အခန်း ၄၀
Vol. 4 Ch. 40
Ch-40
ကုရှန်းလင်းပတ်ဝန်းကျင်တွင်ရှိသူများမှာ ပိုက်ဆံမရှိသူများသာဖြစ်၏။ ကုရှန်းလင်းသည် ဆင်းရဲသားအုပ်စု၏ ခေါင်းဆောင်ငယ်ဖြစ်သော်လည်း သူက အလွန်တရာမဆင်းရဲသလို ချမ်းလဲမချမ်းသာပေ။ သို့သော် သူကစာတော်သဖြင့် ဆရာ၏ချီးကျူးမှုကို အမြဲရလေ့ရှိကာ ထိုအုပ်စု၏ ခေါင်းဆောင်အဖြစ် သွယ်ဝိုက်၍ ဖြစ်လာခဲ့သည်။
"ဟေ့ အဲဒါမင်းရဲ့ညီ မဟုတ်လား"
အုပ်စုထဲမှတစ်ယောက်က ကုရှန်းလင်းကို မေးလိုက်သည်။
"သူ့ကို ခေါ်လိုက်ရမလား"
"မခေါ်နဲ့"
ကုရှန်းလင်းမျက်နှာတွင် စက်ဆုပ်ရွံရှာသော အရိပ်အယောင်များပေါ်လာသည်။
"ဆင်းရဲတဲ့ဆွေမျိုးကို ငါမပတ်သက်ချင်ဘူး"
"သူ့ထမင်းဘူးထဲမှာ ဘာဟင်းပါမလဲမသိဘူးနော်"
"သေချာပေါက် ပုပ်နေတဲ့ဟင်းရွက်ဖတ်တွေပဲ ဖြစ်မှာ"
ကုရှန်းလင်းမောက်မာစွာ ပြောသည်။
"မဟုတ်ရင်လည်း အရင်ရက်ပိုင်းက ရောင်းမကုန်တဲ့ လျံဖန်းတွေပဲဖြစ်မှာပေါ့"
ကုရှန်းလင်းသည် အသားစားချင်၍ အော်ငိုတိုင်း သူ့ဖခင်ကို ‘ကုတန်လို မိဘမဲ့ကလေးတောင် အသားစားနိုင်တာ၊ သူက ဘာလို့မစားနိုင်ရမှာလဲ' ဟူသော အကြောင်းပြချက်ကိုသုံးလေ့ရှိသည်။ ကုတာ့ဖူက သူ့ကိုအမြဲဆဲဆိုလေ့ရှိသည်။
"မင်းက သူအသားစားနိုင်တယ် ထင်နေတာလား၊ မိဘမဲ့တစ်ယောက်က ဘာကောင်းကောင်းစားရမှာလဲ၊ သူတို့က သူ့ကိုတိရစ္ဆာန်လိုပဲ ဆက်ဆံမှာ၊ လင်းယွဲ့က သူမရောင်းမကုန်တဲ့လျံဖန်းတွေ ကျွေးရင်တောင် ကျေးဇူးတင်ရမှာ"
ထိုစကားကိုကြားရသောအခါ ကုရှန်းလင်း စိတ်သက်သာရာရသွားသည်။ ‘ဟုတ်ပါတယ်လေ ကုတန်လို မိဘမဲ့က သူနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ’ ဟုသာတွေးနေသည်။ သူသည် အုပ်စုထဲမှ လူများကို တို့ဟူးအနည်းငယ်ဝေပေးကာပြောလိုက်သည်။
"ငါ့နောက်လိုက်ရင် တို့ဟူးကျွေးမယ်၊ နားလည်လား"
"နားလည်ပါတယ်"
ထို့နောက် သူသည် သူတို့ပန်းကန်ထဲမှ ဆန်ပြုတ်ကျဲကျဲကိုကြည့်ကာ စိတ်ကူးတစ်ခုရလိုက်သည်။ သူသည် ကုတန်ရှေ့သို့သွားကာ သူ့ထမင်းဘူးနှင့် ကုတန်ထမင်းဘူးကို နှိုင်းယှဉ်ပြပြီး သူ့ကို ရှက်ရွံ့သွားအောင်လုပ်ရင်း ကုတန်ရှေ့တွင် အသားကိုစားပြပြီး သူ့ကိုမနာလို ဖြစ်အောင် လုပ်ပြရမည်။ ကုရှန်းလင်းတို့အုပ်စုသည် ထမင်းဘူးများကိုင်ကာ ကုတန်ဆီသို့ လျှောက်သွားကြသည်။ ကုရှန်းလင်း မျက်ခုံးပင့်ကာပြောလိုက်သည်။
"တို့ဟူးစားချင်လား စားချင်ရင် တောင်းပန်လေ၊ တစ်တုံးလောက် ပေးကောင်းပေးနိုင်တာပေါ့"
