အခန်း ၁၉
Vol. 2 Ch. 19
Ch-19
ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ အနောက်၊ ရှာလကာရည် ထိုအဆာပလာများ စုံလင်သွားပြီးနောက် လင်းယွဲ့သည် ကုတန်ကို အပြင်သို့လွှတ်ကာ ကြက်သွန်မြိတ်အချို့ သွားခူးခိုင်းလိုက်သည်။ ပြီးနောက် ၎င်းတို့ကိုပါးပါးလှီးကာ အားလုံးကို ရောစပ်လိုက်တော့၏။
ထိုခေတ်အခါက မုန်ညင်းဆီကိုသာ အဓိကအသုံးပြုကြသဖြင့် ဆီစိမ်းနံ့ပျောက်စေရန် သေသေချာချာ ချက်ပြုတ်ရန် လိုအပ်သည့်အပြင် ဆီမှာ အလွန်တန်ဖိုးကြီးလှရာ လင်းယွဲ့မှာ ဆီကို ချွေတာသည့်အနေဖြင့် လုံးဝအသုံးမပြုခဲ့ပေ။
“ဒါက ဘာလဲဟင်”
လင်းယွဲ့က အိုးကြီးတစ်လုံးကိုသိချင်စိတ်ဖြင့်ကြည့်ကာ မေးလိုက်၏။
“ဒါက ငါ့ယောကျ်ား ထင်းခုတ်ရင်းနဲ့တွေ့လို့ယူလာတဲ့ ပျားအုံကရတဲ့ ပျားရည်စစ်စစ်တွေလေ”
လီရှောင်လျန်က သဘောထားကြီးစွာဖြင့်
“နေဦး ငါ့မှာနောက်ထပ် တစ်အိုးရှိသေးတယ်၊ မင်းကို ပေးလိုက်မယ်လေ”
“မလိုပါဘူး မလိုပါဘူး အစ်မလျန်ရယ်”
ယခုအချိန်တွင် တောပျားများ ပေါများသဖြင့် ရွာသားအတော်များများမှာ ပျားရည်ရရှိကြသည်ကို လင်းယွဲ့သိသည်။ သို့သော် ပျားရည်မှာ သကြားကဲ့သို့ပင် အလွန်တန်ဖိုးကြီးသည့်အရာဖြစ်၏။ လင်းယွဲ့သည် ပျားရည်တစ်ဇွန်းကို ပန်းကန်လုံးတစ်လုံးထဲသို့ ခပ်ထည့်ကာ လျံဖန်းများကိုလှီး၍ တစ်ဝက်ကိုထည့်လိုက်ပြီး ကျန်တစ်ဝက်ကို အချဉ်အစပ် အဆာပလာများထဲသို့ ထည့်လိုက်တော့သည်။
“မြည်းကြည့်ပါဦး ”
လင်းယွဲ့က လျံဖန်းပန်းကန်နှစ်လုံးကို ကမ်းပေးလိုက်၏။ ယခုရက်ပိုင်းအတွင်း လီရှောင်လျန်မှာ အစားအသောက်အတော်ပျက်နေရှာသည်။ ပူပြင်းလှသော ရာသီဥတုအပြင် ကိုယ်ဝန်ဆောင်ထားရသဖြင့် မြင်သမျှ အစားအစာတိုင်းမှာ သူမအတွက် အော့အန်ချင်စရာပင်။ အထူးသဖြင့် အငွေ့တထောင်းထောင်း ထွက်နေသော အစားအစာများကို သူမ မကြည့်ချင်ပေ။ သစ်ခုတ်သမားဝမ်တာ့ကျန်းမှာလည်း စိုးရိမ်မကင်းဖြစ်ကာ သူမအတွက် အာဟာရဖြစ်စေမည့်အရာများကို အမြဲရှာဖွေပေးနေရသည်။
