← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

Ch-15

“အဖွားကု၊ အဖွားရဲ့ မြေးချွေးမက အဖွားကို ငါးလာပေးတယ်”

“ဟမ်”

“ဟမ်”

“ဟမ်”

“ကျွန်မအတွက်လား”

လင်းယွဲ့၏ဖြူစင်နွေးထွေးသော အပြုံးနှင့်အတူ အဖွားကုသည် ကြောင်တောင်တောင်ဖြင့် ငါးကို လှမ်းယူလိုက်သည်။ ငါးမှာ ငါးကြင်း အမျိုးအစားဖြစ်ပြီး အရွယ်အစားမှာလည်း တော်တော်လေး အားရစရာကောင်း၏။ ငါးစွပ်ပြုတ်လေး လုပ်သောက်လျှင် အလွန်ကောင်းမည်။ ကုမိသားစုမှ ပဉ္စမမြောက် ချွေးမမှာ မီးဖွားပြီးစ ဖြစ်သဖြင့် ငါးစွပ်ပြုတ်သောက်ပါက သူမ၏မြေးလေးအတွက် နို့ပိုထွက်စေလိမ့်မည်။ သူမသည် ဘေးတွင်ရှိနေသော ကုအာ့ကွေ့၏ ဇနီး(ဒုတိယချွေးမ) ကို တစ်ချက်ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့ သူမနှင့်အတူရှိနေသည်မှာ အူတူတူဒုတိယချွေးမဖြစ်ပြီး သားကြီးကုတာ့ဖူ၏ဇနီးဖြစ်နေပါက ဝေစုခွဲဝေရေးအတွက် ငြင်းခုံပွဲကြီး ဖြစ်နေလောက်ပြီ။ ချက်ပြုတ်နည်း အမျိုးမျိုးမှာ အဖွားကုခေါင်းထဲတွင် လျှပ်ခနဲပေါ်လာသည်။

‘ဒီကောင်မလေး လင်းယွဲ့’

‘ငါ သူ့ကို အထင်မှားခဲ့တာပဲ’

‘တကယ်တော့ သူကလူကောင်းလေးပဲ’

“မြေးချွေးမလေး အဖွား မင်းအပေါ် အချည်းနှီး အချစ်ပိုခဲ့တာမဟုတ်ဘူးပဲ”

အဖွားကုသည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် လင်းယွဲ့ကို ကြည့်ကာ ပခုံးကို ပုတ်လျက် ပြောလိုက်သည်။ သူမသည် ငါးကို ယူရန် ကြိုးစားသော်လည်း မရပေ။ သူမသည် လင်းယွဲ့ကို နားမလည်နိုင်စွာ ကြည့်လိုက်ရာ လင်းယွဲ့က အလွန်အမင်း အပြစ်ကင်းစင်သော အပြုံးဖြင့်

“အဖွားက ဒီနေ့ ကျွန်မတို့အတွက် ရိက္ခာဝေစု ပေးမယ်လို့ ပြောထားတာလေ။ ကျွန်မက စပါးတွေ ပေးမယ် ထင်နေတာ၊ အခုတော့ အားလုံးကို အဆင်သင့် ကြိတ်ပြီးသားတွေ ပေးမယ်လို့ မမျှော်လင့်ထားဘူး”

“ဟမ်”

“ဘာလဲ”

အဖွားကုတစ်ယောက် ဘာဖြစ်နေမှန်း မသိခင်မှာပင် လင်းယွဲ့သည် လန်းဆန်းတက်ကြွသော မျက်လုံးလေးများဖြင့် အိတ်လေးအိတ်ကို သူမလက်ထဲမှ အတင်းလုယူလိုက်တော့သည်။ သူမ၏ လှုပ်ရှားမှုက အလွန်မြန်ဆန်ပြီး ခွန်အားပါလွန်းသဖြင့် သူမလုယူလိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။

“ကျွန်မ ပြောသားပဲ ကုမိသားစုက လူကောင်းတွေပါ၊ ပေါင်းသင်းရတာ လွယ်ကူတယ်၊ သူတို့မြေးချွေးမနဲ့ မြေးလေးတွေ အားနည်းနေတာကိုတွေ့တော့ ကိုယ်တိုင်တောင်ကြိတ်ပြီးသား ဆန်တွေကို ပေးတာကြည့်ဦး”

