အခန်း ၃၇
Vol. 4 Ch. 37
Ch-37
ကုအာ့ကွေ့သည် တူချွေးမနှင့် တူ/တူမတို့နှစ်ယောက်မှာ အဆင့်မြင့်အရာရှိကြီးတစ်ဦးကို မည်သို့မျှမျက်တောင်မခတ်ဘဲ ရင်ဆိုင်နိုင်သည်ဟု ခံစားလိုက်ရသည်။ သူတို့မှာ သာမန်လူမဟုတ်ပဲ နောင်တွင် ကြီးကျယ်သောအရာများကို လုပ်ဆောင်နိုင်သူများဖြစ်လာပေလိမ့်မည်။ သူသည် လင်းယွဲ့ပေးလိုက်သော ဝက်သားအတွက် ကျေးဇူးတင်သည့်အနေဖြင့် ဇနီးဖြစ်သူ၏အကြံပေးချက်အတိုင်း သစ်သားကုတင်တစ်လုံးပြုလုပ်ကာ သယ်လာခဲ့ခြင်းဖြစ်သည်။ စိတ်ထဲတွင်တော့ နည်းနည်းနှမြောနေမိသည်။ သို့သော် ယခုအချိန်တွင် သူ့စိတ်ထဲ၌ လင်းယွဲ့နှင့် ဆက်ဆံရေးကောင်းအောင် အမှန်တကယ် တည်ဆောက်ရမည်ဟု ပြတ်ပြတ်သားသား တွေးမိနေတော့သည်။
ထိုစဉ် ဝမ်စုန်းရှင်း၏အစေခံက စာရွက်ပေါ်ရှိ မှင်များကို မှုတ်ထုတ်လိုက်ပြီး
"သခင်လေး ပြီးပါပြီ"
ဝမ်စုန်းရှင်းသည် အင်္ကျီရင်ဘတ်ထဲမှ ပိုးအိတ်ကလေးကို ထုတ်ယူကာ လင်းယွဲ့ဆီသို့လက်ဖြင့် ကမ်းပေးရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
လင်းယွဲ့ ခိုးကြည့်လိုက်ရာ တောက်ပနေသော ငွေတုံးများဖြင့်ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သူမ အလေးချိန် ချိန်ကြည့်ရာ အတော်လေး လေးလံလှပေ။ ဝမ်စုန်းရှင်းမျက်ခုံးမှာ အနည်းငယ် တွန့်သွားပြီး ပုံမှန်အေးစက်စက် အမူအရာမှ သခင်လေးတစ်ယောက်၏ သဘာဝအတိုင်း ပေါ့ပါးသောအပြုံးတစ်ခုထွက်ပေါ်လာကာပြောလိုက်သည်။
"စိတ်ချပါ၊ ကျွန်တော်က အမြဲတမ်းပွင့်ပွင့်လင်းလင်းပဲ လုပ်တတ်ပါတယ်"
"ဟားဟားဟား"
လင်းယွဲ့သည် သူမအပြုအမူမှာ ယဉ်ကျေးမှုမရှိမှန်း သိသော်လည်း ပိုက်ဆံလျော့သွားတာထက်စာရင်တော့ ပိုကောင်းသည်ပင်။
"ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မတစ်ဦးတည်းရဲ့ ချက်နည်းပါ၊ ကျွန်မ မှီခိုအားထားရတဲ့ တစ်ခုတည်းသော ပညာရပ်မလို့ အရမ်းသတိထားနေတာကို ခွင့်လွှတ်ပေးပါ"
လင်းယွဲ့က ဤသို့ တမင်တကာပြောလိုက်ခြင်းဖြစ်သည်။ ကျေးလက်ဒေသတွင် ပိုက်ဆံအများကြီးရပြီး မြေရှင်ကြီးဖြစ်သွားပါက လူများမှာ မနာလိုမဖြစ်ကြတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့လိုက်မီနိုင်တော့မည် မဟုတ်သောကြောင့်ဖြစ်သည်။ သို့သော် ပိုက်ဆံအနည်းငယ်သာ ရှိပါက လူများကအဆိုးမြင်တတ်ကြ၏။ လင်းယွဲ့သည် ကုအာ့ကွေ့နောက်မှလူစုကို ရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်၏။ သူမတွင် ချက်နည်းတစ်ခုသာရှိပြီး ရောင်းချလိုက်ပြီးဖြစ်သဖြင့် အလွန်အမင်း မနာလိုမဖြစ်ကြစေရန် သတိပေးလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း အချို့လူများ၏ မျက်လုံးမှာ ငွေအိတ်ဆီသို့ရောက်နေသဖြင့် အကျိုးသက်ရောက်မှုရှိမည် မထင်ပေ။ ဝမ်စုန်းရှင်းထွက်သွားပြီးနောက် ကုအာ့ကွေ့က ရင်ဘတ်ကိုပုတ်ကာ လွန်ကဲသောအမူအယာဖြင့်မေးလာသည်။
"ဘုရားရေ ငါဖြင့်အသက်ရှူဖို့တောင် မဝံ့ဘူး၊ တူချွေးမလေး ဒီလိုအရေးပါတဲ့လူကို ဘယ်တုန်းကသိတာလဲ"
ကုအာ့ကွေ့ မေးလိုက်သည်။
"သူက ကျွန်မလုပ်တဲ့ လျံဖန်းကို သဘောကျလို့ သပ်သပ်လာရှာတာပါ"
လင်းယွဲ့က တမင်တကာပြောလိုက်သည်။
"ပြီးခဲ့တဲ့အကြိမ် ဈေးမှာတုန်းက လမ်းပျောက်နေတဲ့ ကလေးမလေးတစ်ယောက်ကိုကူညီခဲ့လို့ သူတို့ လျံဖန်းပိုဝယ်ကြတာပါ၊ ဒီတစ်ခါလည်း ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာပါ၊ ကျွန်မ မယူမှာ အားနာလို့ ချက်နည်းကို ရောင်းလို့ပေးသလိုလိုနဲ့ လက်ခံခိုင်းလိုက်တာပါ"
လင်းယွဲ့သည် အကြောင်းအကျိုးကို ပြောင်းပြန်လုပ်ကာ လူများကို ဝမ်ယာဝေ၏အသက်ကယ်ကျေးဇူးရှင်ဟု ယုံကြည်စေရန် တမင်ဖန်တီးလိုက်သည်။ ဤငွေမှာ ကျေးဇူးတင်သောငွေ ဖြစ်ပြီး ချက်နည်းမှာ နောက်မှ လက်ဆောင်ပေးလိုက်ခြင်းသာဖြစ်၏။
အမှန်ပင်။ ကုအာ့ကွေ့နောက်မှလူများ၏မျက်လုံးများမှာ ပြေလျော့သွားသည်။
"အော် အသက်ကယ်ကျေးဇူးရှင်ကိုး၊ ငါက....."
ကုအာ့ကွေ့ ပါးစပ်ကိုပိတ်လိုက်ပြီး ကောလဟာလသတင်းများကို မပြောမိအောင် ထိန်းလိုက်သည်။
"တူချွေးမလေး ဒါသစ်သားကုတင်လေ၊ မင်းရဲ့ဒုတိယအဒေါ်က ဒီမှာနေရတာရိုးရှင်းတယ်ပြောလို့ မင်းအတွက် ကုတင်တစ်ခု လုပ်လာပေးတာ၊ တစ်ရက်လုံး အပင်ပန်းခံလုပ်ပြီး အခုသယ်လာပေးတယ်"
လင်းယွဲ့ ပြုံးရွှင်စွာဖြင့် ဝမ်းသားအားရ ပြောလိုက်လေသည်။
"ဒုတိယအဒေါ်နဲ့ ဒုတိယဦးလေးတို့ရဲ့ ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မလည်း ကုတင်မရှိလို့ ဒုတိယဦးလေးကို အကူအညီတောင်းဖို့ စဉ်းစားနေတာပါ၊ အလုပ်ရှုပ်နေတော့ မေ့သွားတာ၊ ဒုတိယအဒေါ်နဲ့ ဒုတိယဦးလေးတို့က ကျွန်မတို့ကိုသတိရပေးလိမ့်မယ်လို့ မထင်ထားမိဘူး၊ တကယ်ကို ရင်ထဲမှာနွေးထွေးသွားတာပဲ"
