အခန်း ၁၆
Vol. 2 Ch. 16
Ch-16
“ကျေးဇူးတင်ပါတယ် နတ်မင်းကြီး ကျေးဇူးတင်ပါတယ်ရှင်”
လင်းယွဲ့သည် ခုတင်ပေါ်တွင် ဒူးထောက်ကာ တံခါးဝဘက်သို့ ဦးတိုက်နေတော့သည်။
“မရီး”
လင်းယွဲ့သည် အကြိမ်ကြိမ်ဦးတိုက်ပြီးနောက်မှ မျက်ရည်များကို သုတ်လိုက်ပြီး အောက်သို့ဆင်းကာ မြေအိုးဆီသို့ လျှောက်သွားပြီး အထဲမှအသားပေါက်စီတစ်လုံးကို ထုတ်ယူလိုက်သည်။
“နတ်မင်းကြီးက ကိုယ်ထင်ပြခဲ့တာပဲ ကျေးဇူးတင်ပါတယ်၊ နတ်မင်းကြီး ကျေးဇူးတင်ပါတယ်ရှင်”
သူမက နောက်ထပ်တစ်ကြိမ်ဦးတိုက်ပြန်သည်။ ကလေးနှစ်ယောက်မှာ လင်းယွဲ့အနားသို့ လျှောက်လာပြီး အံ့အားသင့်နေသော မျက်လုံးများဖြင့် ကြည့်ကာ
“မရီး ဘာဖြစ်တာလဲဟင်”
လင်းယွဲ့သည် အသက်ကိုဝဝရှူကာ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီး အသားပေါက်စီကိုကိုင်ကာ ရှင်းပြလိုက်သည်။
“ခုနက အိပ်မက်မက်တာ၊ အိပ်မက်ထဲမှာ ငါတို့တွေငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် ထွက်ပြေးနေကြရတယ်၊ လမ်းမှာ အဖွားအိုတစ်ယောက်ကငတ်ပြီး သေတော့မလိုဖြစ်နေလို့ ဆန်ပြုတ်တစ်ခွက် တောင်းရှာတယ်”
“အဲဒီအချိန်မှာ ဆန်အိတ်ထဲမှာလည်း ဆန်က လက်တစ်ဆုပ်စာပဲရှိတော့တာ၊ ငါကိုယ်တိုင်လည်း ဗိုက်ဆာနေတာပေါ့၊ ဒါပေမဲ့ အဲဒီအဖွားအိုက ငတ်သေတော့မယ့်ပုံဖြစ်နေတော့ အကြာကြီး စဉ်းစားပြီးမှ ဟင်းသီးဟင်းရွက်တွေကို ဆန်လေးနဲ့ ဆန်ပြုတ်လုပ်ပြီး အဲဒီအဖွားကို ကျွေးလိုက်တယ်”
“သူ စားပြီးသွားရော ရုတ်တရက်ကြီး ရွှေရောင်အလင်းတန်းတွေ ထွက်လာပြီး ဗောဓိမယ်တော်အဖြစ် ပြောင်းသွားတာပဲ၊ မယ်တော်က ငါ့ကိုပွေ့ဖက်ပြီး ပြောတယ်”
“မင်းက တကယ့်ကလေးကောင်းပဲ၊ ဒုက္ခရောက်နေချိန်မှာတောင် ကြင်နာတဲ့နှလုံးသားရှိနေသေးတယ်၊ မင်း ဆင်းရဲပြီး ဝမ်းနည်းနေရတာကို ငါသိတယ်၊ ဒါပေမဲ့ ဒီလိုကြင်နာတဲ့စိတ်ကို အမြဲထိန်းထားမယ်ဆိုရင် ငါ မင်းကို သေချာပေါက် စောင့်ရှောက်မယ်တဲ့”
“မင်း နိုးလာရင် မြေအိုးနဲ့ ကြက်ခြံထဲကို သွားကြည့်လိုက်၊ ငါပြောတာ အမှန်ဆိုတာ မင်းသိလိမ့်မယ်တဲ့”
“ကြက်ခြံထဲမှာလား”
တာ့ယာသည် ထိုစကားလုံးကို ကြားသည်နှင့် အပြင်သို့ပြေးထွက်သွားတော့သည်။
“အမလေး အမလေး”
