အခန်း ၂၄
Vol. 3 Ch. 24
Ch-24
"အချိုက ပိုကောင်းတာပေါ့"
ကလေးမလေးတစ်ယောက်က အော်ပြောသည်။
ထိုအမျိုးသမီးက ကလေးကိုပြန်မငြင်းတော့ဘဲ ကြာဖက်ဖြင့် ထုပ်ထားသော လျံဖန်းကို သူမဟင်းသီးဟင်းရွက်ခြင်းတောင်းထဲသို့ထည့်ကာ ထွက်ခွာသွားသည်။
"ဒါ တကယ်ကောင်းတာပဲ"
၎င်းမှာ တစ်ခါမှမမြည်းစမ်းဖူးသော အစားအစာဖြစ်သလို အလကားမြည်းကြည့်ခွင့်လည်းရကာ အရသာမှာလည်း အလွန်ကောင်းမွန်ပြီး အေးမြလန်းဆန်းကာ စားချင်စိတ်ကို ပိုမိုတိုးပွားစေ၏။ တကယ် ပိုက်ဆံမရှိသူများမှလွဲ၍ လူအများစုမှာ ဝယ်ယူသွားကြလေသည်။ ဤတစ်ဖွဲ့တွင် လင်းယွဲ့သည် လျံဖန်း ၁၂ ပွဲရောင်းလိုက်ရသဖြင့် ကြေးပြား ၂၄ ပြားရရှိသွားသော်လည်း ဆိုင်ရှေ့တွင် ကလေးမလေးတစ်ယောက် ကျန်ရစ်နေသည်။ လင်းယွဲ့သည် သူမကိုကြည့်လိုက်သောအခါ ကလေးမလေး၏ အဝတ်အစားများကိုသတိပြုမိလိုက်၏။ ပိုးထည်အဝတ်အစားများမှာ အလွန်ပင်အဆင့်မြင့်လှပြီး ဆံထုံးမှာလည်း ခမ်းနားလှပသောဆံညှပ်များဖြင့် တန်ဆာဆင်ထားသည်။ အထူးသဖြင့် လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုးပင်။
'သေလိုက်ပါတော့၊ ဒီရွှေရုပ်တုလေးက ဘယ်ကရောက်လာတာလဲ၊ မိဘတွေကလည်း သိပ်ပေါ့ဆတာပဲ'
ပတ်ဝန်းကျင်တွင် လူမရှိသည်ကိုမြင်သောအခါ လင်းယွဲ့သည် ကလေး၏လုံခြုံရေးအတွက် စိုးရိမ်ကာ ဆိုင်ထဲသို့အမြန်ဆွဲခေါ်လိုက်ပြီး ဒူးထောက်ကာ ပြုံး၍မေးလိုက်သည်။
"သမီးလေး လမ်းပျောက်နေတာလား၊ သမီးရဲ့မိဘတွေက ဘယ်မှာလဲ"
"ဒါက နင်နဲ့ဘာဆိုင်လို့လဲ”
ထိုကလေးသည် လင်းယွဲ့ဆွဲလိုက်သည့် လက်ကိုခါထုတ်လိုက်ရာ ကုတန်က မနေနိုင်တော့ဘဲပြောလိုက်သည်။
"စကားကို ဒီလိုပြောရသလား၊ ငါ့မရီးက နင့်ကိုစိုးရိမ်လို့ မေးတာလေ၊ နင်က အဲ့လိုပြန်ဆက်ဆံရသလား"
"ဟမ့် ငါကအစေခံတွေကို အမြဲဒီလိုပဲ ဆက်ဆံတာ"
ထိုကလေးမလေးက ခေါင်းမော့၍ မောက်မာစွာပြောသည်။
‘ဒီကလေးမလေးတော့’
"အစ်မက သမီးရဲ့အစေခံမဟုတ်ဘူး"
လင်းယွဲ့က ပြောသည်။
"ဈေးထဲမှာ လူမျိုးစုံရှိတယ်၊ ဒီလောက် ရွှေတွေ ငွေတွေဝတ်ထားမှတော့ လူကုန်ကူးတဲ့သူတွေကဖမ်းသွားရင် ဘယ်လိုလုပ်မလဲ"
"သူတို့ လုပ်ရဲလား၊ ငါက....."
