အခန်း ၁၈
Vol. 2 Ch. 18
Ch-18
“ဒါ ပဲမှုန့်လေ”
လင်းယွဲ့သည် ပဲမှုန့်များကို ပန်းကန်လုံးများထဲသို့ လောင်းထည့်လိုက်ရာ သုံးလုံးအပြည့် ရရှိလေသည်။ ပဲမှုန့်ကို ဂျယ်လီ၊ ခေါက်ဆွဲအေး၊ ချဉ်စပ်ဟင်းလျာများအပြင် ပုစွန်အေးလုပ်ရာတွင်လည်း အသုံးပြုနိုင်ပြီး ပုစွန်အေးကို သကာရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်သလို ဘန်းကိတ်လုပ်ရာတွင်လည်း ထည့်သွင်းနိုင်၏။ ယခု တယုံမင်းဆက်တွင် ငရုတ်သီးမရှိသေးသော်လည်း အစပ်အရသာကို စားသုံးသည့် အလေ့အထမှာ ကြာမြင့်စွာကပင် တည်ရှိနေခဲ့သည်။ ဥပမာအားဖြင့် သူတို့သည် အပူအစပ်နှင့် အထုံ အရသာ ရရှိရန် ရှူးပန်းသီး၊ ဂျင်း၊ စီချွမ်းငရုတ်ကောင်း၊ သစ်ကြံပိုး၊ မုန်ညင်းစေ့နှင့် ကြက်သွန်မြိတ်တို့ကို အသုံးပြုကြ၏။ လင်းယွဲ့သည် ဂျယ်လီကို အရင်လုပ်ပြီးမှ ပုစွန်အေးဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ကုတန်ကို မြေအိုးယူကာ ရေသွားခပ်ခိုင်းလိုက်၏။ ကုတန်သည် ပဲမှုန့်ကို စိုက်ကြည့်ရင်း စားစရာအသစ် ရတော့မည်ကို သိသဖြင့် မဆိုင်းမတွဘဲ အပြေးထွက်သွားတော့ပေသည်။
ထိုအတောအတွင်း လင်းယွဲ့က မီးမွှေးထားလိုက်ပြီး သူပြန်ရောက်လာသောအခါ သူမသည် ပန်းကန်လုံးသုံးလုံးစာ ပဲမှုန့်ကို ရေအေးဖြင့်အရင်ဖျော်လိုက်၏။ ထို့နောက် မြေအိုးထဲမှ ရေများ ဆူပွက်လာသောအခါ ဖျော်ထားသော မုန့်နှစ်များကို လောင်းထည့်လိုက်ပြီး ဝါးချောင်းဖြင့် မနားတမ်းမွှေပေးနေရသည်။ မုန့်နှစ်များ ပျစ်ခဲစပြုလာသောအခါ လင်းယွဲ့သည် ပန်းကန်လုံး သုံးလုံးထဲသို့ အမြန်ခပ်ထည့်လိုက်၏။ မြေအိုးထဲ၌ ကျန်ရှိသော ဂျယ်လီများခဲသွားသောအခါ မီးငြှိမ်းလိုက်ပြီး အေးသွားလျှင် ဂျယ်လီအဖြစ် လှီးစားရန် ချန်ထားလိုက်သည်။ ပုစွန်အေးကိုရော ဘယ်လိုလုပ်မလဲ။ ရေအေးထည့်ရန် အပိုထည့်စရာမရှိပေ။ လင်းယွဲ့သည် သူမအသစ်ဝယ်ထားသော ခြင်းတောင်းကိုယူကာ ပျစ်ခဲနေသော မုန့်နှစ်ပန်းကန် သုံးလုံးကို အထဲထည့်လိုက်သည်။
“မရီး ဘာလုပ်မလို့လဲဟင်”
“စားလို့ကောင်းတာပေါ့”
လင်းယွဲ့က မျက်ဝန်းထဲတွင် အပြုံးများဖြင့်ပြောကာ သူတို့ကို ချောင်းနားသို့ ခေါ်လာခဲ့သည်။ သူမသည် လမ်းဘေးမှ ထန်းရွက်အချို့ကို ဆွဲဖြတ်ကာ ခြင်းတောင်းအဝတွင်အုပ်ဖို့ အဖုံးအဖြစ် ရက်လိုက်၏။ ပန်းကန်လုံးများကို ထုတ်လိုက်ပြီးနောက် လင်းယွဲ့သည် ခြင်းတောင်းကို ရေထဲသို့ ချလိုက်သည်။ ကြည်လင်သော ရေများမှာ ခြင်းတောင်းထဲသို့ လျှံတက်လာ၏။ သူမ ရွေးချယ်ထားသော နေရာမှာ တောင်ပေါ်မှ စီးကျလာသော