သို့သော်လည်း ယခုကြည်လင်တောက်ပနေသော လျံဖန်းတုံးလေးများကို မြင်လိုက်ရသည့်အခါတွင် သူမစိတ်ထဲ၌ မရိုးမရွဖြစ်မလာဘဲ လန်းဆန်းသွားသလို ခံစားလိုက်ရကာ သွားရည်များပင်ကျလာပြီး မြည်းစမ်းကြည့်ချင်စိတ်များ တဖွားဖွားပေါ်လာသဖြင့် လီရှောင်လျန်သည် ပျားရည်ဆမ်းထားသော လျံဖန်းတစ်တုံးကို အရင်ဆုံး မြည်းစမ်းလိုက်သည်။
ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် အေးမြချောမွတ်သော အထိအတွေ့ကြောင့် ခံတွင်းထဲရှိအပူရှိန်များ ချက်ချင်း ငြိမ်းအေးသွားတော့သည်။ နူးညံ့လွန်းလှသဖြင့် တစ်ချက်ဝါးလိုက်ရုံနှင့် ပျော်ဝင်သွားပြီး မြိုချလိုက်သည့်အခါ အအေးဓာတ်မှာ လည်ချောင်းမှတစ်ဆင့် အစာအိမ်အထိ စီးဆင်းသွားကာ ပျားရည်၏အချိုဓာတ်နှင့် ပန်းရနံ့အမျိုးမျိုးမှာ ခံတွင်းထဲ၌ ဝေဆာသွားတော့သည်။ ၎င်းကို ဘာနှင့်လုပ်ထားမှန်း သူမ မသိသော်လည်း စားပြီးသည့်နောက်တွင် ကျန်ရစ်ခဲ့သော လတ်ဆတ်ဆန်းသစ်သည့် အရသာမှာ အလွန်ပင် ထူးခြားလှပေ၏။
‘အရသာရှိလိုက်တာ’
‘ဘယ်လိုလုပ် ဒီလောက်တောင်အရသာရှိရတာလဲ’
၎င်းမှာ တို့ဟူးထက် အဆပေါင်းများစွာ သာလွန်သည့်အပြင် ပူအိုက်သောရာသီအတွက်လည်း အလွန်ပင်သင့်လျော်လှသည်။ ပျားရည်လျံဖန်း၏အရသာက လီရှောင်လျန်ကို အံ့အားသင့်စေခဲ့ပြီးဖြစ်ရာ နောက်ထပ်တစ်မျိုးကို သူမပိုမျှော်လင့်မိသွား၏။ ထို့နောက် သူမသည် အချဉ်အစပ်လျံဖန်းတစ်တုံးကို မြည်းကြည့်ပြန်ရာ လတ်ဆတ်သော အရသာမှာ သူမစိတ်ကို တက်ကြွသွားစေသည်။ အငန်နှင့် အချဉ်ဓာတ်တို့က လျံဖန်းနှင့် ပေါင်းစပ်သွားသည့်အခါ သူမလျှာဖျားပေါ်ရှိ အရသာခံ အာရုံကြောများမှာ ကခုန်နေကြသကဲ့သို့ပင်။ စားပြီးသည့်နောက်တွင်လည်း အေးမြဆန်းသစ်သောအချိုအရသာက ခံတွင်းထဲ၌ ကျန်ရစ်ခဲ့သည်။ ၎င်းမှာ သူမ၏စားချင်စိတ်ကို ချက်ချင်းပင် နိုးကြားသွားစေ၏။ လူအများပြောလေ့ရှိကြသည်မှာ တို့ဟူးနှင့် အချဉ်ဖတ်ဟင်းမှာ နတ်သုဒ္ဓါထက်ပင် သာလွန်သည်ဟူ၍ ဖြစ်သည်။
