အခန်း ၁၇
Vol. 2 Ch. 17
Ch-17
လင်းယွဲ့သည် သူမလက်ဖဝါးနှစ်ဖက်ကိုပွတ်ကာ အလွန်ခင်မင်ရင်းနှီးဟန်ဖြင့် ကုတန်ပခုံးကို လှမ်းဖက်လိုက်သည်။
“ကုတန်လေးရေ”
ကုတန်မှာ ငယ်ရွယ်သူဖြစ်သဖြင့် လူ့လောက၏ကောက်ကျစ်စဉ်းလဲမှုများကို နားမလည်သေးပေ။
“မရီး”
သူပြုံးပြလိုက်သည်။ လင်းယွဲ့က သူမလက်မနှင့် လက်ညှိုးကို ပွတ်ပြရင်း
“မရီး ဒီရက်ပိုင်းလက်ထဲမှာ ငွေလေး နည်းနည်းပြတ်လပ်နေလို့ပါ”
ကုတန်၏တောက်ပနေသော မျက်နှာလေးမှာ ချက်ချင်းပင်ညှိုးငယ်သွားကာ
“မရီး ကျွန်တော့်ဆီမှာလည်း ပိုတဲ့ရိက္ခာတွေ ဘာမှမရှိတော့ဘူး”
ဘေးတွင်ရပ်နေသော တာ့ယာက ကုတန်၏ခါးကို လိမ်ဆွဲလိုက်သည်။
“နင် ကြေးပြား ၂၀၀ ဝှက်ထားတာ ငါမြင်သားပဲ၊ ယောင်းမကို ပေးလိုက်စမ်း”
“အား နာတယ်”
လင်းယွဲ့သည် ကြေးပြား ၂၀၀ကို ရရှိပြီးနောက် မျက်ရည်ဝဲနေသော ကုတန်၏မျက်နှာလေးကို ပွတ်သပ်ပေးကာ ချော့မော့လိုက်သည်။
“ကုတန်လေးရာ မရီးဒါကို သေချာသုံးပါ့မယ်”
ထို့နောက် တာ့ယာ၏ပါးကို အသည်းယားစွာ ဆွဲညှစ်လိုက်ရင်း
“ယောင်းမက နင့်ကိုအချစ်ပိုတာ မဆန်းပါဘူး၊ နင်က တကယ့်ကို ငါ့ညီမကောင်းလေးပဲ”
"ယောင်းမ”
တာ့ယာက ရှက်ကိုးရှက်ကန်းပြောလိုက်၏။ လင်းယွဲ့သည် ပြီးခဲ့သည့်အကြိမ်က ကျန်ရှိသော ကြေးပြား ၁၀၀ ကျော်နှင့် ကုတန်ပေးသော ကြေးပြား ၂၀၀ ကို ယူဆောင်ကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။
‘မြန်မြန် ဖွင့်ပေးတော့’
လင်းယွဲ့စိတ်အာရုံမှာ လှုပ်ရှားသွားပြီး သူမလက်ထဲမှငွေများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ကြေးပြား ၂၀ခန့်သာ ကျန်ရှိတော့၏။
‘နေဦး၊ အရင်တစ်ခေါက်က ၂၀၀ ပဲယူတာ မဟုတ်လား၊ ဘာလို့ ဒီတစ်ခါကျ ၃၀၀ တောင်းရတာလဲ’
သို့သော် ထိုသံသယမှာ လင်းယွဲ့စိတ်ထဲတွင် ခဏမျှသာရှိနေပြီး ပျောက်ကွယ်သွားသည်။ သူမသည် ရေခဲသေတ္တာထဲရှိ ပဲဂျယ်လီကိုအမြန်ကြည့်လိုက်၏။ ၎င်းမှာ သူမဘလော့ဂါဘဝက စမ်းသပ်ခဲ့သမျှထဲတွင် အရသာအရှိဆုံးနှင့် အစစ်မှန်ဆုံးပဲမှုန့်များပင်ဖြစ်သည်။လင်းယွဲ့သည် ပိုးကောင်များမတက်စေရန်နှင့် ပိုးဟပ်များမလာစေရန် ထိုအရာများကို ရေခဲသေတ္တာထဲတွင် အမြဲသိမ်းဆည်းလေ့ရှိသည်။
‘ဂျယ်လီလာပြီဟေ့’
