အခန်း ၂၈
Vol. 3 Ch. 28
Ch-28
"ဘာ ပြား၅၀၀ ဟုတ်လား"
လင်းယွဲ့ မျက်လုံးပြူးသွားပြီး မေးလိုက်သည်။
"ကျွန်မကို နောက်နေတာလား"
"ဒါက ကြွေအိုးလေ၊ မီးဖုတ်ရတာ အရမ်းခက်တယ်ဗျ"
သက်လတ်ပိုင်းအမျိုးသားက ပြန်ပြောသည်။
"အကြိမ်ကြိမ်ဖုတ်မှ တစ်ကြိမ်လောက်ပဲ အောင်မြင်တာ၊ ကျွန်တော်က ရှီထိုင်ခရိုင်ကနေ အပင်ပန်းခံသယ်လာရတာဗျ၊ တခြားဆိုင်တွေ သွားမေးကြည့်၊ ဒီလောက်ကြီးတဲ့အိုးမရှိသလို ရှိရင်လည်း ကျွန်တော့်ထက် ပိုလိမ့်မယ်"
လင်းယွဲ့မှာ အနည်းငယ်တွန့်ဆုတ်နေသည်။
"ဈေးလျှော့လို့ မရဘူးလား"
"ဒါ အနည်းဆုံးဈေးပဲဗျ၊ ဘယ်လိုလုပ် လျှော့လို့ရပါ့မလဲ"
အမျိုးသားက ခေါင်းခါလိုက်ကာ ဒေါသတကြီးပြောသည်။ ရောင်းသူ၏ ပြတ်သားသော သဘောထားကိုမြင်သောအခါ လင်းယွဲ့သည် ဈေးညှိရန် ခက်ခဲကြောင်းသိလိုက်သည်။ သူမသည် ဘေးရှိသစ်သားပုံးနှစ်လုံးနှင့် ထမ်းပိုးကိုလက်ညှိုးထိုးကာ ပြောလိုက်သည်။
"ဒါတွေက သစ်သားနဲ့လုပ်ထားတာလေ ဈေးမကြီးပါဘူး၊ ကျွန်မကို အလကား ထည့်ပေးလို့မရဘူးလား"
"ဒါက အနည်းဆုံးဈေးပါဆိုမှ၊ ဘယ်လိုလုပ် လျှော့လို့ရပါ့မလဲ"
အမျိုးသားက စိတ်မသက်မသာဖြင့် ပြောသည်။ သို့သော် လင်းယွဲ့မှာ ဈေးလျှော့ရန်အခွင့်အရေးရှိကြောင်းရိပ်မိပြီး ဆက်ပြောလိုက်သည်။
"ဒီလိုရေအိုးမျိုးကို ဝယ်တဲ့သူရှားပါတယ်၊ ရှင် ဒီမှာတစ်နေ့လုံးထိုင်နေရင်တောင် ရောင်းရမှာမဟုတ်ဘူး၊ ကျွန်မကို ရောင်းလိုက်တာကမှ ရှင်လည်း အရင်းပြန်လှည့်ပြီး ငွေမြန်မြန် ရှာနိုင်မှာပေါ့၊ ဒီသစ်သားပုံးတွေကလည်း တန်ဖိုးမရှိပါဘူး၊ ရေအိုးဝယ်တဲ့သူက ရေခပ်ဖို့ ပုံးလည်းလိုမှာပဲ၊ သူတို့လည်း ဒီဈေးပဲလျှော့ခိုင်းမှာ၊ တချို့ဆိုရင် ပိုတောင်လျှော့ခိုင်းဦးမှာ၊ ဒါကြောင့် ကျွန်မကို ရောင်းလိုက်တာကမှ အကောင်းဆုံးပဲ"
"တော်ပါပြီဗျာ၊ ခေါင်းကိုက်လာပြီ ရောင်းပေးမယ်၊ ရောင်းပေးလိုက်မယ်"
လင်းယွဲ့သည် နှစ်တေးပေးလိုက်သည်။
