အခန်း ၄၂
Vol. 5 Ch. 42
Ch-42
"ကျွန်မ ကျွန်မလက်မခံနိုင်ပါဘူး၊ ဒီလိုဆိုရင် ကျွန်မက ဘယ်လိုလူဖြစ်သွားမလဲ"
ဝမ်အာ့မေက ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေသည်။
"အစ်မရေ မနက်ဖြန်လည်း အစ်မရဲ့ အကူအညီလိုသေးတယ်၊ အဲဒါကြောင့် ငြင်းမနေပါနဲ့တော့၊ ကျွန်မတို့ အတူတူ စီးပွားရေးလုပ်ကြမှာလေ"
လင်းယွဲ့ ပြတ်ပြတ်သားသားပင် ပြောလိုက်ပြီး လက်ဖက်ရည်ဆိုင်ဘက်သို့ လှမ်းအော်လိုက်၏။
"တာ့ယာ သွားရအောင်"
ဝမ်အာ့မေသည် ခုံတန်းလျားပေါ်တွင် အသားပေါက်စီနှင့် ကြေးပြားများကို ကိုင်လျက် ကြောင်တောင်တောင်ဖြစ်နေပြီး ငေးငိုင်နေသည်။
"မေမေ ဘာဖြစ်တာလဲ၊ ပိုက်ဆံရလို့ မပျော်ဘူးလား"
ဝမ်ယင်းက ဝမ်အာ့မေဆီသို့ဖြေးဖြေးချင်းလျှောက်လာလိုက်သည်။ သူ့အမေ ဤသို့သော အမူအရာမျိုးနှင့်ရှိနေသည်ကို သူ တစ်ခါမျှမမြင်ဖူးခဲ့ပေ။ သူ့အဖေက မုဆိုးမနှင့်ဖောက်ပြန်သည့်အခါ အမေက ဒေါသဖြင့်တုန်ရီနေခဲ့၏။ အဖေမှ အိမ်ကနေနှင်ထုတ်လိုက်ချိန်တွင် အမေက မျက်ရည်များအားအောင့်အီးသိမ်းထားခဲ့သည်။ ဦးလေးတို့မှ နှင်ထုတ်၍ နွားတင်းကုပ်ထဲအိပ်ခဲ့ရချိန်တွင်တောင် သူ့အမေက သူ့ကိုပွေ့ဖက်ပြီး ကြယ်တာရာများအောက်မှာ အိပ်ရာဝင်သီချင်းဆိုပေးခဲ့၏။ သူ့အမေမှာ ဘယ်တော့မှမငိုခဲ့ပေ။ သူမအမူအရာမှာ အမြဲတမ်းသည်းခံခြင်းနှင့် တည်ကြည်ခြင်းသာရှိသည်။ သို့သော် ယခု သူမ အလွန်တရာအထိမခံဖြစ်နေ၏။
"အမေ ပျော်ပါတယ်"
ဝမ်အာ့မေကပြုံးလျက် ဝမ်ယင်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
"လူတိုင်းက အမေ့ကိုသေစေချင်ခဲ့ပေမဲ့ လင်းယွဲ့ကပဲ အမေ့ကို ဘယ်လိုအသက်ရှင်ရမလဲဆိုတာ သင်ပေးခဲ့တယ်၊ ယင်းယင်းရေ နောက်ဆိုရင် အမေတို့ဘဝက ပိုပြီးကောင်းလာဖို့ပဲ ရှိလာတော့မှာပါ"
ထိုနေ့က ဝမ်ယင်းသည် သူ့နောက်ကျောပေါ်သို့ စီးကျလာသောမျက်ရည်စက်များ ပူနွေးနေသည်ကို ခံစားရသော်လည်း သူ့ရင်ထဲတွင်မူ အလွန်တရာအေးချမ်းနေ၏။ ထိုနေ့တွင် လင်းယွဲ့သည် တာ့ယာကို အကူအညီမပေးခိုင်းတော့ဘဲ သူမနာမည်ကို စာရေးတတ်အောင်သင်ပေးလိုက်သည်။
"ဒီည တာ့ယာနဲ့ ကုတန်တို့ပြိုင်ရေးကြမယ်၊ ဘယ်သူ ပိုလှအောင် ရေးနိုင်မလဲ ကြည့်မယ်"
လင်းယွဲ့က တာ့ယာလက်ကို ကိုင်ရင်း ပြောလိုက်၏။
"နိုင်ရင် ဆုပေးမယ်"