လင်းယွဲ့သည် ဂျယ်လီကိုဖွင့်လိုက်ပြီး သူမနေရာလွတ်ထဲသို့ ထည့်လိုက်သည်။ နောက်တစ်နေ့တွင် မြေအိုးထဲမှထုတ်သလို ဟန်ဆောင်ရန် သူမစီစဉ်ထား၏။ ထိုနေ့က လင်းယွဲ့အပြင်သို့သွားစုံစမ်းနေစဉ် ကလေးနှစ်ယောက်မှာ လယ်ထဲတွင် တစ်နေ့လုံး ကြိုးစားအလုပ်လုပ်ခဲ့ကြပေသည်။ သူမပြန်ကြည့်သည့်အခါ သူတို့သည် မြေကွက်ကျဉ်းကျဉ်းလေးတစ်ခုကိုသာ ဆွထားနိုင်သည်ကို တွေ့ရ၏။ လင်းယွဲ့သည် မြစ်နားသို့သွားကာ မနက်ကချန်ထားခဲ့သော ခြင်းတောင်းကို မ,လိုက်ရာ အထဲတွင် ငါးကြီး လေး၊ငါးကောင် ပါလာသဖြင့် သူမသည် မြေအိုးဖြင့် ခပ်ယူလိုက်လေသည်။
ကုတန်က ကျောက်တုံးတစ်တုံးကို မ,လိုက်ရင်း
“မရီး ဒီမှာ ဂဏန်းတွေရှိတယ်”
သူ ဂဏန်းတစ်ကောင်ကို ကောက်ယူလိုက်ရာ သေးငယ်ပြီး မီးခိုးရောင်သန်းနေသော မြစ်ဂဏန်းလေးဖြစ်နေလေသည်။ လင်းယွဲ့သည် ခေတ်သစ်လောကတွင်ရှိစဉ်ကလည်း နှစ်စဉ် နွေရာသီနှင့် ဆောင်းရာသီ ကျောင်းပိတ်ရက်တိုင်း ဇာတိရွာသို့ပြန်ရသည်ကို နှစ်သက်ပြီး နွေရာသီတွင် သူမသည် မြစ်ထဲသို့သွား၍ ဂဏန်းလေးများ ဖမ်းတတ်၏။ ကျောက်တုံးကို မ,လိုက်ကာ ဂဏန်း၏အမြီးပိုင်းကို အနောက်မှ အမြန်ဖိ၍ ပုံးထဲသို့ထည့်ရချေသည်။ တခါတရံတွင် ကျောက်တုံးကြီး တစ်တုံးကို မ,လိုက်သည့်အခါ အထဲတွင် ရေမြွေတစ်ကောင်ကို တွေ့ရတက်ပြီး ထိုအခါမျိုးတွင် လင်းယွဲ့မှာ အော်ဟစ်ကာ ထွက်ပြေးရ၏။ မြစ်ဂဏန်းလေးများမှာ လက်ဖဝါး၏လေးပုံတစ်ပုံခန့်သာရှိသဖြင့် အသားသိပ်မရှိချေ။ သူတိုကို ပုံးငယ်တစ်ပုံးစာရသည်အထိဖမ်းကာ လူကြီးများကို ပေးလေ့ရှိသည်။ လူကြီးများက ဂျုံမှုန့်ကို ရေဖြင့် ဖျော်ကာ ထိုဂဏန်းလေးများကို ဂျုံမှုန့်လူး၍ ဆီပူပူတွင်ကြော်ပေးကြ၏။ ရွှေအိုရောင်သန်းနေသော ဂဏန်းကြော်လေးများမှာ အလွန်ပင် မွှေးကြိုင်ကာ အရသာရှိလှသည်။ ပါးစပ်ထဲတွင် ဝါးစားပြီးမှ အခွံများကိုပြန်ထွေးထုတ်ရ၏။
သို့သော် ဤခေတ်ကာလတွင် ဆီမှာ အလွန်ရှားပါးလှသောကြောင့် လင်းယွဲ့သည် ဂဏန်းဖမ်းရန် အချိန်မဖြုန်းနိုင်ပေ။ သူမသည် တာ့ယာနှင့် ကုတန်တို့၏လက်များကို သတိထားမိလိုက်ပြီး သူတို့လက်သည်းများမှာ အလွန်ရှည်နေပြီး လက်သည်းကြားတွင် ဂျီးများ ဝင်နေသည်။
“လာကြ မစားခင်လက်ကို အရင်ဆေးရမယ်”
