← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

Ch-34

ကုတန်သည်် ဖရဲသီးတစ်စိတ်ကို မြန်မြန် စားပြီးနောက် နောက်တစ်စိတ်ကို ကောက်ကိုင်လိုက်ကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

"ကျွန်တော်တော့ ညစာမစားတော့ဘူး၊ ဖရဲသီးစားတာနဲ့တင် ဗိုက်ဝနေပြီ"

"ငါလည်း အတူတူပဲ"

"အဲဒီလိုလုပ်လို့ မရဘူးလေ"

လင်းယွဲ့ ရှင်းပြသည်။

"ဒီဖရဲသီးက ရေဓာတ်ပဲများတာ၊ ခဏလေးနဲ့ပဲ ဆီးသွားလိမ့်မယ်၊ နောက်ကျ အသားပေါက်ဆီတွေ စားရမယ်"

လင်းယွဲ့သည် မူလကငရုတ်ဆီကို ရွေးချယ်ချင်ခဲ့သည်။ သို့သော် ငရုတ်သီးများအပြည့်ပါနေသဖြင့် လူတွေက ဘာနှင့်လုပ်ထားမှန်း မေးမြန်းလာမည်ကို စိုးရိမ်မိ၏။ သို့သော် အမဲသားငရုတ်သီးဆော့စ်မှာမူ အနှစ်ပုံစံဖြစ်နေသဖြင့် ပါဝင်ပစ္စည်းများကို မြင်နိုင်မည်မဟုတ်ပေ။ နောက်တစ်နေ့တွင် လင်းယွဲ့သည် ဝမ်အာ့မေနှင့်အတူ မိနစ် ၂၀ခန့် လမ်းလျှောက်ပြီးနောက် လမ်းမကြီးသို့ ရောက်လာခဲ့သည်။

"ကျွန်မငယ်ငယ်ကတည်းက အဖေနဲ့အတူ ဒီနေရာမှာ လက်ဖက်ရည်လာရောင်းတာဆိုတော့ ဒီနေရာနဲ့အတော်လေး ရင်းနှီးပါတယ်"

ဝမ်အာ့မေက လက်ညှိုးထိုးပြရင်း ပြောသည်။

"ဟိုမှာ ကြည့်လိုက်"

ဝမ်အာ့မေ ညွှန်ပြရာဘက်သို့လှမ်းကြည့်လိုက်သောအခါ လင်းယွဲ့သည် ပျက်စီးယိုယွင်းနေသော လက်ဖက်ရည်ဆိုင်လေးတစ်ခုကို တွေ့လိုက်ရ၏။ သစ်သားတိုင် အနည်းငယ်ဖြင့် ဆောက်လုပ်ထားပြီး အဖြူရောင် အဝတ်စနှင့် ကောက်ရိုးမိုးထားသော ဆိုင်လေးဖြစ်သည်။ ဘေးတွင်စားပွဲခုံများနှင့် ကုလားထိုင်များပုံထား၏။ သို့သော် ၎င်းတို့မှာပျက်စီးယိုယွင်းနေပြီး ရွှံ့ခဲများကပ်နေသယောင်ရှိ၏။

"ဘာလို့ ဒါတွေကို အိမ်သယ်မသွားကြတာလဲ"

ဝမ်အာ့မေက စားပွဲတစ်ခုပေါ်လက်ဖြင့် ပွတ်သပ်လိုက်ရာ လက်ထဲတွင် ဖုန်မှုန့်များ ထူထပ်စွာကပ်ပါလာသည်။

"ကျွန်မရဲ့မိဘတွေက ရုတ်တရက် ဆုံးပါးသွားတော့ ဒီလက်ဖက်ရည်ဆိုင်ကို ယူလိုက်ကြလဲ လက်ဖက်ရည်ဘယ်လို ဖျော်ရမလဲ၊ လက်ဖက်ခြောက်ဘယ်လို ရွေးရမလဲဆိုတာ ဘယ်သူမှမသိကြတော့ဘူး၊ နောက်ပြီး လက်ဖက်ခြောက်ဝယ်ဖို့လည်း ငွေမရှိတော့ဘူးလေ၊ ကုမိသားစုက လယ်မြေတွေဝယ်ပြီးနောက်ပိုင်းမှာတော့ ကျွန်မရဲ့အစ်ကိုကလည်း အလုပ်မလုပ်ချင်တော့ဘူး၊ ဒါကြောင့် ဒီစားပွဲတွေက သစ်သားသက်သက်ပဲဖြစ်သွားတာ၊ ရှင် မငြင်းချင်ရင်တော့ ဒီအတိုင်းသုံးလို့ရပါတယ်"