သက်ကြီးရွယ်အိုများအတွက် တို့ဟူးမှာ အသားထက်ပင် ပို၍အရသာရှိသော်လည်း ယနေ့တွင် လီရှောင်လျန်အတွက် လျံဖန်းမှာ တို့ဟူးနှင့် အသားတို့ထက် အဆပေါင်းများစွာ သာလွန်နေတော့သည်။ နေရာဒေသ အနှံ့အပြားမှ မုန့်များကို မြည်းစမ်းဖူးသည်ဟု သူမ ထင်ထားခဲ့သော်လည်း ယခုမှပင် ကမ္ဘာပေါ်တွင် အကောင်းဆုံးသောအရသာကို စားဖူးတော့၏။ ဤအတတ်ပညာ ဤဟင်းလျာအရသာ,သာ မြို့တော်တွင်ရှိနေပါက မင်းညီမင်းသားများနှင့် မှူးမတ်များကြားတွင် သေချာပေါက် ဟိုးလေးတကျော်သွားလိမ့်မည်ဟု လီရှောင်လျန် ခန့်မှန်းလိုက်သည်။
“ညီမလေး ဒါကို ရောင်းဖို့အစီအစဉ်ရှိလား”
လီရှောင်လျန်၏အာရုံမှာ အလွန်ထက်မြက်လှသဖြင့် သူမသည် အဓိကအချက်ကို ချက်ချင်းပင် ထိုးဖောက်မေးမြန်းလိုက်ခြင်းဖြစ်သည်။
“ဟုတ်ကဲ့”
လင်းယွဲ့သည် သူမအားဖုံးကွယ်ထားရန် မရှိပေ။
“အစ်မလျန်ကို အားနာပေမဲ့ မနက်ဖြန်ကျရင် အဆာပလာလေးတွေ ခဏလောက် ထပ်ငှားပါဦးနော်၊ မြည်းစမ်းကြည့်ဖို့အတွက် သုံးချင်လို့ပါ”
လီရှောင်လျန်သည် ဤလျံဖန်းမှာ အရသာရှိပြီး ဆန်းသစ်သဖြင့် သေချာပေါက် ရောင်းကောင်းမည်ဟု တွေးမိသည်။ ရွာထဲတွင် လျှို့ဝှက်ချက်ဟူ၍မရှိပေ။ လင်းယွဲ့တို့ သုံးယောက်ကို ကုမိသားစုက လှည့်စားပြီး ဤအမဲလိုက်တဲသို့ ပို့လိုက်သည်ကို သူမ သိနှင့်ပြီးသားဖြစ်၏။ ကုမိသားစုမှာ တကယ်ပင် လူမဆန်ကြဟု သူမခံစားရသည်။ တကယ်တော့ သူမကိုယ်တိုင်လည်း ငယ်စဉ်က အဖိုးအဖွားများ၏ပြည့်တန်ဆာရုံသို့ ရောင်းစားခြင်းကို ခံခဲ့ရသူဖြစ်သဖြင့် ထိုသို့သော ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်သည်။ ထို့ကြောင့် သူမစိတ်ထဲတွင် သနားဂရုဏာများဖြစ်ပေါ်လာကာ ဝမ်တာ့ကျန်းကိုလည်း တတ်နိုင်သမျှ ကူညီရန်မှာကြားထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု လင်းယွဲ့၏အတတ်ပညာကို မြင်လိုက်ရသည့်အခါ လီရှောင်လျန်ရင်ထဲ၌ အားကျလေးစားမှုများပါဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သူမကျေနပ်မိသည်မှာ အကယ်၍သာ ကုမိသားစုသည် သူတို့ စွန့်ပစ်လိုက်သူမှာ ‘ချမ်းသာခြင်းနတ်ဘုရား’ ဖြစ်မှန်း သိသွားပါက ဘယ်လောက်တောင် နောင်တရလိုက်မလဲဟူသော အတွေးပင်ဖြစ်သည်။
