← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

Ch-21

"အလကား မြည်းကြည့်လို့ ရပါတယ်ရှင်၊ အလကား မြည်းကြည့်လို့ ရပါတယ်"

'အလကား' ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် လူအုပ်ကြီးမှာ ဝိုင်းအုံလာတော့သည်။ ရှေးယခင်မှ ယခုတိုင် လူသားတို့သည် အခမဲ့ရရှိသောအရာကို အမြဲခုံမင်နှစ်သက်ကြသည်ပင်။

"ကျွန်တော့်ကို မြည်းခိုင်းဦး"

"ကျွန်မကိုလည်း တစ်တုံးပေးပါဦး"

ခဏအတွင်းမှာပင် လူများစွာမှာ သူမကို ဝိုင်းအုံသွားကြသည်။

"တစ်ယောက်ကို တစ်တုံးစီပဲမြည်းလို့ရပါတယ်ရှင်"

လင်းယွဲ့ပြုံးလျက် ပြောလိုက်သည့်အခါ လူအုပ်ကြားမှ ညည်းညူသံများ ထွက်ပေါ်လာတော့သည်။

"ဒါပေမဲ့ အချိုအရသာက ဘယ်လိုလဲဆိုတာ ကျွန်တော်မသိသေးဘူးလေ"

"ဒါက မခက်ပါဘူးရှင်"

လင်းယွဲ့သည် သူမခြင်းတောင်းထဲမှ လျံဖန်းတုံးကြီးတစ်တုံးကို ထုတ်ပြကာ

"အိမ်ကို တစ်တုံးလောက်ဝယ်သွားပြီး ပျားရည်လေး ဆမ်းစားလိုက်ရုံနဲ့ အဖြေက ပေါ်သွားမှာပါ"

ထိုသို့ဖြင့် လျံဖန်းအချို့မှာ ထပ်မံ ရောင်းထွက်သွားပြန်သည်။

"အမေ သမီးဒါစားချင်တယ်၊ ဒါစားချင်တယ်လို့"

လျံဖန်းအချိုကို မြည်းစမ်းပြီးသော မိန်းကလေးငယ်တစ်ဦးသည် လူအုပ်ကြားမှ ရုတ်တရက်ပြေးထွက်လာကာ လီချွမ်းနီ၏လက်ကို ဆွဲလိုက်သည်။ လီချွမ်းနီသည် ကုစန်းဖျင်ဇနီးဖြစ်ပြီး လီချွမ်းနီ၏မျက်နှာမှာ မသာမယာဖြစ်ကာဆူမူလိုက်၏။

"စား စား စား ဘာတွေဒီလောက် စားချင်နေတာလဲ၊ နင်က ငတ်မွတ်နေတဲ့ သရဲဝင်စားနေတာလား၊ ငါသာ ခွေးချေးပုံကြီးပေးရင်ရော နင် စားမှာလား"

သူမအော်ငေါက်လိုက်ရာ ကုရှဲ့ယန်၏ပျော်ရွှင်နေသော မျက်နှာလေးမှာ ချက်ချင်းပင်အေးခဲသွားတော့သည်။ သုံးစက္ကန့်မျှကြာပြီးနောက် သူမမျက်ဝန်းအစုံမှ မျက်ရည်များမှာ စမ်းရေတွင်းသဖွယ် စီးကျလာတော့ပြီး သူမသည် မြေကြီးပေါ်တွင်လူးလှိမ့်ငိုယိုနေသဖြင့် သန့်ရှင်းသော သူမအဝတ်အစားများမှာ ဖုန်တောထဲတွင် ပေပွကုန်တော့သည်။ သူမမှာ အစားကောင်းကောင်းစားရသူဖြစ်ကြောင်း ပေါင်မုန့်လုံးလေးကဲ့သို့ ဖောင်းကားနေသော ပါးပြင်လေးများက သက်သေခံနေသည့်အပြင် ဆူပူကြိမ်းမောင်းခံရသည့်တိုင်အောင် ဤမျှလွတ်လပ်စွာ ဂျီတိုက်ရဲသည်မှာ အလိုလိုက်ခံရသူ ဖြစ်ကြောင်း သိသာလှပေသည်။

လီချွမ်းနီသည် လူအများရှေ့တွင် အရှက်ရသွားသဖြင့် ကုရှဲ့ယန်ဖင်ကို အချက်အနည်းငယ်ရိုက်ကာ ပြောလိုက်သည်။

"မြန်မြန်ထစမ်း အိမ်ပြန်မယ်"

