← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

Ch-35

ရွာမှာသေးသေးလေးမို့ အားလုံးက တစ်နည်းမဟုတ်တစ်နည်း ဆွေမျိုးတော်စပ်ကြသည်။ လင်းယွဲ့သည် ကုတာ့ဖူမိသားစုနှင့် အဆင်ပြေရုံလောက်သာရှိသဖြင့် ကုကျောက်တိကို တစ်ခါမျှမတွေ့ဖူးခဲ့ပေ။ သို့သော်လည်း သူမက ရှေ့တိုး၍စကားစလိုက်သဖြင့် လင်းယွဲ့လည်း အလိုက်သင့်လေးဆက်ဆံလိုက်၏။ ဆွေမျိုးတော်စပ်ခြင်းက လူအချင်းချင်း ပိုရင်းနှီးစေနိုင်သည်။

"တိုက်ဆိုင်လိုက်တာ၊ ကျွန်မ ဒီရွာကို ရောက်တာမကြာသေးတော့ ရွာထဲက လူတွေကို သိပ်မသိသေးဘူး၊ ဒီလို ဆွေမျိုးတော်စပ်မယ်လို့လည်း မထင်ထားမိဘူး"

လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။

"ကလေးက စာပေလေ့လာဖူးလား"

လင်းယွဲ့ ခေါင်းခါပြလိုက်၏။ အခြေအနေကို သိရှိသွားပြီးနောက်

"ဒါဆိုရင်တော့ အခြေခံစာပေသင်ကြားမှုကနေ စရမှာပေါ့"

ဝမ့်ဝမ်ပင်းက ပြောလိုက်သည်။

"အခြေခံစာပေသင်ကြားခက ဘယ်လောက်လဲရှင့်"

"တစ်နှစ်ကို ငွေနှစ်တေး"

လင်းယွဲ့သည် ဖရဲသီးနှင့် အမဲသား ငရုတ်သီးဆော့စ်အတွက် ပြား၉၀၀သုံးလိုက်ရပြီး လက်ဖက်ရည်အိုးနှင့် ပန်းကန်များ ဝယ်လိုက်သဖြင့် လက်ကျန်ငွေ ၂၈၅ ပြားသာ ကျန်ရှိတော့သည်။ အကယ်၍ လစဉ်ပေးချေနိုင်ပါက အဆင်ပြေနိုင်၏။

"ခြွင်းချက်အနေနဲ့....."

သူမစကားစလိုက်စဉ်တွင် ကလေးတစ်ယောက်ကို ချီထားသော အမျိုးသမီးတစ်ယောက်ထွက်လာပြီး ပြတ်ပြတ်သားသား ဝင်ပြောလိုက်သည်။

"ပိုက်ဆံကိစ္စဆိုတာကတော့ မောင်နှမ အရင်းချင်းတောင် ရှင်းရှင်းလင်းလင်း ရှိရမှာပေါ့၊ မိသားစုခွဲပြီးသားဖြစ်နေတာကို"

"အစ်မကျောက်တိ"

တာ့ယာနှင့် ကုတန်လှမ်းခေါ်လိုက်၏။ လင်းယွဲ့ကြည့်လိုက်ရာ ထိုအမျိုးသမီးမှာ ရိုးရှင်းသောအင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်တွင် ငွေရောင်ဆံထိုးကိုထိုးထားသည်။ သူမသည် သာမန် လယ်သမားများထက် ပိုယဉ်ကျေးပုံရ၏။ သူမမျက်နှာမှာ ကုတာ့ဖူနှင့် ဆင်တူပြီး ပြုံးပြနေသော်လည်း ထိုအပြုံးက လူကိုမသက်မသာဖြစ်စေသည်။

"ကျွန်မ ပိုက်ဆံမပေးချင်တာ မဟုတ်ပါဘူး၊ လစဉ် ပေးချေချင်လို့ပါ၊ ကျွန်မ အလုပ်က အခုမှတည်ငြိမ်လာတာဆိုတော့ အခုချက်ချင်း ငွေနှစ်တေးမထုတ်နိုင်သေးလို့ပါ"

"အော် လျံဖန်းရောင်းတာ မဟုတ်လား”