လင်းယွဲ့ ခေါင်းညိတ်လိုက်သည်။ သူမသည် ဤလမ်းမ၏အခြေအနေကို လေ့လာရန် စီစဉ်ထား၏။ သူမ လမ်းမကြီးအတိုင်း ခဏလျှောက်သွားစဉ် ကုန်သည်အဖွဲ့တစ်ခုနှင့် ဆုံတွေ့ကာ သူတို့သည် မြင်းလှည်းများဖြင့်လာကြပြီး အိတ်များနှင့် သေတ္တာများတင်ဆောင်ထားကြ၏။

"ဒီဒေသရဲ့နာမည်ကြီးပစ္စည်းက လက်ဖက်ရည်ပါ၊ ကုန်သည်တွေက ဒီမှာ လက်ဖက်ခြောက်လာဝယ်ပြီး တခြားနေရာတွေမှာ သွားရောင်းကြတယ်"

ဝမ်အာ့မေက ဝမ်းနည်းသံလေးဖြင့် ပြောသည်။

"အရင်ကတော့ လက်ဖက်ခြောက်လာဝယ်တဲ့သူတွေ များပါတယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လူတစ်ယောက်က အလေးချိန်ပိုလေးဖို့ လက်ဖက်ခြောက်တွေကို အခြောက်မခံဘဲ ရောင်းလိုက်တယ်၊ ကုန်သည်တွေ ဝယ်သွားပြီးတော့မှ လက်ဖက်ခြောက်တွေ မှိုတက်နေတာတွေ့ရတယ်၊ သူတို့က ရောင်းတဲ့သူကိုလိုက်ရှာပေမဲ့ လမ်းဘေးက ရောင်းသူတွေဖြစ်နေတော့ ရှာမတွေ့တော့ဘူး၊ အဲဒီသတင်းပျံ့သွားပြီးနောက်ပိုင်းမှာ လက်ဖက်ခြောက်လာဝယ်တဲ့သူ တဖြည်းဖြည်း နည်းသွားတာပဲ"

လမ်းပေါ်မှဖြတ်သွားသော တခြားလူအုပ်ကို လက်ညှိုးထိုးပြကာ လင်းယွဲ့ပြောလိုက်သည်။

"သူတို့က ကုန်သည်တွေနဲ့မတူဘူးနော်"

"ဟုတ်တယ်၊ ဒါက လမ်းမကြီးဆိုတော့ လူမျိုးစုံဖြတ်သန်းကြတယ်"

ဝမ်အာ့မေက ဆိုသည်။

"ကျွန်မအဖေလက်ထက်ကတည်းက ဒီမှာ ရောင်းကောင်းတယ်၊ မဟုတ်ရင် လယ်မြေငါးမူကို ဘယ်လိုဝယ်နိုင်ပါ့မလဲ"

လင်းယွဲ့သည် တစ်နာရီခန့်စောင့်ကြည့်ပြီးနောက် ဤနေရာမှာ တကယ်ပင် ကောင်းမွန်ကြောင်း သိလိုက်ရသည်။ အနီးအနားတွင် လက်ဖက်ရည်ဆိုင်မရှိသလို ခရီးသွားများမှာလည်း ပူပြင်းသောနေရောင်အောက်တွင် ချွေးတဒီးဒီး ကျနေကြ၏။

‘ငါ ဒီမှာ ဆိုင်ဖွင့်လို့ရတယ်’

"ဒါပေမဲ့ ဒီမှာလျံဖန်းပဲ ရောင်းလို့မဖြစ်ဘူး၊ အချိုရော အချဉ်ရောလုပ်ရမယ်၊ ခုနက မြည်းစမ်းသလိုမျိုးပေါ့၊ အဆင်သင့်ဖြစ်နေရင်တော့ ပိုကောင်းတယ်"

