အခန်း ၁၄
Vol. 2 Ch. 14
Ch-14
“ကျေးဇူးတင်ပါတယ် တကယ် ကျေးဇူးတင်ပါတယ်”
သစ်ခုတ်သမား၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ သူသည် ဆောင့်ကြောင့်ထိုင်ချကာ ခြင်းတောင်းထဲသို့ ငုံ့ကြည့်လိုက်၏။
“အံ့ဩစရာပဲ ငါးတွေက အကြီးကြီးတွေချည်းပဲ တူနဲ့တူအောင်ကို ကြီးတာ”
သစ်ခုတ်သမားမှာ အံ့အားသင့်လျက်
“မင်းက တကယ်ကို တော်တာပဲ ဒီငါးတွေက သိပ်ပါးနပ်တာ၊ မင်း ဘယ်လိုများ ဒီလောက်အများကြီး ဖမ်းမိတာလဲ”
သူသည် အနေတော်အရွယ် ငါးတစ်ကောင်ကို ထုတ်ယူလိုက်ရာ ငါးမှာ တဖျပ်ဖျပ်နှင့် ရုန်းကန်နေသဖြင့် သူပင် အနိုင်နိုင်ကိုင်ထားရ၏။ သူသည် မြေကြီးပေါ်မှ မြက်ပင်ရှည်တစ်ပင်ကို ကောက်ယူကာ ငါးပါးစပ်မှတစ်ဆင့် သီလိုက်သည်။ သစ်ခုတ်သမား၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပြီး
“ငါ့မိန်းမကတော့ ဒီငါးကို မြင်ရင် သေချာပေါက် ပျော်သွားတော့မှာပဲ”
“မင်းတို့က ကု အိမ်မှာ နေတာလား ငါ ထင်းတွေကို အရောက်သယ်ပေးခဲ့မယ်လေ”
“မလိုပါဘူးရှင်”
လင်းယွဲ့က ပြုံးကာ အမဲလိုက်တဲဘက်သို့ ညွှန်ပြလိုက်သည်။ သူမ စိတ်ထဲတွင် အတွေးတစ်ခု ရှိနေသဖြင့်
“ဒီအတိုင်းပဲ အဲဒီမှာ ခဏ ထားလိုက်ပါ”
သူမသည် သူတို့ သုံးယောက်တည်း သီးသန့်နေထိုင်ကြောင်း သစ်ခုတ်သမား သိသွားပါက ပြဿနာတက်မည်ကို စိုးရိမ်သဖြင့် သူမကိုယ်သူမ ကု အိမ်တော်တွင် နေထိုင်သယောင် အရိပ်အမြွက် ပြောလိုက်ခြင်းဖြစ်သည်။
“ကောင်းပြီလေ”
သစ်ခုတ်သမား၏ မျက်နှာပေါ်တွင် ဝမ်းသာသောပုံရိပ်များ ဖြစ်ပေါ်သွားကာ ရိုးသားစွာ ပြောရင်း ရယ်မောနေတော့၏။
“ဒါဆိုရင်တော့ ငါ တစ်ခေါက် သက်သာတာပေါ့”
ငါးသည် အဆီနည်းသဖြင့် စားပြီးလျှင် မြန်မြန်ပြန်ဗိုက်ဆာတတ်သည်။ ထို့ကြောင့် ထမင်းနှင့် တွဲစားခြင်းက အကောင်းဆုံးဖြစ်၏။ လင်းယွဲ့တွင် အကြံတစ်ခု ရှိသည်။ သူမတွင် ငါး များလွန်း၍ ကုန်အောင်မစားနိုင်သည်မှာလည်း အမှန်ပင်။ သူမသည် ငါးတစ်ကောင်ကို သီလိုက်ပြီး တာ့ယာ၊ ကုတန် တို့နှင့်အတူ ရွာထဲသို့ လျှောက်လာခဲ့သည်။လယ်ကွင်းထဲမှ အလုပ်သိမ်း၍ အိမ်ပြန်လာကြသော