လင်းယွဲ့သည် တာ့ယာလက်ကလေးများကို ဆုပ်ကိုင်လိုက်သည်။ တာ့ယာမှာ ငါးနှစ်သားအရွယ်သာရှိသေးသဖြင့် သူမလက်ကလေးများမှာ နူးညံ့နေသင့်သော်လည်း လင်းယွဲ့ကိုင်ကြည့်မိသည်မှာ ကြမ်းတမ်းနေသော အသားမာများပင် ဖြစ်သည်။ သူမသည် လက်သည်းဖြင့် တာ့ယာလက်သည်းကြားမှ ဂျီးများကို ဖယ်ရှားပေးလိုက်၏။
“နောက်ကြရင် ထမင်းမစားခင် လက်ကို အမြဲဆေးရမယ်”
ဆပ်ပြာမှုန့်မရှိသဖြင့် သူမသည် လက်ဖြင့်ပင် တာ့ယာလက်ကို ပွတ်တိုက်ပေးလိုက်ရာ အများကြီးသန့်ရှင်းသွားတော့သည်။ ကုတန်သည်လည်း လျင်မြန်စွာပင် လိုက်အတုယူကာ လက်ဆေးတတ်သွား၏။ သူသည် သူ့လက်များကိုဖြန့်ပြကာ လင်းယွဲ့ကို ဂုဏ်ယူဝင့်ကြွားစွာ ပြသလေသည်။ လင်းယွဲ့သည် သူတို့နှစ်ဦး သူမကို တဖြည်းဖြည်း လက်ခံလာကြပြီး သူမ၏ချီးကျူးမှုကို မျှော်လင့်ကာ အတုယူစရာ စံပြတစ်ဦးအဖြစ် သတ်မှတ်လာကြသည်ကို ခံစားမိ၏။ ထိုခံစားချက်မှာ အလွန်ပင်နွေးထွေးလှသည်။ လူတစ်ယောက်နှင့် ရင်းနှီးရန်မှာ လွယ်ကူနိုင်သလို အလွန်လည်း ခက်ခဲနိုင်သည်ပင်။
“ကဲ အိမ်ပြန်ကြစို့”
လင်းယွဲ့သည် သူတို့နှစ်ဦးကိုပုတ်ပေးလိုက်ကာ အိမ်ပြန်ရောက်ရင် ငါးကင်နှင့် အရွက်ဟင်းရည်ချက်ရန် စီစဉ်လိုက်သည်။ သို့သော် သူမသည် ငါးကြီးတစ်ကောင်ကို မြက်ပင်ဖြင့် သီလိုက်ပြီး ကုတန်ကိုမှာကြားလိုက်၏။
“ဒီငါးကို သစ်ခုတ်သမားအိမ်ကိုသွားပေးလိုက်ဦး”
သစ်ခုတ်သမားဝမ်တာ့ကျန်းသည် မနေ့က သူမထံမှ ငါးတစ်ကောင်ဝယ်ခဲ့ရာ မထင်မှတ်ဘဲ ဒီနေ့မနက်တွင် သူနှင့် သူ့ဇနီးသည်မှာ သူမအိမ်သို့ရောက်လာကြ၏။ သူ့ဇနီးမှာ နူးညံ့သိမ်မွေ့သော အမျိုးသမီးလေးတစ်ဦးကဲ့သို့ အလွန်လှပသည်။ အထူးသဖြင့် ကိုယ်ဝန်ရှိနေသဖြင့် သူမမျက်နှာလေးမှာ မိခင်လောင်းတစ်ဦးလို နူးညံ့သောချိုသာစွာ တောက်ပနေ၏။
“ကျွန်မနာမည်က လီရှောင်လျန်ပါ၊ အစ်မရှောင်လျန်လို့ ခေါ်ရပါတယ်၊ မနေ့က အစ်မယောကျ်ား မင်းကိုလန့်အောင် လုပ်မိသေးလား”
သူမကပြုံးလျက် လင်းယွဲ့လက်ကို ရင်းနှီးစွာ ဆုပ်ကိုင်ကာပြောလိုက်သည်။
“သူကလေ အရမ်းခပ်ပေါ့ပေါ့နေတတ်လွန်းတယ်၊ မိန်းမသားတွေရဲ့ကြောက်စိတ်ကို သူ နားမလည်ဘူး၊ မနေ့က သူ အရမ်းစိတ်စောသွားလို့ မင်းကို တောင်းပန်ချင်လို့ လာခဲ့တာပါ”
သစ်ခုတ်သမားမှာ တံခါးအပြင်ဘက်တွင် ပုဆိန်ကိုကိုင်ကာ သစ်တုံးကြီးတစ်တုံးကိုခုတ်ကာ ထင်းခွေနေလေ၏။ လီရှောင်လျန်က သခွားသီးနှစ်လုံးကို လင်းယွဲ့လက်ထဲသို့ထည့်ပေးကာ သူမက ပြောသည်။
