အခန်း ၄၅
Vol. 5 Ch. 45
Ch-45
ကုတန်သည် လျန်တောက်ကို ဝက်ဆီဖတ်ကြော် နောက်ထပ်တစ်တုံးထပ်ပေးလိုက်သည်။ ယခုဆိုလျှင် ဝက်ဆီဖတ်ကြော်နှစ်တုံးပင် ရှိသွားလေပြီ။ အဖွဲ့ထဲရှိလူများအားလုံး သွားရည်များ အဆက်မပြတ် မျိုချလိုက်ကြပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်ကြသည်။
"အဲဒါဝက်ဆီဖတ်ကြော်တွေ မဟုတ်လား"
"ဟုတ်တယ်၊ လျန်တောက်ကို ကြည့်လိုက်ဦး၊ သူ စားလိုက်တာနဲ့ ပါးစပ်ထောင့်ကနေ ဆီတွေတောင် စိမ့်ထွက်လာတယ်၊ ကုတန်က လျန်တောက်ကို ဝက်ဆီဖတ်ကြော်တောင်ပေးတယ်ပေါ့၊ ဘယ်လောက်တောင် သဘောကောင်းလိုက်သလဲ"
အဖွဲ့ထဲရှိလူများအားလုံး စိတ်ဓာတ်ကျသွားကြပြီး သူတို့နှစ်ယောက်ကို စိုက်ကြည့်ကာ စိတ်ထဲမှ တညီတညွတ်တည်း တွေးလိုက်ကြသည်။
'လျန်တောက် ဖယ်စမ်း၊ ဒီဝက်ဆီဖတ်ကြော်နဲ့ စားရတာ ဘယ်လောက်တောင် ကောင်းသလဲဆိုတာ မင်း နားလည်ရဲ့လား၊ ဒီအတိုင်း ယူစားနေတော့တာပဲ'
ထို့နောက် သူတို့ဆက်တွေးလိုက်ကြသည်။
'ငါ ဝက်ဆီဖတ်ကြော်တစ်တုံးရဖို့အတွက် ကုတန်ကို ဘယ်လိုဖားရမလဲ'
ရုတ်တရက်ဆိုသလို သူတို့ပန်းကန်များထဲရှိ တို့ဟူးများကိုကြည့်ကာ အရသာများ ပျောက်ကွယ်သွားသလို ခံစားလိုက်ကြရ၏။ ထျဲထုန်သည် မနေနိုင်တော့ဘဲ ကုတန်ထံလျှောက်သွားလိုက်သည်။
"ငါလည်း ဝက်ဆီဖတ်ကြော် စားချင်တယ်၊ အဲဒါရဖို့ ငါဘာလုပ်ပေးရမလဲ"
လျန်တောက်က ထျဲထုန်ကိုတွန်းထုတ်ရန် ကြိုးစားလိုက်သည်။
"ထွက်သွားစမ်း၊ ငါ အရင်လာတာနော်"
ဤသည်က အလွန်တရာကောင်းမွန်သော သူ့အခွင့်အရေးဖြစ်ပြီး အခြားသူများ လာရောက်ဖျက်ဆီးမည်ကို မလိုလားပေ။ ဤအချိန်တွင် ကုတန်က ကြားဝင်ဖြေရှင်းပေးလိုက်သည်။
"မလောကြပါနဲ့၊ ငါ့ဆီမှာ အိတ်ကြီးတစ်အိတ်လုံးရှိသေးတယ်၊ အားလုံးရပါမယ် အားလုံး ရပါမယ်၊ မင်းတို့က ငါ့ကို အက္ခရာသုံးလုံး စာအုပ်ဖတ်နည်း သင်ပေးနိုင်သရွေ့ပေါ့"
အဖွဲ့ထဲမှပန်သန်းလည်း ချက်ချင်းပြေးထွက်လာပြီး မတ်မတ်ရပ်ကာပြောလိုက်သည်။
"ငါလည်း လုပ်နိုင်တယ်၊ ငါလည်း သင်ပေးမယ်၊ ငါ စာနှစ်ကြောင်း သင်ပေးမယ်၊ မင်းက ငါ့ကို ဝက်ဆီဖတ်ကြော်တစ်တုံးပဲ ပေးဖို့လိုတယ်"
ထျဲထုန်ကလည်း ချက်ချင်း အပြိုင်အဆိုင်ပြောလိုက်သည်။
"ငါ သုံးကြောင်းသင်ပေးမယ်၊ ဝက်ဆီဖတ်ကြော် တစ်တုံးပဲပေး"
လျန်တောက်မျက်လုံးများ ပြူးကျယ်သွားပြီး သူသည် ကျောင်းတော်အတွင်းရှိအပြိုင်အဆိုင်များ၏ ပထမဆုံး သားကောင်ဖြစ်သွားလေတော့၏။ ကုရှန်းလင်းလည်း မျက်လုံးအပြူးသားဖြင့် သူ့အနီးရှိကျန်ရစ်နေသော တစ်ဦးတည်းသောလူကိုကြည့်ကာ ငိုသံပါကြီးဖြင့် တောင်းပန်လိုက်သည်။