အမျိုးသားများစွာနှင့် လမ်းတွင် ဆုံကြ၏။ ထိုခေတ်အခါက အလုပ်များသော စိုက်ပျိုးရေးရာသီတွင် အားရှိအောင် စားသင့်သော်လည်း ငါး သို့မဟုတ် အသားကို ဝယ်စားနိုင်သူ ရှားပါးလှရာ အလွန်ဆုံးရှိမှ ကြက်ဥတစ်လုံးနှင့်သာ ခန္ဓာကိုယ်ကို အားဖြည့်နိုင်ကြသည်။ လူအများအပြားမှာ လင်းယွဲ့ လက်ထဲမှ ငါးကိုကြည့်ကာ သွားရည်ကျနေကြသည်။
“ဟေ့ မင်းက ဘယ်အိမ်ကလဲ တစ်ခါမှ မမြင်ဖူးပါလား”
လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးက စကားစလိုက်ချေသည်။ သူ၏အမည်မှာ ကုတာ့တျန် ဖြစ်ပြီး အလွန်သွက်လက်သူဖြစ်ရာ ရွာထဲတွင် သူ့ကို မသိသူမရှိပေ။ သူသည် စားစရာရှာဖွေရသည်ကို ဝါသနာပါပြီး ရွာချောင်ကြိုချောင်ကြားမကျန် နှံ့စပ်နေသူဖြစ်သည်။ သူသည် ငါးဖမ်းခြင်းကို အလွန်ဝါသနာပါကာ ငါးမျှားတံအဖြစ် အသုံးပြုရန် ဝါးချောင်းလေးတစ်ချောင်းကိုပင် သေသေချာချာ ထွင်းထားနိူင်၏။ အလွန်ယဉ်ကျေးသိမ်မွေ့သော ဝါသနာပင်။ သူသည် မြစ်နားတွင်ထိုင်၍ ရေပြင်ကို ငေးကြည့်နေသည့်အခါတိုင်း မိမိကိုယ်ကိုယ် ပညာရှိတစ်ဦးကဲ့သို့ ခံစားရပြီး စိတ်ကူးယဉ်ဆန်သော ခံစားချက်များ ပေါ်လာတတ်သည်။ စိတ်လှုပ်ရှားလွန်း၍ ကဗျာပင် ရွတ်ဆိုမိတတ်သေး၏။
“အို မြစ်ပြင်ကျယ် လေညှင်းလေးက တဖြူးဖြူး လန်းဆန်းလိုက်တာ အို ငါးလေးတွေ၊ တစ်ကောင်ပြီးတစ်ကောင် အကြီးကြီးတွေပါလား”
သို့သော် ဤနေရာရှိ ငါးများမှာ အလွန်ပါးနပ်သည်။ သူသည် မြေထဲမှ တီကောင်များကို တူးထုတ်ကာ ငါးမျှားချိတ်တွင် တပ်ဆင်တတ်သော်လည်း ငါးမျှားတံ လှုပ်သွား၍ ဆွဲလိုက်သည့်အခါတိုင်း တီကောင်တစ်ဝက်မှာ အစားခံလိုက်ရပြီး ငါးမှာ လွတ်သွားစမြဲ။ ပုံမှန်အားဖြင့် တစ်နေ့လုံးထိုင်သော်လည်း ငါးတစ်ကောင်မျှ မမိတတ်ပေ။ သူသည် ငါးမျှားတံကို ကိုင်ကာ စိတ်ပျက်လက်ပျက် ပြန်လာသည့်အခါ ရွာထိပ်ရှိ လူများက သူ့ကို စတတ်ကြသည်။
“အို တံငါသည်၊ ဒီနေ့တော့ အများကြီး ရခဲ့တာပဲနော်”
“မင်းတို့ကလည်း မှားနေပြီ၊ တို့ရဲ့ ကုတာ့တျန် စိတ်မကောင်းဖြစ်အောင် မပြောပါနဲ့၊ တို့ကုတတန်းက ငါးဖမ်းနေတာ မဟုတ်ဘူး၊ ခံစားချက်ကို ဖမ်းနေတာ”
