အခန်း ၂၇
Vol. 3 Ch. 27
Ch-27
"စုစုပေါင်း ကြေးပြား ၁၂၀ ပါရှင်"
လင်းယွဲ့က ပျော်ရွှင်စွာပြောလိုက်သည်။ လျံဖန်း ၁၂ပွဲ ရောင်းလိုက်ရသော်လည်း အမှန်တကယ်တွင် နှစ်ပွဲမှာ မြည်းစမ်းရန်အတွက်ဖြစ်ပြီး သုံးပွဲမှာ ပျက်စီးသွားခဲ့သည်။ သို့သော်လည်း အားလုံးကိုတွက်ချက်လိုက်လျှင် ထိုအပိုကြေးမှာ သူမစိတ်ဒုက္ခအတွက် လျော်ကြေးဖြင့် သတ်မှတ်ရပေမည်။
‘ဒါလည်း သိပ်မများပါဘူး ဟုတ်တယ်မလား’
"ဈေးပေါလိုက်တာ"
ဝမ်သခင်ကြီးမှာ အံ့ဩသွားကာ အင်္ကျီရင်ဘတ်ထဲတွင် ရှာဖွေလိုက်သော်လည်း ကြေးပြားများမတွေ့ရပေ။ ပုံမှန်ဆိုလျှင် သူ့အစေခံများကသာ ဝယ်ယူလေ့ရှိသဖြင့် သူကိုယ်တိုင် ပိုက်ဆံပါလေ့မရှိချေ။ ဝမ်သခင်ကြီးသည် ဘေးရှိအစောင့်များကို လှမ်းကြည့်လိုက်သည်။ သို့သော် သူတို့မှာလည်း လစာရလျှင် ဇနီးသည်ကို ပေးလိုက်ခြင်း သို့မဟုတ် အရက်နှင့် မိန်းမကိစ္စတွင် ကုန်ဆုံးသွားတတ်ကြ၏။ ထိုအချိန်တွင် ဝမ်စုန်းရှင်းက ငွေအိတ်ကိုထုတ်ကာ ငွေတုံးငယ်လေးတစ်ခုကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီးအေးဆေးပြောလိုက်သည်။
"အကြွေ ပြန်မအမ်းနဲ့တော့"
‘နှစ်တေးလား’
လင်းယွဲ့ ခန့်မှန်းလိုက်သည်။ ဤငွေတုံးမှာ အနည်းဆုံး ငွေနှစ်တေးခန့်ရှိလိမ့်မည်။ သူသည် နှစ်တေးကိုအလွယ်တကူ သုံးလိုက်၏။
တောက် ဒီမြေရှင်ကြီးကိုတော့ သူမ တကယ်ပဲ သေတဲ့အထိတိုက်ခိုက်ချင်လာပြီ။
သို့သော် အဖြစ်မှန်မှာမူ လင်းယွဲ့သည် လျံဖန်းများကို တစ်ခုပြီးတစ်ခု ခြင်းတောင်းထဲသို့ထည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"အရသာရှိရင် နောက်တစ်ခါထပ်လာခဲ့ပါဦးရှင်"
"အစ်မ အစ်မရဲ့အပြုံးက အရမ်း ဟန်ဆောင်လွန်းတယ်"
ဝမ်ယားဝေက မျက်မှောင်ကြုတ်လျက် ပြောသည်။
ဒီကလေးမလေးတော့
သူမကို ကူညီပေးထားသည်အားထောက်ထား၍ လင်းယွဲ့မှာ သူမနှင့် စကားများမနေတော့ပေ။ ဝမ်ယားဝေသည် ကုတန်ကိုကြည့်ကာ မေးစေ့ကို ပင့်လျက်
"ဘယ်လိုလဲ အကုန်ဝယ်မယ်လို့ ပြောပြီး ဝယ်လိုက်ပြီလေ ဟုတ်တယ်မလား"
ကုတန်မှာ ငယ်ရွယ်သူဖြစ်သည့်အားလျော်စွာ လူတန်းစားကွာခြားချက်ကို နားမလည်သေးပေ။ သို့သော် ခုနက ဖြစ်ရပ်မှာ သူ့ကိုရှေ့ရှိကလေးမလေးနှင့် စကားမများရဲအောင်ဖြစ်သွားစေသည်။ သူသည် အင်မတန် ခြားနားသောအလွှာတစ်ခုကို ခံစားလိုက်ရ၏။
