အခန်း ၂၃
Vol. 3 Ch. 23
Ch-23
"ဈေးခွန်အတွက် ကြေးပြားတစ်ပြား ပေးရမယ်"
သစ်ခုတ်သမားက လင်းယွဲ့ကို သတိပေးလိုက်သည်။
"အဲဒီလူဆီမှာ ပေးလိုက်ပါ၊ ဒီနားပတ်လည်က မြေနေရာတွေအကုန်လုံးက ဝမ်မိသားစုပိုင်ပဲ၊ အရှေ့က ဈေးသည်တွေ ပိုက်ဆံမပေးရဘူးလို့မထင်နဲ့၊ သူတို့လည်း ပေးရတာပဲ၊ မပေးတဲ့သူတွေကို နောက်မှလိုက်မောင်းထုတ်လိမ့်မယ်၊ အတွင်းဘက်မှာ လူပိုများရင် ပစ္စည်းပိုရောင်းရတာပေါ့"
လင်းယွဲ့ လှမ်းကြည့်လိုက်ရာ ဝင်ပေါက်တွင် အင်္ကျီလက်တိုနှင့် ကိုယ်ခံပညာရှင်တစ်ဦးက တာဝန်ခံအဖြစ် အလုပ်သမားတစ်ယောက်ကို ကြေးပြားလက်ခံပြီး သစ်သားတိုကင်များဝေပေးခိုင်းနေသည်။ ထိုလယ်ကွင်းပြင်မှာ ဘတ်စကတ်ဘောကွင်းခန့်ရှိပြီး ပတ်ဝန်းကျင်မှ ရွာသူရွာသားများဖြင့် စည်ကားနေသည်။ ဝယ်သူများမှာ ပိုက်ဆံပေးရန်မလိုဘဲ အလကားဝင်ရောက်နိုင်သော်လည်း ရောင်းသူများမှာ ကြေးပြားတစ်ပြားပေးကာ 'ဈေးခွန် တစ်ပြား' ရေးသားထားပြီး တံဆိပ်ခေါင်းနီပါသော သစ်သားတိုကင်ကို ရယူရသည်။ သစ်ခုတ်သမား၏အဆိုအရ ဈေးသိမ်းချိန်တွင် ထိုတိုကင်ကိုပြန်ပေးရမည် ဖြစ်ပြီး ကြားထဲတွင်လည်း စစ်ဆေးမှုများရှိတတ်၏။ ပိုက်ဆံမပေးဘဲ ရောင်းသည်ကိုတွေ့ပါက ကြေးပြားသုံးပြား ဒဏ်ရိုက်ခံရမည်။
"ထင်းရောင်းတဲ့နေရာနဲ့ အစားအသောက်ရောင်းတဲ့နေရာက တစ်နေရာတည်း မဟုတ်ဘူး၊ မဟုတ်ရင် ငါ့ဆိုင်နဲ့မျှသုံးခိုင်းမှာ"
သစ်ခုတ်သမားက အားနာဟန်ဖြင့် ပြောသည်။
"ရပါတယ်ရှင်"
လင်းယွဲ့သည် မနေ့က ပြား၃၀ရထားပြီး ၂၀ ကျော် ကျန်သေးသဖြင့် စုစုပေါင်း ၅၆ပြားရှိနေသေးရာ ဈေးခွန်ပေးရန် သူမအတွက် ပြဿနာမရှိပေ။
"ငါ ဟိုဘက်မှာရှိမယ်၊ ရှန်ရှီချိန်(နေ့လယ် ၃ နာရီမှ ၅နာရီ)ကျရင် ခေါင်းလောင်းသံ ကြားလိမ့်မယ်၊ အဲဒီအခါကျရင် ဒီနေရာမှာပဲပြန်ဆုံကြမယ်"
လင်းယွဲ့ ခေါင်းညိတ်လိုက်ပြီး ခြင်းတောင်းကိုလွယ်ကာ တိုကင်ယူပြီး အစားအသောက်ရောင်းသည့် အပိုင်းသို့ လျှောက်လာခဲ့သည်။ ထိုနေရာတွင် ဟင်းသီးဟင်းရွက်၊ စပါး၊ တောထွက်ပစ္စည်းများနှင့် မုန့်အမျိုးမျိုးရောင်းချသူများ ရှိပြီး အသားဆိုင်ပင်ရှိသေး၏။
