်ပြီးနောက် ကင်ရန်အတွက် တုတ်ဖြင့် ထိုးလိုက်သည်။ တရှဲရှဲ မြည်နေသော ငါးကင်ကို ကြည့်ရင်း တံငါသည်တစ်ယောက်၏ ပျော်ရွှင်မှုကို သူမ ချက်ချင်း နားလည်သွား၏။ သို့သော် သူမကတော့ ငါးတွေကို မိအောင် ဖမ်းနိုင်သည်။ ငါးစာကျွေးပြီး ငါးတွေ ဗိုက်ဝသွားတာတောင် တစ်ကောင်မှ မမိတဲ့ တံငါသည်တွေထက်တော့ အများကြီး သာပါသေး၏။
‘ဆား၊ ငရုတ်သီးမှုန့် ဒါမှမဟုတ် အကင်အမွှေးအကြိုင်လေးတွေသာ ရှိရင်တော့ တကယ့်ကို အရသာရှိမှာပဲ" လို့ သူမ တွေးလိုက်မိသည်။
ကံဆိုးသည်မှာ လင်းယွဲ့တွင် ၎င်းတို့ကို ဝယ်ယူရန် ငွေမရှိသေးပေ။
“မရီး ကျွန်တော်လည်း တစ်ကောင် မိပြီ”
ကုတန်က ဝမ်းသာအားရ ပြေးလာသည်။ လင်းယွဲ့ကလည်း သူမိလာသော ငါးကိုပါ ကင်ပေးလိုက်ကာ နောက်ဆုံးတွင် သူတို့ ငါး ငါးကောင် ကင်လိုက်ကြသည်။ ငါးဖမ်းခြင်းကို ရပ်နားပြီး ရေကူးကာ ဆော့ကစားကြ၏။
‘ယခုအချိန်တွင် လေထိုးလှေလေးသာ ရှိပါက အလွန် သက်သောင့်သက်သာ ရှိမည်ဖြစ်ကြောင်း၊ ခေတ်သစ်ကာလတွင် လူကြပ်သော နေရာများ၌ ငွေကုန်ကြေးကျခံပြီး လှေစီးရသည်ထက် ပို၍ ကောင်းမည်ဖြစ်ကြောင်း’ လင်းယွဲ့ တွေးနေမိသည်။
“ငါးလာစားကြတော့” လင်းယွဲ့က လှမ်းခေါ်လိုက်သည်။
ကုတန်နှင့် တာ့ယာတို့က ချက်ချင်းပင် ရေမှ တက်လာပြီး ကိုယ်ပေါ်မှ ရေများကို သုတ်ကာ မီးဖိုဆီသို့ ပြေးလာကြ၏။ လင်းယွဲ့က လက်ထဲမှ ငါးကို အပူလျော့သွားအောင် မှုတ်ပေးလိုက်သည်။ ငါးအသားမှာ ပြည့်ဖြိုးပြီး မွှေးကြိုင်လှကာ တစ်ကိုက် ကိုက်လိုက်သည်နှင့် အသားမှာ နူးညံ့ပြီး အလွန်ပင် ချိုမြိန်လှ၏။ အစာကျွေးပြီး မွေးထားသော ခေတ်သစ်ငါးများ၏ အရသာနှင့် လုံးဝ မနှိုင်းယှဉ်နိုင်ပေ။သို့သော် ငါးမှာ အရိုးများသဖြင့် ငါးကြင်း ဖြစ်နိုင်သည်။ စွပ်ပြုတ်လုပ်သောက်ပါက ပို၍ပင် အရသာ ရှိလိမ့်မည်။
“အရသာရှိလိုက်တာ မရီးရာ စားလို့ အရမ်းကောင်းတယ်”
ကုတန်မှာ ငါးကို အားရပါးရ စားနေပြီး တာ့ယာကလည်း ခေါင်းကို အဆက်မပြတ် ငုံ့၍ စားနေသည်။ သူတို့မှာ အသားစားရခဲသဖြင့် အမွှေးအကြိုင် မပါသော်လည်း အလွန်ပင် အရသာ တွေ့နေကြ၏။ တထွာခန့်ရှိသော ငါးများကို ၁၀မိနစ်အတွင်း ကုန်အောင် စားလိုက်ကြသည်။ ယခုအချိန်တွင် နေမင်းကြီးမှာလည်း တောင်စောင်းသို့ နိမ့်ဆင်းသွားပြီး