အခန်း ၂၂
Vol. 3 Ch. 22
Ch-22
ထိုနေ့ညနေက လျံဖန်းဝယ်ယူသွားကြသော အိမ်ထောင်စုတိုင်းမှာ ပန်းကန်လုံး နှစ်လုံးစီ ပြင်ဆင်ကြလေသည်။ တစ်လုံးမှာ အချို၊ နောက်တစ်လုံးမှာ အချဉ်အစပ်ဖြစ်၏။ ပြီးနောက် ထိုအိမ်ထောင်စုများအတွင်း လျံဖန်းအချိုက ပိုကောင်းသလား၊ အချဉ်အစပ်က ပိုကောင်းသလား ငြင်းခုံပွဲကြီးများ အဆုံးမသတ်နိုင်အောင် ဖြစ်ပွားတော့ပေသည်။ ကုတာ့ဖူအိမ်တွင် အဒေါ်ကုသည် နှုတ်ခမ်းကိုစူလျက် လျံဖန်းကို စားရင်း
"ကုချိုင်ရဲ့မိန်းမက တို့ဟူးနဲ့တူတာမျိုး လုပ်နေတယ်ဆိုတာ ရှင်သိရဲ့လား၊ သူက ငါတို့မိသားစုရဲ့စီးပွားရေးကို ဖျက်ဆီးဖို့ ကြံနေတာပဲ"
ကုတာ့ဖူမှာမူ မနက်ကတည်းက ပဲကြိတ်လိုက်၊ တစ်နေ့လုံး လယ်ထဲဆင်းလိုက်နှင့် အလွန်ပင်ပန်းနေပြီဖြစ်သဖြင့် ခေါင်းငုံ့ကာစားနေလေသည်။ သူသည် အဒေါ်ကုကို တစ်ချက်စိုက်ကြည့်လိုက်၏။ ထို့နောက် စားပွဲပေါ်ရှိ တို့ဟူးနှင့် အချဉ်ဖတ်ဟင်းကို ဂရုတစိုက် ခပ်ယူလိုက်ရာ တုန်ခါနေသော တို့ဟူးဖြူဖြူလေးမှာ အညိုရောင်ဟင်းရည်များ စိမ့်ဝင်နေပြီး ကုတာ့ဖူက အားရပါးရတစ်ကိုက်စားလိုက်ရာ ၎င်းမှာ ပါးစပ်ထဲတွင် အရည်ပျော်သွား၏။ အရသာကို ခံစားပြီးနောက်မှ သူပြန်ပြောသည်။
"သူကတို့ဟူးပါ လုပ်ရောင်းနေတာလား"
"မဟုတ်ဘူး၊ လျံဖန်းလား ဘာလားပဲ"
အဒေါ်ကုက ဆိုသည်။ ထို့နောက် သူမ၏ဒုတိယသမီးဖြစ်သူ တို့ဟူးကို လှမ်းခပ်သည်အားမြင်သောအခါ သူမသည် သမီး၏ခေါင်းကို ခပ်ပြင်းပြင်း ခေါက်လိုက်ကာ
"စား စား စား နင်ငတ်ပြီး သေတော့မှာမို့လို့လား၊ နင့်မောင်ကို ပိုစားခိုင်းလိုက်စမ်း"
သူမက ထိုသို့ပြောကာ သားဖြစ်သူပန်းကန်ထဲသို့ တို့ဟူးနှစ်တုံးထည့်ပေးလိုက်၏။
"ဒါက ဘာဆန်းလို့လဲ"
ကုတာ့ဖူက နှာခေါင်းရှုံ့လျက်
"အဆင့်မမီတဲ့ ပစ္စည်းပဲ၊ ဘယ်သူမှဝယ်မှာမဟုတ်ဘူး၊ ငါ့တို့ဟူးလောက် ဘယ်အရသာရှိပါ့မလဲ"
"ဟမ့် တတိယညီ မိသားစုရော၊ ရှင့်အမေရော အားလုံးတစ်တုံးစီဝယ်ကြတာလေ၊ ပုံမှန်ဆို အဲဒီလောက်လက်မရဲကြဘဲနဲ့ တို့ဟူးဝယ်ဖို့ကျရင်တော့ အကြီးဆုံးတုံးကိုရအောင် နှိုက်ချင်ကြတာ"
အဒေါ်ကုသည် မကျေမနပ်ဖြစ်နေပြီး တတိယသမီးဖြစ်သူ တို့ဟူးကိုလှမ်းနှိုက်သည့်အခါတွင်လည်း ထပ်မံ တားဆီးပြန်သည်။