"ဟေ့ အဆီပိုအသားတွေ ထပ်ထည့်ပေး"
"မုန့်ပြား တစ်ခုလောက်၊ ဘာ သုံးပြား ဟုတ်လား၊ ဈေးကြီးလိုက်တာ"
"ထန်ဟူလူ ရမယ်၊ အရသာရှိတဲ့ သကြားရည်စိမ် သစ်သီးချောင်းရမယ်"
ထန်ဟူလူ၏သကြားရည်မှာ နေရောင်အောက်တွင် စိန်ပွင့်များကဲ့သို့ တောက်ပနေသည်။ ကလေးငယ်များမှာ မိဘများ၏အဝတ်စများကို ဆွဲထားကာ ခြေထောက်ကို မြေကြီးထဲစိုက်ထားသလို ရွေ့လျားရန်ငြင်းဆန်နေကြ၏။ ကလေးအချို့ကအော်ဟစ်နေကြ၏။
"လိုချင်တယ် ထန်ဟူလူ စားချင်တယ်"
ရှေးခေတ်ကာလတွင် အစားအသောက် ရှားပါးသဖြင့် ထန်ဟူလူမှာ ကလေးများအတွက် ခုခံနိုင်စွမ်းမရှိသော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ လင်းယွဲ့သည် ကလေးနှစ်ယောက်ကို ငုံ့ကြည့်လိုက်ရာ တာ့ယာနှင့် ကုတန်တို့မှာ ထန်ဟူလူကိုမကြည့်မိအောင် အပြင်းအထန်ကြိုးစားနေကြ၏။ သို့သော် ကုတန်၏ပါးစပ်မှ တံတွေးများမှာ စီးကျလုနီးပါးဖြစ်နေသည်။
"နှစ်ချောင်း ဝယ်ကြစို့"
လင်းယွဲ့က အကြံပြုလိုက်သည်။
"မဝယ်ပါဘူး၊ သမီးမစားဘူး"
တာ့ယာက ခေါင်းကိုအမြန်လှည့်လိုက်ရင်း
*ဂလု*
"ဒါတွေက ဘာမှလည်းမကောင်းပါဘူး၊ ပိုက်ဆံပဲအလကားကုန်တာ ဂလု"
"ဂလု ကျွန်တော်လည်း မစားဘူး၊ ကျွန်တော် မနက်စာဝအောင် စားလာခဲ့တာ၊ ထပ်မစားချင်တော့ဘူး"
ကုတန်ကလည်း လင်းယွဲ့ကိုကြည့်လိုက်သော်လည်း သူ့အကြည့်မှာ ထန်ဟူလူဆီသို့သာ ရောက်နေသည်။ ကလေးနှစ်ယောက်လုံးက လင်းယွဲ့ကိုရှေ့သို့ဆွဲခေါ်သွားကြသဖြင့် လင်းယွဲ့သည် သူတို့စိတ်ကို ခန့်မှန်းမိ၏။
"ဒီလိုလုပ်မလား လျံဖန်း ဒါမှမဟုတ် ကြက်ဥတွေထဲက တစ်ခုခုရောင်းကုန်သွားရင် ထန်ဟူလူနှစ်ချောင်း ဝယ်စားမယ်၊ ဘယ်လိုလဲ"
ကလေးနှစ်ယောက် တွက်ချက်ကြည့်ကြသည်။ ထန်ဟူလူတစ်ချောင်းကို နှစ်ပြားရှိပြီး သူတို့ပစ္စည်းများရောင်းကုန်သွားလျှင် ငွေအများကြီးရမှာပင်။
"ကောင်းပြီ၊ ဒါပေမဲ့ တစ်ချောင်းတည်းကိုပဲ နှစ်ယောက်ခွဲစားမယ်"
