← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

Ch-29

လင်းယွဲ့ တစ်ကိုက် ကိုက်လိုက်ရာ အပူရှိန်ကြောင့် ပါးစပ်တစ်ခုလုံး ထုံကျင်သွားတော့သည်။ သူမသည် ပါးစပ်ထဲမှ မုန့်ကို အအေးခံရန် အလျင်အမြန် လှုပ်ရှားလိုက်၏။

'မွှေးလိုက်တာ'

သိုးသားမှာ နူးညံ့ပြီး အရည်ရွှမ်းကာ အသားရည်များမှာ ပါးစပ်ထဲတွင် အရသာများဖြင့် ပြည့်နှက်သွားပြီး အဆာပလာများကို စနစ်တကျ ပြင်ဆင်ထားသဖြင့် ဇီရာနံ့သင်းသော ဟင်းခတ်အနှစ်များမှာ သူမ၏အရသာခံ အာရုံကို လှုပ်ခတ်စေ၏။ မုန့်ဖုတ်ဖိုမှ မီးခဲရနံ့၊ ထင်းရှူးရနံ့တို့နှင့်အတူ ပေါင်းစပ်သွားသည့်အခါ အရသာရှိသဖြင့် အလွန်ပင်တန်လှပါသည်။ တာ့ယာနှင့် ကုတန်တို့၏မျက်လုံးများမှာလည်း ဝိုင်းစက်သွားပြီး မည်မျှပင်ပူနေပါစေ၊ သူတို့ စားခြင်းကို မရပ်တန့်နိုင်ကြပေ။ ကုတန်သည် ခြေဖျားထောက်ကာ အဝေးသို့လှမ်းကြည့်ပြီး သူတို့ဆိုင်ဟောင်းနေရာနှင့် မဝေးတော့ကြောင်း သိလိုက်ရာ သူသည် မုန့်ကိုကိုင်ကာ ကုတာ့ဖူဆိုင်သို့ပြေးသွားပြီး မုန့်ကိုတစ်ကိုက်ပြီး တစ်ကိုက်စားပြလိုက်သည်။

"မရီး ကျွန်တော့်ကိုစောင့်ဦး"

"ဒီမုန့်က အရမ်းအရသာရှိတာပဲ၊ ထန်ဟူလူထက်တောင် ပိုကောင်းသေးတယ်၊ တချို့လူတွေကတော့ မစားရဘူး ဟဲဟဲ"

"ဝူးဝူး ဒီမုန့်ကို တစ်ခါမှမစားဖူးဘူး၊ အဖေ သားလည်းစားချင်တယ်"

"စား စား စား သူများခွေးချေးစားရင် မင်းပါလိုက်စားမှာလား"

သူတို့၏ရန်စမှု အောင်မြင်သည်ကိုမြင်သောအခါ ကုတန်မှာ ရယ်မောရင်း ပြန်လာခဲ့သည်။ တာ့ယာက နဖူးကို လက်နှင့်အုပ်လိုက်၏။ အရင်ဘဝကဆိုလျှင် ကုတန်မှာ တိတ်ဆိတ်ပြီး အလုပ်ကြိုးစားသူဖြစ်ခဲ့၏။ သူ၏ဤမျှ ကလေးဆန်သောဘက်ကို သူမတစ်ခါမှ မမြင်ခဲ့ဖူးပေ။ လင်းယွဲ့သည် သစ်ခုတ်သမားကိုရှာနေစဉ် သူနှင့်တိုးသွားတော့သည်။

"ညီမ ငါက ညီမကိုလိုက်ရှာနေတာ"

ဝမ်တာ့ကျန်းက လျံဖန်းအကြောင်း ကြားထားပြီး ထင်းများလည်းကုန်သွားသဖြင့် လင်းယွဲ့တို့နှင့်အတူ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်၏။