ကုကျောက်တိက စကားဖြတ်ပြောလိုက်သည်။

"နွေရာသီမှာပဲ ရောင်းရတဲ့အရာကို ဘယ်သူက ဆောင်းရာသီမှာစားမှာလဲ၊ တို့ဟူးကမှ လူတွေအမြဲစားတာ၊ ဆောင်းရာသီမှာ ပိုက်ဆံမရှာနိုင်တော့ရင် ဘယ်လိုလုပ်မလဲ၊ နောက်နှစ်အထိ ထပ်တိုးခိုင်းဦးမှာလား၊ တစ်သက်လုံး ထပ်တိုးခိုင်းဦးမှာလား"

သူမပြုံးလျက်နှင့် ကြမ်းတမ်းသော စကားများကို ပြောနေ၏။

"ဟေ့"

ဝမ့်ဝမ်ပင်းက ကုကျောက်တီ၏အင်္ကျီကို ဆွဲလိုက်သည်။

"ဘာလဲ"

ကုကျောက်တိက ဝမ့်ဝမ်ပင်းကို စူးစိုက်ကြည့်ကာ အော်ပြောလိုက်၏။

"ဒီမှာ အကြွေးတင်တဲ့သူတွေမရှိလို့လား၊ သူတို့ဆီက တစ်ယောက်ချင်း လိုက်တောင်းရဦးမှာလား"

ဝမ့်ဝမ်ပင်းက ချက်ချင်းငြိမ်ကျသွားပြီး လင်းယွဲ့ကို အားနာစွာပြုံးပြလိုက်သည်။ ကလေးနှစ်ယောက်အတွက်ဆိုရင် လေးတေးဖြစ်၏။ မများလှသော်လည်း လင်းယွဲ့အတွက် အခက်အခဲရှိနေသည်။

"ဒါဆိုရင် နှစ်လလောက်ကြိုတင် ပေးချေခွင့်ပြုပါလား၊ ဒီလအတွက် အရင် ပေးလိုက်မယ်၊ ဒီလကုန်ရင် တစ်နှစ်စာ အပြီးရှင်းပေးမယ်၊ ဒီလစာမပေးနိုင်ရင် ကလေးတွေကိုပြန်ခေါ်သွားမှာပါ၊ ဆရာ့ကို အခက်မတွေ့စေရပါဘူး"

လင်းယွဲ့ တည်ငြိမ်စွာပြောလိုက်ရာ ကုကျောက်တိမျက်နှာမှာ တည်ငြိမ်နေပြီး ဝမ့်ဝမ်ပင်းက သူမကိုအိမ်ထဲဝင်သွားခိုင်းလိုက်၏။

"ကလေးက ဗိုက်ဆာနေရပြီ၊ သွားကြည့်ပေးဦး"

ထို့နောက် သူပြောလိုက်၏။

"ညီမလေး၊ ငါ့ကို အပြစ်မတင်ပါနဲ့၊ အခြေအနေအရ မတတ်နိုင်လို့ပါ"

လင်းယွဲ့မှာ ဝမ့်ဝမ်ပင်းသာ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်မှန်းသိသည်။ ကုကျောက်တီက သူ့အကာအကွယ်သာ ဖြစ်၏။ သို့သော် သူ့အပြုအမူမှာလည်း မမှားပေ။ အကြွေးမပေးပါက သူ့မိသားစုဆာလောင်ရလိမ့်မည်။ လင်းယွဲ့သည် ပြား၂၀၀ကို ပေးလိုက်ပြီး

"ဒါဆို တာ့ယာကိုလည်း ကျောင်းထားလို့ ရမလား"

သူမ မျှော်လင့်တကြီးမေးလိုက်ရာ ဝမ့်ဝမ်ပင်းက အံ့ဩသွားသည်။

"ညီမလေးက တာ့ယာကိုပါစာသင်ပေးချင်တာလား"

တာ့ယာမှာလည်း အံ့ဩသွားသည်။ သူမမှာ မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် စာသင်ပေးမည်ဟုမထင်ထားခဲ့ပေ။ လင်းယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် လူတိုင်းကိုတန်းတူ ဆက်ဆံချင်၏။ မိန်းကလေးများ စာသင်ခြင်းက သူတို့အသိပညာကို ဖွင့်ပေးနိုင်သည်။

"ယောက်ျားလေးရော မိန်းကလေးပါ အတူတူထိုင်သင်ဖို့တော့ အဆင်မပြေဘူး၊ အတန်းထဲမှာ ယောက်ျားလေးတွေပဲ ရှိတာလေ"

ဝမ့်ဝမ်ပင်း အခက်တွေ့နေသည်။

"စာဖတ်တာ၊ စာလုံးပေါင်းတာလောက်ပဲ"

