← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

Ch-43

ရေခဲသေတ္တာက လှုပ်ရှားမှုမရှိပေ။ ငွေတစ်ဝက်ကို ထပ်ပေးလိုက်ပြီး လင်းယွဲ့ အမိန့်ပေးလိုက်သည်။

"လော့ခ်ဖွင့်"

*ခလွမ် ခလွမ်*

ရေခဲတုံးများမှာ ရေတံခွန်တစ်ခုအလား လင်းယွဲ့ပန်းကန်လုံးထဲသို့ စီးကျလာသည်။

"ရပ် ရပ် ရပ်"

လင်းယွဲ့ အမြန်တားလိုက်ပြီး ရေခဲပေါ်သို့ ရေလောင်းကာ ပဝါကိုစိမ်လိုက်သည်။ ပဝါမှာ အလွန်အေးစက်နေသဖြင့် လင်းယွဲ့က ၎င်းကိုဝမ်အာ့မေ၏မျက်နှာပေါ်သို့ အုပ်ပေးလိုက်ရာ ဝမ်အာ့မေ၏ဖူးယောင်နေသော မျက်နှာမှာ ချက်ချင်းပင်သက်သာသွား၏။

"မနေ့က အရိုက်ခံထားရပြီး ဒီနေ့လည်း သစ်သားစည်ကို သယ်လာသေးတယ်၊ ညကျရင် ဘယ်လိုလုပ်မလဲ"

လင်းယွဲ့ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ ဝမ်အာ့မေမှာ တိတ်ဆိတ်နေ၏။

"သူ နင့်ကိုရိုက်ရင် ထွက်ပြေးလိုက်လေ၊ ဘာလို့သည်းခံနေတာလဲ"

လင်းယွဲ့က သူမကို တစ်ညလောက်ပုန်းခိုစေချင်သော်လည်း သူမအိမ်မှာ သေးငယ်လွန်းပြီး အိပ်ရာခင်းပင် မရှိသဖြင့် နေထိုင်ရန် ခက်ခဲနေသည်။

"အင်း ကျွန်မလုပ်ပါ့မယ်၊ သစ်သားစည်တစ်လုံး ဝယ်ပြီးရင်တော့ နောက်ထပ် ငှားစရာမလိုတော့ဘူး၊ သူတို့ကိုလည်း ကြောက်နေစရာမလိုတော့ဘူး"

ဝမ်အာ့မေမျက်နှာမှာ ပုံမှန်အရောင်သို့ ပြန်ရောက်လာသည်ကို မြင်သောအခါ လင်းယွဲ့က ရေခဲရေကိုထပ်စိမ်ကာ သူမအား ကပ်ပေးလိုက်သည်။

"လက်ဖက်ရည် တစ်ခွက်"

တစ်စုံတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

"ရေဆာလို့ သေတော့မယ်၊ အေးတဲ့ရေပဲ လိုချင်တယ်"

"လာပါပြီ"

လင်းယွဲ့ သေချာကြည့်လိုက်ရာ မျက်နှာသိတစ်ခုကို တွေ့လိုက်ရသည်။

"အစ်ကိုကြီးကျိုး"

ထိုသူမှာ ဇီရှန်းရွာမှ မာရန်ရွာသို့ သူတို့ကိုပို့ပေးခဲ့သော ကျိုးကျားဖြစ်သည်။

"အော် မေ့ဇီ၊ ဒီမှာ စီးပွားရေးလုပ်နေတာလား"

ကျိုးကျားမှာ အံ့အားသင့်သွားရသည်။ တစ်လတောင်မပြည့်သေးဘဲ သူမ စီးပွားရေးစလုပ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဟုတ်ကဲ့"

လင်းယွဲ့က ကျိုးကျားအတွက် လက်ဖက်ရည်ကို ကိုယ်တိုင်ငှဲ့ပေးလိုက်သည်။

"လုပ်ငန်းအသေးစားလေးပါရှင်"

ထို့နောက် သူမသည် လျံဖန်းတစ်တုံးကိုလှီးကာ အချိုရည်နှင့်ရော၍ ကျိုးကျားကို ကမ်းပေးလိုက်သည်။

"အစ်ကိုကြီးကျိုး၊ အရင်တစ်ခေါက်က ကူညီပေးလို့ ကျေးဇူးတင်ပါတယ် မြည်းကြည့်ပါဦး"

ကျိုးကျားမြည်းကြည့်လိုက်ရာ မျက်လုံးများ ဝိုင်းစက်သွားသည်။

"အရမ်းကောင်းတာပဲ၊ တကယ့်ကို အရသာရှိတယ်"