"ခုနက ညီမပိုက်ဆံအများကြီး ရသွားတာ လူတွေအများကြီး မြင်သွားတယ်၊ ဈေးသိမ်းပြီးမှပြန်ရင် အန္တရာယ်ရှိတယ်၊ သူခိုးတွေ ဓားပြတွေလက်ချက်နဲ့ ပိုက်ဆံအလုခံရနိုင်တယ်လေ၊ ငါ့ထင်းတွေလည်းကုန်ပြီဆိုတော့ အိမ်ပြန်ကြစို့"

သူရှင်းပြလာရာ လင်းယွဲ့သည် သူ့ကို မုန့်တစ်ချပ်ကမ်းပေးလိုက်သည်။

"ကောင်းပါပြီ၊ ဒီနေ့ စားပွဲခုံအတွက် ကျေးဇူးတင်ပါတယ်"

သစ်ခုတ်သမားမှာ အနည်းငယ် တွန့်ဆုတ်နေသော်လည်း နောင်တွင်လည်း ဆက်လက်ဆက်ဆံရဦးမည်ဖြစ်၍ လက်ခံလိုက်၏။ သူသည် တစ်ဝက်သာစားပြီး ကျန်တစ်ဝက်ကို အင်္ကျီရင်ဘတ်ထဲထည့်လိုက်ကာ ရှက်ရွံ့စွာ ပြုံးပြသည်။

"ကျန်တဲ့တစ်ဝက်က ငါ့မိန်းမအတွက်ပါ"

သူတို့သည် ပထမဆုံး လင်းယွဲ့ဆိုင်သို့သွားကာ စားပွဲခုံကိုလှည်းပေါ်တင်ပြီး ရေအိုးရောင်းသူနှင့်အတူ ပြန်လာခဲ့ကြသည်။ ဝမ်တာ့ကျန်းက စကားစလိုက်သည်။

"ဒီလမ်းမှာဆို သတိထား၊ လူကုန်ကူးသူတွေ ရှိတတ်တယ်"

၎င်းမှာ နင်ယွဲ့မြို့နယ်မှထွက်လာပြီး ၁၅ မိနစ်ခန့်အကြာတွင် ရောက်ရှိသော

ရွာလမ်းဖြစ်၏။ ရေအိုးသယ်သူ အမျိုးသားက ထောက်ခံပြောဆိုလိုက်သည်။

"ရှီထိုင်မှာတုန်းက လူပြက်တစ်ယောက်ကို တွေ့ဖူးတယ်၊ သူတို့မှာ သီချင်းဆိုနိုင်တဲ့ ခွေးတစ်ကောင်ရှိတယ်တဲ့၊ နောက်မှသိရတာက အဲဒါလူပဲ၊ လူကုန်ကူးသူတွေက ကလေးတွေကိုဖမ်းပြီး 'လူခွေး' ဖြစ်အောင်လုပ်ထားတာ၊ အဲဒါ တကယ်ကို စက်ဆုပ်ရွံရှာစရာပဲ၊ ကလေးတွေ အများကြီးသေခဲ့ကြတာလေ"

"ကျွန်တော်သိသလောက်တော့ ကလေးတွေကိုဖမ်းပြီး အမှောင်ခန်းထဲမှာ ရောင်းစားတဲ့သူတွေလည်းရှိတယ်၊ တကယ့်ကို အသက်ရှင်ရတာငရဲလိုပဲ"

သစ်ခုတ်သမားကပြောလာရာ တာ့ယာနှင့်ကုတန်တို့မှာ ကြောက်ရွံ့စွာဖြင့် လင်းယွဲ့ကို တင်းတင်းကျပ်ကျပ်ဖက်ထားကြ၏။ ရေအိုးသယ်သူ အမျိုးသားက ထောက်ခံပြောဆိုလိုက်သည်။

"နောက်တစ်ခါ ဈေးသွားရင် လူအများနဲ့ အတူတူသွားတာ အကောင်းဆုံးပဲ၊ ရွာထဲမှာ သူခိုးဖမ်းမိရင် ဝက်လှောင်အိမ်ထဲထည့်ပြီး ရေနစ်သတ်တာမျိုး ဒါမှမဟုတ် သစ်ပင်မှာကြိုးဆွဲချတာမျိုးတွေရှိပေမဲ့ ဒီလမ်းမှာဆိုရင်တော့ လူဆိုးကိုရှာဖို့ ခက်တယ်"