"ရှောင်လျို ငါ့ကိုထားမသွားပါနဲ့၊ ငါ မင်းကို တို့ဟူးသုံးတုံးပေးမယ်လေ"
ရှောင်လျိုသည် ခေါင်းကုတ်ကာ အမြန်ပြေးထွက်သွားရင်း စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။
"ငါ ဟိုဘက်ကို အရင်သွားကြည့်လိုက်ဦးမယ်"
ကုရှန်းလင်း တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သူသည် မိမိအနီးရှိလွတ်လပ်နေသောနေရာကို ကြည့်လိုက်ပြီးနောက် ကုတန်အနီးတွင် အစားအသောက်များကို ခွဲဝေစားသောက်နေကြသူများကို ကြည့်လိုက်သည်။ သူတို့သည် မိမိတို့ဝေစုကိုရရှိပြီးနောက် နှုတ်ခမ်းတစ်ဝိုက်တွင် ဆီများ ပေကျံနေသည်အထိ မြိန်ရည်ယှက်ရည် စားသောက်နေကြ၏။ဝက်ဆီဖတ်ကြော်များပေါ်တွင် သကြားဖြူများကို အများအပြားဖြူးထားပြီး အလွန် ကြွပ်ရွနေပုံရသည်။ ကုရှန်းလင်းသည် ပါးစပ်ထောင့်မှ သွားရည်များကိုသုတ်လိုက်၏။
"ကျက်သရေမရှိလိုက်တာ၊ အနံ့က သိပ်မွှေးတာပဲ၊ ငါလည်း တကယ်စားချင်လာပြီ"
ကုတန်သည် စာတစ်ကြောင်းလျှင် ဝက်ဆီဖတ်ကြော်တစ်တုံးနှုန်းဖြင့်ပင် ဆက်လက်သတ်မှတ်ထားသည်။ သို့သော် ကုတန်သည် သူတို့ကိုတစ်လှည့်စီ စာတစ်ကြောင်းစီသင်ပေးစေပြီး အခြားသူများကပါ စောင့်ကြည့်နေစေသည်။ ဤနည်းအားဖြင့် အမှားအယွင်းများမရှိနိုင်တော့ပေ။ ပညာသင်ယူလိုသော သူ့ရည်မှန်းချက်က ကလေးငယ်လေး၏စဉ်းစားဉာဏ်ကိုပင် ရင့်ကျက်စေခဲ့လေပြီ။ကုတန်၏အမြင်တွင် အကောင်းဆုံးစွမ်းဆောင်ပြပြီး အထင်ကြီးခံရစေရန်အတွက် ဆရာများကဲ့သို့ စာတစ်ကြောင်းချင်းစီရှိ စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကိုပါ သေသေချာချာရှင်းပြကာ အသေးစိတ် သင်ကြားပေးကြသည်။
လျန်တောက်က အလွန်သွက်လက်စွာ သင်ကြားပေးနေသည်ကိုမြင်သောအခါ ထျဲထုန်က အနည်းငယ်အံ့ဩစွာဖြင့် ပြောလိုက်သည်။
"မင်း ဒီလောက်တောင် အများကြီးသိနေလိမ့်မယ်လို့ ငါမထင်ထားဘူး"
လျန်တောက်က ခေါင်းကိုပွတ်သပ်ရင်း ရယ်မောလိုက်သည်။
"ဟား ဟား အရင်တုန်းက ငါအရည်အချင်းမပြနိုင်ခဲ့လို့ပါ"
ထျဲထုန်က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ကုရှန်းလင်းသည် အခြားသူများက သူ့ထက် သာလွန်နေသည်ကို မည်သည့်အခါမျှ မနှစ်သက်ပေ။ အစားအသောက်ရရှိရန်အတွက် သူတို့စွမ်းရည်များကို တမင်တကာ ဖုံးကွယ်ထားခဲ့ရခြင်းဖြစ်၏။ သို့သော် ကုတန်က သူတို့များများ သိလေလေ၊ ပို၍ သဘောကျလေလေဖြစ်နေသည်။ တခါတရံ ကုတန် ကျေနပ်သွားသောအခါ သို့မဟုတ် သဘောပေါက်သွားသောအခါမျိုးတွင် သူတို့ကို ဝက်ဆီဖတ်ကြော်တစ်တုံး ပိုပေးတတ်သည်။ ထိုအခါ သူတို့က ပို၍ပင် တက်ကြွစွာရှင်းပြကြလေ၏။