ထိုအချိန်တွင် ကုတန်က သူ့ထမင်းဘူးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ အထဲတွင် ရွှေရောင်ကြက်ပြုတ်ရည်အောက်၌ အရိုးနှင့် အသားပီပီပြင်ပြင် ထင်ရှားနေသော ကြက်ပေါင်ကြီးတစ်ချောင်းရှိနေ၏။ အေးနေသော်လည်း ကြက်ပြုတ်ရည်၏ မွှေးပျံ့သောအနံ့မှာ ကုရှန်းလင်းနှာခေါင်းဝသို့ တန်းတန်းမတ်မတ် ရောက်လာသည်။ ကုတန်သည် အပေါ်မှအသားပေါက်စီကိုထုတ်ယူကာ နှစ်ခြမ်းခွဲလိုက်သည်။
"မင်း ခုနကဘာပြောလိုက်တယ်"
ကုရှန်းလင်းသည် ကုတန်ပန်းကန်ထဲမှ ကြက်ပေါင်ကြီးနှင့် အသားပေါက်စီကို သူ့ပန်းကန်ထဲမှ ဟင်းရွက်၊ တို့ဟူးတို့နှင့် နှိုင်းယှဉ်ကြည့်လိုက်မိသည်။
"အဟင့် အဟင့် အဖေက သားကိုလိမ်တယ်"
သူသည် စိတ်ထိန်းမရတော့ဘဲ အော်ဟစ်ငိုကြွေးတော့သည်။
"မင်းတို့က ပုပ်နေတဲ့လျံဖန်းပဲ စားရမှာလေ၊ ပုပ်နေတဲ့ ဟင်းရွက်တွေပဲ စားရမှာမဟုတ်လား"
"ပုပ်နေတဲ့ လျံဖန်းနဲ့ဟင်းရွက်ဖတ်တွေ ဟုတ်လား"
ကုတန်က နားမလည်ဟန်ဖြင့်ကြည့်နေသည်။
"အဲဒါတွေက မင်းပန်းကန်ထဲမှာ အကုန် ရှိနေတာမဟုတ်လား၊ ငါကတော့ ကြက်သားနဲ့ အသားပေါက်စီတွေပဲစားတာ"
"အဟင့် အဟင့် အဖေက သားကိုလိမ်တယ်"
ငိုသံမှာ ကျောင်းတော်ကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။ မနက်ခင်းတွင် လင်းယွဲ့သည် တာ့ယာကိုခေါ်၍ လက်ဖက်ရည်ဆိုင်သို့သွားခဲ့၏။ ဆိုင်ထဲတွင် ရေနွေးကြမ်းအတွက် မီးဖိုရှိသော်လည်း သံအိုးမှာမရှိတော့ပေ။ လင်းယွဲ့သည် သူမယူလာသော မြေအိုးကိုတင်လိုက်သည်။ နောက်နှစ်ရက်၊ သုံးရက်နေလျှင် သံအိုးအသစ်ရောက်လာလိမ့်မည်။ ထိုစဉ် ဝမ်အာ့မေ ရောက်လာ၏။ သူမသည် ရေပုံးနှစ်ပုံးကိုထမ်းလာပြီး ချွေးများကိုသုတ်လိုက်သည်။
"ညီမလေးရေ ဒီနားကရေအရင်းအမြစ်က အဝေးကြီးဆိုတော့ ညီမလေးမထမ်းနိုင်မှာစိုးလို့ အစ်မပဲကြိုလုပ်ပေးလိုက်တာပါ"
သူမက ရှက်ရွံ့စွာပြုံးလိုက်သည်။
"ပြီးတော့ ဒီစားပွဲတွေကိုလည်း ကြိုသန့်ရှင်းပေးထားပါတယ်"
လင်းယွဲ့သည် ချွေးများဖြင့်စိုရွှဲနေသော သူမမျက်နှာ၊ နေလောင်ထားသော အသားအရေ၊ အသက်အရွယ်ကြောင့် ပေါ်လာသော ဆံဖြူများကိုကြည့်လိုက်သည်။ သူမမှာ အလွန်ပိန်လှီနေပြီး အရိုးများပင် ထင်ရှားနေပြီး သူမသမီးလေးမှာလည်း အင်မတန်ကြောက်ရွံ့နေဟန် ရှိ၏။ ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေသော ဘဝ၊ ကမ္ဘာပေါ်တွင် ဆင်းရဲဒုက္ခ ရောက်နေသူများ များပြားလှပေသည်။