လင်းယွဲ့သည် ရေခဲတုံးများရရှိပြီးနောက် စိတ်ကူးတစ်ခုရသွားသည်။ ပူပြင်းသည့်အချိန်တွင် လူများမှာ အေးမြသောလက်ဖက်ရည်ကို သောက်ချင်ကြသော်လည်း ပူနွေးနေသော လက်ဖက်ရည်ကို အအေးခံရန် အချိန်စောင့်ရ၏။ လင်းယွဲ့သည် ရေနွေးထဲသို့ ရေခဲတုံးများထည့်လိုက်သည်။ လက်ဖက်ရည်အိုးထဲသို့လည်း ရေခဲတုံး အများအပြားထည့်လိုက်၏။ ယခုသောက်လိုက်သည့် လက်ဖက်ရည်မှာ ခေတ်သစ်မှ ကော်ဖီအေးကဲ့သို့ အေးစက်နေသည်။ လျံဖန်းကိုလည်း ရေခဲရေထဲတွင် စိမ်ထားသဖြင့် ပို၍ လန်းဆန်းကာ မပျက်စီးစေရန် ကာကွယ်ပေးသည်။ လက်ဖက်ရည်ဆိုင်၏ မီးဖိုချောင်မှာ အဝတ်ဖြင့်ကာထားသဖြင့် မည်သူမျှမမြင်နိုင်ပေ။ ဝမ်အာ့မေ သံသယဖြစ်လာပါက ရှင်းပြလိုက်မည်။ ရှေးခေတ်ကတည်းက ရေခဲပြုလုပ်နည်းများရှိခဲ့သဖြင့် ထူးဆန်းသည်ဟု မထင်နိုင်ပေ။

"အစ်ကိုကြီးကျိုး ဘာလို့ ဒီလမ်းအတိုင်းသွားနေတာလဲ"

ထိုအခါ ကျိုးကျားကသက်ပြင်းချလိုက်သည်။

"အိမ်နီးချင်းကျန်းရှစီရင်စုမှာ မိုးခေါင်တာ ကြားမိလား၊ ဒုက္ခသည်တွေ အကုန်လုံး ဒီဘက်ကိုပြေးလာကြတယ်၊ တောင်ပေါ်ထွက်ကုန်တွေတောင်မရှိတော့ဘဲ သစ်ခေါက်တွေကိုတောင် စားနေကြတာ၊ ကျွန်တော်လည်း နွားလှည်းနဲ့ ကုန်ပစ္စည်း သယ်တဲ့အလုပ်ပဲလုပ်နိုင်တော့တယ်"

"ဒုက္ခသည်တွေလား"

"ဟုတ်တယ်"

ကျိုးကျားက ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ အရမ်းစိုးရိမ်မနေပါနဲ့၊ ရှေ့တန်းမှာ စစ်ဖြစ်နေသလို တခြားနေရာတွေမှာလည်း လယ်သမားတွေက ပုန်ကန်နေကြတယ်၊ အစိုးရကလည်း ခေါင်းကိုက်နေရပြီ၊ မကြာခင် ဒီဒုက္ခသည်တွေကို စစ်သားအဖြစ်စုဆောင်းလိမ့်မယ်"

"အခြေအနေက အဲလောက်ထိဆိုးဝါးနေပြီလား"

လင်းယွဲ့ စိုးရိမ်စိတ်ဝင်လာသည်။ ဒုက္ခသည်ရော၊ စစ်ပွဲပါဖြစ်နေသည်။

"ဟူး အမြဲဒီလိုပါပဲ"

ကျိုးကျားက ကံကြမ္မာကိုလက်ခံထားသူ ဖြစ်သည်။

"စိုးရိမ်မနေပါနဲ့၊ အခွန်ကို အချိန်မှန်ဆောင်နိုင်သရွေ့တော့ ဒီစီရင်စုက တည်ငြိမ်နေဦးမှာပါ"

ကျိုးကျားက လျံဖန်းကိုစားပြီးနောက် နှုတ်ဆက်ကာ ကြေးပြားသုံးပြား ချထားခဲ့သည်။

"မေ့ဇီ မင်းရဲ့အစားအသောက်က အရမ်းအရသာရှိတာမလို့ ရောင်းကောင်းမှာ သေချာတယ်၊ ငါလှည်းမောင်းရဦးမှာမို့ သွားတော့မယ်"

"ကျွန်မ အလကားကျွေးတာပါ အစ်ကိုကြီးကျိုးရယ်၊ အရင်တစ်ခေါက်က ပို့ပေးလို့ ကျေးဇူးတင်လို့ပါ"

လင်းယွဲ့က ကြေးပြားများကိုပြန်ယူကာ ကျိုးကျားလက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

"ဒါက ဘာမှမဟုတ်ပါဘူး၊ ဒီလိုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ကူညီမှ အသက်ရှင်နိုင်မှာပေါ့"