အိမ်ပြန်ရောက်သောအခါ ကုတန်သည် ကြက်မကြီးကို လှောင်အိမ်ထဲထည့်လိုက်၏။ လင်းယွဲ့သည် အိမ်ထဲထား,ထားသော ရေအိုးကိုမြင်ရသောအခါ ပျော်ရွှင်သွားပြီး ရေပုံးနှစ်ပုံးကိုယူကာ မြစ်ဆီသို့သွား၍ ရေခပ်သော်လည်း ရေပုံးများမှာ အလွန်လေးလံလှသဖြင့် တစ်ဝက်ခန့်သာခပ်နိုင်ပြီး လဲကျလုနီးပါးပင်။

"သမီး ကူပေးမယ်"

တာ့ယာနှင့် ကုတန်တို့ကူညီပေးသဖြင့် ၇ ခေါက်၊ ၈ ခေါက်ခပ်ပြီးနောက် ရေအိုး ပြည့်သွားသည်။ လင်းယွဲ့သည် မြေပြင်ပေါ်သို့လဲကျသွားပြီးနောက် တစ်ခုခုကို တွေးမိလိုက်သည်။

"အိမ်သာ"

သူမအိမ်သာအတွက် အသုံးပြုရန်တွေးမိလိုက်သည်။ သစ်သားပုံးတစ်လုံးပိုနေသည်ပင်။ ၎င်းကို မြေကြီးထဲမြှုပ်ပြီး အမိုးကာသုံးလိုက်ပါက ပိုလုံခြုံပေမည်။ ပြီးလျှင် စွန့်ပစ်ပစ္စည်းများကိုလည်း မြေဩဇာအဖြစ်သုံးနိုင်သေး၏။ လင်းယွဲ့သည် ဤအကြံအစည်အတွက် အလွန်ကျေနပ်နေသည်။ သူမသည် ပေါက်တူးကိုယူကာ အိမ်နောက်တွင် တွင်းတူးရန် ပြင်ဆင်လိုက်သည်။

နေဝင်ချိန်ရောက်သောအခါ သူမ ဝက်သားကို ချက်ပြုတ်တော့၏။ ၎င်းမှာ သဘာဝအတိုင်းကြီးထွားလာသော ဝက်မည်းသားဖြစ်ပြီး သူမဖခင်ပြောပြဖူးသည့် ကလေးဘဝက ဝက်သားအရသာကို သူမပြန်တွေးမိသွား၏။ ထိုအချိန်က ဝက်သားကိုချက်လိုက်လျှင် မိုင်ပေါင်းများစွာ အနံ့ပျံ့လွင့်ကာ အလွန်အရသာရှိပြီး ဝါးရကောင်းသည်ဟု ပြောဖူးသည်။ ဝက်မည်းသား၏ အရသာကို သူမမြည်းစမ်းကြည့်ချင်နေပြီ ဝက်မွှေးများကို လောင်ကျွမ်းအောင် မီးရှို့ကာသန့်ရှင်းလိုက်၏။ ထို့နောက် အဆီများကိုခွဲခြားကာ ဆီချက်,ချက်လိုက်သည်။တကယ့်ကို မွှေးပြီး ဝက်သား၏ထူးခြားသောအနံ့မှာ လင်းယွဲ့နှာခေါင်းထဲသို့ တန်းတန်းမတ်မတ်ဝင်ရောက်လာ၏။

ကုဝူရှန်းအိမ်တွင် ကုဝူရှန်းက မျက်နှာထားတင်းမာစွာဖြင့်

"ငါကြားတာတော့ ဟိုမိန်းမက ဝက်သားတွေ အများကြီးဝယ်လာတယ်ဆို"

All Chapters