လူအချို့ကလည်း မရယ်မိအောင်ထိန်းထားရင်းနှင့် ချီးကျူးထောပနာပြုကြသည်။ အထူးသဖြင့် လယ်ထဲရေသွင်းသည့်ကိစ္စကြောင့် ကုမိသားစုနှင့် အဆင်မပြေဖြစ်ဖူးသူများက ပို၍ အားပေးအားမြှောက် လုပ်ကြ၏။

“ကုမိသားစုက လူတော်တွေမဟုတ်ပေမဲ့ အနည်းဆုံးတော့ လူသားဆန်ကြသေးသားပဲ”

“ငါလည်း အခုမှ စိတ်အေးရတော့တယ်၊ အမဲလိုက်တဲထဲမှာ ကလေးသုံးယောက်ကိုထားခဲ့တာက အငတ်ထားသတ်မလို့ ထင်နေတာ၊ အခုတော့ ငါထင်တာ မှားသွားပြီပေါ့”

“ဒါပေါ့ရှင်၊ ကျွန်မရဲ့အဖွားက အထူးသဖြင့် စိတ်ထားကောင်းတဲ့ လူကြီးပါ”

လင်းယွဲ့က ပြုံးလျက်

“အဖွား ဒီနေ့ ဆန်ပေးမယ်လို့ ပြောခဲ့တာ လိမ်တာ မဟုတ်ပါဘူးလို့ ကျွန်မ ပြောသားပဲ”

“ငါ ဘယ်လိုလုပ်ပြီး”

အဖွားကုတစ်ယောက် အသိပြန်ဝင်လာသည်။ သူမကို လူအများရှေ့တွင် မြှောက်ပင့်ပြီး ကျပ်မပြည့်သလိုလုပ်နေခြင်းပင်။ ချီးကျူးစကားအနည်းငယ် ကြားရရုံမှတစ်ပါး ဘာမှအကျိုးမရှိပေ။ အစားအစာတွေကတော့ တကယ်ကြီး ပါသွားပြီပင်။

“မြေးချွေးမလေး ဒီရိက္ခာတွေက”

အဖွားကုသည် ဆင်ခြေတစ်ခုပေးရန် ကြိုးစားသည်။ ဤရိက္ခာများသည် ယနေ့ညစာအတွက် ဖြစ်ပြီး လင်းယွဲ့အတွက် ဝေစုကို နောက်မှ ပေးမည်ဟု ပြောကာ သူမဟုတ်သလို ပြန်လုယူရန် ကြံစည်နေစဉ်မှာပင် နားကွဲမတတ် အော်ဟစ်ငိုယိုသံကြီး ထွက်ပေါ်လာ၏။

“အဖွားရယ် ကျွန်တော် အဖွားအပေါ် အပြစ်လုပ်မိပါတယ်”

ကုတန်သည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး အဖွားကုခြေထောက်ကို ဖက်ကာ

“အဖွား အဖွားက ကျွန်တော်တို့အပေါ် တကယ် ကြင်နာတာပဲ”

“အဖွားက ကျွန်တော်တို့ကို အစာမကျွေးဘဲ အငတ်ထားလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ”

“အခုမှ သိရတော့တယ်၊ အဖွားက ကျွန်တော်တို့ကိုပေးဖို့အတွက် ဆန်တွေကို အရင်ကြိတ်ပေးနေတာကိုး”

“အဖွား”

“အဖွားရဲ့ ဒီကျေးဇူးတရားကို မြေးလေး တသက်လုံး မှတ်ထားပါ့မယ်”

ကုတန်သည် ရှိုက်ကြီးတငင် ငိုကြွေးရင်း အဖွားကု၏ခြေထောက်ကို အတင်းဖက်ထားသည်။ ဤလုပ်ရပ်ကြောင့် အဖွားကုမှာ လင်းယွဲ့လက်ထဲမှ ဆန်အိတ်များကိုပြန်လုရန် မလှုပ်နိုင်တော့သလို ပြောမည့်စကားများလည်း လည်ချောင်းထဲတွင် တစ်ဆို့သွားရ‌လေ၏။

“ဟင့် ဟင့်”

အဖွားကုမှာ စကားပင်မပြောနိုင်တော့ပေ။ ဘေးသို့လှည့်ကြည့်လိုက်ရာ ဒုတိယချွေးမပါ ငိုနေသည်ကိုတွေ့လိုက်ရသည်။ ဒုတိယချွေးမက ငိုလျက်