"ဆု ဟုတ်လား"
တာ့ယာမျက်လုံးများ ဝိုင်းစက်သွားပြီး စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
"ဘာဆုလဲ ယောင်းမ"
"နင်လိုချင်တဲ့ ဆုတစ်ခုခုပေါ့၊ ဘာမဆို တောင်းနိုင်တယ်"
"ယေး ဟားဟား”
တာ့ယာစကားဆုံးသည်နှင့် တစ်ချိန်တည်းမှာပင် အသံတစ်သံကြားလိုက်ရသည်။
"ဘာသံလဲ"
*အူး အူး*
လင်းယွဲ့ကျောတွင် ကြက်သီးမွှေးညှင်းများထသွားကာ နေရောင်ရှိနေသေးသော်လည်း တောအုပ်ထဲမှ ထူးဆန်းသောအေးစက်မှုကို ခံစားလိုက်ရ၏။
"မြန်မြန်သွားရအောင်"
လင်းယွဲ့က တာ့ယာလက်ကိုဆွဲကာ ရှေ့သို့ပြေးသွားသည်။
"ခဏလေး"
တာ့ယာက လင်းယွဲ့လက်ကိုဆွဲကာ ဘေးသို့ပြေးသွားသည်။
"ယောင်းမ ဟိုမှာကြောင်ပေါက်လေးတစ်ကောင်"
လင်းယွဲ့ သေချာကြည့်လိုက်ရာ လက်မောင်းတစ်ဝက်စာလောက်သာရှိသော ကျားပေါက်လေးဖြစ်နေသည်။ ခန္ဓာကိုယ်မှာ အရိုးများထင်ရှားနေပြီး အသက်ရှူနှုန်းမှာ အလွန်တရာအားနည်းနေ၏။ အလွန်သေးငယ်ပြီး ကျန်းမာရေးမကောင်းသည့်ပုံ ပေါက်နေသဖြင့် တာ့ယာက ကြောင်ပေါက်လေးဟု မှားယွင်းထင်မှတ်မိခြင်းဖြစ်သည်။ ကျားပေါက်လေး၏မျက်လုံးများမှာ အပြည့်အဝမပွင့်သေးဘဲ အညစ်အကြေးများကပ်နေကာ မျက်ဝန်းမှာလည်း ကြောက်စရာကောင်းသော အပြာရောင်သန်းနေသည်။
"ယောင်းမ သူ့ခြေဖဝါးလေးကိုကြည့်ပါဦး"
လင်းယွဲ့ကြည့်လိုက်ရာ ခြေသည်းတစ်ခုမှာကောက်နေ၏။ အရာအားလုံးကို ထောက်ဆကြည့်လျှင် ဤကျားလေးမှာ စွန့်ပစ်ခံထားရပုံပေါ်သည်။ တာ့ယာက ကျားလေးကိုပွေ့ထားရင်း သနားကြင်နာဟန်ဖြင့်ပြောလိုက်၏။
"ယောင်းမ သူကသိပ်သနားဖို့ကောင်းတယ်"
"ဒါပေမဲ့ ဒါကျားလေ"
လင်းယွဲ့ တုံ့ဆိုင်းသွားသည်။
"သူ သေလုနီးပါးဖြစ်နေပြီ၊ ပြီးတော့ သေးသေးလေး"
တာ့ယာစကားမဆုံးခင်မှာပင် ကျားပေါက်လေးမှာ သူမရင်ခွင်ထဲသို့ ခေါင်းဖြင့် တိုးဝင်လာသည်။ ခေတ်သစ်တွင် ကျားများကို မွေးမြူသူများရှိပြီး အင်တာနက်တွင်ပင် ပြသထားကြ၏။ ထို့ပြင် ခွေးမတစ်ကောင်က ကျားလေး ငါးကောင်ကို နို့တိုက်ကျွေးခဲ့ပြီးနောက် ကျားလေးများကြီးလာသောအခါ ထိုခွေးမကို အလွန်ဂရုစိုက်ခဲ့သည့် သတင်းကိုလည်း လင်းယွဲ့ကြားဖူးသည်။ ကျားများသည် စိတ်ခံစားမှုရှိသည့် တိရစ္ဆာန်များဖြစ်သည်။ လင်းယွဲ့ သူမကိုယ်သူမ ယုံကြည်အောင် အားပေးနေမိပြီး နောက်ဆုံးတွင်စိတ်ပျော့သွား၏။ ကျားလေးမှာ အလွန်တရာချစ်စရာကောင်းနေသည်။