ထို့ကြောင့် ကုတန်အိမ်ပြန်ရောက်သောအခါ ဝက်ဆီဖတ်ကြော်များ အားလုံးကုန်သွားလေပြီပင်။ သို့သော်လည်း ယနေ့အက္ခရာသုံးလုံး စာအုပ်မှ သူတတ်မြောက်သွားသော အသိပညာများမှာ ပုံမှန်ထက် အဆပေါင်းများစွာ ပိုများနေသဖြင့် သူ အလွန်ကျေနပ်မိသည်။ လင်းယွဲ့က ချက်ပြုတ်ထားသော ဝက်သားလုံးဟင်းရည်ကို ထမင်းချိုင့်ထဲသို့ ခပ်ထည့်ပေးရင်း ပြောလိုက်သည်။
"ဒီနေ့ ဝက်သားလုံးတွေလုပ်ထားတယ်၊ မနက်ဖြန် မင်းသူငယ်ချင်းတွေအတွက် ယူသွားပေးလို့ရတယ်"
"ဟုတ်ကဲ့"
နောက်တစ်နေ့နံနက်တွင် လင်းယွဲ့သည် လျံဖန်းလုပ်ရန် စောစောထလေသည်။ သူမသည် ရေစည်တိုင်ကီထဲမှ ရေကို ခပ်ယူကာ ပဲမှုန့်များ ထည့်မွှေပြီးနောက် သံဒယ်အိုးထဲသို့ လောင်းထည့်ကာ ချက်လိုက်၏။ ထို့နောက် အအေးခံပြီး အခဲဖြစ်စေရန် သစ်သားပုံးထဲသို့ လောင်းထည့်လိုက်သည်။ ဤသစ်သားပုံးကို ကုအာ့ကွေ့က သီးသန့်ပြုလုပ်ပေးထားခြင်းဖြစ်ပြီး အအေးခံပြီးနောက် လှီးဖြတ်ရလွယ်ကူစေရန် လေးထောင့်ပုံစံ ပြုလုပ်ထားခြင်းဖြစ်၏။ လင်းယွဲ့ အလုပ်ပြီးစီးသွားချိန်မှာပင် ဒေါ်လေးကု ရောက်လာသည်။ သူမသည် ကျောပိုးခြင်းတစ်ခုကို လွယ်ထားပြီး လက်များကို ပွတ်သပ်ကာ မျှော်လင့်ချက် ကြီးစွာထားနေဟန်ရှိ၏။
"ဒေါ်လေး ဘာလို့ မျက်ကွင်းတွေ ဒီလောက်တောင် ညိုနေရတာလဲ"
ဒေါ်လေးကုက ခေါင်းကိုကုတ်လိုက်သည်။
"စိတ်လှုပ်ရှားနေတာနဲ့ မနေ့ညက သေချာမအိပ်ရလို့ပါ"
လင်းယွဲ့က သူမအားနှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့၊ မြန်မြန်ရောင်းကုန်သွားမှာပါ"
လင်းယွဲ့သည် လျံဖန်းဆယ်တုံးကို ရွေးထုတ်ကာ ဒေါ်လေးကု၏ကျောပိုးခြင်းထဲသို့ထည့်ပေးလိုက်ပြီး သတိပေးလိုက်သည်။
"ဒေါ်လေး၊ ကြာရွက်တွေ ခူးလာတယ်မလား၊ အဲဒါတွေက ထုပ်ပိုးရတာ အဆင်ပြေတယ်လေ"
ဒေါ်လေးကု ရယ်မောလိုက်သည်။
"ဒါပေါ့၊ ငါ ဘာတွေယူလာရမလဲဆိုတာကိုပဲ ထိုင်စဉ်းစားနေတာလေ"
သူမသည် ရှေ့ဖုံးအဝတ်ထဲမှကြာရွက်များနှင့် ကြိုးများကို ဆွဲထုတ်ပြလိုက်ရာ လင်းယွဲ့က ချီးကျူးလိုက်၏။
"ဒေါ်လေးက ကျွန်မထက်တောင် ပထမအဆင့်ကို ပိုလုပ်နိုင်တယ်၊ သေချာ စဉ်းစားတတ်တာပဲ"
ဒေါ်လေးကုမှာ ယုံကြည်မှုအနည်းငယ် တိုးလာသည်။ သူမသည် မိမိကိုယ်ကို အားပေးသည့်အလား ခေါင်းညိတ်ပြလိုက်သည်။