ထိုကလေးမလေးသည် စကားဆက်မပြောနိုင်တော့ဘဲ ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူမသူငယ်ချင်းတစ်ယောက် မကြာသေးခင်ကမှ လူကုန်ကူးခံလိုက်ရသည်ကို သတိရသွားပြီး ထိုသူငယ်ချင်း၏ဖခင်မှာ ဘဏ္ဍာရေးဝန်ကြီးဖြစ်ပြီး အဘိုးမှာ စွန်းနန်မင်းသားဖြစ်သော်လည်း မြို့တော်တစ်ခွင်ရှာဖွေသည့်တိုင် ရှာမတွေ့ခဲ့ပေ။ ဤကဲ့သို့ ဆင်းရဲသည့်နယ်စပ်တွင်ဆိုလျှင် အရာရှိပင်မရှိပေ။
"ဒါဆို ငါ့ရဲ့အစေခံလာခေါ်တဲ့အထိ ဒီမှာပဲ စောင့်နေမယ်"
"ဘယ်သူက ဒီမှာနေခိုင်းလို့လဲ"
ကုတန်ကပြောမည်ပြုစဉ် တာ့ယာက သူ့ကို ဆွဲလိုက်သည်။
"ထားလိုက်ပါ၊ သူက ကလေးပဲလေ၊ သူ့နဲ့ စကားများမနေနဲ့"
တာ့ယာလည်း ဤကလေးမလေး၏နောက်ခံမှာ သာမန်မဟုတ်ကြောင်း ရိပ်မိလိုက်သည်။ ကုတန်ကတော့ နှုတ်ခမ်းစူလျက် ပြန်ပြောသည်။
"ကျွန်တော်လည်း ကလေးပဲလေ၊ ဒါပေမဲ့ သူ့လောက်ဆိုးမနေပါဘူး"
"ငါက မောက်မာတာ၊ အူကြောင်ကြောင်နဲ့ ဘာမှလည်း ပြောတတ်တာမဟုတ်ဘူး"
ထိုကလေးမလေးက ဂုဏ်ယူဝင့်ကြွားစွာပြောသည်။
"ငါ့ရဲ့အစေခံလာခေါ်ရင် ဒီဆိုင်မှာရှိသမျှ အကုန်ဝယ်ခိုင်းလိုက်မယ်"
ကလေးသုံးယောက်မှာ စကားများရာမှ တဖြည်းဖြည်းနှင့် ရင်းနှီးသွားကြသည်။ အထူးသဖြင့် ထိုကလေးမလေးမှာ ကြက်မကြီးနှင့်ပင် ကစားနေသေးသည်။ လင်းယွဲ့ကတော့ သူမတို့ကိုဂရုမစိုက်တော့ဘဲ ရောင်းချနေသည်ကိုသာ အာရုံစိုက်လိုက်၏။
"မင်းတို့ကြက်ဥတွေက တော်တော်ကောင်းသားပဲ"
လျံဖန်းဘေးရှိ ခြင်းတောင်းထဲတွင် ကြက်ဥများရှိရာ အမျိုးသားတစ်ယောက်က ကြက်ဥတစ်လုံးကိုကိုင်ကြည့်ပြီး အံ့ဩစွာပြောလိုက်၏။
"အကြီးကြီးတွေပါလား"
"ဟုတ်တာပေါ့၊ ကျွန်မတို့ဆီကကြက်က တော်တော်ကြီးတာ"
ကုတန်က ကြက်ဥဝယ်မည့်သူကို တွေ့သဖြင့် စိတ်လှုပ်ရှားစွာပြောသည်။
"ကျွန်တော်ဆို သူစားဖို့ ပိုးကောင်တွေ နေ့တိုင်းဖမ်းပေးတာလေ"
"အော် ဟုတ်လား"