“ရတာပေါ့ ညီမလေးရဲ့၊ အစ်မကို ဒီလောက်အထိ အားနာနေစရာမလိုပါဘူး”
လီရှောင်လျန်ကပြုံးလျက် လျံဖန်းတစ်တုံးလုံးကို လင်းယွဲ့အားပြန်ကမ်းပေးကာ
“ဒါကို ပြန်ယူသွားလိုက်ပါ၊ ဒီပန်းကန်လုံးနှစ်လုံးစာဆို အစ်မတို့အတွက် လောက်ပါပြီ”
“ညီမလေးဆီမှာ အများကြီးရှိပါသေးတယ် အစ်မရဲ့”
လင်းယွဲ့ ပြန်ပြောလိုက်သည်။
“အစ်မလျန်ရော မနက်ဖြန်ဈေးသွားမှာလား”
“အစ်မကတော့ မသွားဖြစ်ဘူး၊ ဒါပေမဲ့ အစ်မယောကျ်ားသွားလိမ့်မယ်၊ သူ့ကို လိုက်ပို့ခိုင်းလိုက်မယ်လေ”
လင်းယွဲ့အနေဖြင့် ဈေးဘယ်မှာရှိမှန်းမသိသဖြင့် ဤကမ်းလှမ်းချက်မှာ သူမအတွက် အခက်အခဲကို ချက်ချင်းဖြေရှင်းပေးလိုက်သကဲ့သို့ပင်။ လင်းယွဲ့သည် ပျားရည်တစ်မျိုးနှင့် အချဉ်အစပ်တစ်မျိုး အဆာပလာနှစ်ပန်းကန်ကို အိမ်သို့ယူဆောင်လာခဲ့သည်။ အိမ်ပြန်ရောက်သည့်အခါ လျံဖန်းများကို လှီးဖြတ်ကာ တာ့ယာနှင့် ကုတန်တို့ကို ကျွေးလိုက်၏။
“အရသာရှိလိုက်တာ”
နှစ်ယောက်လုံး ပြိုင်တူပြောလိုက်ကြတော့သည်။ သို့သော် နှစ်တုံးစီစားပြီးသည့်နောက်တွင် သူတို့သည် ခေါင်းခါကာ ထပ်မစားတော့ဘဲငြင်းဆန်ကြသည်။
“ယောင်းမ ဒါကို သွားရောင်းလိုက်ရအောင်၊ ကျွန်တော်တို့ ဗိုက်ပြည့်သွားပြီ”
တာ့ယာသည် လျံဖန်းကိုမကြည့်ဘဲ ဘေးသို့ပြေးထွက်သွားသော်လည်း သူမပါးစပ်ထဲတွင် အရသာကိုစွဲလမ်းနေဆဲပင်။ ကုတန်ကလည်း စကားလမ်းကြောင်း လွှဲလိုက်ကာ
“မရီး ဒီနေ့ ကြက်မကြီးက ဥ ၁၅ လုံးတောင် ဥတယ်ဗျ၊ ကျွန်တော် သူ့အတွက် ပိုးကောင်သွားဖမ်းပေးဦးမယ်”
ကုတန်ကပြော၍ အပြင်သို့ပြေးထွက်သွားတော့သည်။
“ယောင်းမ လျံဖန်းတွေ ဆယ်တုံးကျော် ကျန်သေးတယ်၊ အခုသွားရောင်းကြရအောင်”
တာ့ယာစိတ်ထဲတွင် မတင်မကျဖြစ်နေသည်။ လျံဖန်းမှာ အလွန်အရသာရှိသည်ဟု သူမထင်သော်လည်း မရောင်းရမှာကို စိုးရိမ်နေမိ၏။ ထိုသို့ဆိုလျှင် သူမ၏ယောင်းမ ပင်ပန်းမှုများမှာ အချည်းနှီးဖြစ်သွားတော့မည်ပင်။ လင်းယွဲ့သည် အပြင်သို့လှမ်းကြည့်လိုက်ရာ နေဝင်စပြုနေပြီဖြစ်သဖြင့် ညနေ ၅ နာရီခန့်ရှိမည်ဟု ခန့်မှန်းလိုက်သည်။ ၎င်းမှာလူများ လယ်ထဲမှ အလုပ်သိမ်း၍ ပြန်လာကြမည့်အချိန်ပင်။