"နေဦး၊ အကြွေစေ့က လဲစရာမရှိဘူး"
အမျိုးသားကပြောကာ လင်းယွဲ့ကိုရှေ့သို့ခေါ်သွားပြီး ဆိုလိုက်သည်။
"စီမံခန့်ခွဲသူဆီသွားပြီး ကြေးပြားတွေ လဲလိုက်ရအောင်"
ပိုက်ဆံရှင်းပြီးနောက် အမျိုးသားက လင်းယွဲ့ကိုစောင့်ပေးရန် သဘောတူကာ သူမအိမ်သို့ ရေအိုးလိုက်ပို့ပေးမည်ဟု ပြောသည်။ လင်းယွဲ့တွင် ကြေးပြား ၁၅၀၀ကျန်ရှိနေသေးရာ ဆပ်ပြာ၊ ခြင်းတောင်းအသစ်၊ ပေါက်တူးနှင့် ဓားမ,တစ်လက်ဝယ်ယူရာတွင် ၁၂၀ သုံးစွဲလိုက်ပြီး ပေါက်တူးအတွက်သာ အများဆုံးကုန်သွား၏။ သူမသည် အိမ်ရှေ့တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်စီစဉ်ထားသဖြင့် လိုအပ်သည်များကိုဝယ်ယူပြီးနောက် ဈေးဝင်ပေါက်ရှိ ဝက်သားဆိုင်ဘေးသို့ဖြတ်သွားမိရာ ဝက်ဗိုက်သားများမှာ တန်းစီ၍ဆွဲထားသည်ကို တွေ့လိုက်ရ၏။ ကြွက်သားများထွက်နေသည့် သန်မာသော အသားသည်က အင်္ကျီလက်ပြတ်သာဝတ်ထားပြီး ဓားကိုမြှောက်ကာ တစ်ချက်ခုတ်လိုက်ရာ နံရိုးများမှာ သေသပ်စွာ ပြတ်သွားသည်။
"ဟေ့ တစ်ကတ်တီကို ၁၂ပြား"
"ဝက်အူလေး နည်းနည်းလောက်လောက် ပေးလို့ရမလား"
"ရတာပေါ့"
အသားသည်က ဝက်အူအနည်းငယ်ကို ညှပ်ယူပြီး နံရိုးဘေးတွင်ထည့်ပေးလိုက်သည်။ ဝယ်သူမှာ ကျေနပ်စွာငွေပေးပြီး ထွက်သွား၏။ ထိုခေတ်က အဆီများသောဝက်သားမှာ တန်ဖိုးအကြီးဆုံးဖြစ်ပြီး အရိုးနှင့် အူတို့မှာတန်ဖိုးအနည်းဆုံးဖြစ်ကာ အသားသည်များက အပိုဆောင်းအနေဖြင့် ဝက်အူအနည်းငယ်ကို ပေးလေ့ရှိ၏။ သိုသော် အများကြီး ပေးဖို့ကမဖြစ်နိုင်ပေ။ အချို့သော လူများမှာ အသားစားချင်သော်လည်း ဝယ်မစားနိုင်ကြသဖြင့် ဝက်အူကို ဝယ်ယူပြီး စိတ်ဖြေလေ့ရှိကြသည်။ ဝက်အူတစ်ကတ်ကီလျှင် ၄ပြားနှုန်းဖြစ်၏။
"အသား"