သူမသည် ဆိုင်အသစ်ဖွင့်ခါစမို့ ရောင်းကောင်းမကောင်းမသိရသေးဘဲ လူနှစ်ယောက်စာအတွက် တာဝန်ယူနိုင်ပါ့မလားဟုတွေးနေမိသည်။ အကြည့်ချင်း ဆုံမိသောအခါ ဝမ်အာ့မေသည် လင်းယွဲ့၏စိတ်အခြေအနေကို ရိပ်မိသွားသည်။ သူမသည် မျက်နှာကိုပွတ်သပ်လိုက်ကာ ချွေးများကိုသုတ်လိုက်ခြင်းလော မျက်ရည်များကို သုတ်လိုက်ခြင်းလောဆိုသည်ကိုပင် မကွဲပြားတော့ချေ။
သူမသည် လက်ဖက်ရည်ဆိုင်ထဲသို သွက်လက်စွာဝင်သွားပြီး မြေအိုးထဲသို ရေများလောင်းထည့်လိုက်သည်။
"ရေထည့်ပြီးတာနဲ့ ရေပုံးတွေကိုပြန်ပေးရမယ်"
ဝမ်အာ့မေသည် နှုတ်ခမ်းများကို အတင်းဆွဲဆန့်ကာပြုံးနိုင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအမူအရာကပြုံးနေခြင်းထက် ငိုနေခြင်းနှင့် ပိုတူနေလေသည်။
"ဒီမှာ ထင်းသိပ်အများကြီးမရှိပေမဲ့ မနက်ခင်းအတွက်တော့ လောက်ပါသေးတယ်"
သူမ အမှန်တကယ်ဗိုက်ဆာနေသည်။ သမီးဖြစ်သူနှင့် သူမအတွက် စားစရာ တစ်ခုခုကို တကယ်ရချင်နေမိသည်။ လင်းယွဲက သူမကိုအလုပ်ခန့်ထားစေရန်အတွက် မနက်ခင်းတစ်ခုလုံး အလုပ်တွေ ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့ပြီး ပြောရမည့် စကားလုံးများကိုလည်း အကြိမ်ကြိမ်အခါခါ လေ့ကျင့်ခဲ့၏။ မိမိသမီးလေး အသက်ရှင်နိုင်ရေးအတွက် မည်သည့်အလုပ်မျိုးကိုမဆို နွားတစ်ကောင်လို မြင်းတစ်ကောင်လို သူမလုပ်ကိုင်နိုင်သည်။ လင်းယွဲကသာ သူမနှင့် သမီးဖြစ်သူအား စားစရာလေး တစ်ခုခုပေးမည်ဆိုလျှင် သူမကျေနပ်ပြီပင်။ သို့သော် တကယ်တမ်းစကားပြောရမည့်အချိန်သို ရောက်သောအခါ သူမ နှုတ်ခမ်းများကို ဖွင့်ဟရန်အသံထွက်မလာခဲ့ပေ။
ဤလောကတွင် လူတိုင်းက ကိုယ့်ဒုက္ခနှင့်ကိုယ် ရုန်းကန်နေကြရသည်ပင်။ ညီမလေးလင်းယွဲ့ဆိုလျှင်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ကာ ကလေးငယ်နှစ်ဦးကို ပြုစုပျိုးထောင်ရင်း ခက်ခဲကြမ်းတမ်းသောဘဝအား ဖြတ်သန်းနေရသည်။ သူမအနေဖြင့် သူတစ်ပါး၏ဝန်ထုပ်ဝန်ပိုးကို ထပ်မံပိစေရန် ဘယ်လိုလုပ်ရက်စက်နိုင်မည်နည်း။ သို့သော် အသက်ရှင်သန်ရန်အတွက် အခြားမည်သည့်နည်းလမ်းကိုမျှ သူမစဉ်းစား၍ မရနိုင်တော့ပေ။ ခင်ပွန်းဖြစ်သူနှင့် ယောက္ခမက သူမအား အိမ်ပေါ်မှ မောင်းချခဲ့ကြသည်။ သူမအတွက် နေစရာအိမ်မရှိ၊ စိုက်ပျိုးစရာ မြေမရှိသလို တတ်ကျွမ်းသည့် ပညာဆို၍လည်း ဘာမျှမရှိခဲ့ပေ။