“အမေက တကယ့်ကို လူကောင်းပါပဲ၊ အမေ ဒီနေ့ရိက္ခာတွေ အများကြီးယူခဲ့ဖို့ ပြောတုန်းက ဒီလိုရည်ရွယ်ချက်ရှိမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး၊ အမေသာ အစကတည်းကပြောပြရင် ဘယ်သူက မပေးဘဲ နေမှာလဲ၊ ကျွန်မတို့အားလုံး ဦးလေးရဲ့ ကျေးဇူးတွေမကင်းကြဘူး၊ အာ့ကွေ့ အိမ်ဆောက်တုန်းကတောင် ဦးလေးက အများကြီးကူညီခဲ့တာ၊ မပေးချင်ဘူးလို့ ဘယ်သူပြောရဲတုန်း၊ ပြောရဲရင် ကျွန်မကပဲ အရင်ဆုံးဆူပစ်မှာ”

‘အသုံးမကျတဲ့ ချွေးမ’

‘နုံလိုက်တာ နုံလိုက်တာ နုံလိုက်တာ’

အဖွားကုသည် ဒုတိယချွေးမကို စိတ်ထဲမှ အကြိမ်ကြိမ် ကျိန်ဆဲနေ၏။ ပုံမှန်အားဖြင့် သူမသည် ထိုချွေးမ၏ အူတူတူ ပုံစံကို ကြိုက်သည်။ သူမထံမှ အိမ်သုံးပစ္စည်းလေးတွေ ရယူရန် သနားစဖွယ် ဟန်ဆောင်သည့်အခါတိုင်း အောင်မြင်သဖြင့် ကျေနပ်လှပေ။ သို့သော် ယခု ထိုအူတူတူ ပုံစံက သူမဘက်ကို ပြန်လှည့်လာသည့်အခါတွင် ရင်ထဲမှာ ဒေါသများ ဆူပွက်လာတော့သည်။ မိမိ မိသားစုဝင်ကိုယ်တိုင်ကပါ ပေးကမ်းရန်‌ပြောနေဖြင့် အဖွားကုမှာ ဘာမှမတတ်နိုင်တော့ဘဲ လင်းယွဲ့ကို ဆန်များ ပေးလိုက်ရ၏။ သူမသည် ငါးကို ကိုင်ထားရင်း ငိုချင်စိတ်ကို အနိုင်နိုင် ထိန်းထားရ‌သည်။

လင်းယွဲ့ကပြုံးလျက် ဆန်လေးအိတ်ကို ယူလိုက်ပြီး အဖွားကုကို ကြည့်ကာ

“အဖွား ဒါတွေ စားပြီးရင် နောက်တစ်ခေါက် ထပ်လာခဲ့ဦးမယ်နော်”

ရွာသားများမှာလည်း အားရပါးရ အတင်းပြောစရာ သတင်းကြီးတစ်ခု ရသွားသဖြင့် တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားကြသည်။

အပြန်လမ်းတွင် တာ့ယာက ကုတန်ကို မျက်စောင်းထိုးရင်း

“နင်ကတော့ လုပ်ရဲလိုက်တာ၊ ဒီရိက္ခာတွေက သူတို့ပေးသင့်တာတွေပဲလေ၊ ဘာလို့ ကျေးဇူးတင်လွန်းလို့ ငိုပြီးဒူးထောက်ပြရတာလဲ”

ကုတန်သည် မျက်ရည်များကိုသုတ်ကာ ပြုံးလိုက်သည်။ သူ့မျက်လုံးများတွင် ကျေးဇူးတင်ရိပ် အစအနမျှမရှိဘဲ လူလည်ကျမှုများသာ ရှိတော့သည်။

“ကျွန်တော် မရီးဆီကသင်ထားတာလေ၊ အဖွားက မပေးချင်ဘူးဆိုတာ ကျွန်တော် မြင်နေတာပဲ၊ ဒါကြောင့် သူ မျက်နှာပျက်ပြီး မပေးဘဲမနေရဲအောင် တမင်လုပ်လိုက်တာ”

လင်းယွဲ့မှာ အံ့ဩသွားသည်။ ဤကလေးမှာ ငယ်ငယ်လေးနှင့် တော်တော်လေး လည်လှပါလား။ တာ့ယာမှာလည်း

'နင်က တကယ်ကြီးဒီလိုလူစားမျိုးလား'ဆိုသည့် အကြည့်ဖြင့် ကုတန်ကို ကြည့်နေသည်။

“ဒါပေမဲ့”

ကုတန်က သက်ပြင်းချလျက်

“အဲဒီငါးကိုပါ မပေးလိုက်ရရင်ပိုကောင်းမှာပဲ”