သူ့နာမည်မှာ ချန်ဖူကွေ့ဖြစ်ပြီး ကုန်သည်တစ်ဦးဖြစ်သော်လည်း သူက လုပ်ငန်းကြီးကြီးမားမားမလုပ်ပေ။ သူသည် တောင်ပေါ်ထွက်ပစ္စည်းများ၊ အမဲလိုက်သားကောင်များ၊ ပန်းထိုးပစ္စည်းများကိုဝယ်ယူ၍ မြို့နယ်အတွင်း၌ ပြန်လည် ရောင်းချသူဖြစ်၏။ သူသည် များသောအားဖြင့် ရောင်းရလွယ်သော ပစ္စည်းများကိုသာ နှစ်သက်သည်။ နောက်ပိုင်းတွင် မြို့နယ်တွင် စပါးဆိုင်တစ်ဆိုင်ဖွင့်လှစ်ပြီး ဟင်းသီးဟင်းရွက်နှင့် ဝက်သားများ စုဆောင်းရောင်းချကာ ကြက်ဥများကိုလည်း ရောင်းချသေး၏။ သို့သော်မကြာသေးခင်က ရှီထိုင်ခရိုင်အနီးတွင် ကြက်သန်းကျရောက်၍ ကြက်များစွာသေဆုံးခဲ့သည်။ ထို့ကြောင့် သူသည် ဈေးအနှံ့လိုက်လံ ရှာဖွေနေရခြင်းဖြစ်၏။ သူသည် တစ်ပတ်လျှင် တစ်ခါလာယူနိုင်မည့် တည်ငြိမ်သောကြက်ဥအရင်းအမြစ်ကို ရှာဖွေနေခြင်းပင်။ ဈေးထဲတွင်လိုက်ရှာသော်လည်း အရွယ်အစားမညီညာသော ကြက်ဥအနည်းငယ်သာ တွေ့ရသော်လည်း လင်းယွဲ့ဆီမှကြက်ဥများမှာ အရွယ်အစားတူညီပြီး သေသပ်လှပလှသည်။
"ကြက်ဥတွေက ဘယ်လောက်လဲ"
"တခြားဆိုင်တွေအတိုင်းပဲ နှစ်လုံးကို ကြေးပြားတစ်ပြားပါရှင်"
ချန်ဖူကွေက ပေါ့ပေါ့ပါးပါးပြောသည်။
"ကောင်းပြီ အကုန်ယူမယ်၊ မင်းတို့ရဲ့ ကြက်ဥတွေက ကောင်းတယ်၊ ငါးရက်တစ်ခါ ဘယ်လောက်ထွက်နိုင်လဲ"
လင်းယွဲ့သည် သူ့အပြုအမူများကို ကြည့်လိုက်သည်။ အဝတ်အစားမှာ ရိုးရှင်းသော်လည်း သူ့ပုံစံမှာ သာမန်လယ်သမားတစ်ဦးနှင့် မတူပေ။ သူသည် တည်ငြိမ်သောအရင်းအမြစ်ကို ရှာနေမှန်း လင်းယွဲ့ သိလိုက်ချေ၏။ သူမသည် ၅ ရက်တစ်ခါ ကြက်ဥ ၆၀၀ လောက်ထွက်သည်ဟု ပြောချင်သော်လည်း ကြက်ဥ ၆၀၀ဟူသည်မှာ သာမန်ကြက်များအတွက် ဖြစ်နိုင်ခြေမရှိပေ။ ရွာသားများသိသွားပါက ကြက်သရဲဟုအထင်ခံရပြီး အဖမ်းခံရနိုင်သည်။ ထို့ကြောင့် သူမပြောလိုက်သည်။
"၅၀ လောက်တော့ ရမယ်ထင်တယ်၊ ကြက်ဆိုတော့လည်း သေချာမပြောနိုင်ဘူးလေ"
"နည်းလိုက်တာ"
ချန်ဖူကွေ့ ခေါင်းခါလိုက်သည်။ သူ အလွန်တုံ့ဆိုင်းနေသော်လည်း ဤကြက်ဥများမှာ ဘဲဥ/ငန်းဥနှင့် ယှဉ်နိုင်လောက်အောင် ကြီးမားလှသဖြင့် ရှားပါးလှသည်။ သူသည် တစ်လုံးကို ကြေးပြားနှစ်ပြားနှင့်ပြန်ရောင်းနိုင်သည်ကို သိသည်။