"ယောင်းမ သမီးသာ အစ်ကို့ကိုနိုင်ရင် ဒီကောင်လေးကို မွေးခွင့်ပြုမလား"
"ပြုတယ်"
ညစာစားပြီးနောက် တာ့ယာက ကုတန်ကို ယှဉ်ပြိုင်ဖို့ကြည့်နေသည်။
"ဒီနေ့ တစ်နေကုန် လေ့ကျင့်ထားတာ၊ မင်းကို အနိုင်ယူမယ်၊ ကျားမွေးရင် အန္တရာယ်ရှိမှာပေါ့၊ မမွေးခိုင်းဘူး"
ကုတန်က ကြက်များမွေးချင်နေသူ ဖြစ်သည်။ သူသည် ကျားမှကြက်များကိုစားပစ်မည်အား စိုးရိမ်သဖြင့် တာ့ယာ ကျားမွေးခြင်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေ၏။
"ကောင်းပြီ၊ သိထားတဲ့ စာလုံးတွေကို ရေးကြည့်ကြမယ်၊ ဘယ်သူက ပိုများများနဲ့ ပိုမှန်အောင် ရေးနိုင်မလဲကြည့်ကြမယ်"
တာ့ယာက စိတ်ကူးအရ သူမနာမည်ကို မြေကြီးပေါ်တွင်ရေးလိုက်သည်။ ထို့နောက် တစ်၊ နှစ်၊ သုံးဟု ဆက်ရေးလိုက်၏။ ကုတန်မှာ စာလုံးမရေးနိုင်ဘဲ ကြာနေသည်။ သူသည် ဒီနေ့ တစ်နေကုန် စာဖတ်ထားသော်လည်း အသံထွက်နှင့် အဓိပ္ပာယ်ကို နားလည်အောင်ကြိုးစားရင်း ခေါင်းမူးနေ၏။ သူသည် စက္ကူနှင့် မှင်ကိုသုံးရန်လည်း နှမြောနေသည်။ နောက်ဆုံးတွင် ကုတန် ရှုံးသွား၏။
"ငါ့ကို အထင်မသေးနဲ့"
တာ့ယာက ကျားလေးကိုပွေ့ကာ သီချင်းဆိုရင်း ပျော်ရွှင်နေသည်။ ကုတန်မှာ မြေကြီးပေါ်တွင် ဒူးထောက်ကာ အော်ဟစ်ငိုကြွေးနေ၏။
"ငါကတုံးတယ် အရမ်းတုံးတယ်"
ထို့နောက် စကားမပြောဘဲစာဆက်ဖတ်နေ၏။
"ယောင်းမ သူက အသားမစားနိုင်သေးဘူး"
တာ့ယာက ကျားလေး၏နှမ်းစေ့အရွယ် သွားလေးများကို ထိရင်းပြောသည်။
"ဆိတ်နို့မှုန့် ဖျော်တိုက်လိုက်"
လင်းယွဲ့က ရေခဲသေတ္တာထဲမှဆိတ်နို့မှုန့်ကို လော့ခ်ဖွင့်လိုက်ပြီး ဆိတ်နို့မှုန့်များကိုဖျော်ကာ မြေကြီးပေါ် ချထားလိုက်သည်။ တာ့ယာလဲ ကျားလေးကိုချပေးလိုက်၏။ ကျားလေးမှာ ကြမ်းပြင်ပေါ်တွင် ယိုင်တိုင်တိုင်လမ်းလျှောက်ပြီး နို့ပန်းကန်ထဲသို့ ခေါင်းနှစ်လိုက်သည်။ ထိုပုံစံမှာ အလွန်ပင်ချစ်စရာကောင်းပြီး ရယ်စရာဖြစ်နေ၏။ လင်းယွဲ့လည်း ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ တာ့ယာမှာ ကျားလေးကို အလွန်နှစ်သက်သည်။ နောက်တစ်နေ့တွင် သူမသည် လက်ဖက်ရည်ဆိုင်တွင် ကျားလေးကိုပွေ့ချီကာ စာရေးနေ၏။
"ဒီကြောင်လေးက ချစ်စရာလေးနော်"