စိမ့်စမ်းရေဖြစ်သဖြင့် အလွန်သန့်ရှင်းပြီး အေးမြလှသည်။ သူမသည် ထန်းရွက်ဖျာကို ခြင်းတောင်းအဝတွင် တင်လိုက်ပြီး မုန့်နှစ်များကိုအပေါ်မှ လောင်းချလိုက်ရာ မုန့်နှစ်မှာပျစ်နေသဖြင့် သူမသည် ဝါးချောင်းဖြင့် ထိုးချပေးရသည်။ ပန်းကန် သုံးလုံးစာ လောင်းချပြီးနောက် ခြင်းတောင်းကို မ,လိုက်သည့်အခါ ခြင်းတောင်းဝက်ခန့်ရှိသော ပုစွန်အေးလေးများ စားသုံးရန်အသင့်ဖြစ်နေပြီဖြစ်၏။ သူမသည် ပန်းကန်သုံးလုံးတွင် ရေအေးများခပ်ကာ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်တွင်ကျန်ခဲ့သော ဂျယ်လီမှာလည်း အေးသွားပြီဖြစ်သည်။ သူမသည် ထန်းရွက်ဖျာကို စားပွဲပေါ်တင်ကာ မြေအိုးကို မှောက်ချလိုက်ရာ ဂျယ်လီတုံးကြီး ကျလာရာ ကလေးနှစ်ယောက်မှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြလေသည်။ လင်းယွဲ့က ပုစွန်အေးများကို မြေအိုးထဲထည့်၊ ရေအေးလောင်းကာ သကြားဖြူးကာမွှေပေးလိုက်သည်။
“ကဲ စားကြတော့”
သူမက ပန်းကန်သုံးလုံးထဲသို့ ခပ်ထည့်ပေးလိုက်ပြီး သူမကိုယ်တိုင်လည်း ပန်းကန်ကို မ,ကာ တစ်ငုံ သောက်လိုက်၏။
‘လန်းဆန်းလိုက်တာ’
ပူအိုက်လှသော နွေရာသီတွင် လှုပ်ရှားလိုက်သည်နှင့် ချွေးထွက်တတ်သော်လည်း တောင်ပေါ်မှစီးကျလာသော ဤရေအေးအေးနှင့် သကြားရည် အချိုဓာတ်မှာ ရင်ထဲအထိ အေးမြသွားစေသည်။ ပုစွန်အေးလေးများမှာလည်း နူးညံ့ချောမွတ်သဖြင့် ဝါးနေရန်ပင်မလိုဘဲ လျှောခနဲ မြိုချနိုင်၏။ တစ်ပန်းကန် ကုန်သွားသည့်အခါ နေ့အပူရှိန်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
တာ့ယာ၏မျက်လုံးများမှာ ပြူးသွားကာ
“ဒါက ဘာလဲဟင် အရမ်းအရသာရှိတာပဲ”
“ပုစွန်လေးတွေနဲ့ တူတယ်နော်၊ ချောင်းထဲကနေ ခုန်ဝင်လာတာလားမသိဘူး”
ကုတန်ကလည်း အံ့ဩတကြီးပြောရှာသည်။
“နုံလိုက်တာ၊ ဒါက ယောင်းမမုန့်နှစ်နဲ့ လုပ်ထားတာလေ”
“ငါက ဒီအတိုင်းပြောတာပါ”
ကလေးနှစ်ယောက် ငြင်းခုံနေကြသည်ကို လင်းယွဲ့ ဝင်မတားခင်မှာပင် သူတို့နှစ်ဦးစလုံး ပုစွန်အေးကို နောက်တစ်ငုံစီ သောက်လိုက်ကြပြီး သာယာကြည်နူးသောမျက်နှာပေးများ ဖြစ်သွားကြသည်။
“နူးညံ့ပြီး ချိုနေတာပဲ၊ ရင်ထဲအထိ ခုန်ဝင်သွားသလို အသားထက်တောင် စားလို့ကောင်းသေးတယ်”
တာ့ယာက သူမနှုတ်ခမ်းများကို သပ်ရင်း ပုစွန်အေးကို အမြတ်တနိုးကြည့်နေသည်။
“ဒါ နတ်သုဒ္ဓါလားမသိဘူးနော်”
ကုတန်က
“မရီး ဒါကို မနက်ဖြန်ဈေးမှာ သွားရောင်းရင် သေချာပေါက်ချမ်းသာတော့မှာပဲ”