“ကိုယ်တိုင်စိုက်ထားတာပါ၊ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး၊ မြည်းကြည့်ပါဦး”
သူတို့မှာ အလွန်စိတ်ထားကောင်းသော လူများဖြစ်သဖြင့် လင်းယွဲ့၏စိုးရိမ်မှုများမှာ တစ်ဝက်ခန့်ချက်ချင်းပျောက်ကွယ်သွား၏။ သူတို့သုံးယောက်မှာ အားနည်းသူများဖြစ်သဖြင့် သူတစ်ပါး၏မကောင်းသော အကြံအစည်ကို အမြဲကြောက်နေရလေသည်။
‘ဝေးကွာသော ဆွေမျိုးထက် နီးစပ်သော အိမ်နီးချင်းက ပိုအားကိုးရသည်’ ဆိုသည့်အတိုင်း နောက်နောင် တာ့ဟွမ်ယာတို့လိုကိစ္စမျိုး ထပ်ဖြစ်ပါက အိမ်နီးချင်းများက အော်သံကြားရုံဖြင့် လာရောက်ကူညီနိုင်မည်ပင်။ ထို့ကြောင့် အိမ်နီးချင်းကောင်းများနှင့် ဆက်ဆံရေးကောင်းရန်မှာ အလွန်အရေးကြီးလှသည်။ လင်းယွဲ့သည် ဆက်ဆံရေးပိုမိုခိုင်မာစေရန် ကုတန်ကိုငါးတစ်ကောင်နှင့် လွှတ်လိုက်ခြင်းပင်။ သူ ပြန်လာသည့်အခါ လက်ထဲတွင် ဗူးသီးအချို့ ပါလာ၏။
“အစ်မရှောင်လျန်က ဒါတွေပေးလိုက်တာ၊ ဟင်းတစ်ခွက် ပိုရအောင်လို့တဲ့”
လင်းယွဲ့မှာ ဝမ်းသာသွားသည်။ ယနေ့ညတွင် အရွက်ဟင်းရည်မသောက်တော့ဘဲ ဗူးသီးကြက်ဥဟင်းရည်ကို သောက်ရတော့မည်။သူမနွေရာသီတိုင်း အမြဲချက်သောက်လေ့ရှိသော ဟင်းရည်ပင်။ နူးညံ့သော ဗူးသီးနှင့် ကြက်ဥတို့မှာ ပါးစပ်ထဲတွင် ဝါးစားရန်ပင် မလိုဘဲ မျိုချလိုက်ရုံပင်။ လတ်ဆတ်ပြီး အဆီအနည်းငယ် ပါဝင်သော အရသာမှာ နွေရာသီတွင် သောက်လိုက်ပါက ချွေးများထွက်လာပြီး ရင်ထဲတွင် လန်းဆန်းသွားစေသည့် အပူငြိမ်းစေသော ဟင်းရည်တစ်မျိုးပင် ဖြစ်သည်။ လင်းယွဲ့သည် ဟင်းရည်ထဲသို့ ဟွမ်ရှီးရွာမှ ယူလာသော ဆားအနည်းငယ်ကို ထည့်လိုက်သည်။
“အရသာရှိလိုက်တာ”
တာ့ယာသည် ဟင်းရည်တစ်ငုံ၊ အသားပေါက်စီတစ်ကိုက်၊ ငါးကင်တစ်ကိုက်နှင့် အရသာရှိရှိစားနေ၏။ တဖြည်းဖြည်းနှင့် သူမမျက်လုံးများတွင် မျက်ရည်များဝဲလာကာ
“ငါ တကယ်ကြီး ဒီလိုစားရတာလား၊ ငါ တကယ်ပဲ ဒီလောက်ကံကောင်းနေတာလား”
တာ့ယာရင်ထဲတွင် မိမိကိုယ်မိမိမထိုက်တန်ဘူးဟု ထင်မြင်နေသော ခံစားချက်နှင့် မလုံခြုံမှုများရှိနေသည်ကို လင်းယွဲ့သိလိုက်ရာ သူမသည် တာ့ယာ၏ခေါင်းလေးကို ပွတ်သပ်ပေးကာ နှစ်သိမ့်လိုက်၏။
“ညီမလေးက ဒီနေ့ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တာပဲ၊ ဒီလိုစားရတာ မဆန်းပါဘူး”