သူမအော်သံကြီး ထွက်ပေါ်လာပြီး သူမ အိမ်ထဲပြန်ပြေးဝင်လာသည့်အခါ လက်နှစ်ဖက်စလုံးတွင် ကြက်ဥသုံးလုံးစီ ကိုင်ထားသည်ကို မြင်လိုက်ရ၏။ တာ့ယာမှာ ရင်ခုန်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေတော့သည်။
“မယ်တော်က ကိုယ်ထင်ပြတာပဲ၊ ဗောဓိမယ်တော်က တကယ်ကြီးကိုယ်ထင်ပြတာ”
“ဘယ်လိုလုပ် ကြက်ဥတွေ ဒီလောက် အများကြီး ရှိနေတာလဲ”
ကုတန်မျက်လုံးများမှာလည်း အရောင်တောက်သွားသည်။
“ဒါတင်မကသေးဘူး”
တာ့ယာက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ကြက်ခြံထဲမှာ ကျန်သေးတယ်”
ကုတန်သည်လည်း အပြေးအလွှား ထွက်သွားပြီး ကြက်ခြံထဲမှ ကျန်ရှိနေသော ကြက်ဥငါးလုံးကို ဂရုတစိုက် ကောက်ယူလိုက်သည်။
“အမလေး တစ်ရက်တည်းနဲ့ ကြက်ဥ ၁၁ လုံးတောင် ဥတာပဲ”
သူသည် ကြက်မကြီးကို မျက်တောင်မခတ်ဘဲကြည့်နေမိပြီး အိမ်ထဲသို့ပြန်ပြေးဝင်လာကာ မျက်ရည်များ စီးကျလျက်
“မယ်တော်က တကယ်ကြီး ကိုယ်ထင်ပြတာပဲ၊ မယ်တော်က ကျွန်တော်တို့ကို မေ့မထားဘူး”
သူနှင့် တာ့ယာတို့မှာ တစ်ဦးကိုတစ်ဦး ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးကြတော့သည်။ ၎င်းမှာ နှစ်ပေါင်းများစွာ သူတို့ ခံစားခဲ့ရသော နာကျင်မှုနှင့် မကျေနပ်ချက်များကို ဖွင့်ထုတ်လိုက်သကဲ့သို့ပင်။ လင်းယွဲ့သည် ရှေးရိုးစွဲ ယုံကြည်မှုများက အသုံးဝင်လိမ့်မည်ဟု ထင်ထားသော်လည်း ယခုလောက်အထိ ထိရောက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကလေးနှစ်ယောက်မှာ ယခုတော့ လုံးဝဥဿုံ ယုံကြည်သွားကြပြီ ဖြစ်သည်။ လင်းယွဲ့သည်လည်း သူတို့နှင့်အတူဝင်ဖက်ကာ ငိုပြလိုက်၏။ စိတ်ခံစားချက်များ တည်ငြိမ်သွားသောအခါ သူမက မှာကြားလိုက်၏။
“မယ်တော်က မှာတယ်၊ ဒါက ငါတို့အတွက် ထူးထူးခြားခြားပေးသနားတာမို့ တခြားလူကို လုံးဝမပြောရဘူးတဲ့၊ အဲလိုမှမဟုတ်ရင် ရထားတဲ့ကံကောင်းမှုတွေနဲ့ စားစရာတွေကို ပြန်သိမ်းသွားလိမ့်မယ်တဲ့”
“မပြောဘူး ဘယ်သူ့ကိုမှမပြောဘူး”
ကုတန်မျက်လုံးများမှာ ပျော်ရွှင်မှုတို့ဖြင့် လင်းလက်နေသည်။
“ကျွန်တော့်ကိုသတ်ရင်တောင် တစ်လုံးမှ ဟမှာမဟုတ်ဘူး”
“အင်း”
တာ့ယာက ခေါင်းညိတ်ကာ