ထိုစကားကြောင့် ဒုတိယဦးလေး၏မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် နီမြန်းသွားသည်။
"ငါတို့က မိသားစုဝင်တွေပဲ၊ ဒါက ဦးလေးနဲ့ အဒေါ်တို့လုပ်ပေးသင့်တဲ့ ကိစ္စပါပဲ၊ နောက်တစ်ခါ ဘာလိုတာရှိရှိ အားမနာဘဲပြောပါ"
"ဒါဆို ဒုတိယဦးလေးကိုကြိုပြီး ကျေးဇူးတင်ပါတယ်ရှင်"
ဒုတိယဦးလေးက လက်ကိုခါယမ်းလိုက်ပြီး သုံးယောက်သားကုတင်ကို အိမ်ထဲသို့ သယ်သွားကြသည်။ သူတို့ ပြန်ခါနီးတွင် လင်းယွဲ့က လျံဖန်းများကို အမြန်ယူကာ ကူညီသူတစ်ယောက်ချင်းစီအတွက် တစ်တုံးစီနှင့် ဒုတိယဦးလေးအတွက် နှစ်တုံးပေးလိုက်၏။ လူတိုင်းမှာ ဝမ်းသာအားရဖြစ်သွားကြပြီး လင်းယွဲ့မှာ လှပသလို ရက်ရောသူဖြစ်ကြောင်း တိုက်ရိုက်ချီးကျူးကြသည်။ သူတို့ထွက်သွားပြီးနောက် လင်းယွဲ့သည် အခန်းထဲဝင်ကာ ပိုးအိတ်ကို အမြန်ဖွင့်ကြည့်လိုက်သည်။ တောက်ပပြီး လေးလံသောငွေတုံးများကိုကြည့်ရင်း သူမရင်ထဲတွင် နွေးထွေးသွားရ၏။
“အိမ်ဆောက်မယ်”
သူမအိမ်သစ်တွင် အိပ်ချင်သည်။ သူမအခန်းနှင့် သူမအိပ်ချင်သည်။ သူမသည် အိပ်ရာအောက်တွင် ဝါဂွမ်းများ ခင်းကာ နူးညံ့သောအိပ်ရာ၌ အိပ်ချင်ပြီး ရေနွေးနွေးထဲတွင် အေးဆေးစိမ်ချင်သည်။ ရှေးခေတ်တွင် အိမ်ဆောက်ရန် ရွာသားများကို အကူအညီတောင်းလေ့ရှိ၏။ အိမ်ဆောက်ခြင်းမှာ ပင်ပန်းသဖြင့် ပိုင်ရှင်မှဆောက်လျှင် အိမ်နီးချင်းများက ကူညီကြရသည်။ နောက်တစ်ခါ အိမ်နီးချင်းအိမ်ဆောက်လျှင်လည်း ပိုင်ရှင်ကပြန်ကူညီကြရ၏။ ဤကျေးဇူးတရားများကြောင့်သာ အခြားသူများက ကူညီလိုကြခြင်း ဖြစ်သည်။ သို့သော် လင်းယွဲ့မှာ မာရန်ရွာသို့ရောက်ခါစသာရှိသေး၍ ဤကဲ့သို့သော ကျေးဇူးတရားမျိုး မရှိသေးပေ။ သူမသည် ကြားခံလူတစ်ယောက်ရှာရမည်။ ကုမိသားစုရှိဒုတိယအဒေါ်တို့ မိသားစုမှလွဲ၍ တခြားမိသားစုများကသာ သူမကိုအနှောင့်အယှက်မပေးလျှင် ကျေးဇူးတင်ရပေမည်။ ဒုတိယအဒေါ်တို့မိသားစုနှင့်လည်း သိပ်မရင်းနှီးပေ။
ကုမိသားစုကလွဲရင် တခြားဘယ်သူရှိသေးလဲ။
သစ်ခုတ်သမား လီရှောင်လျန်
ဤဇနီးမောင်နှံကို လင်းယွဲ့သတိရလိုက်သည်။ လီရှောင်လျန်တို့အိမ်မှာ အလွန်ကြီးပြီး အခြားသူများ၏အကူအညီဖြင့် ဆောက်ထားခြင်းဖြစ်ရာ သူတို့မှာ လူသိများပေလိမ့်မည်။ သို့သော် ဆက်ဆံရေးမှာ သိပ်မရင်းနှီးလှပေ။
သူတို့က ဘာလို့ကူညီမှာလဲ။