သို့သော် လင်းယွဲ့မှာ ပုစွန်အေးရောင်းရန် အစီအစဉ်မရှိပေ။ ၎င်းမှာ စစ်ထုတ်ရ သကြားထည့်နှင့် အလွန်အလုပ်ရှုပ်လှသည့်အပြင် အိမ်တွင်လည်း ကိရိယာ မစုံသေးပေ။ သူမသည် စားပွဲပေါ်ရှိ ကြည်လင်နေသော ဂျယ်လီတုံးကြီးကို ကြည့်လိုက်သည်။ ဂျယ်လီရောင်းရသည်မှာ ပို၍လွယ်ကူပေသည်။ သူမသည် ဝါးဓားတစ်လက်ကိုကိုင်လိုက်၏။ ဤဝါးဓားမှာ မနေ့က ဝမ်တာ့ကျန်းလုပ်ပေးထားခြင်းဖြစ်သည်။ သူမသည် လျံဖန်းကိုတို့ဟူးတုံးအရွယ်လေးများ လှီးဖြတ်လိုက်၏။
“ဟာ တို့ဟူးနဲ့တူလိုက်တာ”
ကုတန်က ရုတ်တရက် အော်ပြောလိုက်သည်။
“တို့ဟူး”
လင်းယွဲ့က ကုတန်ကိုလှည့်ကြည့်လိုက်သည်။ ရှေးခေတ်ကာလတွင် သယ်ယူပို့ဆောင်ရေးမဖွံ့ဖြိုးသဖြင့် တစ်နေရာတွင် လူကြိုက်များသော အစားအစာမှာ အခြားတစ်နေရာတွင် မသိနိုင်သည့်အပြင် ဟင်းချက်နည်းများကို မှူးမတ်များနှင့် သူဌေးများကသာ လက်ဝါးကြီးအုပ်ထားသဖြင့် သာမန်လူများမှာ အချို့သောအစားအစာများနှင့် စိမ်းနေတတ်သည်။
“ဟုတ်တယ် ကျွန်တော့်အဖိုးက တို့ဟူးလုပ်တာ”
ကုတန်က လျှာလေးသပ်ရင်း
“ဒါပေမဲ့ အဲဒါက အရမ်းတန်ဖိုးကြီးပြီး ပိုက်ဆံအများကြီး ရတာလေ၊ နှစ်သစ်ကူးကျမှပဲ နည်းနည်းစားရတာ”
“အော် ဟုတ်သားပဲ”
တာ့ယာက ရုတ်တရက်သတိရသွားကာ
“ဒါပေမဲ့ အဖိုးက တို့ဟူးလုပ်ရင် ငါတို့ကို အနားမကပ်ခိုင်းဘူး၊ ဦးကြီးပဲကြည့်ခဲ့ရတာ၊ အဲဒီပညာက ယောကျ်ားလေးတွေ အိမ်ထောင်ဦးစီးတွေကိုပဲ လက်ဆင့်ကမ်းတာတဲ့ ဟားဟားဟား မှတ်မိပါသေးတယ်၊ ကုတန်ငယ်ငယ်က ခိုးကြည့်လို့ အဖိုးရိုက်တာကိုခံလိုက်ရတာ၊ ဒါကြောင့် သူ ဒီလောက်မှတ်မိနေတာပေါ့”
ကုတန်၏မျက်နှာမှာ ချက်ချင်းနီရဲသွားကာ
“ငါက နင်တို့စားရအောင် ခိုးကြည့်တာပါ”
တာ့ယာလည်း ထိုအချိန်က ဖခင်ဆုံးပါးပြီး မိခင်ဖျားနာနေသည့်အချိန်ကို ပြန်သတိရသွားသည်။ ထိုစဉ်က အိမ်မခွဲရသေးသော်လည်း အဖိုးက သူတို့ကို စားစရာအနည်းငယ်စားမိရုံဖြင့် ခေါင်းကိုခေါက်တတ်၏။
“ယောင်းမက တို့ဟူးလုပ်နည်း ဘယ်လိုသိတာလဲ”
တာ့ယာက မျက်ရည်လေးဝဲကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
“ငါတို့မိသားစုက စားသောက်ဆိုင်ဖွင့်ထားတာလေ”
ထိုစကားကိုကြားသောအခါ ကလေးနှစ်ယောက်လုံး မျက်လုံးပြူးသွားကြသည်။ လင်းယွဲ့သည် သူမနောက်ကြောင်းကို တစ်ခါမှမပြောပြဖူးပေ။ ယခုမှပင် သူမ ဘာကြောင့် ဟင်းချက်နည်းတွေ ဒီလောက်သိနေရသလဲဆိုတာ သူတို့နားလည်သွားတော့၏။လင်းယွဲ့က ဂျယ်လီကို အတုံးလေးများ ထပ်လှီးလိုက်သည်။
“မြည်းကြည့်ဦးမလား”
သူတို့နှစ်ဦးစလုံး အတုံးလေးတစ်တုံးစီ ယူစားလိုက်ကြသည်။
“စားလို့တော့ ကောင်းတယ်”
တာ့ယာက ဝေခွဲမရသလိုဖြင့်
“အရသာကတော့ သိပ်မရှိဘူး၊ ပုစွန်အေးလောက် မကောင်းဘူး”