လင်းယွဲ့မှပြောသော်လည်း ဝမ့်ဝမ်ပင်းက ငြင်းဆိုသည်။

"ယောင်းမ ကျွန်မစာမသင်ချင်ပါဘူး၊ ပိုက်ဆံမဖြုန်းပါနဲ့"

တာ့ယာပြောသဖြင့် လင်းယွဲ့လည်း ဆက်မပြောတော့ပေ။အိမ်ပြန်ရောက်သောအခါ ကုတန်မှာ စိတ်ဓာတ်ကျနေသည်။

"ပိုက်ဆံတွေ အလကားကုန်တာပဲ၊ ကျွန်တော် ဗိုက်ဝရုံစားရရင် ကျေနပ်ပါပြီ"

"တစ်နှစ်ကို နှစ်တေးဆိုတာ တစ်လကို ဘယ်လောက်လဲ သိလား"

*ဟမ်*

"တွက်ကြည့်စမ်း"

လင်းယွဲ့ ပြောလိုက်သည်။ ကုတန်နှင့် တာ့ယာတို့မှာ စဉ်းစားမရဖြစ်နေ၏။

"တစ်နှစ်မှာ ၁၂ လရှိတယ်၊ နှစ်တေးဆိုတာ ကြေးပြား ၂၀၀၀ နဲ့ ညီတယ်၊ တစ်လကို ၁၆၆.၆ပြား ကျတယ်"

ကလေးများမှာ နားမလည်နိုင်ဖြစ်နေကြသည်။ လင်းယွဲ့က သူတို့ခေါင်းကိုပုတ်လျက်

"စာမသင်ရင် တွက်နည်းမသိဘူး၊ နောက်ဆိုအလုပ်လုပ်ရင် သူများက လိမ်တာတောင် သိမှာမဟုတ်ဘူး၊ စာမဖတ်ရင် တောင်တန်းတွေ မြစ်တွေရဲ့ အလှကို ဘယ်လိုခံစားတတ်မှာလဲ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်တဲ့အခါ စာပေက အများကြီး အထောက်အကူဖြစ်တယ်"

သူမသည် စာပေဆိုင်ရာကဗျာများကို ရွတ်ပြလိုက်သည်။

"ချမ်းသာတဲ့မိသားစုတွေဟာ လယ်မြေကောင်းတွေဝယ်ဖို့ မလိုဘူး၊ စာပေထဲမှာ စပါးသီးနှံတွေ အများကြီးရှိတယ်၊ အိမ်ကြီးအိမ်ကောင်းဆောက်ဖို့ မလိုဘူး၊ စာပေထဲမှာ ရွှေရောင်အိမ်ကြီးတွေ ရှိတယ်"

"ကောင်းလိုက်တာ ကောင်းလိုက်တာ"

နောက်မှ လက်ခုပ်တီးသံကြားလိုက်ရသည်။

"ဒီလောက် ပညာရှိတဲ့စကားတွေကို ကြားရမယ်လို့ မထင်ထားဘူး၊ ယာဝေ ဘာလို့စာသင်ရတာလဲဆိုတာ အခုတော့ နားလည်သွားပြီလား"

လင်းယွဲ့လှည့်ကြည့်လိုက်ရာ ဝမ်စုန်းရှင်းနှင့် ဝမ်ယာဝေတို့ဖြစ်နေသည်။ ဝမ်စုန်းရှင်းမှာ အလွန်ပင်စိတ်လှုပ်ရှားနေပြီး ဝမ်ယာဝေ၏မျက်နှာမှာမူ ရှက်ရွံ့နေဟန်ရှိသည်။

"တောရွာလေးထဲမှာ ဒီလောက်ပညာရှိတဲ့သူရှိနေမယ်လို့ မထင်ထားမိဘူး၊ အစ်မရဲ့စကားတွေက တကယ့်ကို အလင်းပေးလိုက်သလိုပါပဲ"

ဝမ်စုန်းရှင်းက ရိုသေစွာဂါရဝပြုလိုက်သည်။ လင်းယွဲ့မှာ ရှက်ရွံ့သွားရ၏။ သူမ ရွတ်ပြလိုက်သည့် ကဗျာများမှာ ယခင်ဘဝမှ အလွတ်ကျက်ထားသည့်အရာများသာဖြစ်သည်ပင်။

"ရှေးလူကြီးတွေရဲ့စကားတွေကို ရွတ်ပြလိုက်ရုံပါပဲ၊ ဒါနဲ့ ဘာကိစ္စရှိလို့လဲမသိဘူး"

All Chapters