အစ်ကိုကြီးကျိုးက ပိုက်ဆံပြန်တွန်းပေးသည်။

"မင်း ပိုက်ဆံမယူရင် ငါနောက်တစ်ခါ ဘယ်လိုလုပ် လာရဲတော့မှာလဲ၊ မြန်မြန်ယူလိုက်၊ ကျေးဇူးတင်တယ်ဆိုရင် နောက်တစ်ခါ လမ်းမှာရေတောင်းရင် မငြင်းနဲ့"

"စောင့်ပါဦး"

ကျိုးကျား၏ မတုန်မလှုပ်စိတ်ဓာတ်ကို မြင်သဖြင့် လင်းယွဲ့သည် မီးဖိုချောင်ထဲသို့ပြေးဝင်ကာ လျံဖန်းအတုံးကြီးကြီး လေးတုံးကို လှီးယူလာသည်။

"အစ်ကိုကြီးကျိုး၊ ဒါလေးယူသွားပါ၊ ပျားရည်လေးဆမ်းလိုက်ရင် စားလို့ရပြီ"

"ဟေ့ မယူဘူး ဒါတွေက ပိုက်ဆံအများကြီး တန်တယ်"

"အစ်ကိုကြီး အဘွားလီကို လျံဖန်းနှစ်တုံးလောက်ပို့ပေးဖို့ အကူအညီတောင်းပါရစေ”

လင်းယွဲ့ ပြောလိုက်သည်။

"အရင်တစ်ခေါက်က အရေးတကြီးပြန်ခဲ့ရလို့ နှစ်ယောက်လုံးကို ကောင်းကောင်းကျေးဇူးမတင်လိုက်ရဘူး၊ ဒါကို မယူရင် ကျွန်မ ငွေလည်းမယူဘူး"

"ကျေးဇူးပဲ မေ့ဇီ၊ အမှန်အတိုင်းပြောရရင် မင်းကိုပို့ပေးတာ ဘာမှမဟုတ်ပါဘူး၊ မေ့ဇီက ကျေးဇူးသိတတ်လိုက်တာ"

ကျိုးကျားက ကျေနပ်ဟန်ဖြင့်ပြောသည်။

"မေ့ဇီက လူကောင်းပဲ၊ နောင်မှာ ဘာပဲလိုတာရှိရှိ ပြောသာပြောလိုက်"

"ဟုတ်ကဲ့"

အခြားဝယ်သူများ ရောက်လာသည်ကို မြင်တော့ ကျိုးကျားလည်းငြင်းမနေတော့ဘဲ လျံဖန်းကိုယူကာ နွားလှည်းကို မောင်းနှင်ထွက်သွားသည်။ ညနေပိုင်းတွင် အဘွားလီမှ လျံဖန်းကို လက်ခံရရှိသောအခါ အလွန်အံ့ဩသွားရသည်။ လင်းယွဲ့ပေးလိုက်မှန်း သိသောအခါ ပို၍ပင်တုန်လှုပ်သွားပြီး

"ဒီကလေးမလေး ငါမေ့နေတာတောင် သူက မှတ်မိနေသေးတယ်၊ တကယ့်ကို ကလေးကောင်းလေးပဲ၊ ဒီကာလတွေမှာ ဘယ်လိုနေနေမလဲ၊ တော်တော် ပင်ပန်းနေမှာပဲ"

အဖွားလီက တဖွဖွချီးကျူးလေသည်။ လင်းယွဲ့မှာ ဤအကြောင်းများကိုမသိပေ။ သူမသည် လက်ဖက်ရည်ဆိုင်သို့ လူများ ပိုရောက်လာသဖြင့် စိတ်လှုပ်ရှားနေသည်။ လျံဖန်းကို ရေခဲရေဖြင့်စိမ်ထားသဖြင့် အရသာပိုရှိကာ လူများပိုဝယ်ကြ၏။ အချို့ဝယ်သူများမှာ ဒုတိယအချီပင် ထပ်ဝယ်ကြသည်။ ယနေ့ သူမ ငွေ ၁၁၄ပြားရရှိသွားပြီး ဝမ်အာ့မေကို ၂၅ပြားပေးလိုက်ရာ ဝမ်အာ့မေမှာလည်း အလွန်တရာစိတ်လှုပ်ရှားနေသည်။ လင်းယွဲ့စိတ်သက်သာရာရသွား၏။ ယနေ့အရောင်းအဝယ် ကောင်းမွန်ခြင်းမှာ ဝမ်အာ့မေ မပါဘဲမဖြစ်နိုင်ပေ။ ထို့ကြောင့် သူမကိုချီးကျူးလိုက်သည်။

"ဒီနေ့ အစ်မကြော်ငြာတာ ပိုတော်လာတယ်၊ ဝယ်သူတွေ အများကြီးအဝင်များတယ်"