သို့သော် လင်းယွဲ့စိတ်ထဲတွင် ပုရွက်ဆိတ်များ တွားသွားနေသကဲ့သို့ ဖြစ်နေ၏။ သူမသည် အိမ်သစ်အမှန်တကယ်ပင် ဆောက်ချင်နေသည်။ ဤကျဉ်းကျပ်နေသော တဲလေးကိုကြည့်လေလေ ပို၍ စိတ်တိုလေလေဖြစ်နေ၏။
"အင်း"
လင်းယွဲ့ ဆုံးဖြတ်ချက်ချလိုက်ကာ တစ်တေးထုတ်ယူပြီး သစ်ခုတ်သမားကို အကူအညီတောင်းရန် စီစဉ်လိုက်သည်။ လီရှောင်လျန်တို့အိမ်တွင် သစ်ခုတ်သမားမှ ပြောလိုက်သည်။
"အိုး ညီမလေးကတော့လေ၊ အဝေးက ဆွေမျိုးထက် နီးစပ်ရာအိမ်နီးချင်းက ပိုကောင်းပါတယ်၊ ဘာလို့ပေးတာလဲ ဒါက ငါတို့ကိုစိမ်းကားသွားစေမှာပေါ့"
မမျှော်လင့်ဘဲ လီရှောင်လျန်မှာ လင်းယွဲ့လက်ထဲမှ ငွေကိုတွန်းထုတ်လိုက်သည်။ သို့သော် သူမမျက်နှာမှာ စိတ်ပူနေပုံရ၏။
"ကူညီမယ့်သူရှာဖို့က မခက်ပါဘူး၊ ဒါပေမဲ့"
"ဘာဖြစ်လို့လဲ"
"နွေရာသီမှာ လယ်ယာလုပ်ငန်းတွေက တစ်ခုပြီးတစ်ခု ရှိနေတာလေ၊ ဆောင်းဦးရိတ်သိမ်းချိန်က အပင်ပန်းဆုံးပဲ"
"အခုချိန်က အလုပ်တွေရှုပ်ပြီး ပင်ပန်းနေတော့ အိမ်ဆောက်ဖို့ စွမ်းအင်တွေမဖြုန်းချင်ကြတာလား"
"အဲဒါ မဟုတ်ပါဘူး"
လီရှောင်လျန်က ဆိုသည်။
"အိမ်ဆောက်ဖို့ လူဆယ်ယောက်လောက်ဆိုရင် တစ်ဝက်တစ်ပျက်နဲ့ အများဆုံး လဝက်အတွင်းပြီးပါတယ်"
"အော်"
လီရှောင်လျန်၏တုံ့ဆိုင်းမှုကို မြင်သောအခါ လင်းယွဲ့စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"အစ်မရှောင်လျန် ဘာတွေသတိထားရမလဲဆိုတာပဲ ပြောပြပါ"
"ကောင်းပြီ၊ တည့်တည့်ပဲ ပြောမယ်၊ အစားအသောက် ကောင်းကောင်း ပြင်ဆင်ထားရမယ်"
လီရှောင်လျန်က ပြောပြသည်။
"ဒီနေ့ခေတ်မှာ ဘယ်သူမဆိုအရသာရှိတဲ့ အစားအစာကိုပဲ လိုချင်ကြတာလေ၊ အဆီအနှစ်များဖို့ လိုတယ်၊ တစ်နပ် ကျွေးမယ်ဆိုရင် အဲဒီအထဲမှာ အသားတော့ ပါကိုပါရမယ်"
"အော်"
လင်းယွဲ့ပြန်ဖြေလိုက်သည်။
"အဲ့လောက်ကတော့ ရပါတယ်၊ အစားအသောက်အတွက်တော့ ကျွန်မ သေချာပြင်ဆင်ပေးနိုင်ပါတယ်"
"ငွေလောက်ရဲ့လား"
လီရှောင်လျန်ကရှင်းပြသည်။
"ဒါ စနောက်စရာမဟုတ်ဘူး၊ အရင်နှစ်နှစ်လောက်က ရွာဝင်ဝကလီမိသားစု၊ ပညာရှင်ဝမ်ရဲ့သမက် လီနုန်ကိုသိတယ်မလား၊ သူက နှမြောတတ်လွန်းလို့ ကူညီတဲ့သူတွေကို နေ့တိုင်းပျစ်ချွဲချွဲ ဆန်ပြုတ်နဲ့ အသားနည်းနည်းပဲကျွေးတော့ လူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်၊ နောက်ဆုံးတော့ ဘယ်သူမှမကူညီကြတော့ဘူး၊ အိမ်မှာ အမိုးမရှိဘဲကျန်ခဲ့ပြီး ဘယ်သူ့ကိုမှမငှားနိုင်တော့ဘူး၊ အဲ့တော့သူ့ဘာသာ ကောက်ရိုးတွေရှာပြီး အမိုးတင်လိုက်ရတယ်၊ မိုးရွာတိုင်း အပေါက်တွေဖြစ်နေတာပဲ၊ ရွာသားတွေကလည်း သူ့ကို လျစ်လျူရှုထားကြတယ်၊ ပညာရှင်ဝမ်တောင် သူ့နဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်တယ်လို့ ကြားတယ်၊ အဲဒါကို ကျေးဇူးတရားတွေ ကုန်ခန်းသွားတယ်လို့ ခေါ်တာပေါ့ "