ကုရှဲ့ယန်သည် သုံးစက္ကန့်မျှတိတ်သွားပြီးမှ ပို၍ပင် အကျယ်ကြီးအော်ငိုလေတော့သည်။

"အား"

သူမ၏ နားကွဲမတတ်အော်သံကြီးမှာ ကြိတ်ဆုံကွင်းတစ်ခုလုံး ဟိန်းထွက်သွားတော့ရာ လူအားလုံးအကြည့်မှာ သူမထံသို့ ရောက်လာကြ၏။

"ဒီအနှောင့်အယှက်မလေး"

အဖွားကုက စက်ဆုပ်ရွံရှာဖွယ် အမူအရာဖြင့်

"ယောကျ်ားလေးနေရာကို လုယူပြီး မွေးလာတာတောင် အခုထိ ဒီလိုတွေလုပ်နေသေးတာလား၊ သူ့ကို အသေရိုက်ပစ်လိုက်စမ်း"

အဖွားကုမှ ထိုသို့ပြောလိုက်သည့်အခါ လီချွမ်းနီ၏မျက်နှာမှာ ပို၍ပင်ပျက်သွားကာ သူမလက်ကို ရပ်တန့်လိုက်သည်။

"နင် တကယ်ကြီး စားချင်တာလား"

"အင်း"

ဝယ်ပေးတော့မည့် အခွင့်အရေးကိုမြင်လိုက်ရသဖြင့် ကုရှဲ့ယန်သည် ဂျီတိုက်ခြင်းကိုရပ်လိုက်ကာ နှာရည်များကို သုတ်လျက်

"စားချင်တယ်၊ အမေလည်းမြည်းကြည့်၊ တကယ် စားလို့ကောင်းတာ၊ တို့ဟူးထက်တောင် ပိုကောင်းသေးတယ်"

"ကောင်းပြီ ဝယ်မယ်"

လီချွမ်းနီသည် ကုရှဲ့ယန်လက်ကိုဆွဲကာ လင်းယွဲ့ရှေ့သို့ လျှောက်လာခဲ့သည်။

"လျံဖန်းတစ်တုံးပေးပါ"

"ဒီမိန်းမတော့ ရူးသွားပြီထင်တယ်"

အဖွားကုသည် မျက်လုံးပြူးသွားကာ သူတို့နောက်သို့ အပြေးလိုက်လာသည်။

"ဒါက ကြေးပြားနှစ်ပြားတောင် ပေးရတာနော်၊ အဲဒါဆိုရင် မြေးလေးတွေအတွက် အာဟာရဖြစ်အောင် ကြက်ဥ လေးလုံးတောင် ဝယ်လို့ရတယ်၊ ဒီမိန်းကလေးနှစ်ယောက်ကို ဘာတွေ သွားကျွေးနေတာလဲ"

"မိန်းကလေး မိန်းကလေးနဲ့ မိန်းကလေး မွေးလိုက်တာက ကျွန်မအတွက် သေဒဏ်ပေးရမယ့် ရာဇဝတ်မှုကြီးလား၊ ဘာမှလုပ်ပေးရတာ မတန်ဘူးလား၊ အိမ်ခွဲတုန်းကတောင် ကျွန်မတို့က နည်းနည်းရခဲ့တာလေ"

လီချွမ်းနီသည် ဆက်အောင့်မထားနိုင်တော့ဘဲ မျက်ရည်များမှာ အလိုအလျောက် စီးကျလာတော့သည်။ သူမသည် မိန်းကလေးနှစ်ယောက်မွေးထားသဖြင့် ချွေးမအချင်းချင်း၏ လှောင်ပြောင်မှုကိုခံရသည်မှာ အမြဲပင်။ အဖွားကု၏အမုန်းကိုခံရသလို ကုစန်းဖျင်ကလည်း သားရစေရန်အတွက် ဆေးအမျိုးမျိုး တိုက်ကျွေးခြင်းခံနေရကာ သူမကိုယ်တိုင်လည်း မကျေနပ်ချက်များရှိနေသည်။ ကုစန်းဖျင်ကိုယ်တိုင်ကသာ ထိုကိစ္စတွင်အသုံးမကျခြင်းဖြစ်နိုင်သည်ပင်။ သူ့ကို ကုစန်းဖျင်ဟုမခေါ်သင့်ဘဲ ကုသုံးစက္ကန့်လို့သာ ခေါ်သင့်သည်။ မနေ့ညမှဖြစ်ရပ်ကိုပြန်တွေးမိသည့်အခါ လီချွန်းနီရင်ထဲတွင် ဒေါသများဟုန်းဟုန်းတောက်သွားတော့ကာ သူမသည် ကြေးပြားနှစ်ပြားကို လင်းယွဲ့လက်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်သည်။ သို့သော် လင်းယွဲ့ကိုမြင်သည့်အခါ အနည်းငယ် ကသိကအောက်ဖြစ်သွားသဖြင့် မျက်နှာလွှဲလျက် သူမပြောလိုက်သည်။