လင်းယွဲ့က ခပ်တိုးတိုးပြောလိုက်သည်။

“အဲဒီငါးကို ငါ တမင်ပေးလိုက်တာ”

ကုမိသားစုလို လူမျိုးတွေအတွက် ယနေ့ ရိက္ခာတွေ အလုခံလိုက်ရပြီးနောက် ငါးကြင်းတစ်ကောင်တည်း ကျန်ခဲ့လျှင် သူတို့ ဘယ်လိုများခွဲဝေကြမည်နည်း။ သေချာပေါက် ဗရုတ်သုတ်ခတွေ ဖြစ်ကုန်တော့မှာပဲ။ လင်းယွဲ့ မျှော်လင့်ထားသည့်အတိုင်းပင် ကု မိသားစု၏ အိမ်ထောင်စုလေးစုလုံးမှာ အဖွားကုနှင့် ဒုတိယချွေးမကိုဝိုင်းကြည့်နေကြသည်။ အထူးသဖြင့် ကုတာ့ဖူ၏အကြည့်မှာ ကြောက်စရာအကောင်းဆုံး ဖြစ်နေသည်။

“ဘာပြောလိုက်တယ် ရိက္ခာတွေ အကုန် ပေးလိုက်တယ် ဟုတ်လား”

“ရူးသွားပြီလား”

သားအကြီးဆုံးဇနီးမှာ တစ်နေ့လုံး လယ်ထဲတွင် အလုပ်လုပ်ခဲ့ရသဖြင့် အလွန်မောပန်းကာ ဗိုက်လည်းဆာနေပြီဖြစ်ရာ ယခု သတင်းကိုကြားလိုက်ရသည့်အခါ သူမ ပေါက်ကွဲသွားပြီး ဒုတိယချွေးမကို လက်ညှိုးထိုးကာ ဆဲဆို‌‌လေ၏။

“နင် ငတုံးမ နင် နုံတယ်ဆိုတာ ငါသိပေမဲ့ ဒီလောက်အထိ နုံမယ်လို့မထင်ထားဘူး၊ ငါ့ရိက္ခာတွေ ပြန်ပေး၊ ငါ့ရိက္ခာတွေ ပြန်ပေးစမ်း၊ အဲဒီကောင်မလေးတွေက နေ့ခင်းကတင် အသားပေါက်စီတွေစားနေတာ၊ နင်ကတော့ ရိက္ခာတွေသွားပေးနေတယ်ပေါ့”

တတိယချွေးမကလည်း ဒုတိယချွေးမကို တွန်းထုတ်ကာ

“ဒါက ငါ့မိသားစုနှစ်ရက်စာ ရိက္ခာတွေနော်၊ ငါ ဘာစားရမှာလဲ၊ ဒီငါးတစ်ကောင်က ငါတို့ ရိက္ခာတွေနဲ့ ဘယ်လိုမှ မတန်ဘူး”

ကုစန်းဖျင်က

“တောက် အခုချက်ချင်း အဲ့ကောင်မဆီ သွားပြီး ရိက္ခာတွေ ပြန်တောင်းမယ်”

“မသွားနဲ့၊ သူများတွေ ငါတို့မိသားစုကို ကြည့်ပြီး ရယ်နေကြတာ မမြင်ဘူးလား၊ ဒါအရှက်ကွဲတာ မလုံလောက်သေးဘူးလား”

ကုအာ့ကွေ့က ဟောက်လိုက်သည်။ သူသည် သူ့ဇနီးကိုကာကွယ်ပေးကာ အကြီးဆုံးမရီးကို တွန်းထုတ်လိုက်ပြီး အေးစက်စွာ ကြည့်လျက်

“အရင်တုန်းက မင်းတို့အိမ်က ကြေးအများဆုံးတောင်းခဲ့တာ၊ အဲဒီပိုက်ဆံတွေကို ဘယ်သူတွေ စုပေးခဲ့လဲဆိုတာ မမေ့နဲ့ဦး၊ ငါတို့အိမ်မခွဲခင်တုန်းက မင်းက မင်းမိဘအိမ်ကိုပစ္စည်းတွေ အမြဲခိုးခဲ့တာ၊ ဆန်တစ်အိတ်ထက် အများကြီး ပိုတယ်”

“မင်းကလည်း ကြည့်ဦး၊ မင်း လက်သမားပညာသင်တော့ သူများအိမ်မှာ သားအရင်းလိုနေပြီး သူများလယ်ကို ငါးနှစ်လုံးလုံးလုပ်ပေးခဲ့တာ၊ ငါတို့မိသားစုလယ်ထဲက မြက်တစ်ပင်တောင် မင်းပေါက်ဖူးရဲ့လား”

ကုမိသားစုအတွင်း ရန်ပွဲကြီးမှာ အကြီးအကျယ်ဖြစ်ပွားနေပြီး အချင်းချင်း အတိတ်က အနာဟောင်းများကို ပြန်ဖော်ကာ ငိုယိုဆဲဆိုနေကြတော့သည်။ ထိုအချိန်တွင် လင်းယွဲ့တို့ သုံးယောက်မှာ ငါးဆန်ပြုတ်ကို အရသာရှိရှိ စားသောက်နေကြ၏။ လင်းယွဲ့တွင် နောင်တရစရာ တစ်ခုသာ ရှိသည်။ ရေအိုးမှာ အလွန်ဈေးကြီးသဖြင့် သူမ မဝယ်နိုင်ခဲ့ပေ။ ထို့ကြောင့် မြစ်နားသို့ အိုးကလေးကိုင်ကာ ရေသွားခပ်နေရသည်မှာ အလွန် အလုပ်ရှုပ်လှ၏။ ညဘက်တွင် ကလေးနှစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသောအခါ လင်းယွဲ့သည် တိတ်တဆိတ် ထလိုက်သည်။ သူမသည် ရုတ်တရက် ပေါ်လာတတ်သော အသားပေါက်စီများနှင့် နောင်တွင် ရလာမည့် ပစ္စည်းများအတွက် ဆင်ခြေတစ်ခု ဖန်တီးရန် စီစဉ်ထား၏။ သူမသည် အိမ်ပြင်သို့ တိတ်တဆိတ်ထွက်လာပြီး ကြက်ခြံနားရှိ လှောင်အိမ်ထဲတွင် ကြက်ဥဆယ်လုံးကို သွားထားလိုက်‌ချေ။ ပြင်ဆင်မှုများပြီးစီးသွားသောအခါ လင်းယွဲ့သည် အခန်းထဲသို့ ပြန်ဝင်၍ အိပ်စက်လိုက်သည်။

သို့သော် သူမစိတ်ထဲတွင် အဖန်ဖန် ရေရွတ်နေမိ၏။

“မနက်ဖြန် စောစောနိုးရမယ်”

အရေးကြီးကိစ္စရှိသည့်အခါတိုင်း ညအိပ်ခါနီး မိမိကိုယ်မိမိသတိပေးထားပါက နောက်တစ်နေ့မနက်တွင် အချိန်တိတိကျကျ နိုးလာစမြဲဖြစ်သည်။ နောက်တစ်နေ့တွင် သူမသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ဘေးမှ ကလေးနှစ်ယောက်ကို ကြည့်လိုက်ရာ အိပ်နေတုန်းပင်။

“ကောင်းပြီ၊ ကောင်းပြီ”

လင်းယွဲ့သည် ယခင်က Live လွှင့်၍ ဈေးရောင်းချင်ခဲ့ဖူး၏။ ထိုအလုပ်မှာ ပရိသတ်များကို ဆွဲဆောင်နိုင်ရန် ပြောင်မြောက်သော သရုပ်ဆောင်စွမ်းရည်လိုအပ်သဖြင့် သူမသည် သရုပ်ဆောင်သင်တန်းများကို သေသေချာချာ တက်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် သူတစ်ပါးကို ထိခိုက်စေမည့် အလုပ်မျိုးကို မလုပ်ချင်တော့သဖြင့် ထိုအကြံကို စွန့်လွှတ်ခဲ့ပေသိ သူမသရုပ်ဆောင်စွမ်းရည်ကတော့ ကျန်ရှိနေဆဲပင်။ ခဏအတွင်းမှာပင် သူမမျက်လုံးများမှ မျက်ရည်များ စီးကျလာတော့သည်။ သူမသည် တမင်တကာ အကျယ်ကြီးအော်ငိုလိုက်၏။ ကလေးနှစ်ယောက်မှာ အိပ်ယာနိုးလွယ်သူများဖြစ်သဖြင့် ချက်ချင်း နိုးလာကြသည်။

“မရီး ဘာဖြစ်လို့လဲ၊ တစ်ယောက်ယောက်က အနိုင်ကျင့်လို့လား၊ ကျွန်တော် ကူညီမယ်”

ကလေးနှစ်ယောက်က ပြိုင်တူပြောလိုက်ကြသည်။

All Chapters