ထိုအခါ သူသည် မျက်နှာကြီး နီမြန်းကာ မျက်နှာကို လက်နှင့်အုပ်၍ ထွက်ပြေးသွားတတ်သည်။ ငါးဖမ်းခြင်းက ဘယ်မှာ လွယ်ကူပါ့မည်နည်း။ နောက်ပိုင်းတွင် လယ်ထဲသို့ မဆင်းဘဲ ငါးမျှားနေသဖြင့် မိခင်ဖြစ်သူ၏ အရိုက်ကို အကြိမ်ကြိမ် ခံရပြီးနောက်တွင် သူသည် ငါးမျှားတံကို စွန့်လွှတ်လိုက်ရတော့သည်။ သို့သော် ငါးကို မြင်ရသည့်အခါတိုင်း စိတ်လှုပ်ရှားမှုများက သူ၏ သွေးထဲတွင် ပြန်လည် ဆူပွက်လာစမြဲပင်။ ယခုလည်း တဖျပ်ဖျပ် ရုန်းကန်နေသော ဤငါးကို ဖမ်းမိသည်မှာ မကြာသေးမှန်း သူသိလိုက်သဖြင့် လင်းယွဲ့ကို မနေနိုင်ဘဲ စကားလှမ်းမေးလိုက်ခြင်းပင်။
“အော် ကျွန်မက ကုစီအန်းရဲ့ ချွေးမပါ”
လင်းယွဲ့သည် လူအများ၏ အကြည့်များ သူမထံ ရောက်လာသည်ကို မြင်သောအခါ ပြုံးလျက် ပြောလိုက်သည်။
“ကျွန်မတို့ရွာက ရေဘေးသင့်လို့ ပျက်စီးသွားလို့ ဒီကို ပြေးလာခဲ့တာပါ၊ အရင်က ကျွန်မယောကျ်ား ကုချိုင်က ငယ်သေးပြီး စိတ်လိုက်မာန်ပါ လုပ်တတ်တော့ အိမ်ခွဲတဲ့အခါ ကု မိသားစုက သူ့ကို ဂရုမစိုက်ဘူး၊ ဘာမှမပေးဘူးလို့ ထင်ပြီး စိတ်ဆိုးပြီး ကလေးနှစ်ယောက်ကို ခေါ်ပြီး ထွက်သွားခဲ့တာလေ”
“ဒါပေမဲ့ အခုတော့ ရွာကလည်း ပျက်စီးသွားပြီး သူကလည်း စစ်မြေပြင်မှာ ဆုံးသွားရှာပြီ ကျွန်မတို့မှာ သွားစရာ နေရာမရှိတော့ဘူး။ ဒါကြောင့် တာ့ယာတို့ မောင်နှမကို ပြောခဲ့တယ်၊ ကု မိသားစုက လူကောင်းတွေမလို့ ငါတို့အပေါ် မရက်စက်ပါဘူးလို့၊ ဒါ့အပြင် ကျွန်မယောကျ်ားရဲ့ အဖေကလည်း ငယ်ငယ်က လယ်လုပ်တယ်၊ ကြီးလာတော့ အမဲလိုက်တယ်၊ မိသားစုအတွက် အရမ်းကြိုးစားခဲ့တာလေ၊ မိသားစု ဝင်ငွေရအောင် အမဲလိုက်ရင်း ကျားကိုက်တာတောင် ခံခဲ့ရသေးတာပဲ”
“ဟုတ်တယ်၊ ကုစီအန်းက တကယ် ရိုးသားတဲ့လူ၊ လယ်ထဲမှာလည်း အရမ်းကြိုးစားတာ၊ နှစ်တိုင်း သူစိုက်တဲ့စပါးက အထွက်ဆုံးနဲ့ အကောင်းဆုံးပဲ”
“အမှန်ပဲ၊ အလုပ်များတဲ့ ရာသီမှာတောင် သူက နေ့ခင်းဆို စပါးရိတ်ပြီး ညဘက်ဆို အမဲလိုက်တာ တကယ် သတ္တိရှိတဲ့လူပဲ”
“နှမြောစရာပါပဲ”
လူအုပ်ကြီး တဖြည်းဖြည်း စုဝေးလာပြီး ကုစီအန်း၏ ကောင်းသတင်းများကို ပြောဆိုနေကြသည်။ လင်းယွဲ့က ပြုံးလျက်