တာ့ယာက တံတွေးမျိုချလိုက်သည်။ သူမမှာ အသားပေါက်စီစားဖူးသော်လည်း အသားစစ်စစ်ကိုမြင်ရသောအခါ စားချင်စိတ်ဖြစ်သွား၏။ ကုတန်မှာလည်း *ဂလု*ခနဲအသံမြည်အောင် တံတွေးမျိုချလိုက်သည်။ ဒီတစ်ခါတော့ သူက လင်းယွဲကို အကုန်အကျမခံဖို မတားတော့ချေ။ သူတို့သည် လျံဖန်းဖြင့်ငွေရနိုင်ကြောင်း ယုံကြည်နေသဖြင့် အသားကိုအလွန် လိုလားနေကြ၏။
"ဗိုက်သား တစ်တုံး"
လင်းယွဲ့က အပေါ်တွင်ချိတ်ထားသော ဝက်သားတုံးကို ညွှန်ပြလိုက်သည်။ အဆီနှင့် အသားလှပစွာ ရောယှက်နေပြီး လင်းယွဲ့သည် အဆီကိုမကြိုက်သော်လည်း အဆီများကိုဆီချက်ချက်ရန်နှင့် အသားဖတ်များကို စားရန်စီစဉ်ထားသည်။
"ဒါက ၅ကတ်တီကျော်တယ်၊ အကုန်ယူမှာလား"
အသားသည်က ရှေ့တွင်ရပ်နေသော ပိန်ပိန်ပါးပါး၊ အဝတ်အစား ဟောင်းနွမ်းနေသည့် မိန်းကလေးနှင့် သူမလက်ကိုကိုင်ထားသော ကလေးငယ်နှစ်ဦးကိုကြည့်ပြီး အံ့အားသင့်သွားသည်။
‘ပိုက်ဆံ ရှိပါ့မလား’
"ဟုတ်တယ်၊ အကုန်ယူမယ်"
ဤစကားကြောင့် ပတ်ဝန်းကျင်မှဝယ်သူများမှာ အံ့အားသင့်သွားကြသည်။ ပုံမှန်ဆိုလျှင် ဝက်သားကိုစိတ်ကြိုက် ရွေးချယ်ပြီးမှ တစ်ကတ်တီခန့်သာဝယ်လေ့ရှိကြရာ လူတစ်ယောက်ကမနာလိုစွာ ပြောသည်။
“ပွဲလမ်းသဘင်လည်း မဟုတ်ဘဲ ဝက်သား ၅ကတ်တီကို တန်းဝယ်တဲ့သူက ဘယ်သူများလဲ”
"ကောင်မလေး ဖယ်ပေးစမ်းပါ၊ ဝယ်နိုင်မှာမို့လို့လား"
"ဟေ့ ပိုက်ဆံမရှိတာ ရှင်လေ"
လင်းယွဲ့မှာ ဟန်ဆောင်နေမည်မဟုတ်ချေ။ သူမသည် အိတ်ထဲမှကြေးပြားများကိုထုတ်လိုက်ရာ လူများ တိတ်ဆိတ်သွားကြသည်။ ထိုအချိန်တွင် ဝဝကစ်ကစ်အမျိုးသမီးတစ်ဦး ဘေးနားမှလျှောက်လာသည်။
"အိုး ညီမရဲ့လျံဖန်းတွေက တကယ် အရသာရှိတာပဲ"
"မိန်းမ"
အသားသည်က သူ့ဇနီးကိုငေးကြည့်လိုက်သည်။ ထိုအမျိုးသမီးက အသားသည်၏ဇနီးဖြစ်နေကာ ရယ်မောရင်း
"ခုနက ငါစားလိုက်တဲ့လျံဖန်းကို သူလုပ်တာလေ၊ ငါ ထပ်ဝယ်မလို့သွားကြည့်တော့ ကုန်သွားပြီ"
"ဟုတ်ပါတယ်၊ မြေရှင်ဝမ်က ဝယ်သွားတာပါ"