အစ်ကိုဖြစ်သူ၏နွားတင်းကုပ်တွင် ခိုးဝှက်နေထိုင်ရပြီး အစ်ကိုနှင့် ယောင်းမဖြစ်သူ၏ဆဲဆိုကြိမ်းမောင်းမှုများကို အမြဲလိုလို ခံစားနေရသည်။ သူမ မျက်ရည်တစ်ပေါက်ကို သုတ်ဖယ်လိုက်သည်။ လူတိုင်းက သူတိုသားအမိအား သေစေချင်နေကြ၏။
သူမ တကယ်ပဲ ကံကြမ္မာကိုအရှုံးပေးပြီး သေလိုက်ဖို့လည်း မဖြစ်နိုင်ပေ။ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ရမည်ဆိုလျှင်တောင်မှ သူမသမီးလေးကို လူလားမြောက်အောင် ကျွေးမွေးပြုစုမည်ဆိုသည့် ပြင်းပြသည့်မိခင်မေတ္တာနှင့် ရည်မှန်းချက်က ရင်တွင်း၌ ဟုန်းဟုန်းတောက်လောင်နေသည်။ ဝမ်အာ့မေသည် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ဝမ်ယင်းလက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ရာ လင်းယွဲ၏စိတ်နှလုံး ပျော့ပျောင်းသွားရသည်။
"လာ အတူတူစားကြမယ်"
လင်းယွဲမှ သက်ပြင်းချကာ ပြောလိုက်ရာ ဝမ်အာ့မေအံ့ဩသွားသည်။
"ညီမလေး"
"ဆိုင်က အခုမှစဖွင့်တာမလို့ လစာတော့ ချက်ချင်းမပေးနိုင်သေးဘူး၊ ဒါပေမဲ့ အနည်းဆုံး ဗိုက်ဝအောင်တော့ ကျွေးနိုင်ပါတယ်"
ဝမ်အာ့မေ၏မျက်ရည်များမှာ တလိမ့်လိမ့် စီးကျလာသည်။
"ရပါတယ် ကျွန်မလုပ်နိုင်ပါတယ်"
သူမသည် ဒူးထောက်ကာ ကျေးဇူးတင် စကားဆိုသည်။
"ညီမလေးက တကယ့်ကိုကျေးဇူးရှင်ပါဘဲ"
လင်းယွဲ့ သူမကို ထူပေးလိုက်သည်။ ဝမ်အာ့မေမှာ မီးဖိုထဲသိုပြေးဝင်သွားသဖြင့် လင်းယွဲသည် အိတ်ထဲမှအသားပေါက်စီနှစ်လုံး ထုတ်ပေးလိုက်သည်။
"မနက်စာ အတူစားကြမယ်၊ အလုပ်လုပ်ရမှာမလို့ ဗိုက်ဝအောင်စားထား"
ဝမ်အာ့မေမှာ အသားပေါက်စီကိုမြင်သောအခါ စကားပင်မပြောနိုင်တော့ပေ။ သူမသည် တစ်ကိုက် ကိုက်လိုက်တိုင်း ထိုအရသာကို နှမြောတသစွာဖြင့် အရသာခံနေသည်။ နေရောင်ခြည် တက်လာသည်နှင့် ခရီးသွားများပိုများလာ၏။ သို့သော် အများစုမှာကြည့်ရုံသာကြည့်ပြီး လျှောက်သွားကြ၏။ လင်းယွဲ့ စိတ်ပူနေမိသည်။ သူမလျံဖန်းမှာ အရသာရှိသော်လည်း လူတွေကိုဆွဲဆောင်ဖို့ ကြော်ငြာမှရမည်။
‘ကြော်ငြာရမယ် သူမ ကြော်ငြာမှရမယ်’
နောက်လာမည့် လူအုပ်ကိုမြင်သောအခါ လင်းယွဲ့သည် လမ်းမပေါ်ထွက်ကာ အော်လိုက်သည်။
"လျံဖန်း လာဝယ်ကြပါဦး၊ အရသာရှိပြီး လန်းဆန်းစေတဲ့ လျံဖန်းတွေပါ၊ တစ်ကိုက်စားလိုက်တာနဲ့ အရိုးထဲထိ အေးသွားစေရမယ်၊ ပူပြင်းတဲ့နွေရာသီမှာ တစ်ကိုက်စားလိုက်ရရင် တကယ့်ကို အံ့ဩစရာပဲနော်"