“မယ်တော်က ဒီလိုမှာထားမှတော့ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့၊ ငါတို့သာ သွားပြောရင် သေသွားတဲ့အခါ ငရဲကျလိမ့်မယ်”
တကယ်တော့ တာ့ယာမှာပြန်လည်မွေးဖွားလာသူဖြစ်သဖြင့် သာမန်လူထက် ထူးခြားဆန်းပြားသောကိစ္စရပ်များအပေါ် ပို၍ရိုသေကိုးကွယ်စိတ်ရှိပြီး ဤဖြစ်ရပ်ကို နက်နက်ရှိုင်းရှိုင်းယုံကြည်သွားခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲမှ တွေးလိုက်မိသည်မှာ
‘မယ်တော်က ငါ့ရဲ့အရင်ဘဝက ဆင်းရဲဒုက္ခတွေကိုမြင်လို့များ ဒီဘဝမှာပြန်ရှင်သန်ခွင့်ပေးပြီး ဒီလောက်ကောင်းတဲ့ ယောင်းမနဲ့ ဆုံပေးတာလားမသိဘူး’
သစ်သားစားပွဲပေါ်တွင် ကြက်ဥ ၁၂လုံးကို သေသေသပ်သပ် စီထားသည်။ ကုတန်၊ တာ့ယာနှင့် လင်းယွဲ့တို့မှာ တစ်ဖက်တစ်ချက်စီထိုင်ကာ ကြက်ဥများကို ငေးကြည့်နေကြရင်း ကုတန်မျက်လုံးများမှာ အရည်ပျော်ကျတော့မတတ်ပင်။
“ကြက်ဥတွေ အများကြီးပဲ”
တာ့ယာ၏ မျက်လုံးများမှာလည်း ဝင်းလက်နေသည်။
“နေ့တိုင်း ဒီလောက်ရနေရင် ငါတို့ ချမ်းသာတော့မှာပဲ”
“မယ်တော်က ပြောတယ်၊ နောင်ဆိုရင် ကြက်ဥတွေက နေ့တိုင်းဒီထက်တောင် ပိုရနိုင်တယ်တဲ့”
လင်းယွဲ့ပြောလိုက်ရာ ကုတန်၏မျက်လုံးများ ပြူးသွားပြီး
“တကယ်ကြီးလား အံ့ဩဖို့ကောင်းလိုက်တာ၊ မယ်တော်က တကယ် စိတ်ကောင်းရှိတာပဲ”
“ယောင်းမမကလည်း စိတ်ကောင်းရှိတာပဲလေ”
တာ့ယာက ကြားဖြတ်ပြောလိုက်သည်။
“ယောင်းမသာ စိတ်ကောင်းမရှိရင် ငါတို့ မယ်တော့်ဆီက ကောင်းချီးရမှာ မဟုတ်ဘူး”
“ဟုတ်တယ်၊ မရီးကစိတ်ကောင်းရှိတယ်”
ကုတန်က ချက်ချင်းထောက်ခံလေတော့သည်။
“ဟေး ကြည့်ဦး၊ ဒီကြက်ဥတွေက တကယ့်ကို နတ်ကြက်ဥတွေပဲ၊ အရွယ်အစားတွေက မတူဘူး”
တာ့ယာက ကြက်ဥနှစ်လုံးကိုယှဉ်ကြည့်ကာ ပြောလိုက်သည်။
“ဒီနှစ်လုံးက နည်းနည်းသေးပေမဲ့ တခြားဟာတွေကတော့ အကြီးကြီးတွေပဲ၊ ဘဲဥတွေ ငန်းဥတွေနဲ့တောင် ယှဉ်လို့ရတယ်”
ကြက်ဥများမှာ ခေတ်သစ် အနောက်တိုင်းကြက်ဥများဖြစ်သဖြင့် ဒေသခံ ကြက်ဥများထက် ၁.၅ဆခန့်ပိုကြီးလေသည်။ လင်းယွဲ့သည် အော်ဂဲနစ်များကို ဝယ်ယူထားခြင်းဖြစ်ပြီး တစ်လုံးလျှင် ၃ ယွမ်ခန့်ပေးရသဖြင့် အာဟာရမှာလည်း ဒေသခံကြက်ဥများထက်မနိမ့်ပါပေ။ ယခုအချိန်တွင် သူမသည် ပစ္စည်းကောင်းများကို ဝယ်တတ်သည့် သူမအလေ့အကျင့်အတွက် ဝမ်းသာနေမိ၏။
“နောက်သုံးရက်ဆို ဈေးနေ့ရောက်ပြီ၊ အဲဒီကျရင် ငါတို့ကြက်ဥသွားရောင်းကြတာပေါ့”
လင်းယွဲ့က စဉ်းစားလိုက်သည်။ သူတို့က ဗောဓိမယ်တော်အကြောင်းကို ဒီလောက်ယုံနေမှတော့ သူမအနေဖြင့် နေ့တိုင်း ကြက်ဥများကိုကြက်ခြံထဲသို့ ခိုးထည့်ထားပြီး ဈေးနေ့တွင်သွားရောင်းမည်။ မနက်စာအတွက် ကလေးနှစ်ယောက်မှာ အသားပေါက်စီတစ်လုံးစီ စားရပြီး လင်းယွဲ့ကနှစ်လုံးစား၏။ ကုတန်မှာ အစပိုင်းတွင် နည်းနည်း တွန့်ဆုတ်နေသော်လည်း ကန့်ကွက်ခြင်းမပြုဘဲ ပေါက်စီကို အရသာရှိရှိ စားလိုက်ပြီး လက်ချောင်းလေးများကိုပင် လျှာဖြင့်ပြန်လျက်ကာ ပြောလိုက်လေသည်။
“ကျွန်တော် ကြက်တွေစားဖို့ မြက်သွားရိတ်ပြီး ပိုးကောင်တွေသွားဖမ်းပေးမယ်”
“ငါလည်း လိုက်မယ်”
မကြာခင်မှာပင် သူတို့သည် လတ်ဆတ်သော ဟင်းရွက်များကို ရိတ်လာပြီး ကြက်ခြံထဲသို့ ထည့်ပေးကြသည်။ တာ့ယာသည် ကြက်မကြီးကို အသာပွတ်သပ်ပေးနေပြီး သူမမျက်နှာမှာ အလွန်ပင် ကြည်ညိုလေးစားမှုရှိနေ၏။
“ကြက်မကြီး ကျန်းကျန်းမာမာနေနော်၊ ငါတို့ စားစရာတွေ အများကြီးကျွေးမှာမို့လို့ ကြက်ဥတွေ အများကြီးဥပေးရမယ်နော်”
ကုတန်ကတော့ ကြက်မကြီးကို အရွက်လေးတွေတစ်ရွက်ချင်း ခွံ့ကျွေးနေပြီး အဆိတ်ခံရသည့်တိုင် အူကြောင်ကြောင်ဖြင့် ပြုံးနေတော့သည်။
“ကြက်စာလည်း ကျွေးပြီးပြီဆိုတော့ လယ်လုပ်ကြရအောင်”
လင်းယွဲ့သည် မနေ့ကဝယ်လာသော ဟင်းသီးဟင်းရွက်မျိုးစေ့များကို ထုတ်ယူလိုက်သည်။ သူမသည် မြို့ပေါ်တွင် ကြီးပြင်းလာသူဖြစ်သဖြင့် လယ်မလုပ်ဖူးပေ။ သို့သော် မြေဆီလွှာကို အရင်ဆွရမည်၊ မျိုးစေ့ချရမည်၊ ပြီးလျှင် ရေလောင်းရမည် ဆိုသည်ကိုတော့ သိ၏။ သို့သော် အိမ်ရှေ့မှမြေကွက်ကို မြင်လိုက်ရသည့်အခါ သူမအကျပ်ရိုက်သွားသည်။ မြေဆွရန်အတွက် ဘာကိရိယာကို သုံးရမည်နည်း။ သူမတို့တွင် ဓားမတစ်လက်သာ ဝယ်ထားရသေး၏။ ပေါက်တူးနှင့် ထွန်တုံးများမှာ အလွန်ဈေးကြီးသဖြင့် လောလောဆယ် မဝယ်နိုင်သေးပေ။ ထိုအချိန်တွင် ကုတန်သည် ဘယ်ကရလာမှန်းမသိသော ပြားချပ်ချပ် ကျောက်တုံးတစ်ခုဖြင့် မြေကြီးကို တူးနေလေသည်။
“မရီး ဒီမြေကသိပ်နေပြီး ကျောက်ခဲတွေလည်း အများကြီးပဲ၊ တူးရတာ နည်းနည်း ခက်လိမ့်မယ်”