"တစ်တုံးပေး”

"ရပါတယ်ရှင်"

ပိုက်ဆံရှာရမည့်ကိစ္စတွင် ရန်ငြိုးဟူ၍ မရှိပေ။ ထို့ပြင် လင်းယွဲ့သည် သူတို့ဆီမှ ပိုက်ဆံပိုရချင်သေးသည်ပင်။ ကုစန်းဖျင်မှာ သမားတော်တစ်ဦးဖြစ်သဖြင့် သာမန်လယ်သမားများထက် ပိုက်ဆံပိုချမ်းသာသည်မှာ အမှန်ပင်။ လင်းယွဲ့က ပြုံးလျက် လျံဖန်းတစ်တုံးကိုကြာဖက်လေးဖြင့် သေသေသပ်သပ်ထုပ်ပေးလိုက်သည်။ ထို့နောက် ဂရုတစိုက် မှာကြားလိုက်၏။

"ကလေးတွေက အချိုကြိုက်တတ်တော့ အရင်ဆုံး အတုံးလေးတွေလှီးပြီး ပျားရည်လေး ဆမ်းပေးလိုက်ပါ၊ လူကြီးတွေကတော့ အချဉ်အစပ် ကြိုက်တတ်ကြလို့ ဆား၊ ပဲငပိရည်၊ သကြား၊ ရှာလကာရည် စတာတွေကို ရောပြီးဆမ်းစားနိုင်ပါတယ်"

ထို့နောက် သူမသည် အချဉ်အစပ်လျံဖန်းတစ်တုံးကိုထိုးကာ လီချွမ်းနီအား ကမ်းပေးလိုက်သည်။

"မြည်းကြည့်ပါဦး၊ အစ်မ စိတ်ကြိုက် ဟုတ်မဟုတ်သိရအောင်လို့"

လီချွမ်းနီမှာ ယခုလေးတင်မကျေမနပ် ဖြစ်ခဲ့ရသော်လည်း သူမ အရင်ကမနှစ်သက်ခဲ့သော သူတစ်ဦး၏ဂရုစိုက်မှုကို ခံလိုက်ရသည့်အခါ ရင်ထဲတွင်ချဉ်စူးစူးခံစားချက်ကြီးဖြစ်ပေါ်သွားပေသိ သေသေချာချာ စဉ်းစားကြည့်လျှင် သူမနှင့် လင်းယွဲ့ကြား ဘာရန်ငြိုးမှမရှိခဲ့ပေ။ ယခင်က ကုစီအန်းသည် သူတို့ကို အများကြီးကူညီခဲ့ဖူးသည်။ တကယ်လို့ လူဆိုးကိုရှာရမည်ဆိုလျှင် ကုတာ့ဖုမိသားစုနှင့် အမှားအမှန်မခွဲခြားတတ်သော အဖွားကုတို့သာ ဖြစ်သည်။ သို့သော်လည်း လင်းယွဲ့နှင့် ချက်ချင်းရင်းနှီးသွားရန်မှာလည်း သူမအတွက် မဖြစ်နိုင်သေးပေ။ လီချွမ်းနီသည် အချဉ်အစပ်လျံဖန်းကို ခပ်သွက်သွက် မြည်းစမ်းလိုက်ပြီးနောက် သမီးဖြစ်သူကိုခေါ်ကာ အိမ်သို့ ပြန်သွားတော့ပေသည်။ လမ်းတွင်စားခဲ့သော လျံဖန်းအရသာကို သူမပြန်လည် တမ်းတနေမိကာ ထပ်စားချင်နေသေး၏။

“နေဦး၊ ခုနက အဆာပလာတွေကို ဘယ်လိုစပ်ရမယ်လို့ ပြောသွားတာလဲ”

တစ်ဖက်တွင် အဖွားကုမှာ လီချွမ်းနီ ထွက်ပြေးသွားသည်ကိုမြင်၍ ဒေါသပိုထွက်နေတော့သည်။

"တောက် ဒီမြေခွေးမလေးကတော့ ကိစ္စလေးကို အကြီးကြီးလုပ်သွားတာပဲ၊ နင်က ယောက္ခမလား၊ ငါက ယောက္ခမလား"

