← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

Ch-36

"ပြီးခဲ့တဲ့တစ်ခေါက် လျံဖန်းကအရသာရှိလို့ ညီမလေးက ထပ်စားချင်နေတာ"

ဝမ်စုန်းရှင်းက နူးညံ့သိမ်မွေ့သော အမူအရာဖြင့်ပြောလာသည်။ ဝမ်စုန်းရှင်းသည် ထိုကဗျာများမှာ ရှေးခေတ်ကတည်းကရှိနေသည်ဟု လုံးဝမယုံကြည်ပေ။ သူသည် ကဗျာလောကကို အတော်လေးလေ့လာဖူးသော်လည်း ဤကဗျာမျိုးကို တစ်ခါမျှမကြားဖူးပေ။ ထို့အပြင် ဤမျှနားထောင်ကောင်းသောကဗျာများသာရှိခဲ့လျှင် မြို့တော်တစ်ခွင်တွင် ကျော်ကြားနေရမည်မှာ အမှန်ပင်။ သို့သော် ယခုမူ မည်သည့်အငွေ့အသက်မျှမတွေ့ရတော့ပေ။

'သူမကိုယ်တိုင် ရေးစပ်တာပဲဖြစ်ရမယ်၊ ဒါမှမဟုတ် သူမရဲ့ဆွေမျိုးတွေကနေတစ်ဆင့် လက်ဆင့်ကမ်းလာတာပဲဖြစ်ရမယ်'

ဝမ်စုန်းရှင်းသည် လင်းယွဲ့ကို တစ်ဖန် ပြန်လည်အကဲခတ်လိုက်သည်။ ဝမ်စုန်းရှင်းသည် ဝါးရွက်ပန်းချီများဖြင့် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နေရောင်အောက်တွင် တောက်ပနေကာ မြင့်မြတ်သောအရှိန်အဝါများ ထွက်ပေါ်နေ၏။ သူ့မျက်နှာမှာ ခန့်ညားပြီး မျက်လုံးများမှာ ညကောင်းကင်ယံမှ ကြယ်တာရာများကဲ့သို့ နက်ရှိုင်းတောက်ပနေသည်။ အပြုံးတစ်ခုနှင့်အတူ နူးညံ့သော်လည်း သူ့ပင်ကိုယ်ဟန်မှာ သူတို့အား အနီးကပ်ချဉ်းကပ်ရန်ပင် တုံ့ဆိုင်းသွားစေလောက်အောင် မြင့်မြတ်နေသည်။

"ဒီနေ့ လျံဖန်းတွေအများကြီးကျန်သေးတယ်၊ ဘယ်လောက်လိုချင်လဲ"

လင်းယွဲ့ အိမ်ထဲသို့ဝင်ကာ လျံဖန်းများယူရန် ပြင်လိုက်သည်။

"ကျွန်တော်တို့ကို ချက်နည်းရောင်းပေးဖို့ စိတ်ကူးရှိပါသလား"

*ဟမ်*

လင်းယွဲ့ လှည့်ကြည့်ကာ

"ချက်နည်း ဟုတ်လား”

ဝမ်စုန်းရှင်း ခေါင်းညိတ်သည်။

"ကျွန်တော်တို့အိမ်မှာပဲ ထားမှာပါ၊ စားချင်မှပဲ လုပ်စားမှာမို့ မင်းဆက်ရောင်းလို့ ရပါတယ်၊ အရောင်းအဝယ်ကို ထိခိုက်မှာ မဟုတ်ပါဘူး"

ထိုစကားကိုကြားသောအခါ လင်းယွဲ့သည် သူမ၏အရောင်းအဝယ်ကို မထိခိုက်နိုင်ကြောင်း သဘောပေါက်သွားသည်။ ချက်နည်းလေး ပေးလိုက်ရုံဖြင့် ငွေတစ်လုံးတစ်ခဲ ရနိုင်မည်။

"ဒီချက်နည်းက ဘယ်လောက်ရမလဲ"

ဝမ်စုန်းရှင်းသည် လင်းယွဲ့အိမ်ကို လှမ်းကြည့်လိုက်သည်။

"အိမ်သစ်ပြန်ဆောက်နိုင်လောက်တဲ့အထိတော့ ရပါလိမ့်မယ်"

