အခန်း ၃၃
Vol. 4 Ch. 33
Ch-33
မမျှော်လင့်ဘဲ ဝမ်အာ့မေက လင်းယွဲ့ကို ရှာဖွေလာခဲ့သည်။ လင်းယွဲ့က သူမဆိုင်သိမ်းနေချိန်တွင် ဝမ်အာ့မေက ရှက်ရွံ့စွာဖြင့် မြည်းစမ်းရန်အတွက် လျံဖန်း အတုံးငယ်နှစ်တုံးကို ကောက်ယူလိုက်၏။ သူမလက်များမှာ ပွတ်သပ်နေပြီး လင်းယွဲ့ကို မဝံ့မရဲကြည့်နေကာ စကားပြောရန် အခက်အခဲဖြစ်နေပုံရ၏။
"ဘာဖြစ်လို့လဲ"
လင်းယွဲ့ မေးလိုက်သည်။
"ကျွန်မ ရှင်"
ဝမ်အာ့မေက စကားပြောရန်တုံဆိုင်းသွားပြီးမှ ဆုံးဖြတ်ချက်ချလိုက်သည်။
"ဒီရက်ပိုင်းအတွင်း လျံဖန်းတွေကျွေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ရှင်က လျံဖန်းတွေရောင်းဖို့ ရွာပေါင်းစုံ လှည့်ပတ်နေရတာ တွေ့မိလို့ပါ"
သူမပြောလာသည်။ ဝမ်အာ့မေမျက်ဝန်းများထဲတွင် အရောင်တစ်ခု တောက်လာသည်။
"လျံဖန်းက လန်းဆန်းပြီး ရေငတ်ပြေစေတယ်၊ အနီးနားမှာ လမ်းမကြီးရှိတယ်၊ အဲဒီနေရာမှာ သွားရောင်းရင် အကျိုးအမြတ်ပိုရနိုင်သလို ဒီလောက်လည်း ပင်ပန်းခံပြီး လှည့်ပတ်နေစရာမလိုတော့ဘူး"
လင်းယွဲ့မှာ ဤအချက်ကိုမသိခဲ့ပေ။
"အော် ကျွန်မစကားလွန်သွားလား"
ဝမ်အာ့မေမျက်ဝန်းမှအရောင်မှာ ချက်ချင်း မှိန်သွားသည်။
"တောင်းပန်ပါတယ်၊ ကျွန်မက ရှင်တို့ကိုဘာလုပ်ရမယ်ဆိုတာ လာအမိန့်ပေးတာ မဟုတ်ပါဘူး"
"အစ်မ"
လင်းယွဲ့သည် သူမစိတ်မသက်မသာ ဖြစ်မှုကို ခံစားမိသဖြင့် နှစ်သိမ့်ဟန်ဖြင့်ပြုံးပြလိုက်သည်။
"အစ်မရဲ့အကြံဉာဏ်က တကယ်ကောင်းပါတယ်၊ ကျွန်မက လမ်းမကြီး ဘယ်နေရာမှာရှိမှန်း မသိတာပါ"
"ကျွန်မ လိုက်ပြပေးမယ်"
လင်းယွဲ့သည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ နေဝင်စပြုနေပြီ ဖြစ်သည်။
"ဒါဆို မနက်ဖြန်ကျရင် လိုက်ပြပေးပါမယ်"
ဝမ်အာ့မေက သဘောပေါက်သွားပြီး အမြန်ပြင်ပြောလိုက်သည်။
"ဒီနေ့တော့ နောက်ကျသွားပြီ"
"ဒါဆို မနက်ဖြန် မနက် ၇ နာရီ ဒီနေရာမှာပဲ ဆုံကြမယ်"
လင်းယွဲ့ ပြောလိုက်သည်။
"အစ်မ အချိန်ရပါ့မလား"
"ရပါတယ် ရပါတယ်"
ဝမ်အာ့မေခေါင်းညိတ်ပြလာသည်။ လင်းယွဲ့ပြုံးလျက် ခြင်းတောင်းထဲမှ လျံဖန်းတစ်တုံးကို ထုတ်လိုက်သည်။
"သတင်းကောင်းပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါလေး ယူသွားပါ"