"ငါ သွားတော့မယ်နော်၊ အော် ဒါနဲ့ ဒီနေ့ သစ်တွေလာပို့လိမ့်မယ်၊ အိမ်ဆောက်တာပြီးခါနီးရင်တော့ အုတ်ကြွပ်တွေ လာပို့မယ်၊ လူရော ရှာပြီးပြီလား၊ အလုပ်သိပ်မများတဲ့ အခုလိုအချိန်မှာ အိမ်ဆောက်ဖို့ လူရှာရတာ သိပ်ကောင်းတာပဲ၊ မဟုတ်ရင် ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းပြီးသွားရင် ဘယ်သူမှ အားမှာမဟုတ်ဘူး"
ဒေါ်လေးကုက တက်ကြွစွာဆက်ပြောသည်။
"တစ်ကယ်လို့ နင်လူမရှာနိုင်သေးရင် နင့်ဦးလေးကုကို လူကြုံပါးဖို့ ငါပြောလိုက်မယ်၊ အစားအသောက်ကိုတော့ သေချာစီစဉ်ပေးလိုက်ပေါ့"
"ဒေါ်လေးက သိပ်သဘောကောင်းတာပဲ၊ ကျွန်မဘေးအိမ်က အစ်မရှောင်လျန်နဲ့ အစ်ကိုဝမ်ကို ကူညီပေးဖို့ အကူအညီတောင်းပြီးပါပြီ"
ဒေါ်လေးကုမှာ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။
"အိုး ဘယ်လိုဖြစ်ရတာလဲ"
ဤကိစ္စများကို သူမတို့မိသားစုက ကူညီပေးသင့်သော်လည်း အိမ်နီးချင်းများက ကူညီပေးနေကြသည်။ အရင်က အိမ်ခွဲခဲ့စဉ်ကကိစ္စများကြောင့် သူတို့စိတ်နှလုံးများ အေးစက်သွားခဲ့ရခြင်းဖြစ်၏။ ထို့ကြောင့် လင်းယွဲ့က သူတို့ကို အကူအညီမတောင်းခြင်း ဖြစ်ပေမည်။ သို့သော် လင်းယွဲ့မှာ အရင်တုန်းက သူမပေးခဲ့သည့် ပေါင်မုန့်ပြားလေးတစ်ချပ်ကြောင့် ဤစီးပွားရေးအခွင့်အလမ်းကိုပင် ရှာဖွေပေးခဲ့သည်။ ဤကောင်မလေးက သိပ်ကိုကြင်နာတတ်လွန်း၏။ ဒေါ်လေးကုစိတ်ထဲတွင် လင်းယွဲ့အပေါ်ထားရှိသည့် အကဲဖြတ်မှုမှာ နောက်တစ်ဆင့်သို့ မြင့်တက်သွားလေသည်။
အချိန်ကျလာပါက အာ့ကွေ့ကို အလကား လာကြီးကြပ်ခိုင်းပြီး လင်းယွဲ့အိမ်ကို သေချာဆောက်လုပ်ပေးရန် သူမ စိတ်ကူးလိုက်သည်။ ထိုအသားများ၊ ဤစီးပွားရေးအခွင့်အလမ်းများကို သူမ အလကားမယူရက်ပေ။
"ဒေါ်လေး စီးပွားရေးလုပ်တယ်ဆိုတာ သတ္တိရှိဖို့လိုတယ်၊ အသံကျယ်ကျယ်နဲ့သာ အော်ရောင်းလိုက်"
ဒေါ်လေးကုသည် ထိုစကားများကိုရင်ထဲတွင်မှတ်သားထားပြီး ရွာထဲသို့ဝင်သွားလေသည်။
"လျံဖန်း ရောင်းမယ်၊ လျံဖန်း ရောင်းမယ်"
သူမ အနည်းငယ်အော်ရောင်းပြီးသည်နှင့် တစ်စုံတစ်ယောက်က လှမ်းခေါ်သံကို ကြားလိုက်ရသည်။
"မသွားနဲ့ဦး မသွားနဲ့ဦး၊ ငါ လျံဖန်းဝယ်ချင်လို့"
"အာ့ကွေ့ မိန်းမ၊ နင်က ဘယ်လိုလုပ် ရောင်းနေတာလဲ"
ဒေါ်လေးကုရှင်းပြလိုက်သည်။
"လင်းယွဲ့က ငါ့ကိုကူရောင်းပေးခိုင်းလို့ပါ"
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်၊ ငါ တစ်တုံးယူမယ်၊ ငါ့ကလေးက လျံဖန်းစားချင်လို့ သေတော့မယ်"