'ဘာကြောင့်လဲ သူတို့စကားပြောနေတာ မိနစ်ပိုင်းပဲ ရှိသေးတယ်မဟုတ်လား'
"အင်း မင်းကတော်တယ်"
ကုတန်က လက်မထောင်၍ချီးကျူးလိုက်သည်။ ဝမ်ယားဝေက ခေါင်းစောင်းကာ ပို၍မောက်မာလာပြီး ထန်ဟူလူတစ်ချောင်းကို ကုတန်ဆီပစ်ပေးလိုက်ပြီး လေသံမာမာဖြင့်ပြောလိုက်သည်။
"အရသာမရှိဘူး၊ နင်ပဲ စားလိုက်"
ကုတန်မှ အလောတကြီးဖမ်းယူလိုက်ချိန်တွင် ဝမ်ယားဝေကို အစ်ကိုဖြစ်သူကပွေ့ချီ၍ လူအုပ်ကြားမှထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ ထန်ဟူလူကိုကိုင်ထားရင်း သူ့စိတ်ထဲတွင် တစ်စုံတစ်ခု လျှပ်ခနဲဖြတ်ပြေးသွား၏။
"ကုတန်"
လင်းယွဲ့က ဆိုင်ကိုသိမ်းနေသည်အားမြင်မှ သူသတိပြန်ဝင်လာပြီး ခြင်းတောင်းကို ကူသယ်ပေးလိုက်သည်။ လင်းယွဲ့ ဆိုင်မှထွက်ခွာတော့မည်ကို မြင်သောအခါ
"ဒါကို ခဏသုံးမယ်"
သူသည် တန်ဟူလူကို တာ့ယာလက်ထဲမှယူလိုက်ပြီး ကုတာ့ဖူဆိုင်သို့ပြေးသွား၏။ ကုရှန်းလင်းသည် ဆိုင်ထဲတွင် ထိုင်နေပြီး တန်ဟူလူတံလေးကိုသာ ယက်နေရသည်။ သူလွှင့်ပစ်ရန် နှမြောနေပုံရ၏။ ၎င်းကိုမြင်သောအခါ ကုတန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ ကုရှန်းလင်းနှင့် မျက်လုံးချင်းဆုံမိသည်နှင့် ထန်ဟူလူ နှစ်ချောင်းကို ဝှေ့ယမ်းပြလိုက်သည်။
"ငါ့မှာ တန်ဟူလူနှစ်ချောင်းရှိတယ်၊ တစ်ချောင်း စားမယ်၊ တစ်ချောင်းကို လျှာနဲ့ ယက်မယ်၊ မင်းတို့ဟူးက အရမ်း စက်ဆုပ်စရာကောင်းတယ်၊ သူတောင်းစားတောင် ခေါင်းခါမယ်၊ ငါ့ရဲ့လျံဖန်းက အရမ်းအရသာရှိတယ်၊ နတ်မင်းကြီးတောင် မေ့မရတဲ့အရသာပဲ၊ ဟီးဟီး ပိုက်ဆံပိုရရင် မရီးကငါ့ကို နောက်ထပ် ၁၀ချောင်း ဝယ်ပေးဦးမှာ"
"ဝူး ဝူးးး"
ကုတာ့ဖူဆိုင်ထဲမှ အော်ငိုသံကြီး ချက်ချင်းထွက်ပေါ်လာတော့သည်။
"ဝူးဝူး ထန်ဟူလူစားချင်တယ်၊ ထန်ဟူလူ နှစ်ချောင်းစားချင်တယ်"
"ငိုနေတာပဲ၊ မင်းက ငါ့အရောင်းအဝယ်ကို ဖျက်ဆီးနေတာလား၊ ငါ့အရောင်းအဝယ်တွေကို မင်းအကုန် ဖျက်ဆီးနေပြီ"