“ဒါကြောင့် ကျွန်မ မနေ့ညက ပြန်လာခဲ့တာ၊ အသက်ဆက်ဖို့ နည်းလမ်းလေးများ ရမလားလို့ပါ၊ ကုမိသားစုဝင်တွေက တကယ့်ကို ကြင်နာတတ်ကြပါတယ်၊ ကျွန်မတို့ ယောကျ်ားအဖေ ဆောက်ခဲ့တဲ့ အမဲလိုက်တဲလေးမှာ နေခွင့်ပေးကြတယ်လေ”
ဘေးပတ်ဝန်းကျင်မှ လူများမှာ လင်းယွဲ့၏ ပျော်ရွှင်နေသော ပုံစံနှင့် အပြစ်ကင်းစင်သော အပြုံးကိုကြည့်ကာ
“အမဲလိုက်တဲ တစ်ခုတည်း ပေးတာလား လယ်မြေတွေရော ပိုက်ဆံတွေရော”
“ဟုတ်ပါရဲ့၊ ကုစီအန်းက အမဲလိုက်ရင်း ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တာပဲ”
“ကျစ် ကျစ် ကျစ် ”
တစ်ယောက်က လင်းယွဲ့ကို သနားစဖွယ် ကြည့်လိုက်သည်။ ဤမိန်းကလေးမှာ ရိုးလွန်းလှသဖြင့် သူတစ်ပါး၏ လှည့်စားမှုကို ခံနေရသော်လည်း ကောင်းသည်ဟု ထင်နေဆဲပင်။
“အဖွားကုက အခုက စိုက်ပျိုးရေးရာသီဆိုတော့ ဆောင်းတွင်းကျမှ လယ်မြေတွေ ခွဲပေးမယ်တဲ့”
လင်းယွဲ့က အူကြောင်ကြောင် ပုံစံဖြင့် ပြုံးပြကာ
“ဒါပေမဲ့ အခုလောလောဆယ် စားဖို့အတွက် ရိက္ခာတွေ ပေးမယ်လို့ ပြောထားတယ်”
“ကုမိသားစုက လူတွေက တကယ် လူကောင်းတွေပါ”
လင်းယွဲ့က ခေါင်းကို ကုပ်လိုက်ရင်း
“ဒါကြောင့် ကျွန်မမှာ ကျန်တဲ့ နောက်ဆုံး ပိုက်ဆံလေးနဲ့ သူတို့ကို ပေးဖို့ ငါးတစ်ကောင် ဝယ်လာတာ”
“အို မိုက်လိုက်တာ”
တစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“ပိုက်ဆံကို ဒီလောက် အသုံးအဖြုန်း ကြီးရလား”
“အဖွားကုက အခု ကြိတ်ဆုံနားမှာ ရှိလောက်တယ်၊ ငါ လိုက်ပို့ပေးမယ်”
လူအချို့ကမူ အဖွားကုသည် ဤအပြစ်ကင်းသော မိန်းကလေးကို အစားအစာ တကယ် ပေး၊ မပေး ကြည့်ချင်နေကြသည်။ အကယ်၍ မပေးပါက သူမဘက်မှ မတ်တတ်ရပ် ပြောဆိုပေးရန် ဆုံးဖြတ်ထားကြ၏။ ကုတာ့တျန် းမှာ ချွေးပြန်နေပြီး
‘ဒီမိန်းကလေး ဘာလို့ ဒီလောက် စကားများနေရတာလဲ၊ တခြားလူတွေကလည်း ဘာလို့ ဒီလောက် အတင်းပြောချင်နေကြတာလဲ’
ကုတာ့တျန် တွေးနေသည်။ သူသည် ငါးဘယ်ကရသလဲ သိချင်ရုံနှင့် စကားစခဲ့ခြင်ပင် ဖြစ်၏။