“ကြိုးစားရင် တကယ်ပဲ စားစရာရနိုင်တာလား”
တာ့ယာက တိုးတိုးလေးရေရွတ်လိုက်သည်။ သို့သော် သူမသိသည်မှာ ဒါဟာ အမြဲတမ်း အမှန်တရားမဟုတ်သည်ကိုပင်။ သူမ၏ယခင်ဘဝတွင် သူမသည် သွေးနှင့်ချွေး ခမ်းခြောက်မတတ် ကြိုးစားခဲ့သော်လည်း စားစရာမရခဲ့ပေ။ ယခု သူမ ဒီလိုကောင်းကောင်းစားရခြင်းမှာ ယောင်းမကြောင့်သာဖြစ်သည်။ တာ့ယာသည် သူမ၏ယောင်းမကို စိုက်ကြည့်ရင်း
“ယောင်းမ ကျွန်မကို ယောင်းမရဲ့ညီမအရင်းလေးလို သဘောထားပေးပါ၊ ယောင်းမဘာပြောပြော ကျွန်မနားထောင်ပါ့မယ်၊ ယောင်းမဘာခိုင်းခိုင်း ကျွန်မ လုပ်ပါ့မယ်”
ကုတန်ကလည်း ချက်ချင်းပြောလိုက်သည်။
“ကျွန်တော်လည်း အတူတူပဲ”
တာ့ယာသည် ပြန်လည်မွေးဖွားလာသူ ဖြစ်သော်လည်း အဆင့်မြင့်သော ပညာရေးနှင့် အတွေးအခေါ်များကိုတော့ မသင်ယူခဲ့ရပေ။ ဝမ်းနည်းစရာကောင်းသော သေဆုံးမှုနှင့်ကြုံခဲ့ရသော်လည်း သူမသည် ယုတ်မာသူတစ်ဦးဖြစ်မလာဘဲ မိမိကိုယ်မိမိသာ အသုံးမကျသူဟု အပြစ်တင်နေခဲ့သည်။ ထို့ကြောင့် သူမအပေါ် စေတနာထားသော လင်းယွဲ့နှင့်ဆုံသည့်အခါ သူမသည် တုံ့ပြန်ကျေးဇူးဆပ်ချင်နေ၏။ လင်းယွဲ့မှာ ထိုအကြောင်းစုံကို နားမလည်သော်လည်း သူမ၏စိတ်ရင်းမှန်သော ခံစားချက်များကို ခံစားမိသဖြင့် တာ့ယာခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။
“အစ်မက နင့်ကိုအမြဲညီမလေးလိုပဲ သဘောထားပါတယ်”
တာ့ယာသည် ရုတ်တရက် လင်းယွဲ့ကို ဖက်လိုက်ရာ ကုတန်ကလည်း အရှုံးမပေးဘဲ လိုက်ဖက်ပြန်၏။ လင်းယွဲ့သည် သူတို့နှစ်ဦး၏ကျောလေးကို ပုတ်ပေးရင်း စိတ်ထဲတွင် အလွန်ပင်ဂရုဏာသက်မိသွားတော့ချေသည်။ နောက်တစ်နေ့တွင် တာ့ယာနှင့် ကုတန်တို့သည် နိုးနိုးချင်းကြက်ခြံထဲသို့ ပြေးသွားကြပြီး ကြက်ဥ ၁၅လုံးကို တွေ့လိုက်ရသည့်အခါ သူတို့မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားကြ၏။ သူတို့သည် ကြက်မကြီးကိုဖက်ကာ အကြိမ်ကြိမ် နမ်းရှုံ့ရင်း ချီးကျူးစကားများပြောနေကြတော့သည်။ထိုအချိန်တွင် လင်းယွဲ့မှာ မြေအိုးထဲမှ ပဲမှုန့်အိတ်တစ်အိတ်ကို ထုတ်ယူဟန်ဆောင်ကာ အိတ်ခွံကိုဖြဲကာ မြေအိုးထဲသို့လောင်းထည့်လိုက်သည်။ သူတို့သည် ကြက်ဥများသိမ်းပြီး ပြန်လာသည့်အခါ လင်းယွဲ့ကို မျက်တောင်မခတ်ဘဲကြည့်ကာ
“မရီး ဒါကဘာလဲဟင်”