"တွန့်တိုလိုက်ကြတာ၊ သူများဆီမှာကျတော့ ရက်ရောပြနေကြတာပေါ့၊ နောက်တစ်ခါကျရင် သူတို့ကိုပုံအပျက်ဆုံး အပိုင်းတွေကိုပဲ ချန်ထားပေးမယ်၊ သူများစီးပွားရေးကို ဘယ်လိုများသွားပြီး အားပေးရဲကြတာလဲ"
"အင်း"
ကုတာ့ဖူက ခေါင်းညိတ်ကာ
"ဒါနဲ့ပြီးရင် ပဲတွေကို ရေစိမ်ထားလိုက်ဦး၊ မနက်ဖြန် ဈေးသွားရောင်းမယ်၊ အဲ့ဒီဝမ်မိသားစုကသာ ငါတို့ဆီကဝယ်ရင်တော့ သိပ်ကောင်းမှာပဲ"
"တကယ် ဖြစ်နိုင်ပါ့မလား"
အဒေါ်ကုက အနည်းငယ်စိုးရိမ်နေသည်။ ဝမ်မိသားစုဆိုသည်မှာ နင်ယွဲ့မြို့၏အကြီးဆုံးမြေရှင်ကြီးဖြစ်ပြီး လယ်မြေရာပေါင်းများစွာ ပိုင်ဆိုင်သူဖြစ်၏။ သူတို့တွင် မြို့တော်၌အရာရှိလုပ်နေသော ဆွေမျိုးများရှိသည်ဟုဆိုကြပြီး ရှီထိုင်ခရိုင်၏ခရိုင်ဝန်ကိုယ်တိုင်ပင် သူတို့ကိုမျက်နှာသာပေးရ၏။ ထိုအိမ်တော်မှ သခင်ကြီးမှာ အစားအသောက် အလွန်ရွေးချယ်တတ်ပြီး ဈေးသို့စားဖိုမှူးများကို အမြဲလွှတ်တတ်ပြီး ဝယ်လျှင်လည်း အမြောက်အမြားဝယ်တတ်၏။ လူများစွာမှာ သူတို့ပစ္စည်းများကို ဝမ်မိသားစုက သဘောကျပြီး တစ်ခါတည်း အကုန်ဝယ်သွားရန် မျှော်လင့်ကြသည်။ အကယ်၍ တို့ဟူးကိုသာ သူတို့ ရွေးချယ်သွားပါက အဒေါ်ကုတို့အတွက် အလွန်ကံထူးသည့်ကိစ္စပင်။ သို့သော်လည်း ဘေးရွာဖြစ်သော ရှီမန်ရွာရှိ ကျောက်မိသားစုမှာလည်း တို့ဟူးလုပ်ရာတွင် ကုတာ့ဖူထက်ပင်လက်ရာသာသည်ဟု ဆိုကြသည်။ ပုံမှန်အားဖြင့် ရွာမတူသဖြင့် ပြိုင်ဆိုင်မှုမရှိသော်လည်း ယခုဈေးနေ့တွင် နှစ်ဖက်လုံး ဆုံကြမည်ဖြစ်၏။
အဒေါ်ကုက တုံ့ဆိုင်းစွာပြောသည်။
"ငါတို့ နည်းနည်းပဲလုပ်ကြမလား"
"ကျောက်လိုင်ထောင်က အရင်က ဝမ်မိသားစုကိုသွင်းပေးနေကျလေ"
ကုတာ့ဖူက မကျေမနပ်ဆိုလာသည်။
"အဲဒါ သူကစားဖိုမှူးကို လာဘ်ထိုးထားလို့ပါ၊ ငါ့တို့ဟူးက သူ့ထက်ညံ့လို့လား"
"ငါကြားတာတော့ အဲဒီစားဖိုမှူးက အမှားကြီးတစ်ခုလုပ်လို့ အလုပ်ထုတ်ခံလိုက်ရပြီတဲ့၊ မနက်ဖြန်ကျရင် အိမ်တော်ထိန်းကိုယ်တိုင် လာဝယ်မှာ၊ ဒီအခွင့်အရေးကို ငါရအောင်ယူရမယ်၊ ငါတို့ တို့ဟူးသာ အရွေးခံရရင် ငါတို့တွေ ချမ်းသာပြီပေါ့၊ အဲဒီသခင်ကြီးက ငါ့ကိုသူ့အိမ်မှာတင် တို့ဟူးသီးသန့်လုပ်ဖို့ ခေါ်သွားမလားပဲ"
"ကောင်းပြီ ကောင်းပြီ၊ အခုပဲ ပဲသွားစိမ်လိုက်တော့မယ်"
