အခန်း ၃၀
Vol. 3 Ch. 30
Ch-30
ကုဝူရှန်းမှာ ယနေ့ ဈေးသို့မသွားဖြစ်ပေ။ သို့သော် ကုတာ့တျန်ထံမှတစ်ဆင့် လင်းယွဲ့ အမြတ်များစွာရရှိခဲ့ပြီး အလွန်ကြီးမားသော ဝက်ဗိုက်သားကြီးကို သယ်လာကြောင်းကြားသိလိုက်ရသည်။ ထိုအသားတုံးထဲမှ အဆီများကိုသာချက်လျှင် အိုးတစ်လုံးစာဆီရလိမ့်မည်။
ကုတာ့တျန်က သူ့ကိုစနောက်ကာဆိုလိုက်သည်။
"သူမက ပိုက်ဆံမပေးရင်တောင် အသားတုံးကြီးတော့ ပေးသင့်တယ် မဟုတ်လား၊ ငါက အသားမစားရတာ ခြောက်လကျော်ပြီ၊ အသားအရသာက ဘယ်လိုလဲဆိုတာ ငါ့ကိုပြောပြဦး "
"ထွက်သွားစမ်းပါ"
ကုဝူရှန်း စကားလမ်းကြောင်းလွှဲလိုက်သည်။
"ခုနကပဲ မင်းအိမ်ဘက်က အသားနံ့တွေ ရလိုက်သေးတယ်၊ ဘယ်လိုအရသာရှိလဲဆိုတာတောင် မပြောပြဘူး"
ကုတာ့တျန်က ပုခုံးတွန့်ကာဆိုသည်။
"ငါ့အိမ်က မိသားစုမခွဲရသေးတော့ ငါ့သဘောမဟုတ်ဘူးလေ၊ ငါ့မှာဝိုင်တစ်ပုလင်းဝှက်ထားသေးတယ်၊ ဒီညသာ အသားရရင် မင်းအိမ်ကို ဝိုင်ယူလာခဲ့မယ်"
"မလိုပါဘူး"
ကုဝူရှန်းမှာ စိတ်ဝင်စားမိသော်လည်း မိသားစုခွဲသည့်နေ့က ဖြစ်ပျက်ခဲ့သည့် အရှက်ရဖွယ်ကိစ္စများကို ပြန်တွေးမိသည်။ လင်းယွဲ့အနေဖြင့် သူ့မိသားစုကို အသားလုံးဝပေးလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဟန်ဆောင်ကာ သူပြောလိုက်၏။
"သူမက ကလေးမလေးပဲ၊ အခုမှပဲ အသားလေး ဝယ်နိုင်တာ၊ သူ့ကိုသွားမလုချင်ပါဘူး"
ကုတာ့တျန်က မျက်မှောင်ကြုတ်ကာ တီးတိုးပြောလိုက်သည်။
"ဟေ့ သူမငွေတွေအများကြီးရခဲ့တယ်ကြားတာပဲ၊ ရွှေတေးတစ်တောင်တဲ့"
*ဟမ်*
ကုဝူရှန်း မျက်လုံးလှန်လိုက်သည်။
"ရွှေတေးတစ်ထောင် ဟုတ်လား၊ အဲလောက်များရင် သူမ ဒီကိုရောက်ခါစက ငတ်သေလုနီးပါးဖြစ်စရာလိုသေးလို့လား"
ကုတာ့တျန်က ခေါင်းကုတ်လိုက်သည်။
"တခြားသူတွေပြောတာ ကြားမိတာပါ၊ မြို့တော်က သခင်လေးတစ်ယောက်က အလှပဂေးတစ်ယောက်ကို အပြုံးတစ်ခုအတွက် ရွှေတေးတစ်ထောင် ပေးလိုက်တယ်ဆိုပဲ"
"ဘယ်သူက အလှပဂေးလဲ"
"မင်းရဲ့တူမိန်းမလေ"
"သူတို့မျက်စိကန်းနေကြတာလား၊ အဲလောက်ထိတော့ မယုံနိုင်စရာပဲ၊ ကြည့်ပါဦး ဒုက္ခသည်တစ်ယောက်လို ပိန်လှီနေတာကို အလှပဂေးတဲ့လား၊ တော်တော် စိတ်ပျက်စရာကောင်းတဲ့သတင်းပဲ"