လီရှောင်လျန်က ခေါင်းခါလျက်ပြောလိုက်သည်။ လင်းယွဲ့ သူမ၏ဆိုလိုရင်းကို နားလည်လိုက်သည်။ သူတို့သာ လင်းယွဲ့ကိုအကူအညီရှာပေးပြီး လင်းယွဲ့က ကောင်းကောင်းဧည့်ခံမကျွေးနိုင်ပါက အခြားသူများက သူတို့ကို အပြစ်တင်လိမ့်မည်ဖြစ်ပြီး သူတို့၏ကျေးဇူးတရားများလည်း ကုန်ခန်းသွားလိမ့်မည်။ သို့သော် သူမ၏ရေခဲသေတ္တာထဲတွင် အသားတွေ အများကြီးရှိနေသည်ပင်။ တစ်မျိုးကို လော့ခ်ဖွင့်ပြီးသည်နှင့် သူတို့စားရမည်ကို အီသွားသည်အထိပြန်ဖြည့်ပေးနိုင်သေးသည်။
"အစ်မရေ စိတ်မပူပါနဲ့၊ ကျွန်မက အဲလို လူစားမျိုးမဟုတ်ပါဘူး"
လင်းယွဲ့က လီရှောင်လျန်ကို နှစ်သိမ့်လိုက်သည်။
"ကျွန်မ အရင်က ကလေးမလေးတစ်ယောက်ကိုကယ်ခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ သူ့အစ်ကိုက ပိုက်ဆံပေးထားတာပါ၊ အိမ်ဆောက်ဖို့ လုံလောက်ပါတယ်"
လင်းယွဲ့က တစ်တေးကို လီရှောင်လျန်လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
"အစ်မ ဒါက အစ်မအတွက်မဟုတ်ပါဘူး၊ မွေးလာမယ့် တူလေးအတွက် လက်ဆောင်ပါ၊ အိမ်ပြီးသွားရင် ပိုကြီးတဲ့လက်ဆောင် ပေးပါ့မယ်"
ဤစကားကြောင့် လီရှောင်လျန်မှာ ငြင်းဆိုရန်မဖြစ်နိုင်တော့ပေ။ ထို့အပြင် သူမမှာ ကိုယ်ဝန်ဆောင်ထားရသဖြင့် အိမ်သုံးစရိတ်မှာလည်း များပြားလာသည်။
"အင်း အစ်မယုံပါတယ်"
လီရှောင်လျန်က ငြင်းဆန်ရန် အားမသန်တော့ဘဲ လက်ခံလိုက်ကာ လင်းယွဲ့လက်ကို ပုတ်လျက်ပြောလိုက်သည်။
"ဒါပေမဲ့ အခုလယ်ကွင်းထဲမှာ အလုပ်ရှုပ်နေကြသေးတယ်၊ လူတိုင်းက တစ်ဝက်လောက်ပဲ ကူညီနိုင်မှာမို့ အပြည့်အဝအလုပ်,လုပ်ပေးနိုင်မှာ မဟုတ်ဘူး"
လီရှောင်လျန်က လင်းယွဲ့အခြေအနေကို ထည့်တွက်ကာ မှာလိုက်သည်။
"ဆယ်ရက်လောက် စောင့်ပါ၊ အလုပ်နည်းနည်းပါးသွားမှ လူရှာပေးမယ်၊ အဲဒီအခါကျရင် တစ်နေကုန်အလုပ်လုပ်ပေးနိုင်မယ်၊ နေ့လယ်စာ တစ်နပ်ပဲ ကျွေးရတော့မှာမို့ ပိုသက်သာသလို အလုပ်လည်း ပိုမြန်မြန်ပြီးမယ်၊ ဒီရက်ပိုင်းအတွင်း သစ်နဲ့ အုတ်ကြွပ်တွေ ရှာထားလိုက်ပါ"