ဆဲဆိုကြိမ်းမောင်းပြီးနောက် စိတ်အနည်းငယ်တည်ငြိမ်သွားသောအခါ သူမသည် လင်းယွဲ့ကို စိုက်ကြည့်လိုက်သည်။ ကြည့်ရင်းကြည့်ရင်းနှင့် သူမ၏ကြေးပြားများကို ပြန်ရအောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်ကာအဖွားကုသည်ပြုံးလျက် သူမလက်များကို ခါးဝတ်စတွင် အဖန်ဖန်သုတ်ကာ လူအုပ်ကြားသို့ တိုးဝင်သွားကာပြောလိုက်၏။

"ကလေး"

လင်းယွဲ့ကချိုချိုသာသာ ခေါ်လိုက်သည်။

"အဖွား"

"လာပါအဖွား၊ ကျွန်မရဲ့လျံဖန်းလေးကို မြည်းကြည့်ပါဦး"

သူမသည် လျံဖန်းနှစ်တုံးကို အမြန်ထိုးကာ အဖွားကုပါးစပ်နားသို့ ကမ်းပေးလိုက်သည်။

"အချိုကို အရင်စားပြီးမှ အချဉ်ကို စားကြည့်ပါနော်"

လူတစ်ယောက်က မကျေမနပ်ရေရွတ်လိုက်သည်။

"ဟေ့ တစ်ယောက်ကို တစ်တုံးပဲ အလကားပေးတာ မဟုတ်လား"

"ဘာလို့ သူကျတော့ နှစ်တုံးရတာလဲ"

"ဘာလို့လဲဆိုတော့ သူက ကျွန်မရဲ့ အဖွားမို့လို့ပါ"

လင်းယွဲ့က ပြုံးလျက်

"ခုနက ကျွန်မရဲ့တတိယအဒေါ်ကလည်း ကျွန်မကို ဈေးဦးလာဖောက်ပေးသွားတာလေ၊ ကျွန်မရဲ့အဖွားကလည်း သေချာပေါက် ကျွန်မကိုထောက်ပံ့ပြီး တစ်တုံးဝယ်မှာပါ"

*အယ်*

"ဝယ်မယ် ဟုတ်လား"

"ငါကလား"

သူမသည် လမ်းမှားသို့ ထပ်မံအပို့ခံရတော့မည်ကို သတိပြုမိလိုက်သဖြင့် ပါးစပ်ထဲမှ လျံဖန်းနှစ်တုံးကို အမြန် မျိုချလိုက်ကာ

"တကယ်စားလို့ကောင်းတာပဲ၊ ဒါပေမဲ့ နင့်တတိယအဒေါ်ရဲ့ပိုက်ဆံက ရှာရတာ မလွယ်ဘူးလေ"

“ကျွန်မ တကယ်စိတ်လှုပ်ရှားမိပါတယ်"

လင်းယွဲ့မျက်ဝန်းတွင် မျက်ရည်များဝဲလာကာ အဖွားကု၏စကားကို ဖြတ်ပြောလိုက်သည်။

"ကျွန်မ ဒီကိုစရောက်တုန်းက ငတ်သေတော့မလိုဖြစ်ခဲ့တာ၊ ကုမိသားစုအိမ်ခွဲတုန်းက အိမ်တစ်လုံးနဲ့ဆန်အိတ်လေး တစ်အိတ်ပေးခဲ့လို့သာ ကျွန်မအသက်ရှင်ခဲ့ရတာပါ၊ ကျွန်မပိုင်ဆိုင်သမျှကို ပေါင်နှံပြီး ဒီလျံဖန်းကိုလုပ်ခဲ့တာ၊ အခုလည်း ကုမိသားစုကပဲလာဝယ်ပေးကြတယ်၊ တတိယအဒေါ်ရဲ့ပိုက်ဆံက ရှာရခက်မှန်း ကျွန်မ သိပါတယ်၊ ဒါကြောင့် ကျွန်မ ဒါကိုအကျိုးရှိအောင်သုံးပါ့မယ်၊ ကျွန်မ တကယ်ကိုကျေးဇူးတင်ပါတယ်"