ကုတာ့ဖူ၏တို့ဟူးမှာ အိမ်တော်ထိန်း၏ အပြစ်တင်ခြင်းခံထားရသဖြင့် တစ်ပွဲမျှ မရောင်းရသေးဘဲ ဒေါသများထွက်နေသည်မှာကြာပြီဖြစ်သည်။ သို့သော် လင်းယွဲ့မှာ သခင်လေးနှင့် သခင်မလေးတို့၏ချီးကျူးမှုကိုရထားသဖြင့် သူ ကုတန်ကို ဒေါသထွက်ရန်မဝံ့ရဲဘဲ ကုရှန်းလင်းကိုသာ ဆဲဆိုလိုက်တော့ရာ ကုရှန်းလင်းမှာ ပို၍ပင်ကျယ်လောင်စွာ ငိုကြွေးတော့၏။ ကုတန်မှာ ထိုငိုသံကို တေးဂီတသဖွယ်ခံစားရင်း ထန်ဟူလူကို အရသာရှိရှိစားနေတော့သည်။ လင်းယွဲ့မှာ ကုတန် ဤမျှတောင်မလှိမ့်တပတ်လုပ်လိမ့်မည်ဟု မထင်ထားပေ။ သို့သော် ရိုးအလွန်းခြင်းထက် လည်ဝယ်ခြင်းက ပိုကောင်း၏။ လင်းယွဲ့သည် နှစ်တေးနှင့် ၁၁၉ပြားကို ချိန်ဆကြည့်လိုက်သည်။
‘ဘာတွေ ဝယ်ရမလဲ’
သံအိုးအား ယခုလောလောဆယ် မဝယ်နိုင်သေးသော်လည်း တခြားလိုအပ်သည်များ အများကြီးရှိသေးသည်။ ဤသည်မှာ ငွေပမာဏအများကြီးဖြစ်ပြီး ငွေနှစ်တေးမှာ ကြေးပြား ၂၀၀၀နှင့် ညီမျှလေ၏။ များသောအားဖြင့် လယ်သမားများမှာ ၁၀နှစ်ကြာ စုဆောင်းမှသာ ငွေနှစ်တေးကိုပိုင်ဆိုင်နိုင်ကြသည်။ ဆီရောင်းသူ သို့မဟုတ် ဝက်သားသတ်သမားတစ်ယောက်အတွက်မူ တစ်လစာဝင်ငွေဖြစ်နိုင်၏။ တစ်နေ့တည်းနှင့် ငွေနှစ်တေးရသည်ကို မြင်သောအခါ ပတ်ဝန်းကျင်မှ လူများမှာ မနာလိုစွာဖြင့်ကြည့်ရှုလာကြသည်။
"ညီမ ဝယ်စရာရှိသေးလား၊ ကျွန်မဆီ လာဝယ်ပါ"
"ဪ ကြိုသိရင် ငါလည်း လျံဖန်း ဝယ်စားမိမှာ၊ ဝမ်သခင်ကြီးတောင် ချီးကျူးထားတာပဲ၊ အရသာရှိမှာ သေချာတယ်"
"ကြည့်စမ်း၊ ဝမ်သခင်ကြီးက အဲဒီကလေးနှစ်ယောက်ကိုတောင် ခေါင်းညိတ်ပြီး အရမ်းရိုသေနေတာ၊ သူတို့က မြို့တော်ကတော်ဝင်ဆွေမျိုးတွေများလား"
လင်းယွဲ့ဘေးရှိ လူများမှာ အားတက်သရောဖြစ်နေကြပြီး မစားဖူးသူများကလည်း သိချင်စိတ်ပိုဖြစ်နေကြသည်။ အချို့သော လည်သူများမှာ လင်းယွဲ့ဆိုင်သို့ တိုက်ရိုက်ပြေးလာကြ၏။ သူတို့သည် ပြုတ်ကျနေသော လျံဖန်းများကိုပင် ကောက်ယူကာ အိမ်သို့ယူသွားရန် ကြိုးစားကြချေသည်။ လင်းယွဲ့မှာ မေးခွန်းများဖြင့် ဝိုင်းရံခံနေရသော်လည်း ပြုံးလျက်ပြောလိုက်သည်။
"နောက်တစ်ခါ ဈေးနေ့ကျရင် သေချာပေါက် လာခဲ့ပါမယ်ရှင်၊ ကျွန်မက မာရန်ရွာကပါ၊ ညနေတိုင်းလည်း ရွာထဲမှာ ရောင်းနေပါတယ်၊ လာဝယ်လို့ရပါတယ်"