၎င်းမှာ အမွှေးအကြိုင်နှင့် အဆာပလာများမပါသောကြောင့်ဖြစ်သည်။ သူမအနေဖြင့် အဆာပလာအချို့ရှာဖွေပြီး ထပ်စမ်းကြည့်ရမည်။ ဤနေရာတွင် သူမ အကျွမ်းတဝင်အရှိဆုံးမှာ လီရှောင်လျန်ဖြစ်သည်။
‘အစ်မလျန်ရေ အဆာပလာလေးတွေအတွက် အစ်မကိုပဲ အားကိုးရတော့မယ်’
လင်းယွဲ့သည် ဂျယ်လီတုံးကိုယူကာ အစ်မလျန်တို့အိမ်သို့ ထွက်လာခဲ့သည်။ သူမတို့ အမဲလိုက်တဲထက် အများကြီး ကြီးမားသောအိမ်ကြီးမှာ အခန်းပေါင်းများစွာရှိပုံရ၏။ ခြံကို သစ်သားစည်းရိုး ခတ်ထားပြီး အတွင်း၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားပြီး ခြံစည်းရိုးတစ်လျှောက် ဗူးပင်များမှာ စိမ်းစိမ်းစိုစိုဖြင့် ဝေဆာနေ၏။
“အစ်မလျန်”
လင်းယွဲ့က အဝတ်လှန်းနေသော လီရှောင်လျန်ကို လှမ်းခေါ်လိုက်သည်။
“အိုး ညီမလေးပါလား”
လီရှောင်လျန်က စိုနေသောလက်များကို သုတ်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။
“ဝင်လာခဲ့လေ”
လင်းယွဲ့သည် ခြံစည်းရိုးတံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး
“အစ်မလျန် ဒါ ညီမလေးလုပ်ထားတာ၊ အစ်မလျန်အတွက် လာပေးတာပါ”
လီရှောင်လျန်သည် ဂျယ်လီကိုစိုက်ကြည့်ရင်း အံ့ဩသွားသည်။ ၎င်းမှာ တို့ဟူးကဲ့သို့ လေးထောင့်ကျကျဖြစ်သော်လည်း ကြည်လင်နေသည်ပင်။ သူမသည် ပြည့်တန်ဆာရုံတွင်ကြီးပြင်းလာသူဖြစ်သဖြင့် အရာရှိကြီးများနှင့် သူဌေးများကို ပြုစုဖျော်ဖြေရန် တောင်ပိုင်း မြောက်ပိုင်းမှ စားဖိုမှူးများစွာ၏လက်ရာကိုမြင်ဖူးခဲ့၏။ သူမကိုယ်သူမ အစားအစာအကြောင်းသိလှပြီဟု ထင်ထားသော်လည်း ယခုဤအရာကိုမြင်သည့်အခါ အံ့အားသင့်သွားရသည်။
“ညီမလေး ဒါကဘာလဲဟင်”
“ဒါကို လျံဖန်းလို့ခေါ်တယ် အစ်မလျန်၊ အစ်မလျန်တို့ မီးဖိုချောင် ဘယ်မှာလဲ၊ ဒါကို နည်းနည်းထပ်ပြင်ဖို့ လိုသေးတယ်”
“အော် ဟုတ်သားပဲ၊ လာလာ”
လီရှောင်လျန်က မီးဖိုချောင်တံခါးကို အမြန် ဖွင့်ပေးလိုက်သည်။ မီးဖိုချောင်မှာ ပေ ၂၀ ပတ်လည်ခန့် ကျယ်ဝန်းပြီး အပြင်ဘက်တွင် ခုတ်ထစ်ထားသော ထင်းပုံကြီးရှိ၏။ အတွင်းတွင် မီးခိုးခေါင်းတိုင်ပါသော မီးဖို၊ သံအိုးကြီး၊ အိုးငယ်နှင့် သစ်သားဗီရိုလေး တစ်လုံး ရှိသည်။ အနောက်ခန်းတွင် ရေအိုးနှင့် သစ်ကိုင်းအချို့ ရှိ၏။ လင်းယွဲ့အမြင်တွင်တော့ ရိုးရိုးလေးဖြစ်သော်လည်း ရှေးခေတ်ကာလတွင် ချမ်းသာကြွယ်ဝသော အိမ်ထောင်စုတစ်ခု ဖြစ်သည်။ အထူးသဖြင့် စီထားသော အမွှေးအကြိုင်နှင့် အဆာပလာများကို မြင်လိုက်ရသည့်အခါ လင်းယွဲ့မှာ ပို၍ပင်ဝမ်းသာသွားတော့သည်။