ဒေါ်လေးကုသည် လျံဖန်းတစ်တုံးကို အမြန်ထုတ်ယူကာ ထုပ်ပိုးပြီး သူမထံ ကမ်းပေးလိုက်သည်။
"ဟေ့ အဖွားလီအိမ်ကိုလည်း သွားသင့်တယ်၊ သူလည်း စားချင်တယ်လို့ပြောနေတာ"
"ကောင်းပါပြီ"
ပထမဆုံးရောင်းထွက်သွားပြီးနောက် ဒေါ်လေးကုမှာ ယုံကြည်မှုများရရှိလာပြီး ပို၍ကျယ်လောင်စွာ အော်ဟစ်ရောင်းချလေတော့သည်။
"လျံဖန်း ရောင်းမယ်"
သူမအံ့ဩသွားရသည်မှာ တစ်နာရီအကြာတွင် မာယန်ရွာကိုပင်မပတ်ရသေးဘဲ အားလုံးရောင်းကုန်သွားခြင်းပင် ဖြစ်သည်။ သိပ်ကိုရောင်းကောင်းလွန်းလှသည်။ အနီးနားရှိရွာများသို့ပင် သူမ မသွားရသေးပေ။ သူမလက်ထဲရှိ ကြေးပြားနှစ်ဆယ်ကို ချိန်ဆကြည့်လိုက်ရာ သူမနှလုံးသားမှာ ဗုံတီးနေသကဲ့သို့ ခုန်ပေါက်နေ၏။ ဤသည်က သူမ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ပထမဆုံးအကြိမ် ငွေရှာနိုင်ခဲ့ခြင်း ဖြစ်သည်။ လင်းယွဲ့ပြောသည်မှာ မှန်ကန်ကြောင်း သူမတွေးမိလိုက်၏။ ငွေရှာရသည်မှာ တကယ်ကိုအရသာရှိလှပေသည်။ မနက်ဖြန်တွင် အတုံးနှစ်ဆယ်ယူလာပြီးရောင်းမည်ဟု သူမ ဆုံးဖြတ်လိုက်၏။
တစ်ဖက်တွင် လင်းယွဲ့သည် မနက်ခင်းတစ်ခုလုံးအလုပ်များနေခဲ့ပြီး နေ့လယ်စာချက်ရန် နောက်ဆုံးတွင် အချိန်ရသွားလေသည်။ လက်ဖက်ရည်ဆိုင်ရှိ မီးဖိုကိုလည်း သံဒယ်အိုးအသေးလေးဖြင့် အစားထိုးလိုက်ပြီဖြစ်သည်။ လင်းယွဲ့သည် ရေကျိုလိုက်ပြီး ရေဆူလာသောအခါ ထင်းအချို့ကို ဖယ်ထုတ်လိုက်၏။ ထို့နောက် မနေ့ညက သူမလုပ်ထားသော ဝက်သားလုံးများကို တစ်လုံးချင်းစီ ခပ်ထည့်လိုက်၏။ ဤဝက်သားလုံးများမှာ ခေတ်သစ်ရှိစားဖိုမှူးများထံမှ သူမ သင်ယူထားခဲ့သော လျှို့ဝှက်ချက်ပြုတ်နည်းများကို ပေါင်းစပ်ကာ အကောင်းဆုံးနှင့် အမိုက်ဆုံးအရသာကို ဖန်တီးထားခြင်းဖြစ်သည်။ ဆိုင်မှဝယ်ယူထားသော ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့အပြင် ဝက်သားလုံးများ၏အရသာကို ပိုမိုပြည့်စုံစေရန်အတွက် ရေခဲသေတ္တာထဲမှ ငရုတ်ကောင်းနှင့် စီချွမ်ငရုတ်ကောင်းတို့ကိုပါ အသုံးပြုထားလေသည်။
*ဗွက် ဗွက်*
မီးဖိုချောင်တစ်ခုလုံးသည် ချက်ချင်းပင် ရေနွေးငွေ့များဖြင့်ပြည့်နှက်သွားပြီး ဝက်သား၏မွှေးပျံ့သောရနံ့က ဖြည်းဖြည်းခြင်း ပျံ့လွင့်လာသည်။
*ခွပ် ခွပ် ခွပ်*
မြင်းခွာသံများ ထွက်ပေါ်လာလေသည်။
"သူဌေး စားစရာတစ်ခုခုရှိလား"
ဆိုင်အပြင်ဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။