အခန်း ၂၀
Vol. 2 Ch. 20
Ch-20
ကုတာ့တျန်သည် လူအုပ်ကြားထဲမှ အတင်းတိုးထွက်လာပြီး နောက်တစ်တုံး ထပ်တောင်းရန် ပြင်လိုက်သော်လည်း လင်းယွဲ့ကပြုံးလျက် သူ့မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်သည့် စကားတစ်ခွန်းကို ဆိုလိုက်လေသည်။
"တောင်းပန်ပါတယ်ရှင်၊ တစ်ယောက်ကို တစ်တုံးစီပဲ မြည်းလို့ရပါတယ်"
"ဗျာ"
ကုတာ့တျန်၏မျက်ဝန်းအစုံတွင် ဝမ်းနည်းရိပ်များ ပေါ်လွင်သွားတော့သည်။
"ထပ်စားချင်ရင်တော့ အိမ်ကိုတစ်တုံးလောက် ဝယ်သွားလို့ရပါတယ်ရှင်၊ ပျားရည်လေး ဆမ်းစားလိုက်ရင် အခုအရသာအတိုင်းပဲ ရမှာပါ"
ကုတာ့တျန်သည် သူ့ဖခင်ကိုဝေခွဲမရစွာ လှမ်းကြည့်လိုက်သည်။ သူ့ဖခင်ဖြစ်သူမှာ ယခုရက်ပိုင်း လယ်အလုပ်များ အလွန်ပင်ပန်းလှသဖြင့် ခန္ဓာကိုယ်အားရှိစေရန် ကုတာ့ဖူထံတွင်တို့ဟူးတစ်တုံး ကြိုတင်မှာယူထားသူဖြစ်ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့သည် ကုတာ့ဖူတို့ဟူးလုပ်သည့်နေ့ဖြစ်နေသည်။ သူ့ဖခင်မှာ သွားများမကောင်းတော့သဖြင့် နူးညံ့သောအစာကိုသာစားနိုင်၏။ သို့သော်လည်း ကုတာ့တျန်၏ဖခင်ဖြစ်သူမှာ ခုနကမြည်းစမ်းခဲ့ရသော အထိအတွေ့ကို စားချင်နေမိသည်။ ၎င်းမှာ အလွန်ပင်နူးညံ့လှသည်ပင်။ သို့သော်လည်း တို့ဟူးဝယ်ထားပြီးဖြစ်၍ ဖခင်ဖြစ်သူက ထပ်ဝယ်လိမ့်မည်ဟု သူမထင်ပေ။ ကုတာ့တျန်သည် မျက်လုံးကစားလိုက်ပြီး အကြံအစည်လေးတစ်ခု ရသွားသည်။ သူ့ဖခင်ကို ဆိုင်ရှေ့သို့ခေါ်လာပြီး မြည်းစမ်းခိုင်းလျှင် သူပါထပ်စားရမည်ပင်။ လင်းယွဲ့အနေဖြင့်လည်း လူကြီးသူမတစ်ဦး၏ပါးစပ်ထဲမှ အစာကို ပြန်လုရလောက်အောင် ရိုင်းစိုင်းလိမ့်မည်ဟု သူမထင်ပေ။
"အဖေ ဟိုမှာ သွားပြီးမြည်းကြည့်ပါဦး"
ကုတာ့တျန်သည် သူ့ဖခင်ကုတျန်ကို ဆွဲခေါ်ကာ လင်းယွဲ့ရှေ့သို့ ရောက်လာခဲ့သည်။
"ငါ့ကို အချိုတစ်တုံးပေး"
သို့သော် ကုတာ့တျန်စကားပင်မဆုံးသေးခင်မှာပင် သူ့ဖခင်မှာ အချဉ်အစပ်တစ်တုံးကို အမြန်ကောက်ယူကာ လှစ်ခနဲ ပါးစပ်ထဲထည့်လိုက်လေပြီ။
"အဖေ"
ကုတာ့တျန်မှာ ရင်ကွဲမတတ်အော်ဟစ်လိုက်မိရာ ကုတျန်မှာ ကုတာ့တျန်၏လက်ကို ခါချလိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"ဒီနေ့ ရာသီဥတုက အရမ်းပူတယ်၊ ငါ့နား သိပ်မကပ်နဲ့"
ထို့နောက် လင်းယွဲ့ကိုကြည့်ကာ
"ဒါက ဘယ်လောက်လဲ"
"တစ်တုံးကို ကြေးပြားနှစ်ပြားပါရှင်"