ဝမ်အာ့မေက အကြံပေးသည်။

‘မှန်လိုက်တာ’

လင်းယွဲ့စိတ်ထဲတွင် အလင်းစတစ်ခု ပေါ်လာသည်။

‘ဖရဲသီးနဲ့ အမဲသား ငရုတ်သီးဆော့စ်ကို သုံးလို့ရပြီ’

ထိုသို့တွေးပြီးသည်နှင့် အကောင်အထည်ဖော်ရတော့မည်။ လက်ဖက်ရည်ဆိုင်တွင် စားပွဲသုံးလုံးရှိသဖြင့် လင်းယွဲ့သည် ကျန်ရှိသော ပိုက်ဆံဖြင့် ပန်းကန် ၁၅လုံးနှင့် လက်ဖက်ရည်အိုးသုံးလုံး ဝယ်လိုက်၏။ အပေါဆုံးလက်ဖက်ရည်ခြောက်များကိုဝယ်ကာ လက်ဖက်ရည်ဖြင့် ဝယ်သူများကိုဆွဲဆောင်ပြီး လျံဖန်းဖြင့် ငွေရှာမည်။

‘လက်ဖက်ရည် တစ်ခွက်လျှင် ၁ ပြား၊ လျံဖန်းတစ်ပွဲ ၃ ပြား’

သူမသည် ရွာသားများအတွက်ရောင်းသည့်အတိုင်း အရွယ်အစားကြီးလျှင် ရောင်းမကောင်းသဖြင့် တစ်ဝက်အရွယ်အစားသို့ လျှော့ချရမည်။ မနက်ပိုင်းတွင် ရောင်းမကောင်းလျှင် ညနေခင်းတွင် ရွာပြန်ပြီးပြန်ရောင်းမည်။ သူမ ဘာမျှရှုံးစရာမရှိပေ။

သို့သော် ကုတန်နှင့် တာ့ယာတို့ကို ဒီအတိုင်းလိုက်ခိုင်းပြီး အချိန်ဖြုန်းနေရန် သူမ မလိုလားပေ။ သူတို့တွေသည် ကျောင်းတက်ရမည့်အရွယ် ရောက်နေပြီဖြစ်၏။ ကျေးလက်တွင် ငွေကြေးချမ်းသာ၍ အရာရှိဖြစ်လိုသူများမှလွဲ၍ သာမန်မိသားစုများမှာ ကျောင်းမထားကြပေ။ သို့သော် ပညာရေးမှာ ဘဝကို ပြောင်းလဲစေနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ကုတန်သာ စာတတ်မြောက်လျှင် အခွန်ကင်းလွတ်ခွင့်ရနိုင်ပေမည်။ မာရန်ရွာရှိ အဘွားလီမိသားစုမှာ ကျူးရန်တစ်ယောက်ထွက်ရှိထားသဖြင့် ရွာထဲရှိစာသင်ကျောင်းမှာ အခြားရွာများထက် ပိုစည်ကားသည်။ လင်းယွဲ့သည် ကုတန်နှင့် တာ့ယာကို စာသင်ကျောင်းသို့ခေါ်သွားရန် ဆုံးဖြတ်လိုက်၏။ ကျောင်းအပ်ရန်လက်ဆောင်မှာ တန်ဖိုးနည်း၍မဖြစ်ပေ။ သူမသည် လျံဖန်းနှစ်တုံးနှင့် ကြက်ဥ ၁၀ လုံးကိုယူသွား၏။ စာသင်ကျောင်းမှ စာရွတ်ဆိုသံများ ထွက်ပေါ်နေသည်။

"မရီး ကျွန်တော်တို့စာမသင်ချင်ဘူး၊ ပိုက်ဆံ မဖြုန်းပါနဲ့၊ ကျွန်တော်တို့ စာမတော်ပါဘူး"