"မင်းတို့ ဘယ်ရွာမှာနေတာလဲ"
"မာရန်ရွာပါ"
“ဝယ်ယူရေးအဖွဲ့က အဲဒီရွာကိုဖြတ်သွားရမယ်၊ ငါးရက်တစ်ခါ မွန်းလွဲပိုင်းကျရင် ရွာထိပ်မှာ စောင့်ပေးနိုင်မလား၊ ငါ မင်းတို့ဆီက ကြက်ဥတွေကိုအကုန် ဝယ်မယ်"
"ရွာထိပ်မှာလား"
လင်းယွဲ့ စဉ်းစားလိုက်သည်။ ရွာထိပ်မှာ လူစည်ကားပြီး လုံခြုံမှုမရှိပေ။
"ဝယ်ယူရေးအဖွဲ့ကို မာရန်ရွာရဲ့တောင်ဘက်လမ်းကို လာခိုင်းပါလား၊ တောင်တက်လမ်းလေး ရှိပါတယ်၊ အဲဒီလမ်းအဝမှာ ကျွန်မစောင့်နေပါ့မယ်"
သူမတို့အိမ်ထိမလာခိုင်းပဲ လမ်းအဝမှာဆိုလျှင် ရွာထိပ်နှင့် ငါးမိနစ်လောက်သာ ကွာဝေးသဖြင့် လူအများမမြင်နိုင်ပေ။
"ကောင်းပြီ"
ချန်ဖူကွေ့ပြုံးလျက် ကြက်ဥဖိုး ၂၂ပြားအပြင် ကြိုတင်ငွေ ၂၀ကိုပါ ထည့်ပေးလိုက်သည်။
"ကျန်တာကို ဝယ်ယူရေးအဖွဲ့ကပေးလိမ့်မယ်"
"အရမ်း ရိုးသားတာပဲ"
လင်းယွဲ့ အံ့ဩသွားသည်။
‘သူက ပိုက်ဆံယူပြီး ထွက်ပြေးသွားမှာ မကြောက်ဘူးလား’
"မင်းက အဲလိုလူစားမျိုး မဟုတ်ဘူးလို့ ငါ ယုံတယ်"
ချန်ဖူကွေ့ပြုံးလျက် ပြောသည်။
"ပြီးတော့ ငါက ဒီနားမှာကြီးပြင်းလာတာ၊ မင်း ဘယ်သူလဲဆိုတာ စုံစမ်းလို့ရတယ်၊ ရှီထိုင်ခရိုင်ဝန်ရဲ့မြေးက ငါ့ရဲ့ ငယ်သူငယ်ချင်းပဲ"
‘အော် ဒါကြောင့် သူ ဒီလောက်ယုံကြည်မှု ရှိနေတာကိုး’
လင်းယွဲ့သည် ကြေးပြား ၄၂ပြားကို သိမ်းလိုက်သည်။
‘ငါးရက်တစ်ခါ ကြေးပြား ၃၀လောက် ဝင်ငွေရတော့မယ်ဆိုတော့ ရေအိုးဝယ်ရမယ်၊ သံအိုး ဝယ်ရမယ်၊ အဆာပလာ ဝယ်ရမယ်။ ဘာလို့ငွေက ဘယ်တော့မှ မလောက်မငှဖြစ်နေရတာလဲ’
“ဘာပဲဖြစ်ဖြစ် ရေအိုးအရင်ဝယ်မယ်”
လင်းယွဲ့သည် ကုတန်ကိုကြေးပြားလေးပြားပေးကာ ထန်ဟူလူဝယ်ခိုင်းလိုက်သည်။ ထိုအချိန်တွင် ကုတာ့ဖူနှင့် အခြားဆိုင်များမှ ဈေးရောင်းသံများ စတင်ကြားလိုက်ရ၏။
“ဘာဖြစ်နေတာလဲ”
ဆိုင်တိုင်းမှာ ဟစ်အော်နေကြသည်။ ဝမ်မိသားစုအိမ်တော်ထိန်း လာတော့မည်ကိုသိ၍ပင်။