သူမ ခေါင်းညိတ်လိုက်ကာ
“ကဲ သွားကြစို့၊ သွားရောင်းကြတာပေါ့”
သူမသည် လူများ၏တုံ့ပြန်မှုကိုလည်း မြင်ချင်နေသည်။ သူမသည် လျံဖန်း ဆယ်တုံးခန့်ကို ခြင်းတောင်းထဲ ထည့်ကာ လက်ထဲတွင် ပန်းကန်လုံးနှစ်လုံးကို ကိုင်လျက် ရွာထဲသို့ လျှောက်လာခဲ့၏။ ဈေးနှုန်းကို ဘယ်လောက်ထားရမလဲနှင့်ပက်သက်၍ လင်းယွဲ့သည် လီရှောင်လျန်၏အကြံဉာဏ်ကို အရင်တောင်းခဲ့သည်။ တို့ဟူးတစ်တုံးလျှင် ကြေးပြား သုံးပြားရောင်းရပြီး သာမန်မိသားစုများမှာ တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာဝယ်စားနိုင်ကြ၏။ ရွာထဲတွင် ကြက်ဥတစ်လုံးလျှင် ကြေးပြားနှစ်ပြားသာရှိသဖြင့် ရွာသားများ၏ဝယ်ယူနိုင်စွမ်းမှာ အတော်အတန် နည်းပါးလှသည်။ ထို့ကြောင့် လင်းယွဲ့သည် လျံဖန်းတစ်တုံးလျှင် ကြေးပြားနှစ်ပြားဖြင့်သာ ရောင်းရန် စီစဉ်လိုက်သည်။ နောက်ပိုင်းတွင် အလုပ်အကိုင်ပိုမိုပေါများသော မြို့သို့သွားခွင့်ရသည့်အခါမှ သုံးပြားသို့ တိုးမြှင့်မည်ဟု သူမတွေးထား၏။ နောင်တွင် မြို့တော်သို့ရောက်သည့်အခါတွင် လျံဖန်းကိုမမြင်ဖူးသော ထိုသူများအတွက် သူမစိတ်ကြိုက်ဈေးတင်ရောင်းနိုင်မည်ပင်။
သို့သော် လောလောဆယ်တွင် ချိုချိုသာသာပင် ထားလိုက်ပါတော့မည်။ လင်းယွဲ့ ရွာထဲသို့ လျှောက်လာစဉ် လယ်ထဲမှပြန်လာသော လူများနှင့်ဆုံမိသည်။
“ကုစီအန်းရဲ့ချွေးမ၊ ကုမိသားစုကို ဘာတွေ သွားပေးဦးမလို့လဲ”
ကုတာ့တျန်၏မျက်လုံးများမှာ အရောင်တောက်သွားသည်။ ပြီးခဲ့သည့်အကြိမ်က အတင်းအဖျင်းသတင်းကို သူ တော်တော်နှင့် မမေ့နိုင်သေးပေ။ ယခုလည်း လင်းယွဲ့ကသတင်းအသစ်များ ယူလာမည်ဟု သူ မျှော်လင့်နေသည်။
“မဟုတ်ပါဘူး”
လင်းယွဲ့က ရှက်ပြုံးလေးပြုံးပြလိုက်သည်။