ယခင်က သူမသည် အခြားရွာသားများ မနာလိုဖြစ်မည်ကို စိုးရိမ်သဖြင့် အလကားမပေးခဲ့ပေ။ သို့သော် ယခု ဝမ်အာ့မေက သူမကိုကူညီပေးခဲ့ပြီဖြစ်သဖြင့် ထိုသို့ပေးခြင်းမှာ မမှားချေ။ ဝမ်အာ့မေ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး လက်ကို ခါယမ်းကာ
"မလိုပါဘူး၊ ဒီရက်ပိုင်း လျံဖန်းမြည်းခွင့်ရတာတင် ကျေးဇူးတင်လှပါပြီ၊ ထပ်ယူရင် ကျွန်မ ဘယ်လိုမှလက်မခံနိုင်ပါဘူး"
သူမ ငြင်းဆိုလိုက်သည်။ ဝမ်အာ့မေ၏ သမီးလေးမှာ လျံဖန်းကို တမ်းတစွာငေးကြည့်နေသည်။ လင်းယွဲ့သည် အချိန်မဆွဲတော့ဘဲ ဝါးဓားဖြင့် အတုံးလေးများ လှီးကာ ပျားရည်ရည်ထဲထည့်ပေးလိုက်၏။ သူမသည် ဝမ်အာ့မေတစ်ယောက် အိမ်မှနှင်ထုတ်ခံရသဖြင့် ချက်ပြုတ်စရာအဆာပလာဘာမှမရှိတော့မှန်းသိသည်။ လမ်းမကြီးအကြောင်းဖြစ်စေ ထိုအကြောင်းမဟုတ်သည်ဖြစ်စေ လင်းယွဲ့သည် ဝမ်အာ့မေအား တတ်နိုင်သမျှကူညီလိုသည်။
"ကျွန်မ အကုန်လှီးပြီးသွားပြီ၊ ယူသွားလိုက်ပါ၊ အိမ်က ကလေးတွေက အချို မကြိုက်ဘူး၊ အစ်မ မယူရင်လည်း လွှင့်ပစ်လိုက်ရမှာပဲ နှမြောစရာကြီးလေ"
ဝမ်အာ့မေမျက်ဝန်းထဲမှ မျက်ရည်များစီးကျလာတော့သည်။ သူမသည် လင်းယွဲ့လက်ကို မထိမိအောင် သတိထားရင်း ပန်းကန်ကို ဂရုတစိုက်ယူလိုက်သည်။
"ကျေးဇူတင်ပါတယ် ကျေးဇူးတင်ပါတယ်"
သူမ ငတ်မွတ်နေသည်မှာကြာပြီဖြစ်သည်။ လင်းယွဲ့၏စေတနာကို သူမ ငြင်းဆန်စရာမရှိတော့ပေ။ ဝမ်အာ့မေသည် လျံဖန်းကို သမီးဖြစ်သူပါးစပ်ထဲ ထည့်ပေးလိုက်ရာ ကလေးမလေးမှာ ပြုံးလျက်ဆိုလာသည်။
"မေမေ အရမ်းချိုတာပဲ"
လင်းယွဲ့ အိမ်ပြန်ရောက်သောအခါ အိမ်ရှေ့တွင် ကလေးငယ်နှစ်ယောက်၊ သုံးယောက်မှာ ပေါင်းသင်နေသည်ကိုတွေ့ရသည်။ အသက် ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးတစ်ယောက်မှာ ဝါးတံနှင့် ချည်ထားသော ဘူးသီးခွံဖြင့် မြေဩဇာများကို ဟင်းသီးဟင်းရွက်ပျိုးပင်လေးများပေါ်သို့ လောင်းချနေ၏။ လောင်းပြီးသောအခါ သူက
“ငါ ၅ ခါ လောင်းပြီးပြီ”
ကုတန်ထံ ပြေးသွားပြီးပြောလိုက်၏။ ကုတန်က သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ပေးသည်။ ၎င်းမှာ လင်းယွဲ့မှ အဝတ်စုတ်များဖြင့် အထူးချုပ်ပေးထားသော အိတ်ကလေးဖြစ်၏။ ထိုအိတ်ထဲတွင် ဝက်ဆီဖတ်ကြော်များ ရှိပေ၏။ ကလေးငယ်မှာ ဝက်ဆီဖတ်ကြော်ကို ပါးစပ်ထဲထည့်ပြီး မျက်လုံးမှိတ်ကာ အရသာခံနေသည်။
"အရသာရှိလိုက်တာ၊ နောက်တစ်ခါ ထပ်လုပ်ဦးမယ်"