ကုတာ့တျန်လည်း သတင်းမှာ လွန်ကဲနေမှန်းသိသဖြင့် မယုံတဝက် ယုံတဝက် ဖြစ်သွားကာ အတည်ပြုလာ၏။
"ဒါပေမဲ့ သူမ ဝက်သားအများကြီးဝယ်တာတော့ အမှန်ပဲ၊ တစ်ယောက်ယောက်က သယ်ပေးတာတွေ့လိုက်တယ်၊ အဲဒီအိုးကြီးထဲမှာ အနည်းဆုံး ၂၀ သို့မဟုတ် ၃၀ကတ်တီလောက်ရှိမယ်"
"တကယ်လား"
"ဟေ့ ၂၀ သို့မဟုတ် ၃၀ကတ်တီဝယ်ထားပြီး မင်းတို့ကို တစ်ကတ်တီတောင်မပေးဘူးဆိုရင်တော့ မတရားဘူး မဟုတ်လား"
ကုတာ့တျန်က သွေးထိုးလိုက်သည်။
"သူတို့တွေကို နေစရာပေးခဲ့တာ မင်းတို့မဟုတ်ဘူးလား၊ အသားတစ်ကတ်တီလောက်တောင် မပေးရင်တော့ တကယ့်ကို မတရားတာပဲ"
ကုဝူရှန်းမှာ စိတ်လှုပ်ရှားလာသည်။ သူတို့သာ လက်မခံခဲ့လျှင် လင်းယွဲ့တို့မှာ တောထဲတွင် မြေမြှုပ်ခံရပြီးသားဖြစ်နိုင်၏။ အိမ်ပြန်ရောက်သောအခါ သူ့အတွေးများမှာ ပို၍ဆူပွက်လာချေသည်။
‘သူ အသားမစားရတာ ဘယ်လောက်ကြာပြီလဲ’
"အမေ"
ကုဝူရှန်းက အဘွားကုကို ဖိအားပေးလိုက်သည်။
"သူမက အသားတွေအများကြီးဝယ်ထားတာ၊ လူကြီးမိဘတွေကို စားစရာလေးတောင် မပေးဘူးလား၊ အမေ့ကို တစ်တုံးတောင် မပေးဘူးလား၊ သူမမှာ လူ့စိတ်ရော ရှိသေးရဲ့လား"
အဘွားကုမှာ လင်းယွဲ့ကို အနည်းငယ် ကြောက်နေမိသည်။ သူမကြောင့် နှစ်ကြိမ်၊ သုံးကြိမ် ရှုံးနိမ့်ခဲ့ရသည်မဟုတ်လော။
"မိသားစုက ခွဲပြီးသားပဲ၊ ဘာကိစ္စ သားသမီးဝတ္တရားတွေ ပြောနေရတာလဲ"
သူမက ရှောင်ဖယ်နေ၏။ သို့သော် ကုဝူရှန်း၏အသနားခံသံကြောင့် သူမလည်း စိတ်ပြောင်းသွားသည်။
"ကောင်းပြီ ငါသွားမေးကြည့်မယ်"
သူမသည် လီချွမ်းနီကိုခေါ်ကာထွက်သွားရာ အဒေါ်ကုကလည်း ကြားလိုက်သဖြင့် လိုက်လာသည်။
"ငါလည်း လိုက်မယ်၊ အဲဒီအိမ်က ငါတို့မိသားစုကခွဲလာတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုတစ်တုံးပေးရမယ်"
အပြင်ထွက်လိုက်သောအခါ လင်းယွဲ့ အသားတုံးကိုကိုင်ကာ ခြံထဲဝင်လာသည်ကို တွေ့လိုက်ရသည်။
"ဒီကလေးမလေးက တော်တော် အလိုက်သိတာပဲ၊ သိတတ်တာ တော်ပါသေးတယ်၊ အသားတွေ ပေးပေး"
အဘွားကုပြုံးကာ အသားတုံးကိုစိုက်ကြည့်နေပြီး ပါးစပ်မှ တံတွေးများစီးကျလာပြီး အသားကို လှမ်းယူလိုက်ရာ လင်းယွဲ့ပြုံးလျက် ကိုယ်ကိုလှည့်လိုက်သဖြင့် အဘွားကုလက်မှာ လေထဲတွင်သာ ကျန်ရစ်ခဲ့သည်။