ထိုစကားကိုကြားလိုက်ရသူတိုင်းမှာ မျက်လုံးများပြူးသွားကြပြီး ပါးစပ်ထဲမှအစာကိုပင် ဝါးရန်မေ့သွားကြတော့သည်။
"ဒီလောက်သေးသေးလေးကို နှစ်ပြား ဟုတ်လား၊ နင် ဓားပြတိုက်နေတာလား"
လင်းယွဲ့သည် သူတို့အထင်မှားသွားမှန်း သိလိုက်သည်။ သူမသည် လူများများ မြည်းစမ်းနိုင်စေရန် အတုံးလေးများကို တမင်တကာ အလွန်သေးငယ်အောင် လှီးထားခြင်းဖြစ်၏။ သူမသည် ခြင်းတောင်းထဲမှ လျံဖန်းတစ်တုံးလုံးကို ထုတ်ပြလိုက်ပြီး
"ဒါတစ်တုံးလုံးမှ နှစ်ပြားပါရှင်"
အတော်ကြီးမားသော လျံဖန်းတုံးကို မြင်မှသာ လူအများမှာ သက်ပြင်းချနိုင်ကြတော့သည်။ ကုတျန်သည် ထိုလျံဖန်းကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေ၏။ ယနေ့ရာသီဥတုမှာ အလွန်ပူလှရာ လွန်ခဲ့သောရက်အနည်းငယ်ကပင် သူသည် ပူပြင်းလှသောနေရောင်အောက်တွင် ချွေးတဒီးဒီးကျခဲ့ရသည်။ အသားနှင့်အားရှိသော စားစရာများမစားရဘဲ သူယိုဖိတ်ခဲ့သောချွေးများမှာ သွေးနှင့်ချွေးများပင်ဖြစ်၏။ သူသည် ယနေ့မနက်က ခန္ဓာကိုယ်အားရှိစေရန် ကုတာ့ဖူထံတွင် တို့ဟူးတစ်တုံးမှာထားခဲ့ပြီး ပိုက်ဆံပင် ပေးချေခဲ့ပြီးသားဖြစ်ရာ သူ အိမ်ပြန်ရောက်သည့်အချိန်တွင် ထိုတို့ဟူးမှာ အိမ်သို့ရောက်နှင့်နေလောက်ပြီဖြစ်သည်။ သို့သော် သူသည် လျံဖန်းကို ထပ်ခါထပ်ခါကြည့်ရင်း ခုနကမြည်းစမ်းခဲ့ရသော အရသာကို ပြန်လည်အမှတ်ရနေမိ၏။ လတ်ဆတ်ဆန်းသစ်ပြီး ချဉ်စပ်အရသာမှာ သူ့ခံတွင်းကို ချက်ချင်းပင်မြိန်သွားစေ၏။
ဤကဲ့သို့ ရာသီဥတုမျိုးတွင် လူများမှာ အစားအသောက်ပျက်ကာ ပျို့အန်ချင်သလိုဖြစ်တတ်သည်။ အလွန်အမင်း မောပန်းနွမ်းနယ်ပြီး ဗိုက်ဆာလွန်းသည့်အခါတွင်လည်း အန်ချင်စိတ်သာပေါ်တတ်ပြီး ဘာကိုမျှမစားချင်ပေ။ သို့သော် ယခုလျံဖန်းအရသာက သူ့အစာစားချင်စိတ်ကို ချက်ချင်းပင် နိုးကြားသွားစေကာ ထမင်းအိုးကြီးများကိုပင် ကုန်အောင်စားနိုင်တော့မည့်အလား ခံစားရစေသည်။ ကုတျန်မှာ ကြည့်ရင်းကြည့်ရင်းနှင့် စိတ်ထဲတွင် စားချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာကာ သွားကြားထဲ၌ ကျန်ရစ်နေသော အချဉ်အစပ် အရသာလေးကလည်း သူ့ကို ဆွဲဆောင်နေ၏။ ထို့ပြင် ဈေးနှုန်းမှာလည်း ကြေးပြားနှစ်ပြားတည်းသာ ဖြစ်သဖြင့် တို့ဟူးထက်ပင် တစ်ပြားပိုသက်သာသေး၏။ ကုတျန်သည် အကြာကြီးစဉ်းစားကာ နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။
"ငါ့ကို တစ်တုံးပေး"