ကုတန်နှင့် တာ့ယာတို့မှာ လင်းယွဲ့လက်ကို ဆွဲထားရင်း အပြင်ဘက်သို့ပြန်ထွက်ချင်နေကြသည်။ထိုစဉ် အိမ်ဝင်းထဲတွင် အဝတ်လျှော်နေသော အမျိုးသမီးတစ်ယောက် ထွက်လာပြီး အံ့ဩတကြီးမေးလိုက်သည်။

"ဟဲ့ နင်က ကုမိသားစုရဲ့မြေးချွေးမ လျံဖန်းရောင်းတဲ့သူမဟုတ်လား"

"ဟုတ်ပါတယ်"

လင်းယွဲ့က လက်ဆောင်များကို ကမ်းပေးရင်းမေးလိုက်သည်။

"စိတ်မရှိပါနဲ့ ကျောင်းမှာ ကလေးတွေကို လက်ခံသေးလား"

"အော် လက်ခံပါတယ်၊ လက်ခံပါတယ်"

ထိုအမျိုးသမီးက လက်ဆောင်များကိုယူရင်း ပျော်ရွှင်စွာဖြင့် အထဲသို့ပြေးဝင်သွားသည်။ ကုတန်က ထပ်ပြောလာသည်။

"မရီး ကျွန်တော်က စာမတော်ပါဘူး၊ ပိုက်ဆံမဖြုန်းပါနဲ့"

သူ တအားဆွဲလိုက်သဖြင့် လင်းယွဲ့ နောက်သို့ယိုင်သွားသည်။ ဒီကောင်လေးမှာ စားကောင်းသောက်ကောင်းစားထားတော့ အင်အားတွေတောင် တိုးလာပြီပင်။

"မဆွဲနဲ့တော့"

လင်းယွဲ့က သူ့လက်ကိုခါလိုက်သည်။

"တခြားသူတွေလုပ်နိုင်ရင် မင်းလည်း လုပ်နိုင်မှာပေါ့၊ ပြီးတော့ မင်းတို့ကို ကျူးရန်ဖြစ်ခိုင်းနေတာ မဟုတ်ဘူး၊ အသိပညာ ဗဟုသုတရဖို့လောက်ပါပဲ"

ကုတန်သည် တစ်ခါမျှစာသင်ရန် မတွေးဖူးခဲ့ပေ။ ယခင်က အမဲလိုက်ခြင်းကိုသာ စိတ်ဝင်စားခဲ့သော်လည်း ယခု လင်းယွဲ့ကို ကူညီနိုင်ရန်တွေးနေသည်။ သို့သော် စာသင်ခြင်းက ဘာအကျိုးရှိမည်နည်း။ သူသည် စာသင်ခန်းထဲလှမ်းကြည့်လိုက်၏။ ကျောင်းသားများမှာ သန့်ရှင်းသောအဝတ်အစားများဖြင့် စာဖတ်နေကြ၏။ သူသည် သူ့ခြေထောက်မှ အပေါက်ကြီးပေါက်နေသော ကောက်ရိုးဖိနပ်ကို ကြည့်လိုက်သောအခါ ရှက်စိတ်ဝင်သွားသည်။ စာသင်ခြင်းမှာ သူ့အတွက်မဟုတ်ပေ။

"သူ စာသင်မှာလား"

ကျောင်းဆရာမှာ အထဲမှပြေးထွက်လာပြီး လင်းယွဲ့ကို စိုက်ကြည့်ကာမေးလိုက်သည်။

"မင်းက ကုမိသားစုကမြေးချွေးမ မဟုတ်လား"

"ဟုတ်ကဲ့"

လင်းယွဲ့ ပြုံးလျက်

"ဘယ်လို သိတာလဲရှင့်"

"ပြောရရင်တော့ ကျွန်တော်တို့က ဆွေမျိုးတွေပါ"

ထိုလူလတ်ပိုင်းဆရာက ပြုံးလျက် ဆိုသည်။

"ကျွန်တော့်မိန်းမက ကုမိသားစုကလေ၊ ကုတာ့ဖူရဲ့သမီးကြီး ကျောက်တိပါ"

လင်းယွဲ့သည် ကုတာ့ဖူ၏သား ကုရှန်းလင်းကိုသာသိပြီး သမီးနာမည်ကို တစ်ခါမျှမကြားဖူးခဲ့ပေ။

All Chapters