"ကောင်းလိုက်တာ၊ ငါလည်း အသားမစားရတာ ကြာပြီ၊ မြန်မြန် ပေးစမ်း"
အဒေါ်ကုကလည်း အော်ပြောကာ အသားကို လုယူရန်ပြင်ရာ လင်းယွဲ့ဘေးသို့ ရှောင်လိုက်ပြီး ဘေးအိမ်ကို လှမ်းအော်လိုက်သည်။
"ဒုတိယအဒေါ်"
"အေး ဘာတုန်း"
ဒုတိယအဒေါ်ထွက်လာရာ လင်းယွဲ့က အသားကို ကမ်းပေးလိုက်သည်။
"ဒီအသားကို ဒုတိယဦးလေးနဲ့ ကလေးတွေအတွက် ယူထားလိုက်ပါ"
"ဟမ် ဒါ ဒါကဖြစ်ပါ့မလား"
ဒုတိယအဒေါ်မှာ အံ့ဩသွားပြီး သူမလက်များကို အမြန်သုတ်လိုက်သည်။
"ဖြစ်တာပေါ့၊ ကျွန်မ ဒီကိုစရောက်တုန်းက ဒုက္ခရောက်နေချိန်မှာ မုန့်တစ်ချပ်နဲ့ ဆန်အိတ်လေးပေးခဲ့တာ ကျေးဇူးတင်လို့ပါ"
လင်းယွဲ့ပြုံး၍ ဆိုသည်။ ဒုတိယအဒေါ်၏မျက်လုံးများ နီရဲသွားသည်။ သူမသည် ဆင်းရဲဒုက္ခများကို ကြုံတွေ့နေရသူဖြစ်ပြီး ကုတာ့ဖူက မိသားစုခွဲရာတွင် လယ်မြေတဝက်သာပေးခဲ့သဖြင့် သူတို့မှာ အမြဲလိုလိုဆာလောင်နေခဲ့ရသည်။ ထို့ကြောင့် အသားကိုမြင်သောအခါ သူမ မငြင်းနိုင်တော့ဘဲ လက်ခံလိုက်၏။
"နောက်ဆိုရင် ပရိဘောဂတွေလိုရင် ငါ့ယောက်ျားကို ပြောလိုက်၊ သူ လုပ်ပေးလိမ့်မယ်"
အဒေါ်ကုက အော်ဟစ်လိုက်သည်။
"ဟေ့ ဒါ မမှန်ဘူးလေ၊ သူမက နင့်ကို မုန့်တစ်ချပ်ပဲပေးတာ၊ ငါတို့က အိမ်နဲ့ ဆန်တွေပေးခဲ့တာ၊ ငါ့ကို နှစ်ကတ်တီပေးစမ်း"
လင်းယွဲ့ ရယ်မောလိုက်ပြီး အေးဆေးပင် ပြောလိုက်သည်။
"အဒေါ်က ဝမ်သခင်ကြီးကို တို့ဟူးတွေ ရောင်းပြီး ငွေ ၄၊ ၅တေးရတယ် မဟုတ်လား"
"ဘာ နင် ဘာတွေလျှောက်ပြောနေတာလဲ၊ ငါ တစ်ပွဲမှမရောင်းရဘူး"
"အော် ဒါဆိုရင် ကျွန်မကို တို့ဟူးသုံးတုံးလောက်ပေးပါလား၊ စားချင်လို့"
"ဘာလို့ ပေးရမှာလဲ၊ နင် ဘာမှတ်နေလဲ၊ အိပ်မက် မက်နေတာလား"
"ကိုယ်ပြောတာကိုယ်ယူ"
"ဟမ်"
"အဒေါ်ပြောတဲ့စကားကိုပဲ အဒေါ့်ဆီ ပြန်ပေးတာလေ၊ ကျွန်မကို အသားပေးခိုင်းတာ ဘယ်သူလဲ၊ အိပ်မက် မက်နေတာလား"
"သေစမ်း"
ရန်ပွဲတွင် မည်သူကပိုဆဲနိုင်သလဲဆိုသည်ထက် မည်သူက စိတ်ထိန်းနိုင်သလဲဆိုသည်မှာ ပိုအရေးကြီးသည်။ အဒေါ်ကုမှာ ဒေါသထွက်လွန်း၍ အဆုတ်များ ပေါက်ထွက်တော့မတတ် ဖြစ်နေလေတော့၏။