အဒေါ်ကုလည်း စိတ်လှုပ်ရှားသွားတော့သည်။ လင်းယွဲ့အနေဖြင့် ကိရိယာများ အလွန်နည်းနေသေးသည်ဟုခံစားရသည်။ မိုးမလင်းသေးခင်မှာပင် သူမသည် လျံဖန်းများကို စတင်လုပ်နေပြီး လျံဖန်းတစ်တုံးရရန်အတွက် အဆင့်ဆင့် ပြောင်းလဲရသလို မြစ်နားသို့လည်း ရေခပ်ရန်အကြိမ်ကြိမ်သွားရကာ အလွန်အလုပ်ရှုပ်လှ၏။ သို့သော်လည်း သူမသည် မြေအိုးသုံးလုံးစာ လျံဖန်းကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူမသည် ဝါးဓားဖြင့် လျံဖန်းတုံးကြီးများကို အတုံးလေးများ လှီးဖြတ်လိုက်ပြီး တစ်တုံးလျှင် အတုံးငယ် ၂၀ရသဖြင့် စုစုပေါင်း ၆၀ခန့် ရရှိသည်။ မနေ့ကယက်ထားသော ထန်းရွက်ဖျာလေးများပေါ်တွင် အလွှာလိုက် စီလိုက်သော်လည်း တစ်ဝက်ခန့်မှာ ခြင်းတောင်းထဲမဆံ့ပေ။
"ကုတန် ဘေးအိမ်ကခြင်းတောင်းတစ်လုံးလောက် သွားငှားပေးပါဦး"
"ဟုတ်ကဲ့"
ကြက်အားကျွေးဖို့ ပိုးကောင်ရှာနေသော ကုတန်က ချက်ချင်းထသွားပြီး သူ ပြန်လာသည့်အခါ ခြင်းတောင်းအပြင် အဆာပလာပန်းကန်လုံးကြီးနှစ်လုံးပါ ပါလာ၏။ လင်းယွဲ့က ခြင်းတောင်းတစ်လုံး၊ ကုတန်က တစ်လုံးနှင့် တာ့ယာက ကြက်ဥခြင်းတောင်းလေးကို ကိုင်ကာ အိမ်ပြင်သို့ထွက်လာခဲ့ကြသည်။ ကုတန်က လက်ထဲတွင်ကြက်မကြီးကိုပါ ပိုက်ထားသေး၏။
"ကြက်မကြီးကိုပါ ဈေးထဲယူသွားမလို့လား"
"အိမ်မှာထားခဲ့ရင် စိတ်မချလို့ပါ၊ ဒါက နတ်ကြက်မကြီးလေ၊ ကျွန်တော် သေသေချာချာ စောင့်ရှောက်ရမယ်"
ကုတန်က လျှို့ဝှက်စွာပြောလိုက်ရာ လင်းယွဲ့မှာ ဘာမှမပြောနိုင်တော့ဘဲ နဖူးကိုသာ လက်နှင့်အုပ်လိုက်ရတော့သည်။ လမ်းဆုံသို့ရောက်သောအခါ သစ်ခုတ်သမားက သူတို့အားစောင့်နေသည်ကို တွေ့လိုက်ရသည်။ သူ့လက်တွန်းလှည်းပေါ်တွင် ထင်းပုံကြီးများရှိနေ၏။
"လင်းယွဲ့၊ ကုတန်၊ တာ့ယာ ပစ္စည်းတွေကို လှည်းပေါ် တင်လိုက်ကြလေ"
ဝမ်တာ့ကျန်းက ပြုံးလျက်ဆိုသည်။
"မလိုပါဘူး"
ဝမ်တာ့ကျန်း ချွေးတဒီးဒီးကျနေသည်ကိုမြင်ရသဖြင့် လှည်းမှာ အလွန်လေးလံနေမှန်း သူမသိသည်။
"အားမနာစမ်းပါနဲ့"
သစ်ခုတ်သမားက ကုတန်၏ခြင်းတောင်းကို လှမ်းယူကာ ထင်းပုံပေါ် တင်လိုက်သည်။
"ငါ့ထင်းပုံက အများကြီးလေးတာ၊ မင်းတို့ခြင်းတောင်းနှစ်လုံးက ပုရွက်ဆိတ် တက်နေသလောက်ပဲရှိတယ်"
ထိုအခါမှ လင်းယွဲ့လည်း အားနာစိတ်ကို ဖယ်ကာ တင်လိုက်တော့သည်။
"မနေ့က လျံဖန်းအတွက် ကျေးဇူးတင်ပါတယ် ညီမလေး"