ဆိုင်ပိုင်ရှင်များမှာ ထိုမြင်ကွင်းကို ပြန်လည် ဆွေးနွေးနေကြဆဲဖြစ်သည်။ လင်းယွဲ့ ဝေးရာသို့ရောက်သွားသော်လည်း သူတို့စကားသံများမှာ ဆက်ကြားနေရပြီး လျံဖန်းမှာ ဤဖြစ်ရပ်ကြောင့် ကျော်ကြားသွားပြီဖြစ်သည်။ သခင်ငယ်လေး၏ချီးကျူးမှုနှင့် ဝမ်သခင်ကြီး၏အမွှန်းတင်မှုတို့ကြောင့် လင်းယွဲ့၏မိသားစုလျံဖန်းမှာ ကျော်ကြားလာတော့မည်ဖြစ်ရာ လင်းယွဲ့သည် စိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်။
"ယောင်းမ ဘာတွေဝယ်ကြမလဲ"
တာ့ယာက စိတ်လှုပ်ရှားစွာမေးလာသည်။
"ဘာဝယ်ရမလဲ"
လင်းယွဲ့ စဉ်းစားလိုက်သည်။ ရေခဲသေတ္တာထဲရှိအရာများကို လော့ခ်ဖွင့်ရန်လိုသေး၏။ သို့သော် အရင်ဆုံး နေ့စဉ်သုံးပစ္စည်းများ အရင်ဝယ်ရမည်။ သူမသည် ဆိုင်တစ်ခုတွင် ခင်းကျင်းထားသော ပစ္စည်းများကိုမြင်လိုက်ရသည်။ ပထမဦးဆုံး အဆာပလာများ၊ ဟင်းရွက်များကို ဆီနှင့်ကြော်ပြီး ဆား၊ ပဲငပိရည် အနည်းငယ်ထည့်လိုက်ရုံဖြင့် အလွန်အရသာရှိပေမည်။ အိမ်တွင် ဆားနှင့် သကြားရှိပြီးဖြစ်သဖြင့် ယခုတစ်ခါတွင် မုန်ညင်းဆီ၊ ပျားရည်၊ ပဲငပိရည်၊ ရှာလကာရည်တို့ကိုဝယ်ရန် ဆုံးဖြတ်လိုက်၏။ ဈေးဆိုင်များတွင် ပစ္စည်းများကို ရှာဖွေကြည့်ရာ ဈေးနှုန်းမှာ ကုန်စုံဆိုင်ထက် များစွာသက်သာသည်ကို တွေ့ရသည်။ ပျားရည်တစ်အိုးလျှင် ကြေးပြား ၅၀သာ ရှိပြီး ၅ကျင်းခန့် ရှိသည်။ ဤခေတ်တွင် ပျားရည်မှာ အတုမရှိပေ။ အညိုရောင်ပျားရည်မှာ ပန်းရနံ့များဖြင့် ပြည့်နှက်နေပြီး လင်းယွဲ့မြည်းကြည့်လိုက်ရာ အင်မတန်ကောင်းမွန်လှသဖြင့် သူမ အမြန်ဝယ်လိုက်၏။
မုန်ညင်းဆီမှာ နှစ်ကျင်းလျှင် ပြား၄၀ ဖြစ်သည်။ အကုန်လုံး ဝယ်ပြီးနောက် ခြင်းတောင်းမှာ ထပ်မံပြည့်နှက်သွားပြန်၏။ သို့သော် သူမမှာအလွန်ပင် ပျော်ရွှင်နေ၏။ နောက်ဆုံးတွင် အိမ်သုံးပစ္စည်းများရောင်းသည့်နေရာသို့ ရောက်သွားသည်။ ရေအိုးရေခပ်ဖို့အတွက် ဟိုပြေးဒီပြေးလုပ်နေရသည်ကို သူမ လုံးဝမကြိုက်ပေ။ လင်းယွဲ့သည် ရေအိုးကိုခေါက်ကြည့်လိုက်ရာ အသံမှာ တည်ငြိမ်ပြီး ခိုင်ခံ့သည်။ ၎င်းမှာ အညိုရောင်ဖြစ်ပြီး အဖုံးနှစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ရေအိုးမှာ သူမကိုယ်တိုင်ပင် အထဲဝင်နိုင်လောက်အောင် ကြီးမားသဖြင့် ရေခပ်ထားပါက လေး၊ငါးရက်တိုင်အောင် လုံလောက်ပေမည်။