လင်းယွဲ့သည် သူမအိမ်လေးကို လှည့်ကြည့်လိုက်သည်။ သေးငယ်ပြီး ပျက်စီးနေသော အမဲလိုက်တဲလေးဖြစ်၏။ တံခါးမှာလည်း လုံခြုံမှုမရှိသဖြင့် ညတိုင်းတောဝက်ထောင်ချောက်ကို အကာအကွယ်အနေဖြင့်ထားရသည်။ အိမ်ထဲတွင် မီးဖို ရှိသဖြင့် မီးခိုးများအူနေတတ်သည်။ ရေချိုးရန် ရေချိုးခန်းမရှိသဖြင့် ညနေစောင်းမှ ချောင်းစပ်သို့သွားရသည်။ အိမ်သာမှာလည်း အနံ့အသက်ဆိုးပြီး မတော်တဆနင်းမိမည်ကို အမြဲ စိုးရိမ်နေရ၏။ သူမသာ အိမ်သစ် ဆောက်နိုင်လျှင် မီးဖိုချောင်ကောင်းကောင်း၊ မီးဖိုကြီး နှစ်ခု၊ ရေနွေးနွေးဖြင့်ချိုးနိုင်မည့် ရေချိုးခန်း၊ အိမ်သာသန့်သန့်၊ အခန်းသီးသန့် နှစ်ခန်း တွေးလေလေ သူမမျက်လုံးများ အရောင်တောက်ပလေလေပင်။

"ဒါဆို ဘယ်လောက်ပေးမှာလဲရှင့်"

"တေး၅၀"

"သဘောတူတယ်၊ ဒါဆို ကျွန်မ ပြောပြမယ်၊ ရှင် ချရေးလိုက်ပါ"

လင်းယွဲ့က အနောက်မှအစေခံကို ကြည့်လိုက်သည်။

"မှင်ရောပါလား"

"ကျွန်တော် ချရေးရမှာလား"

ဝမ်စုန်းရှင်းမျက်နှာမှာ အံ့ဩသွားသည်။

‘လင်းယွဲ့မှာ ထိုမျှကောင်းသောကဗျာများ ရေးနိုင်သူဖြစ်ပါလျက် အဘာ်ကြောင့်စာမရေးချင်ဖြစ်နေရသနည်း၊ သူမမှာ ကျော်ကြားသောစာရေးဆရာတစ်ယောက်ယောက်၏တပည့် ဖြစ်နေမလား’

ဝမ်စုန်ရှင်းတစ်ယောက် တွေးနေမိသည်။ သူက အစေခံကိုအချက်ပြလိုက်ရာ အစေခံသည် စာရေးကရိယာများကို ထုတ်ပေးလိုက်၏။ လင်းယွဲ့သည် တံခါးကိုတွန်းဖွင့်လိုက်သည်။ ဝမ်ယာဝေက စူးစမ်းလိုစိတ်ဖြင့်ပြေးဝင်သွားသည်။

"ဒါ အိမ်သာလား၊ မဟုတ်သေးပါဘူး ဘာလို့ အိပ်ရာက ဒီထဲမှာရှိနေရတာလဲ"

ဝမ်ယာဝေ၏အိမ်မှာ ဤထက်အများကြီး ပိုသာသည်။ သူမအိမ်တော်တွင် အိမ်သာမှာ အိပ်ခန်းဘေးတွင်ရှိပြီး အမွှေးနံ့သာများဖြင့် ပြည့်နှက်နေ၏။

"ယာဝေ စကားကိုသတိထားပြောလေ"

ဝမ်စုန်းရှင်း တားမြစ်လိုက်သည်။ သူ အိမ်ထဲသို့ ဝင်လိုက်သောအခါ ပတ်ဝန်းကျင်ကိုကြည့်ပြီး ချက်ချင်းပင် အံ့ဩသွားသည်။ သူသည် ငယ်စဉ်ကတည်းက မြို့တော်၏ချမ်းသာကြွယ်ဝသောမိသားစုတွင် ကြီးပြင်းလာသူဖြစ်သဖြင့် ဤကဲ့သို့သော နေရာမျိုးကို တစ်ခါမျှမမြင်ဖူးပေ။