သစ်ခုတ်သမားက စကားစလိုက်သည်။
"ငါကတော့ အချိုကိုကြိုက်တယ်၊ ဒါပေမဲ့ ငါ့မိန်းမကတော့ အချဉ်ကပိုကောင်းတယ်လို့ ပြောနေတာ၊ 'အချဉ်စားရင် သား၊ အစပ်စားရင် သမီး'ဆိုတော့ ငါ့မိန်းမမှာ သားလေးရှိနေတာ ထင်တယ်"
သူက ပျော်ရွှင်စွာဖြင့်ဆက်ပြော၏။
"ဒါပေမဲ့ သမီးလေးဆိုရင်လည်း ငါ ကြိုက်ပါတယ်၊ ငါ့မိန်းမလို နတ်သမီးလေးဆိုလှမှာပဲ"
လင်းယွဲ့သည် သံမဏိလိုမာကျောပြီး မျက်နှာညိုညိုနှင့် ဤအမျိုးသားက အချိုကြိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"သားသမီးဆိုတာ အကုန်လုံးကောင်းတာပါပဲ"
သူမဆိုလိုက်သည်။ လမ်းတွင် ရွာသားများစွာနှင့်ဆုံကြပြီး တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ကြ၊ သူတို့ကုန်ပစ္စည်းများအကြောင်း ပြောဆိုကြနှင့် အလွန်စည်ကားလှ၏။
"ဟေ့ နင့်ရဲ့ဟင်းရွက်စိမ်းတွေက ဘာမှတန်ဖိုးမရှိပါဘူး၊ ဘယ်အိမ်မှာမဆိုရှိတာပဲ၊ အဲဒီအစား ငါ့ကိုပဲကျွေးလိုက်ပါတော့"
"ဖယ်စမ်းပါ၊ ငါ့ဟင်းရွက်တွေက လတ်ဆတ်ပြီး အရမ်းချိုတာ၊ ဝမ်မိသားစုက သဘောကျရင်ကျမှာပေါ့၊ နင့်ကြက်ကမှ ပိန်လှီနေတာ၊ ပြန်ယူသွားပြီး အရင်ဝအောင်ကျွေးဦး"
လင်းယွဲ့မှာ လမ်းလျှောက်လာရင်း သူမလျံဖန်းကို မြည်းစမ်းဖူးသူများနှင့် ဆုံသည့်အခါ နှုတ်ဆက်ခြင်းခံရသည်။
"လျံဖန်းက တကယ်အရသာရှိတယ်၊ ဈေးရောက်ရင် နောက်တစ်တုံးထပ်ဝယ်မယ်၊ ငါ့အတွက် ချန်ထားဦးနော်"
နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် သူတို့သည် နင်ယွဲ့မြို့သို့ရောက်ရှိလာခဲ့ကြသည်။ ၎င်းမှာ မြို့ဟုဆိုသော်လည်း ရွာကြီးတစ်ရွာနှင့်သာ တူလှ၏။ လမ်းဘေးတွင် အိမ်အချို့တန်းစီဆောက်ထားပြီး လမ်းမလေးတစ်ခုသာရှိပြီး သိသိသာသာ မြင်ရသည်မှာ တည်းခိုခန်းငယ်တစ်ခု၊ ကုန်စုံဆိုင်တစ်ခုနှင့် အထည်ဆိုင်တစ်ခုသာရှိသည်။ လင်းယွဲ့သည် ထိုဆိုင်များကိုဖြတ်လျှောက်သွားရင်း အထဲတွင်ပစ္စည်းများ အလွန်နည်းနေသည်ကို သတိထားမိလိုက်၏။ သို့သော်လည်း ကုတန်နှင့် တာ့ယာတို့မှာ အလွန်ပင်စိတ်လှုပ်ရှားနေကြပြီး ဟိုဟိုဒီဒီလှည့်ကြည့်နေကြချေသည်။ လမ်းမကိုဖြတ်ကျော်ပြီးနောက် ကျယ်ဝန်းသောမြေကွက်လပ်ကြီးတစ်ခုသို့ ရောက်လာခဲ့သည်။ ၎င်းမှာ ဈေးဖွင့်ရန်အတွက် သီးသန့် သတ်မှတ်ထားသောနေရာပင်။