လိမ္မော်ရောင်နှင့် ခရမ်းရောင် ရောယှက်နေသော မိုးကုတ် စက်ဝိုင်းကြီးက အလွန်ပင် လှပနေလေ၏။ နေဝင်တော့မည် ဖြစ်ရာ လင်းယွဲ့က မြစ်ကမ်းစပ်သို့ သွားကာ ခြင်းတောင်းကို မ,လိုက်၏။ ခြင်းတောင်းထဲတွင် ငါးကြီး ခုနစ်ကောင်၊ ရှစ်ကောင်ခန့်ဖြင့် ပြည့်လျှံနေသဖြင် ခြင်းတောင်းမှာ အတော်ပင် လေးလံလှသည်။ အကောင်သေးလေး အချို့ကိုတော့ လင်းယွဲ့က ပြန်လွှတ်ပေးလိုက်လေ၏။
“ဒီကောင်တွေက သေးသေးလေးတွေပဲ ရှိသေးတယ်၊ ကြီးလာအောင် ထားလိုက်ပါဦး”
“ဒီည ပြန်ရောက်ရင် ငါးဆန်ပြုတ် သောက်ကြမယ်”
“ထပ်စားဦးမှာလား” ကုတန်က အံ့ဩတကြီး မေးသည်။
“စားရမှာပေါ့”
ကုတန်နှင့် တာ့ယာတို့သည် ငယ်စဉ်ကတည်းက ငတ်မွတ်မှုကို ကြောက်ရွံ့ခဲ့ကြသူများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း ဝဝလင်လင် စားရလျှင်ပင် အပြစ်ရှိသကဲ့သို့ ခံစားနေရတတ်ကြောင်း လင်းယွဲ့ နားလည်သည်။ သို့သော် သူတို့က ကြီးထွားနှုန်း ကောင်းသည့် အရွယ်များ မဟုတ်လော။ လင်းယွဲ့ကိုယ်တိုင်လည်း ယခုဘဝတွင် ၁၆ နှစ်သာ ရှိသေးသည်။ အရင်ဘဝက သူမမှာ ၁၇၀ စင်တီမီတာ ရှိသော်လည်း ယခုအခါ ၁၅၀ ကျော်ကျော်သာ ရှိသေးသဖြင့် ခန္ဓာကိုယ် ဖွံဖြိုးရန်အတွက် အာဟာရ ပြည့်ဝစွာ စားရန် လိုအပ်၏။
သူတို့၏ စိတ်ဓာတ်ကို ပြောင်းလဲရန် ခဲယဉ်းကြောင်းလည်း သူမ သိသည်။ သူမကိုယ်တိုင်လည်း ဆင်းရဲဒုက္ခကြားမှ ကြီးပြင်းလာခဲ့ရသဖြင့် ပိုက်ဆံရှိသော်လည်း သုံးစွဲရန် တွန့်ဆုတ်တက်ရာ သူတိုနှစ်ဦးကို လုံခြုံစိတ်ချရသည့် ခံစားချက်ကို တဖြည်းဖြည်းချင်း ပေးသွားရန် ဆုံးဖြတ်လိုက်၏။ ကုတန်နှင့် တာ့ယာတို့အတွက် သူမက တဖြည်းဖြည်းနှင့် လုံခြုံမှုပေးရင်း ပြောင်းလဲယူရမည် ဖြစ်သည်။
“အခု မင်းတို့လည်း ငါးဖမ်းတတ်နေပြီပဲ၊ နောင်ကျရင် ငါးမရှိမှာကို ကြောက်နေတာလား”
လင်းယွဲ့က ပြုံးကာ ပြောလိုက်သည်။
“စမ်းချောင်းထဲမှာ ငါးတွေအများကြီးပဲ၊ စမ်းချောင်းထဲမှာ ကုန်သွားရင်တောင် မြစ်ထဲမှာ ရှိသေးတာပဲ၊ အစားအသောက်အတွက် မပူနဲ့တော့”
သူတို့ တဖြည်းဖြည်း လမ်းလျှောက် ပြန်လာကြသည်။
“ဟေး ငါးတွေ အများကြီးမိလာတာပဲ”