ဝမ်အာ့မေသည် လမ်းမပေါ်တွင် ကြော်ငြာရုံသာမက ဆိုင်ထဲဝင်လာသော ဝယ်သူများကိုပါ လျံဖန်းအကြောင်း ရှင်းပြသည်။ သူမ၏စိတ်လှုပ်ရှားမှုကို မဖုံးနိုင်ပေ။ သူမသည် ယခင်ကလောက် စိတ်ဓာတ်မကျတော့ဘဲ ခါးကို မတ်မတ်ထားကာ ပိုတက်ကြွနေ၏။ သူမ ပျော်ရွှင်စွာရယ်မောလိုက်သည်။

"ဖောက်သည်တွေကို ကြော်ငြာရတာ ဒီလောက်မခက်ပါဘူး၊ သူတို့တွေ လျံဖန်းမှာပြီး အရသာရှိတယ်လို့ပြောရင် ကျွန်မ အရမ်းပျော်ပြီး ပိုတောင် အားတက်လာသေးတယ်"

လင်းယွဲ့ သိလိုက်သည်။ ဤသည်မှာ ဝမ်အာ့မေ၏ယုံကြည်မှုများ တဖြည်းဖြည်းတိုးတက်လာသည့် လက္ခဏာပင် ဖြစ်သည်။ ရက်အနည်းငယ်အကြာတွင် လက်ဖက်ရည်ဆိုင်မှာ တည်ငြိမ်လာ၏။ တစ်ညတွင် သူမသည် ဆန်ဝယ်ကာ ကျောက်ဆုံသို့ သွားသည်။။ တောင်ပိုင်းသူဖြစ်သည့်အတိုင်း အသားပေါက်စီကို နေ့တိုင်း စားရတာရိုးနေသဖြင့် ဆန်ကိုသာ ပိုနှစ်သက်သည်။ ထိုစဉ် လယ်ကွင်းမှ ပြန်လာသူများနှင့် ဆုံတွေ့၏။

"ညီမလင်းယွဲ့ ဘာလို့ ဒီရက်ပိုင်း လျံဖန်း မရောင်းတာလဲ"

"ဟုတ်တယ်၊ ဝယ်ဖို့ ပိုက်ဆံစုထားတာ၊ မရောင်းတော့လို့ စိတ်ညစ်လိုက်တာ"

"မကြားမိဘူးလား၊ သူမအိမ်ဆောက်နေတာလေ၊ အရမ်း အလုပ်ရှုပ်နေလို့ဖြစ်မှာပါ"

"စားချင်လိုက်တာ၊ လျံဖန်းကို တကယ် စားချင်တယ်"

"တောင်းပန်ပါတယ်ရှင်၊ ဒီရက်ပိုင်း တခြားတစ်နေရာမှာ ဆိုင်ဖွင့်ထားလို့ပါ"

လင်းယွဲ့က ဆန်ကိုကိုင်ထားရင်းပြောလိုက်၏။ သူမသည် လက်ဖက်ရည်ဆိုင်တွင် ရောင်းမကုန်သောလျံဖန်းများကို ညနေပိုင်းတွင် ရွာပြန်ရောင်းမည်ဟု စဉ်းစားထားခဲ့သည်။ သို့သော် လက်ဖက်ရည်ဆိုင်မှ အရောင်းအဝယ်မှာ အလွန်ကောင်းမွန်နေသဖြင့် လျံဖန်းတောင် မလောက်ပေ။ ရွာသားများအတွက် မည်သို့မျှမပေးနိုင်တော့ချေ။

"ဘယ်မှာရောင်းတာလဲ ကျွန်မသွားဝယ်ချင်တယ်"

"ကျွန်မကလေးက ဒါပဲ စားချင်နေတာ၊ တို့ဟူးတောင် မစားတော့ဘူး"

"ဟုတ်တယ်၊ အိမ်နီးချင်းရှီမင်ရွာက လူတစ်ယောက်တောင် ကျွန်မကိုဝယ်ခိုင်းလိုက်သေးတယ်"

လင်းယွဲ့မှာ ရွာသားများ၏ဝယ်လိုအား ဤမျှထိပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် လက်ဖက်ရည်ဆိုင်မှာ အလုပ်ရှုပ်နေသလို ငွေလည်းပိုရသည်။ ထို့ပြင် လင်းယွဲ့မှာ တစ်နေကုန် ပင်ပန်းပြီးနောက် အိမ်ပြန်ရောက်မှ ထပ်ရောင်းရမည့်အလုပ်ကို မလုပ်နိုင်တော့ပေ။ သို့သော်လည်း ဝယ်သူများနှင့် ငွေကို လက်လွှတ်မခံလိုပေ။ အံ့ဩစရာကောင်းစွာပင် သူမအိပ်ငိုက်နေစဉ်မှာပင် ခေါင်းအုံးတစ်လုံးရောက်လာခဲ့သည်။

All Chapters