ပေါင်းသင်နေသော ကလေးများမှာ ပို၍ပင်အလုပ်ကြိုးစားနေကြသည်။
"မရီး"
ကုတန်က လင်းယွဲ့ကိုမြင်သောအခါ အနည်းငယ်ရှက်သွားပြီး သူသည် ကလေးများကို ပြန်လွှတ်လိုက်၏။
"ကျွန်တော်တို့ကြက်တွေအတွက် မြက်ရှင်းရင်း ပင်ပန်းလို့ ဝက်ဆီဖတ်ကြော် စားနေတာပါ၊ သူတို့ကလည်း တောင်းလို့ သူတို့ကိုအလုပ်ခိုင်းလိုက်တာ"
လင်းယွဲ့က သူတို့ကိုကြင်နာစွာအသာပုတ်ပေးလိုက်သည်။ တာ့ယာက ရှင်းပြလာ၏။
"သူတို့က ကျွန်မတို့ကို အမြဲ လှောင်ပြောင်နေကျဆိုပေမဲ့ ဝက်ဆီဖတ်ကြော် စားနေတာမြင်တော့ စိတ်ပြောင်းသွားပြီး စားချင်ကြတာ၊ အလကားပေးလို့ မရဘူးလေ၊ ဒါကြောင့် အလုပ်ခိုင်းလိုက်တာ"
"မင်းတို့လုပ်တာ မှန်တယ်၊ မကောင်းမှုကို ကျေးဇူးနဲ့တုံ့ပြန်ရင် ကျေးဇူးတရားကို ဘယ်လိုတုံ့ပြန်မလဲ၊ မကောင်းမှုကို တရားမျှတမှုနဲ့ပဲ တုံ့ပြန်ရမယ်၊ သူတို့ကို အလုပ်ခိုင်းလိုက်တာက မင်းတို့ရဲ့ သတ်မှတ်ထားတဲ့စည်းကိုပြလိုက်တာပဲ၊ တစ်ချိန်တည်းမှာပဲ သူတို့အတွက်လည်း သူငယ်ချင်းဖြစ်လာဖို့ အခွင့်အရေးရသွားတာပေါ့"
လင်းယွဲ့ သင်ပေးလိုက်သည်။
"သူငယ်ချင်း"
တာ့ယာမျက်လုံးများ တောက်ပလာသည်။ သူမတွင် သူငယ်ချင်းဟောင်း တစ်ယောက်ရှိခဲ့ဖူးသော်လည်း အခြေအနေအရ လမ်းခွဲခဲ့ရ၏။ ယနေ့တွင် သူမသည် လူဆိုးလေးများကို အလုပ်ခိုင်းကာ ပေါင်းသင်းရမည့်နည်းလမ်းကို သင်ယူလိုက်ရသည်။
"လာကြ ဖရဲသီးစားကြစို့”
လင်းယွဲ့သည် လေးခုမြောက်နှင့် ငါးခုမြောက်လော့ခ်ကိုဖွင့်လိုက်ပြီး ဖရဲသီးနှင့် အမဲသားငရုတ်သီးဆော့စ်ကိုထုတ်လိုက်သည်။
‘ပူပြင်းတဲ့နွေရာသီမှာ ဖရဲသီးတစ်စိတ်စားရတာထက်ကောင်းတာ ဘာရှိလို့လဲ'
ရှေးခေတ်တွင် ဖရဲသီးမှာ ရှားပါးပစ္စည်းဖြစ်၏။ လင်းယွဲ့၏ဖရဲသီးမှာ ခေတ်သစ်မှ စိုက်ပျိုးထားသည့်မျိုးကောင်းမျိုးသန့်ဖရဲသီးဖြစ်၍ အစေ့မပါ၊ အရည်ရွှမ်းပြီး အလွန်ချိုမြိန်လှသည်။ လင်းယွဲ့က ရေခဲသေတ္တာထဲမှ ဖရဲသီးကို ထုတ်ယူလိုက်ရာ အအေးဓာတ်မှာလွှမ်းခြုံနေဆဲပင်။ အိမ်ထဲရောက်သောအခါ အစိတ်စိတ်လှီးဖြတ်လိုက်သည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် ဖရဲရည်များမှာ ပါးစပ်ထဲတွင် ချိုမြိန်စွာဖြင့် ပျံ့နှံ့သွား၏။ ရှေးခေတ်ကာလတွင် ချိုသောအစားအစာမှာ သဲကန္တာရထဲမှစမ်းရေကဲ့သို့ ရှားပါးလှသည်။