“ကျွန်မမှာ ပိုက်ဆံမရှိလို့ အိမ်မှာ ကျွန်မတို့ဇာတိက စားစရာလေးတွေလုပ်ပြီး လာရောင်းကြည့်တာပါ၊ ကျွန်မတို့ဆီမှာ လယ်လည်းမရှိသေးတော့ အသက်မွေးဝမ်းကျောင်းလေးများ ရမလားလို့ စမ်းကြည့်ရတာပေါ့”
လင်းယွဲ့သည် သူမကိုယ်သူမသနားစဖွယ်ဖြစ်အောင် ပြောလိုက်သည်။ အကယ်၍ လူတွေသာ သူမကိုအမွမ်းတင်လွန်းပါက လျံဖန်းများကို ကု မိသားစုအား အလကားပေးလိုက်ရန် တိုက်တွန်းကြမည်ကို သူမစိုးရိမ်၍ ဖြစ်၏။ ထိုသို့သာဖြစ်လာပါက တကယ်ပင် ကံဆိုးမည့်ကိစ္စဖြစ်ပေလိမ့်မည်။
“ဘာတွေရောင်းတာလဲ”
ကုတာ့တျန်က လင်းယွဲ့ပန်းကန်လုံးထဲသို့ ငုံ့ကြည့်ကာ
“တစ်ခါမှ မမြင်ဖူးပါလား”
“လျံဖန်းလို့ ခေါ်ပါတယ်၊ အချိုကြိုက်လား၊ ချဉ်စပ်ကြိုက်လား”
“အချို”
ကုတာ့တျန်က လွှတ်ခနဲပြောလိုက်မိရာ သူ့အဖေ၏သတ်ဖြတ်တော့မည့်အလား အကြည့်ကိုမြင်မှသာ အမြန်ပြင်ပြောလိုက်ရသည်။
“နေဦး ကျွန်တော်ဝယ်မှာ မဟုတ်ဘူးနော် မေးကြည့်တာ”
ထိုအချိန်တွင် လင်းယွဲ့သည် ဝါးတံလေးဖြင့် လျံဖန်းအတုံးလေးတစ်တုံးကို ထိုးကာ ကမ်းပေးလိုက်သည်။ သူမသည် အလွန်ပင် စိတ်ရင်းမှန်သောအပြုံးဖြင့်
“ဒါက မြည်းကြည့်ဖို့အတွက်ပါ၊ အလကားပေးတာပါရှင်”
“အလကား ဟုတ်လား”
ကုတာ့တျန်မှာ အံ့ဩတကြီးပြောကာ ချက်ချင်းပင် လှမ်းယူလိုက်သည်။
‘အလကားရတာကို မယူတဲ့သူက ငတုံးပဲ’
သူသည် လက်သည်းခွံအရွယ် လျံဖန်းတုံးလေးကို ဝမ်းသာအားရယူလိုက်သည်။ ၎င်းမှာ ရေခဲတုံးလေးနှင့်တူပြီး ပျားရည်ရောင်သန်းနေသော ပျားရည်ရည်များဖြင့် ဖုံးလွှမ်းနေ၏။ ပျားရည်စက်လေးများ တုန်ခါနေကာ ပြုတ်ကျတော့မည့်အခြေအနေတွင် ကုတာ့တျန်မှာ ၎င်းကိုပါးစပ်ထဲသို့ အငမ်းမရထည့်လိုက်တော့သည်။
‘ဘယ်လိုပြောရမလဲ ချိုမြိန်လိုက်တာ၊ လန်းဆန်းလိုက်တာ၊ နူးညံ့လိုက်တာ’
သို့သော်လည်း အရသာကို သေသေချာချာ မခံစားရသေးခင်မှာပင် လည်ချောင်းထဲသို့ လျှောခနဲမြိုချမိသွားသည်။ သူ နောက်ထပ်တစ်တုံးလောက် ထပ်စားချင်သေး၏။ သို့သော် ထိုအချိန်တွင် သူ၏အလကားရသည်ဟူသောအော်သံကြောင့် လူများစွာမှာ လင်းယွဲ့ဘေးတွင် ဝိုင်းအုံလာကြပြီး အားလုံးက မြည်းစမ်းကြည့်ချင်နေကြတော့သည်။