လင်းယွဲ့က သတိထားလိုက်ပြီး ခေါင်းညိတ်ပြကာ ဘာမှမပြောဘဲ ကလေးနှစ်ယောက်ကို ဖက်၍ ရှေ့သို့ ဆက်လျှောက်သွားသည်။ မထင်မှတ်ဘဲ ထင်းခုတ်သမားက သူတို့နောက်မှ တကောက်ကောက် လိုက်လာ၏။ တာ့ဟွမ်ယာနှင့် ကြုံခဲ့ရသည့် အဖြစ်အပျက်ကြောင့် လင်းယွဲ့မှာ စိုးရိမ်စိတ် ဝင်နေသည်။သူမ သတ္တိကို စုစည်းပြီး လှည့်ကြည့်ကာ
“ရှင် ဘာလုပ်နေတာလဲ ကျွန်မက ကု မိသားစုရဲ့ မြေးချွေးမနော်၊ မကောင်းတဲ့ စိတ်ကူးမျိုး ရှိနေရင်တော့ နှစ်ခါပြန် စဉ်းစားလိုက်”
ကလေးနှစ်ယောက်ကလည်း ထင်းခုတ်သမားကို သတိဖြင့်ကြည့်နေကြပေ။ တာ့ယာက မြေကြီးပေါ်မှ ကျောက်ခဲတစ်လုံးကိုပင် ကောက်ကိုင်ထားလေပြီ။
“မဟုတ်ပါဘူး မဟုတ်ပါဘူး”
ထင်းခုတ်သမားက လက်ကာပြရင်း ပြာပြာသလဲ ငြင်းသည်။
“ကျွန်တော့်မှာ မကောင်းတဲ့အကြံ မရှိပါဘူး”
သူက ခေါင်းကို ကုတ်ရင်း
“ကျွန်တော့်အိမ်ကလည်း ဒီဘက်မှာပဲလေ၊ ဟိုမှာ ကြည့်ပါဦး”
သူညွှန်ပြရာသို့ ကြည့်လိုက်သောအခါ သစ်ပင်များကြားတွင် အိမ်တစ်လုံးကို တွေ့လိုက်ရာ နားလည်မှု လွဲသွားခြင်း ဖြစ်သည်။ လင်းယွဲ့မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း သူက ဆက်ပြောလာ၏။
“တကယ်တော့ ကျွန်တော် ခင်ဗျားကို လိုက်ရှာနေတာပါ”
လင်းယွဲ့မျက်ခုံးများ ပြန်တွန့်သွားပြန်သည်။
“နည်းနည်းတော့ ရုတ်တရက်ဆန်သွားလိမ့်မယ်”
သူက ခေါင်းကုတ်ရင်း ပြောသည်။
“ဒီထင်းတွေကို ငါးနဲ့လဲလို့ရမလားလို့ မေးချင်လို့ပါ၊ ကျွန်တော့်မိန်းမက ကိုယ်ဝန်ရှိနေလို့ အာဟာရဖြစ်အောင် ကျွေးချင်လို့ပါ၊ ဈေးနေ့ကလည်း မရောက်သေးတော့ ထင်းလည်း မရောင်းရသေးတာကြောင့် ကြက်ဝယ်ဖို့ ပိုက်ဆံမရှိလို့ပါ”
ထင်းခုတ်သမားက ဆက်ပြောပြန်သည်။
“ကျွန်တော်လည်း ဒီမြစ်ထဲမှာ ငါးဖမ်းဖို့ ကြိုးစားဖူးပါတယ်၊ ဒါပေမဲ့ ငါးတွေက အရမ်းလည်တယ်၊ ကျွန်တော် ဆင်းလိုက်တာနဲ့ သူတို့က သိပြီး ထွက်ပြေးကြတာပဲ”
လင်းယွဲ့က သူပိုးထားသောထင်းများကို ကြည့်လိုက်ရာ ထင်းများမှာ အတော်အတန် တုတ်ခိုင်လှ၏။ ဤကဲ့သို့သော ထင်းမျိုးက မီးကြာရှည် ခံမည်။ လင်းယွဲ့ တွေဝေနေစဉ် ကုတန်က အင်္ကျီလက်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။
‘သူ့ကို ပေးလိုက်ပါ လဲပေးလိုက်ပါ’
“ကောင်းပြီလေ”
ထို့နောက် ခြင်းတောင်းကို ချလိုက်ပြီး လင်းယွဲ့က ပြောလိုက်လေသည်။
“ရှင် ကြိုက်တဲ့တစ်ကောင်ကို ရွေးလိုက်ပါ”