အကယ်၍ သူသာ ထိုနေရာကို သိလျှင် သေချာပေါက် ငါးဖမ်းနိုင်မည် မဟုတ်လော။ သို့သော် မိန်းကလေး၏ စကားက မဆုံးနိုင်ဘဲ လူအုပ်ကြီးမှာလည်း ပို၍ ပို၍ ကြီးမားလာသည်။ သို့သော် နောက်ဆုံးတွင် သူသိချင်သည်ကို သိလိုက်ရပြီ။
“ဪ... ငါးကို ဝယ်လာတာကိုး ဒါ့ကြောင့်လည်း ငါးတွေက ဒီလောက် ကြီးနေတာပေါ့”
သူ့စိတ်ထဲတွင် ချက်ချင်းပင် မျှတသွားသလို ခံစားလိုက်ရပြီး အတင်းအဖျင်း သိချင်စိတ်များ ဖြစ်ပေါ်လာသည်။
“ဘာ အိမ်ခွဲပေးတုန်းက အမဲလိုက်တဲ တစ်ခုတည်း ပေးတယ် ဟုတ်လား ဘာတွေ ဖြစ်ကုန်တာလဲ၊ သွားကြည့်မှ ဖြစ်တော့မယ်”
ရွာလေးမှာ ပုံမှန်အားဖြင့် အေးဆေးပြီး ထူးထူးခြားခြား ဖြစ်လေ့မရှိပေ။ ယခုကဲ့သို့ အတင်းအဖျင်း သတင်းကြီးတစ်ခု ရလာသည့်အခါ အားလုံး၏ မျက်လုံးများမှာ တောက်ပလာကြသည်။ မောပန်းသမျှကို မေ့သွားကြပြီး ဤသတင်းကို နားထောင်ရန် အသင့်ဖြစ်နေကြ၏။ သူတို့အားလုံး လင်းယွဲ့ နောက်သို့ လိုက်ပါကာ ရွာရှိ အများသုံး ကြိတ်ဆုံရှိရာသို့ လျှောက်လာကြသည်။ လမ်းတွင် သိကျွမ်းသူများနှင့် ဆုံသည့်အခါတိုင်း လူအုပ်ကြီးက ဘာလုပ်နေသလဲဟု မေးကြ၏။ သူတို့က စိတ်အားထက်သန်စွာဖြင့် ပြန်ဖြေကြသည်မှာ
“ကုစီအန်းရဲ့ ချွေးမက စိတ်ကောင်းရှိလွန်းလို့ အဖွားကုကို ငါးလာပေးတာ၊ လိုက်ကြည့်ကြမလို့”
“ဘာကြည့်စရာ ရှိလို့လဲ၊ကုစီအန်းက ဆုံးတာ ကြာပြီပဲကို”
ထိုလူကို ဆွဲခေါ်ကာ အကြောင်းစုံကို နားအနားကပ်၍ တိုးတိုးလေး ပြောပြလိုက်၏။ ထိုအခါ ကျား၊ မ မရွေး အတင်းအဖျင်း ဝါသနာရှင်များမှာ စိတ်လှုပ်ရှားသွားကြတော့သည်။ အထူးသဖြင့် ကုတာ့တျန်မှာ အတက်ကြွဆုံး ဖြစ်နေသည်။ လင်းယွဲ့သည် လူစုရန် မကြိုးစားလိုက်ရဘဲ ကြိတ်ဆုံသို့ ရောက်သောအခါ သူမနောက်တွင် ရွာသားအုပ်ကြီး လိုက်ပါလာခဲ့ပြီ ဖြစ်သည်။
“အဖွားကု အဖွားရဲ့ မြေးချွေးမ အဖွားကို လာတွေ့တယ်ဟေ့”
လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်ချေ။ အဖွားကုနှင့် ဒုတိယချွေးမမှာ နောက်ဆုံးစပါးအိတ်ကို ကြိတ်၍ ပြီးကာစ ရှိသေးသည်။ သူမသည် စပါးခွံနှင့် ဆန်ကွဲများကို စတုတ္ထမြောက် အိတ်ထဲသို့ ဂရုတစိုက် သိမ်းဆည်းနေပင်။ စပါးတစ်စေ့ကိုမျှ အလေအလွင့် မရှိစေရန် အလွန်စေ့စပ်လှပေ။ စိုက်ပျိုးရေးရာသီ ဖြစ်သဖြင့် အမျိုးသမီးများပါ လယ်ထဲဆင်းရသည်။ စပါးကြိတ်ခြင်းမှာ အချိန်နှင့် လူအား အလွန်ကုန်သဖြင့် အိမ်ထောင်စု လေးစုမှာ တစ်ရက်လျှင် တစ်အိမ်ကျစီ အဖွားကု စပါးကြိတ်သည့်အခါ အဖော်လိုက်ပေးရန် သဘောတူထားကြ၏။ အဖွားကုသည် ဆန်အိတ် လေးအိတ်ကို ကိုင်ထားရင်း ဆူညံသံကြားရာသို့ သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်ချေ။ သူမသည် လင်းယွဲ့နှင့်အတူ ရွာသားအုပ်ကြီး လိုက်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ အမြင်အာရုံများ ဝေဝါးသွားပေ။ အမှန်စင်စစ် မနေ့က လင်းယွဲ့ကို အမဲလိုက်တဲ ပေးလိုက်ပြီးနောက် သူမ၏ သားကြီးနှင့် စကားများခဲ့ရသည့်အပြင် သားအကြီးဆုံး၏ ဇနီးကလည်း သူမသည် လူရှေ့တွင် ဟန်ဆောင်ရက်ရောနေပြီး ဘက်လိုက်တတ်သည်ဟု လာရောက် ရန်တွေ့ခဲ့သေး၏။ အမဲလိုက်တဲကို ပေးလိုက်ပြီးဖြစ်၍ နောက်နောင် လယ်မြေခွဲပေးသည့်အခါ သူတို့အိမ်မှ တစ်ပြားတစ်ချပ်မျှ ပေးမည်မဟုတ်ဟုလည်း ပြောခဲ့သည်။
သားကြီး ထွက်သွားပြီးနောက် ပဉ္စမမြောက်သားကလည်း သူမကို လှောင်ပြောင်စကား ဆိုပြန်၏။ အကယ်၍ သူတို့၏ လယ်မြေများကိုသာ လင်းယွဲ့ကို ပေးလိုက်ပါက သူတို့လည်း အသက်ရှင်နိုင်မည် မဟုတ်ကြောင်း၊ ထိုသို့ဆိုလျှင် သူမကို အိုစာမင်းစာ မကျွေးနိုင်တော့ဘဲ လင်းယွဲ့ အိမ်သို့သာ ပို့လိုက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ မိသားစုအတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရချေ။ သူမကိုယ်တိုင်လည်း မှားသွားပြီလားဟု တွေးမိကာ နောင်တရနေမိ၏။ သို့သော် ယခု လူအုပ်ကြီးကို မြင်လိုက်ရသည့်အခါ သူမ စိတ်ထဲမှ တွေးလိုက်မိသည်မှာ
‘သွားပြီ ’
‘သူမသည် လင်းယွဲ့အပေါ် မတရားလုပ်ခဲ့သည်များကို လင်းယွဲ့က ရွာသားတွေကို လိုက်ပြောလိုက်ပြီ’
သူမ ထင်သွားကာ သူမမျက်နှာကို ဘယ်နား သွားထားရပါ့မလဲ။
“အဖွားကု အဖွားကတော့ ကံကောင်းလိုက်တာ”
“ဟမ်”
“ဟမ်”
“ကျွန်မလား”
အဖွားကုသည် မယုံနိုင်ဘဲ မိမိကိုယ်မိမိ လက်ညှိုးထိုးပြကာ မေးလိုက်တော့သည်။