အဖွားကုမျက်နှာမှာ အရှက်ရမှုကြောင့် နီရဲသွားတော့သည်။ ဤမိန်းကလေးက သူတို့ကို ဒီလောက်ချီးကျူးနေပါလျက်နှင့် သူမ ဘာကြောင့်နေရခက်နေသနည်း။ ပိုက်ဆံပြန်တောင်းဖို့ စကားကိုပင် သူမ မပြောရဲတော့ပေ။ အဖွားကုသည် သူမလက်များကို ခါးဝတ်စတွင် ထပ်မံသုတ်လိုက်ပြီး အူတူတူဖြင့်ပင် နှစ်သိမ့်လိုက်ရသည်။

"အဓိကကတော့ မင်းကတော်လို့ပါ"

လင်းယွဲ့က အဖွားကုလက်ကို ဆုပ်ကိုင်လိုက်ကာ

"မိသားစုရဲ့ထောက်ပံ့မှုသာမရှိရင် ဘယ်လောက်ပဲတော်တော် ဘာလုပ်လို့ ရမှာလဲ၊ ကျေးဇူးတင်ပါတယ် အဖွား၊ ကျွန်မရဲ့ဈေးဦးကို လာဖောက်ပေးတဲ့အတွက်ပါ"

လင်းယွဲ့က အသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်ကာ လျံဖန်းထုတ်ကို အဖွားကုထံ ကမ်းပေးလိုက်သည်။

"ကြေးပြားနှစ်ပြားပါရှင်"

ရွာသားအားလုံး၏အကြည့်များမှာ အဖွားကုထံသို့ စုပြုံရောက်ရှိသွားသဖြင့် သူမမှာ တစ်ကိုယ်လုံးဆူးနှင့်အထိုးခံရသလို ခံစားလိုက်ရသည်။

ဒါပေမဲ့ မဖြစ်ဘူး။ သူမ ဤမိန်းကလေး၏ လှည့်စားမှုကို ထပ်မခံနိုင်တော့ပေ။ သူမသည် အလကားရချင်၏။ အဖွားကုသည် သူမမာနအားလုံးကို စွန့်လွှတ်ကာ စိတ်ကိုတင်းလိုက်သည်။

"ဒါ ငါပါ ပိုက်ဆံပေးရမှာလား"

လင်းယွဲ့က သနားစဖွယ်ဟန်ဖြင့်ကြည့်လျက်

"အဖွားရယ် ကျွန်မဒါတွေရဖို့အတွက် မနက်ကတည်းက ပြင်ဆင်ပြီး ညနေအထိ အလုပ်လုပ်ခဲ့ရတာပါ၊ ဒီလောက်လေးပဲ ရတာပါ၊ ဒါက သွေးနဲ့ချွေးနဲ့ရင်းထားရတဲ့ ပိုက်ဆံတွေလေ၊ ဒါပေမဲ့ အဖွားသာ အဲဒီလိုပြောရင်တော့ ကျွန်မ ဒီနေ့ငတ်ရင် ငတ်ပါစေ၊ ငတ်သေရင်တောင်မှ အဖွားဆီက ဒီကြေးပြားနှစ်ပြားကို ကျွန်မ မယူပါဘူး"

"တောက်"

"ကလေးက ငယ်ငယ်လေးနဲ့ ဒီလျံဖန်းရဖို့ ဒီလောက်ကြိုးစားထားတာကို အလကား လိုချင်ရလောက်အောင် အရှက်မရှိတာလား"

"ကုမိသားစုက အဲဒီလိုလူတွေလား၊ ဒါဆို သူတို့ဆီက တို့ဟူးသွားဝယ်ဖို့ စဉ်းစားရဦးမယ်၊ ဒီလောက်တွပ်ကပ်နေမှတော့ တို့ဟူးရော အလေးချိန်ပြည့်ပါ့မလား"

"ဪ ဈေးဦးဖောက်တာမဟုတ်ဘဲ အလကား နှိုက်စားတာကိုး"

ရွာသားများ၏တီးတိုးစကားသံများကို ကြားလိုက်ရသည့်အခါ အဖွားကုမှာမနေနိုင်တော့ပေ။

"ငါက ပိုက်ဆံမပေးဘဲနေပါ့မလား၊ ငါက အဲဒီလောက် အရှက်မရှိတဲ့လူစားမျိုးလား"

အဖွားကုသည် သူမခါးဝတ်စထဲမှ ကြေးပြားနှစ်ပြားကို ထုတ်ယူကာ တုန်တုန်ယင်ယင်ဖြင့် လင်းယွဲ့လက်ထဲသို့ ထည့်ပေးလိုက်ရတော့သည်။

'တောက် ဒါက ငါ့ရဲ့လျှို့ဝှက်စုဆောင်းထားတဲ့ ပိုက်ဆံလေးတွေပါဆို'

All Chapters