ဝမ်ယင်းက တိုးတိုးလေးပြောသည်။
"ဒါက ကျားလေ"
တာ့ယာပြုံး၍ပြောကာ ကျားလေးကို မြေကြီးပေါ် ချပေးလိုက်သည်။
"မီမီ လမ်းလျှောက်ပြလိုက်ဦး"
ကျားလေးမှာလှည့်လိုက်ပြီး နည်းနည်း လမ်းလျှောက်လိုက်ကာ တာ့ယာ၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။
"နင်က အရမ်းသတ္တိရှိတာပဲ"
"သူက မကိုက်ပါဘူး"
တာ့ယာက ကျားလေးကို လက်နှင့်ကိုင်ရင်းပြောသည်။
"ကြည့်"
ကျားလေးက တာ့ယာလက်ချောင်းကို ညင်သာစွာကိုက်လိုက်သည်။ ဝမ်ယင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
"မနာပါဘူး ဟားဟားဟား"
တာ့ယာ လက်ပြန်ဆွဲထုတ်လိုက်ရာ တံတွေးများသာပေနေပြီး သွားရာမပါပေ။ ထိုအချိန်တွင် လင်းယွဲ့နှင့် ဝမ်အာ့မေတို့သည် လက်ဖက်ရည်ဆိုင်ကို ပြင်ဆင်နေကြသည်။ လင်းယွဲ့သည် ရေပုံးများနှင့် သစ်သားစည်ကိုဝယ်ထားသော်လည်း ဝမ်အာ့မေက ရေပုံးနှစ်ပုံးကို အရင်လာပို့ပေးထား၏။
"တော်သေးတာပေါ့၊ ဒီညတော့ ရေပုံးနှစ်ပုံး ပြန်ပေးလို့ရပြီ"
ဝမ်အာ့မေ သက်ပြင်းချလိုက်ရာ လင်းယွဲ့သည် တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရသည်။ ဝမ်အာ့မေသည် ခေါင်းငုံ့ထားပြီး ဆံပင်များဖြင့် မျက်နှာကို ဖုံးထား၏။ သူမမျက်နှာကို မော့ကြည့်လိုက်သောအခါ ပါးပြင်ထက်ရှိ နီရဲနေသောလက်ရာကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ"
လင်းယွဲ့ လက်ကိုဆွဲလိုက်ရာ အင်္ကျီအောက်တွင် ညိုမည်းစွဲနေသည်ကို တွေ့လိုက်ရသည်။
"ဘာမှမဖြစ်ပါဘူး"
ဝမ်အာ့မေက အပြုံးဖြင့် ပြန်ပြောသည်။
"ဒါက ဘာမှမဟုတ်ပါဘူးလား၊ ဘာဖြစ်တာလဲ ပြောပြပါ"
လင်းယွဲ့၏တည်ကြည်သောအမူအရာကြောင့် ဝမ်အာ့မေမှာ မပြောမဖြစ် ပြောလိုက်ရသည်။
"မနေ့က ရေပုံးသွားငှားတာကို အစ်ကိုနဲ့ အခြားသူတွေကရှာမတွေ့လို့ ကျွန်မခိုးတယ်ထင်ပြီး ညကရိုက်နှက်ကြတာပါ၊ ဘာမှမဖြစ်ပါဘူး၊ တကယ်ကို ဘာမှမဖြစ်ပါဘူး"
ဝမ်အာ့မေက လင်းယွဲ့ကိုနှစ်သိမ့်လိုက်သည်။ လင်းယွဲ့သည် စားပွဲသန့်ရှင်းရန် ပဝါအသစ်ထုတ်လိုက်ပြီး ဒဏ်ရာကို ရေခဲဖြင့်အုံပေးရန် ကြံရွယ်လိုက်သည်။ သူမရေခဲသေတ္တာတွင် ရေခဲလုပ်သည့် လုပ်ဆောင်ချက်ပါရှိသော်လည်း တစ်ခါမျှ မသုံးဖူးသေးပေ။ လင်းယွဲ့သည် စိတ်ထဲမှ ရေခဲလုပ်သည့်ခလုတ်ကို နှိပ်လိုက်၏။