"မင်း တကယ်ပဲ ဒီမှာနေနေတာလား"

သူ့အံ့ဩမှုမှာ ဖုံးကွယ်မထားနိုင်ခဲ့ပေ။

"တကယ့်ကို လူနေနိုင်တဲ့နေရာမျိုး ဟုတ်ရဲ့လား"

လင်းယွဲ့သည် သူတို့စကားများတွင် လှောင်ပြောင်မှုမပါဝင်ကြောင်း သိသည်။ သူတို့မှာ အပြစ်ကင်းစင်စွာဖြင့် အံ့ဩနေကြခြင်းဖြစ်၏။ သူမ သူတို့ကို အပြစ်မတင်နိုင်ပေ။ ရှေးခေတ်ကာလ၏ဆင်းရဲချမ်းသာ ကွာခြားမှုမှာ ဤမျှထိကြီးမားလှသည်ပင်။ သို့သော် ဤကွာခြားမှုကို ဖန်တီးသူများမှာ သူတို့ကိုယ်တိုင်ပင် ဖြစ်သည်။

"ချက်နည်းကို ဆက်ပြောကြမလား"

ဝမ်စုန်းရှင်းသည် မဆီလျော်သော သူ့စကားများအတွက် တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်၊ တေး၆၀ပေးရင်ရော ဘယ်လိုလဲ"

ငွေ ၁၀တေးအပိုရမည်ဖြစ်ကာ လင်းယွဲ့ ချက်ချင်း ပြုံးပျော်သွားသည်။

"သဘောတူပါတယ်၊ အခုပဲပြောပြပါမယ်"

လင်းယွဲ့သည် ခေတ်သစ်မှအစားအစာ ဘလော့ဂါများလုပ်နေကျအတိုင်း ပဲစေ့မှစ၍ အဆင့်ဆင့်လုပ်ပုံကို ပြောပြလိုက်သည်။

"ပဲစေ့တွေကို အခွံခွာပြီး တစ်ညလုံးစိမ်ထားရမယ်"

သူမ ပြောသမျှကို အစေခံက စာအုပ်ထဲတွင် ချရေးလိုက်သည်။ ထိုစဉ် ကုအာ့ကွေ့က အိပ်ရာအသစ်ကို သယ်ဆောင်လာသည်။ သူသည် ဝမ်စုန်းရှင်းကိုမြင်သောအခါ အံ့ဩသွားရ၏။ ဝမ်စုန်းရှင်း၏အဝတ်အစားများမှာ သာမန်မဟုတ်မှန်း သူသိသည်။

"ဒီလူကြီးမင်းက ဘယ်သူလဲ"

"ကျွန်တော်က ဝမ်စုန်းရှင်းပါ"

ဝမ်စုန်းရှင်းက နူးညံ့စွာပြန်ပြောသည်။ သို့သော် သူ့ဟန်ပန်မှာ အထက်စီးဆန်နေ၏။ ကုအာ့ကွေ့ခမျာ ကြောက်ရွံ့ဟန်ဖြင့် တိတ်ဆိတ်သွားကြသည်။ ရှေးခေတ်ကာလတွင် အရာရှိလူကြီးများကို မြင်လျှင်ပင် ကြောက်တတ်ကြသည်။

‘ဒီလူက မြို့တော်ကလာတဲ့ အရာရှိကြီးများ ဖြစ်နေမလား’

ကုအာ့ကွေ့ တွေးနေမိသည်။ ကုအာ့ကွေ့မှ လင်းယွဲ့ကိုကြည့်လိုက်ရာ သူမသည် အေးဆေးတည်ငြိမ်စွာပင်ရှိနေ၏။ သူမသည် ကြောက်ရွံ့ခြင်းမရှိပေ။ လင်းယွဲ့မှာ ခေတ်သစ်မှရောက်လာသူဖြစ်သဖြင့် လူတန်းစားခွဲခြားမှုများကို အရေးမထားပေ။ ထိုအေးဆေးတည်ငြိမ်သောအမူအရာကို မြင်သောအခါ ကုအာ့ကွေ့မှာ လေးစားမိသွားတော့သည်။

All Chapters