သူတို့ ပြိုင်တူပြောသည်။ ရှေ့ပိုင်းနေရာများမှာ ပြည့်နေပြီဖြစ်သဖြင့် လင်းယွဲ့သည် အလယ်ဗဟိုတွင်နေရာလွတ်တစ်ခုရှာကာ ခြင်းတောင်းကို ချလိုက်၏။ အခြားရောင်းသူများမှာ မြေပြင်ပေါ်တွင် ပိုက်ဆံအိတ်များခင်းကာ ရောင်းကြသဖြင့် ဝယ်သူများမှာထိုင်ချပြီး ဝယ်ရသည့်အတွက် အဆင်မပြေပေ။ လင်းယွဲ့လည်း စားပွဲခုံမယူလာမိသည့်အတွက် နောင်တရသွား၏။ မြေကြီးပေါ်တင်ရောင်းလျှင် ဖုန်မှုန့်များပေပြီး မသန့်ရှင်းပေ။ ထိုအချိန်တွင် သူမအကြည့်မှာ တစ်ဖက်သို့ရောက်သွားသည်။ ကုတာ့ဖူနှင့် အဒေါ်ကုတို့မှာ စားပွဲတစ်ခုပေါ်တွင် တို့ဟူးဖြူဖြူများကို စနစ်တကျခင်းကျင်းထားသဖြင့် သန့်ရှင်းသောအစားအသောက်ဖြစ်စေ၏။ အဒေါ်ကုသည် လင်းယွဲ့၏ခြင်းတောင်းကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူတို့သား ကုရှန်းလင်းက ထန်ဟူလူကို လျှာဖြင့်ယက်ကာ ကုတန်ကို လှောင်ပြောင်နေသည်။
"နင်တို့လို ဆင်းရဲတဲ့သူတွေက မစားရဘူး၊ မနာလိုဖြစ်ပြီး သေတော့မှာပဲ"
လင်းယွဲ့သည် ကလေးနှစ်ယောက်ကိုကြည့်ကာ ချက်ချင်းပင် ထန်ဟူလူဝယ်ပေးချင်စိတ်ပေါက်သွား၏။ ထိုစဉ်မှာပင် သစ်ခုတ်သမားရောက်လာ၏။ သူ့လက်ထဲတွင် စားပွဲခုံလုပ်ရန် အောက်ခံတုံးနှစ်ခုနှင့် သစ်သားပြားတစ်ခုပါလာသည်။
"ငါ့မိန်းမက မင်းအရောင်းအဝယ်လုပ်ရင် ဒါမျိုးလိုမယ်ထင်လို့ မနေ့ညကတည်းက လုပ်ခိုင်းထားတာလေ၊ ငါ့ဦးနှောက်ကလည်း နည်းနည်းမေ့တတ်တော့ အခုမှပဲပေးရတော့မယ်"
သူသည် စားပွဲကိုဆင်ပေးလိုက်သည်။
"နည်းနည်းတော့ လှုပ်နိုင်တယ်၊ စားပွဲခြေထောက်ကို မတိုက်မိအောင် သတိထား"
"တကယ် ကျေးဇူးတင်ပါတယ်ရှင်၊ ညီမ အဲ့အချက်ကိုမေ့နေတာ"
လင်းယွဲ့က ကျေးဇူးတင်စကား ဆိုသည်။ သစ်ခုတ်သမားက သူ့ဆိုင်သို့ ပြန်သွား၏။ ထိုစားပွဲလေးမှာ လင်းယွဲ့အတွက် အလွန်အရေးပါသော အကူအညီဖြစ်သွားကာ လီရှောင်လျန်မှာ သူမဘာလုပ်မည်ကိုကြိုတင်သိပြီး ပြင်ဆင်ပေးထားခြင်းဖြစ်၏။ လင်းယွဲ့သည် စားပွဲပေါ်တွင် လျံဖန်းများကို ခင်းကျင်းလိုက်သည်။
"အမလေး ဒါဘာတွေလဲ၊ ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ"
အမျိုးသမီးတစ်ယောက်သည် ရပ်တန့်ကာ မေးမြန်းသည်။
"ဒါက လျံဖန်းပါ၊ ပဲမှုန့်နဲ့ လုပ်ထားတာလေ၊ စားလိုက်ရင် အေးမြလန်းဆန်းစေပါတယ်"
လင်းယွဲ့က မနေ့ကအတိုင်းကျွမ်းကျင်စွာ ရှင်းပြပြီးကမ်းပေးလိုက်သည်။