ထို့နောက် သူ့ကိုယ်ပေါ်ကို စမ်းကြည့်လိုက်ရာ ပိုက်ဆံမပါလာမှန်းသိလိုက်ရ၏။ ကုတျန်သည် ဘေးရှိကုတာ့တျန်ကိုကြည့်လိုက်ကာ သူ့သားပုံမှာခပ်နုံနုံဖြစ်နေ၍ တစ်ချက်ကန်လိုက်သည်။
"တာ့တျန် မြန်မြန်သွားစမ်း၊ အိမ်ကနေ ကြေးပြားနှစ်ပြား သွားယူခဲ့"
ကုတာ့တျန်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ မယုံနိုင်အောင် ဖြစ်သွားပြီးဝမ်းသာအားရဖြင့် ပြောကာ ပြေးထွက်သွားတော့သည်။
"ဟုတ်ကဲ့ပါ အခုပဲသွားယူပါ့မယ်"
"ဒီချဉ်စပ်အရသာက တကယ်ကိုမေ့လို့မရနိုင်အောင်ပဲ"
မြည်းစမ်းဖူးသူ အခြားသူများမှာလည်း ထိုအရသာကို တသသဖြစ်နေကြသည်။ သို့သော် အချို့က တို့ဟူးမှာထားပြီးဖြစ်သလို၊ အချို့က ပိုက်ဆံမပါ၍ဖြစ်ကာ၊ အချို့က ဝေခွဲမရဖြစ်နေ၍ လင်းယွဲ့ကို ဝိုင်းအုံကြည့်နေကြရုံသာရှိချေ၏။ သူတို့သည် နှုတ်ခမ်းများကိုသပ်ရင်း အရသာကို ပြန်လည်ခံစားနေကြ၏။
"တကယ် စားလို့ကောင်းတာပဲ"
"အချိုက ပိုကောင်းတယ်"
အချိုစားဖူးသူများက ပြန်ငြင်းကြသည်။
"အချိုက အေးမြပြီး လန်းဆန်းစေတယ်၊ နေပူထဲမှာရှိနေတဲ့ အပူရှိန်တွေတောင် ပျောက်သွားသလိုပဲ"
"စီအန်းရဲ့ချွေးမရေ၊ နင့်ရဲ့လက်ရာကတော့ တကယ်ကိုပြောင်မြောက်တာပဲ"
လူအချို့က လင်းယွဲ့ကို အားကျသောအကြည့်ဖြင့် ကြည့်နေကြသည်။
"အိုး ငါမြည်းမကြည့်ခဲ့သင့်ဘူး"
အဘွားအိုတစ်ဦးက သက်ပြင်းချလျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူမမျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်နေ၏။ ၎င်းက လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားတော့ပေသည်။ လင်းယွဲ့သည် ပါးစပ်ကလေးစုနေပြီး စကားပြောသည့်အခါ အစွယ်နှစ်ချောင်းသာမြင်ရသော အင်္ကျီပါးပါးလေးဝတ်ထားသည့် အဘွားအိုတစ်ဦးကို တွေ့လိုက်ရသည်။
"အဘွားလီ ဘာလို့အဲဒီလိုပြောရတာလဲ၊ အလကားစားရလို့ ဒုက္ခရောက်သွားလို့လား"
လူတစ်ယောက်က အတင်းပြောချင်စိတ်ဖြင့် မေးလိုက်သည်။ အဘွားလီမှာ ခင်ပွန်းသည် စောစောဆုံးပါးသွားခဲ့ပြီး သားသုံးယောက်နှင့် သမီးလေးယောက်ကို တစ်ဦးတည်းပြုစုပျိုးထောင်ခဲ့သူ ဖြစ်သည်။ သူမ၏ပိုင်ဆိုင်မှုများကို လုယူချင်သော ဆွေမျိုးတစ်စုကိုလည်း ရဲရဲဝံ့ဝံ့တွန်းလှန်ခဲ့ကာ လယ်မြေသုံးမူဖြင့် ကလေးအားလုံးကို ကျွေးမွေးခဲ့၏။ နောက်ပိုင်းတွင် အမဲလိုက်ခြင်း၊ ခြင်းတောင်းယက်ခြင်း၊ ပန်းထိုးခြင်းနှင့် အခြားသော အလုပ်အမျိုးမျိုးဖြင့် ငွေစုကာ နောက်ထပ်လယ်မြေ သုံးမူကို ဝယ်ယူနိုင်ခဲ့လေသည်။ သူမသည် သားတစ်ဦးကို ကျိုးရန်ဖြစ်အောင်ပင် ပံ့ပိုးပေးနိုင်ခဲ့ပြီး ကျန်သားနှစ်ယောက်မှာ လယ်လုပ်ကြလေသည်။ သူမသမီးလေးယောက်လုံးမှာလည်း လူကုံထံများနှင့် အိမ်ထောင်ကျကြပြီး မိခင်အိမ်သို့ ပစ္စည်းများ အမြဲပြန်ယူလာတတ်ကြ၏။ ထို့ပြင် သူမ၏ကျူးရန်သားကြောင့် မိသားစုပိုင်လယ်မြေများမှာ အခွန်ကင်းလွတ်ခွင့် ရရှိထားသည်။ သူမကလေးများက သူမအပေါ် ဘယ်လောက်အထိ နာခံမှုရှိကြသလဲဆိုလျှင် အဘွားလီက 'တစ်' ဆိုလျှင် 'နှစ်' ဟု မည်သူမျှမပြောရဲပေ။ အဘွားလီသည် အိမ်တွင်းရေးစီမံခန့်ခွဲရာတွင်လည်း အလွန်တော်လှသဖြင့် သူမချွေးမများနှင့် သားမက်များကပါ သူမကို ချီးကျူးကြ၏။ ထို့ကြောင့် အဘွားလီကို ရွာ၏ဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။ ယခု သူမက 'မစားခဲ့သင့်ဘူး'ဟုဆိုလိုက်သည့်အခါ အားလုံးက နားစွင့်လိုက်ကြ၏။
"မစားခဲ့ရင် ဒီအရသာကို ငါတသသ ဖြစ်နေမှာ မဟုတ်ဘူးလေ"
အဘွားလီက ခေါင်းခါလျက် သူမရင်ဘတ်ထဲမှ ပိုက်ဆံအိတ်ကိုထုတ်ကာ ကြေးပြားနှစ်ပြားကို ထုတ်လိုက်သည်။
"ကလေး ငါ့ကိုတစ်တုံးပေးစမ်း"
"ဟား"
အတင်းအဖျင်း သတင်းကြီးတစ်ခု ကြားရတော့မည်ဟု ထင်ထားသော လူအားလုံးမှာ ဟားတိုက်လှောင်ပြောင်ကြတော့သည်။ အဘွားလီသည် လူတွေကို စနောက်လိုက်ရသဖြင့်ပြုံးလျက်
"ငါက အိုပြီ၊ အစားအသောက် အာသီသက သိပ်မရှိဘူး၊ ဒါပေမဲ့ ဒီအရာက ငါ့ကို ထမင်းစားချင်စိတ်ဖြစ်စေတယ်၊ နင်တို့ကသာ ဝိုင်းကြည့်နေပြီး မဝယ်ကြတော့ ငါ့လိုအဘွားကြီးက ဘယ်လိုလုပ် တိုးဝင်လို့ရမလဲ၊ ခွင့်လွှတ်ကြပါဦး"
တကယ်တော့ အဘွားလီ၏မြေးမလေးမှာ လူအုပ်ကြားထဲမှတိုးဝင်ကာ အဘွားအတွက် အမြည်းသွားယူပေးခဲ့ခြင်း ဖြစ်သည်။ အဘွားအိုမှာ လူအုပ်ကြီးကို မြင်၍ တိုးမဝင်ချင်သဖြင့် ဤကဲ့သို့ ဟန်ဆောင်ပြလိုက်ခြင်းပင်။ သို့သော် သူမစကားကြောင့် မဝယ်ဘဲဝိုင်းအုံနေသူများမှာ မျက်နှာပူသွားကြတော့သည်။
"ကျွန်မ တစ်တုံးယူမယ်"
"ကျွန်တော်လည်း တစ်တုံးယူမယ်"