လင်းယွဲပြုံးလျက် ခေါင်းညိတ်လိုက်သည်။ အသားသည်မှာလည်း မတွေဝေတော့ပေ။ မြေရှင်ဝမ်ကိုယ်တိုင် လျံဖန် ဝယ်စားသည့်အတွက် သူမမှာပိုက်ဆံ တကယ်ရှိသည်ဟု ယုံကြည်သွားသည်။ သူသည် အနည်းငယ်အနေရခက်စွာ ပြုံးလိုက်ပြီး လင်းယွဲညွှန်ပြထားသော ဗိုက်သားကို ချလိုက်၏။
"၅ကတ်တီနဲ့ ၄တေးရှိလို့ ၈၁ပြားကျမယ်၊ ပြား၈၀ပဲ ယူလိုက်မယ်"
အသားသည်က ဝက်အူများထဲလက်နှိုက်ပြီး ဝက်နှလုံးတစ်လုံးကိုပါထည့်ပေးလိုက်သည်။ လင်းယွဲ့ခေါင်းခါလိုက်၏။
"ကျွန်မကို ဝက်အူပဲပေးပါ"
အသားသည်မှာ အံ့အားသင့်သွားသည်။ ထိုခေတ်က ဝက်နှလုံးမှာ ဝက်အူထက် ပိုတန်ဖိုးရှိ၏။ သို့သော် ဝယ်သူက အရှင်သခင်ဖြစ်သည့်အတွက် သူသည် ဝက်အူအားလုံးကို ထုတ်ပေးလိုက်၏။
"ညီမလေး မင်းကတော်လိုက်တာ၊ မြေရှင်ဝမ်က မင်းရဲ့လျံဖန်ကိုချီးကျူးမဆုံးဖြစ်နေတာလေ၊ ဝမ်ချွမ်ကိုတောင် မင်းကြောင့် ရောင်းလိုက်တယ်လို့ကြားတယ်"
"မြိုတော်ကအရာရှိရဲ့သမီးကတောင် မင်းကိုအစ်မလို့ခေါ်တယ်ဆို တကယ်ကို တော်တာပဲ၊ ဒါပေမဲ့ ငါကတော့ လျံဖန်က အရသာရှိတယ် တစ်နေ့ကျရင် နာမည်ကြီးလာမှာပဲလို့ထင်ပြီးသား"
ဝက်သားသည်၏ဇနီးက စကားစမြည် ပြောလာသည်။ လင်းယွဲ့သည် ပိုက်ဆံပေးရင်း ပြန်ပြောလိုက်၏။
"အစ်မက တကယ်ကိုမျက်စိရှင်ပါတယ်၊ ကျွန်မတိုဆိုင်ကို စပြီးသတိထားမိတာလည်း အစ်မပဲ၊ စပြီး ဝယ်စားတာလည်း အစ်မပဲ၊ အစ်မက အရသာကို ခွဲခြားတတ်တဲ့သူပါ"
"အိုး မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"
ထိုအမျိုးသမီးမှာ ဝမ်းသာလွန်း၍ ပန်းပွင့်လေးလို လှုပ်ရမ်းနေတော့၏။ ပတ်ဝန်းကျင်ရှိလူများမှာလည်း လင်းယွဲကို အံ့အားသင့်စွာဖြင့်ကြည့်နေကြသည်။
"သူက လျန်ဖန်လုပ်တဲ့သူလား အရမ်း ငယ်တာပဲ"
"အဒေါ်ကြီး တစ်ယောက်ယောက်ဖြစ်မယ် ထင်နေတာ"
"အဲ့ဒီလျန်ဖန်ကို နောက်တစ်ခါလာရင် မဖြစ်မနေဝယ်စားရမယ်"
"သူက မာရန်ရွာမှာနေတာလေ၊ ဘယ်အချိန်မဆို ဝယ်လို့ရတယ်၊ မင်းတိုမှာ ပိုက်ဆံလောက်အောင်သာ ယူလာခဲ့"
လင်းယွဲကို ခုနကတွန်းထုတ်ရန် ကြိုးစားခဲ့သူမှာ ရှက်ရွံစွာဖြင့် နောက်ဆုတ်သွားသည်။ သူမက ဝက်သား ၅ကတ်တီမဝယ်နိုင်ပေ။