ကုတန်သည် ကျောက်တုံးဖြင့်တူးသော်လည်း မြေကြီးက အလွန်မာပြီး ကျောက်ကပြားသော်လည်း မထက်လှပေ။ တူးရသည်မှာ အလွန်ခက်ခဲရာ နောက်ဆုံးတွင် ကုတန်မှာ လက်ဖြင့်ပင် ကုတ်ဖဲ့တူးနေရတော့သည်။ တာ့ယာလည်း ချက်ချင်းပင်လိုက်လုပ်ပေးရှာသည်။ လင်းယွဲ့သည် ဝါးချောင်းတစ်ခုကိုရှာကာ မြေကြီးကို စတင်ဆွလိုက်၏။ မိုးသည်းထန်စွာရွာပြီးနောက်ပိုင်း ယခုရက်ပိုင်းတွင် နေကအလွန်ပင်ပူလှရာ လင်းယွဲ့မှာ ၁၅မိနစ်မျှပင်မကြာလိုက်ဘဲ ချွေးများရွှဲနစ်သွားကာ အပူရှိန်ကြောင့် ခေါင်းပင်မူးလာသည်။ မဖြစ်ဘူး လယ်လုပ်တာကို ဝါသနာအဆင့်လောက်ပဲထားမှ ဖြစ်တော့မယ်။ သူမအနေဖြင့် မိသားစုကို ထောက်ပံ့ရန် တခြားအလုပ်တစ်ခုခုကို ရှာရမည်။ အခုအချိန်တွင် အအေးတစ်ခွက်လောက် သောက်ရလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။
'ဟမ် အအေးရောင်းရင်ရော'
လင်းယွဲ့သည် စိတ်ကူးရှိသည့်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး အရင်ဆုံး ရွာထဲသို့သွားရောက်စုံစမ်းကြည့်သည်။ နေပူကျဲကျဲတွင် လူများစွာမှာ လယ်ထဲ၌ ပေါင်းမြက်များနှုတ်နေကြရာ ပူပြင်းလှသော နေရောင်အောက်တွင် သူတို့အသားညိုညိုပေါ်၌ ချွေးများ စိုရွှဲနေကြ၏။ လင်းယွဲ့သည် မနေ့ကဆုံခဲ့သော ကုတာ့တျန်နှင့် ဆုံမိပြန်သည်။ သူသည် ဝါးရေဘူးကိုခါကြည့်ရာ ရေကုန်နေသဖြင့် စိတ်ပျက်လက်ပျက်ထိုင်လိုက်ရာ သူ့နောက်မှ မိခင်ဖြစ်သူက ဖင်ကိုကန်၍ အလုပ်ခိုင်းနေလေ၏။
“မပျင်းနဲ့၊ လုပ်စရာတွေ အများကြီး ကျန်သေးတယ်”
“အမေရာ သားရေငတ်လို့ သေတော့မှာပဲ”
လယ်ကွင်းထဲတွင် ထိုသို့သောသူများစွာ ရှိကြသည်။ ထို့ပြင် လမ်းဆုံလမ်းခွများတွင် ဈေးသည်များနှင့် ခရီးသွား ကုန်သည်များလည်း အမြဲဖြတ်သန်းသွားလာလေ့ရှိ၏။ ဘေးရွာလမ်းဆုံတွင်ဖွင့်ထားသော လက်ဖက်ရည်ဆိုင်လေးမှာ တစ်အိုးလျှင် ကြေးပြားနှစ်ပြား ယူသော်လည်း ဖောက်သည် အတော်အတန်ရှိပေသည်။
“ဒါအခွင့်အလမ်းပဲ”
လင်းယွဲ့စိတ်အာရုံမှာ ပဲဂျယ်လီဆီသို့ ရောက်သွားသည်။ ဒါကလုပ်လို့ရနိုင်တာပဲ။ ဈေးနေ့တွင် ကြက်ဥရောင်းသည့်အပြင် နောက်ထပ်ရောင်းကုန်တစ်ခုအဖြစ် ပဲဂျယ်လီကိုထည့်သွင်းလိုက်မည်။
သို့သော်လည်း ဒါကိုဖွင့်ရန်အတွက် လိုအပ်သည့် ပိုက်ဆံအတွက်ကျတော့ရောဘယ်လိုလုပ်မလဲ။