လင်းယွဲ့သည် လျံဖန်းများကိုကြာဖက်လေးများဖြင့် အမြန်ထုပ်ပေးကာ အချဉ်အစပ် အဆာပလာလုပ်နည်းကိုလည်း ရှင်းပြလိုက်သည်။ ခုနစ်တုံး၊ ရှစ်တုံးခန့်မှာ ချက်ချင်းပင်ကုန်သွားတော့ချေ၏။ လင်းယွဲ့သည် လူအုပ်နှင့်အတူ ကြိတ်ဆုံရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။ ညနေစောင်းအချိန်တွင် လူတိုင်းမှာ စပါးကြိတ်ရန်လာကြသဖြင့် ဤနေရာမှာ လူအစည်ကားဆုံး ဖြစ်သည်။ လင်းယွဲ့သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အဘွားကုနှင့် ကုစန်းဖျင်၏ဇနီးတို့နှင့် အကြည့်ဆုံမိသွားလေ၏။ ထိုသူနှစ်ဦးမှာ စိုးရိမ်တကြီးနှင့် သတိထားနေကြပြီး သူတို့ဆန်အိတ်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြ၏။ အထူးသဖြင့် အဘွားကုမှာ ရန်ဖြစ်ရန်ပြင်ထားသော ကြက်ဖကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ အမှန်စင်စစ် အဘွားကုသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နောင်တရနေခဲ့ခြင်း ဖြစ်ပြီး ချိုသာသောစကားအနည်းငယ်ကြောင့် ဆန်တွေကို ဘယ်လိုများ ပေးလိုက်မိပါလိမ့်ဟု တွေးနေမိသည်။ ဒင်းကြောင့် သူမမိသားစုအတွင်း ရက်ပေါင်းများစွာ ဆူညံပွက်လောရိုက်ခဲ့ရပြီး ထိုငါးကိုပင် ကုတာ့ဖူ၊ ကုစန်းဖျင်နှင့် ကုဝူရှန်းတို့က လုယူစားခဲ့ကြသဖြင့် သူမမှာတစ်ကိုက်မျှ မစားခဲ့ရပေ။ သူမသည် ထိုငါးကို ကုဝူရှန်း၏ဇနီးအား အားရှိအောင်ကျွေးရန် ရည်ရွယ်ခဲ့သော်လည်း ၎င်းက သူမကိုအပြစ်တင်စကားဆိုစရာသာ ဖြစ်ခဲ့ရသည်။
သူမ အမြဲ တွေးနေသည်မှာ
‘နောက်တစ်ခါ လင်းယွဲ့ ဆန်လာတောင်းလျှင် ဘယ်လိုလုပ်မလဲ၊ သူမ မျက်နှာပျက်ရလျှင်ပင်၊ မြေကြီးပေါ် လူးလှိမ့်ငိုယိုရလျှင်ပင် ဆန်ကိုတော့ လုံးဝပေး၍မဖြစ်တော့ချေ။ အလွန်ဆုံးရှိမှ ဖွဲနုအချို့ပေးကာ နှင်ထုတ်ရမည်ပင်။ ဘာပဲဖြစ်ဖြစ် သူတို့က လယ်လည်းမလုပ်၊ အလုပ်လည်းမရှိဘဲ ဘာလို့ဒီလောက် ကောင်းကောင်းစားချင်နေရတာလဲ’
သို့သော် နှစ်ရက်အကြာ၌ လင်းယွဲ့အားမြင်လိုက်ရသည့်အခါ အဘွားကုမှာ ဒေါသထွက်မိသလို ဝမ်းနည်းနှမြောစိတ်လည်းဖြစ်မိသည်။
'ဒီလောက် ဆန်အများကြီးကို ရက်ပိုင်းအတွင်း ကုန်သွားပြီလား၊ ဒီသုံးယောက်က ဖြုန်းတီးပစ်လိုက်တာလား'
ယခုတစ်ခေါက်တွင် သူမဘာပြောပြော ဆန်ကိုတော့ လုံးဝမပေးတော့ဟု အဘွားကုက စိတ်ပိုင်းဖြတ်ထားသည်။ သူမသည် ဤစမ်းသပ်မှုကိုကျော်ဖြတ်နိုင်ရန် လင်းယွဲ့ကိုပြတ်သားသော အကြည့်ဖြင့် စိုက်ကြည့်နေ၏။ သို့သော် လင်းယွဲ့အကြည့်မှာ သူမထံတွင်မရပ်တန့်ဘဲ ခပ်ပါးပါးလေးသာဖြတ်ကျော်သွားကာ
"လျံဖန်း ရောင်းတယ်ရှင်၊ ချောမွေ့ပြီး အေးမြလန်းဆန်းစေတဲ့ လျံဖန်းရောင်းပါတယ်"
လင်းယွဲ့ အော်လိုက်လေသည်။
*အယ်*
*အယ် *
*အယ် *
ဒါက ဘာအကွက်အသစ်တွေလဲ။