"မြည်းကြည့်ပါဦး၊ အလကားပါရှင်"
"အိုး အားနာစရာကြီး"
ထိုသို့ပြောသော်လည်း ထိုအမျိုးသမီးမှာ မသွားပေ။ သူမ၏ဝဝကစ်ကစ် မျက်နှာလေးမှာ အပြုံးတို့ဖြင့်ပြည့်နှက်နေသည်။ သူမသည် သူများအပေါ် အခွင့်အရေးယူတတ်သူ မဟုတ်ပေမဲ့လည်း ဒီလိုမျိုးအလေးထားပြီး ဆက်ဆံခံရသည်ကို ဘယ်သူမဆို ဝမ်းသာမိမှာအသေအချာပါပဲ။ လင်းယွဲက လျံဖန်းတစ်တုံးကို အမြန်ထုတ်လိုက်ပြီး ဝါးဓားလေးနှင့် အပိုင်းအစလေးများဖြစ်အောင် လှီးဖြတ်လိုက်ပြီး အချို့ကို ပျားရည်ထဲ အချို့ကိုတော့ အချဉ်စပ်အရည်ထဲမှာ ထည့်လိုက်ပြီးနောက် ဝါးတုတ်တံလေးတစ်ချောင်း ထုတ်ပေးကာ ပြောလိုက်သည်။
"ဘယ်အရသာကို ပိုကြိုက်မလဲ စမ်းကြည့်ပါဦး၊ ကြိုက်တဲ့အရသာထဲမှာ တို့ပြီး စားကြည့်လိုက်ပါရှင်"
ထိုအမျိုးသမီးက ပျားရည်ထဲသို့ လျင်မြန်စွာတို့လိုက်ပြီး သူမလက်တစ်ဖက်ရှိလှုပ်ရှားမှုက လျင်မြန်လှပြီး နောက်လက်တစ်ဖက်မှာလည်း အောက်မှခံထားလိုက်သည်။ ထိုနောက် သူမသည် ပါးစပ်ထဲသိုထည့်လိုက်ရာ လျံဖန်းမှာ ပါးစပ်ထဲရောက်သည်နှင့် လည်ချောင်းထဲသို ချက်ချင်းပင် ချောမွေ့စွာ စီးဝင်သွားတော့သည်။ ဝဝကစ်ကစ်နှင့်အမျိုးသမီးမှာ အစားစားရာတွင် အလွန်လျင်မြန်လှရာ ထိုလျံဖန်း၏အရသာကို သေချာမသိလိုက်ရခင်မှာပင် ကုန်သွားတော့၏။ သို့သော်လည်း ချောမွတ်ပြီးအေးမြသောအရသာကြောင့် နွေရာသီ ပူလောင်မှုများကို ချက်ချင်းငြိမ်းအေးသွားစေ၏။
“ဘယ်လောက်လဲ၊ တစ်တုံး ပေးပါ"
သူမသည် ပိုက်ဆံအိတ်ထဲမှကြေးပြား နှစ်ပြားကိုထုတ်ပေးကာပြောလိုက်သည်။
"ဝယ်ပြီးပြီဆိုတော့ ချဉ်စပ်ရောမြည်းကြည့်လို့ရမလား၊ ဘယ်ဟာ ပိုအရသာရှိလဲကြည့်မလို့”
"ရပါတယ်ရှင်၊ ဝယ်သူက ဘုရားသခင်ပါပဲ”
လင်းယွဲ့ပြုံးလျက်ပြောလိုက်ရာ ထိုစကားကိုကြားသောအခါ ဝမ်ရိုရိုမှာ အလွန်ပင် စိတ်ကျေနပ်သွား၏။ ဝယ်သူတစ်ယောက် ဝယ်လိုက်သည်နှင့် အခြားသူများပါ ဝိုင်းအုံလာကြသည်။
"အလကားမြည်းကြည့်လို့ ရပါတယ်၊ လျံဖန်း အသစ်ပါ တစ်တုံးကို နှစ်ပြားပါရှင့်"
လင်းယွဲ့ကလည်း အော်ဟစ်ရောင်းချလိုက်ရာ ခဏအတွင်းမှာပင် သူမဆိုင်လေးမှာ လူများနှင့် စည်ကားသွားတော့သည်။