‘ငါက တစ်ကတ်တီဝယ်ဖူးတာနဲ့ ဘာတွေ ဂုဏ်ယူနေမိတာလဲ’
လင်းယွဲ့သည် အသားများကို ကုတန်၏ခြင်းတောင်းထဲသို ထည့်လိုက်သည်။ ကုတန်က ရင်ကော့လိုက်ပြီး "ချိုမြိန်သော ဝန်ထုပ်ဝန်ပိုး"ဆိုတာ ဘာလဲဆိုသည်ကို ပထမဆုံးအကြိမ်ခံစားလိုက်ရ၏။ သူသည် အလေးအပင်များကိုထမ်းထားသော်လည်း နှလုံးသားထဲတွင်မူ ပျော်ရွှင်မှုများပြည့်နှက်နေ၏။ မွန်းလွဲချိန်ရောက်ပြီပင်။
လင်းယွဲ့မှာ အသားပေါက်စီများရှိနေသော်လည်း တခြားအစားအစာများကိုလည်း စမ်းသပ်ကြည့်ချင်သည်။ အနံ့မွှေးမွှေးလေးတစ်ခု ရလာ၏။ ဇီရာနံ့ သင်းနေသော သိုးသားအနံ့ဖြစ်သည်။ ယခင်ခေတ်က ဇီရာမှာ အလွန်တန်ဖိုးကြီးသော်လည်း တာ့ယုံမင်းဆက်တွင် လက်အောက်ခံနိုင်ငံများ များပြားလာသဖြင့် ဇီရာမှာ ဈေးနှုန်းသက်သာလာခဲ့သည်။ သို့သော် ဤရွာလေးတွင် ဇီရာနံ့ကိုရလိမ့်မည်ဟု လင်းယွဲ့မထင်ထားခဲ့ချေ။ ၎င်းမှာ ဟူပင်းဖြစ်ပြီး အထဲတွင် သိုးသား၊ ဇီရာ၊ ဆားနှင့် ကြက်သွန်မြိတ်တို့ ပါဝင်သည်။ မုန့်နှစ်ဖြူထဲသို့ သိုးသားကိုထည့်ကာ အလယ်တွင်ပိတ်လိုက်ပြီး မုန့်လှိမ့်တံဖြင့်ပြန့်အောင် လှိမ့်လိုက်၏။ အပေါ်တွင် နှမ်းများဖြူးထားသည်။ အဘိုးအိုက လက်ကိုစိုစွတ်အောင်လုပ်ပြီး မုန့်များကို မီးဖိုထဲသို တိုက်ရိုက်ကပ်လိုက်သည်။ မီးဖိုမှထွက်လာသည့် မုန့်ပူပူများကို သံညှပ်ဖြင့် ညှပ်ယူပြီး မီးဖိုဘေးတွင်စီထားသည်။
"လေးခု မဟုတ်ဘူး၊ ငါးခုပေးပါ"
လင်းယွဲ့က ထင်းခုတ်သမားကိုသတိရသွားသည်။ ထိုသူ့ထံနေ့လယ်စာပါလာမည်မဟုတ်သဖြင့် သူ့ကို တစ်ခုပေးရမည်။
"ရတယ်လေ"
အဘိုးအိုက သံညှပ်ဖြင့် ငါးခုကိုညှပ်ပေးလိုက်သည်။
"စုစုပေါင်း ၁၅ပြား၊ ကျေးဇူးတင်ပါတယ်"
ဤဈေးနှုန်းမှာ ဝက်ဗိုက်သားတစ်ကတ်တီဈေးနှင့် ညီမျှနေသည်။ ဝယ်သူ အနည်းငယ်သာရှိသည်မှာ မဆန်းတော့ပေ။ ကုတန်၏လက်များမှာလည်း တုန်ယင်နေတော့သည်။