← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

Ch-46

လင်းယွဲ့ မီးဖိုချောင်ခန်းဆီးကိုမလိုက်ချိန်တွင် သစ်ပင်၌ မြင်းချည်နေသော ဝမ်စုန်ရှင်းကိုမြင်တွေ့လိုက်ရသည်။ သူ့နောက်ဘက်ရှိ မြင်းလှည်းပေါ်မှ ဝမ်ယာဝေ့ ဆင်းသက်လာ၏။

'ဒီလူက ချမ်းသာခြင်းနတ်ဘုရားမလား'

လင်ယွဲ့စိတ်ထဲတွင် တွေးလိုက်မိပြီး စိတ်အားတက်ကြွသွားကာ ကမန်းတန်းနှုတ်ဆက်လိုက်သည်။

"ကျွန်မဆီမှာ လျံဖန်းရှိပါတယ်"

ဝမ်စုန်ရှင်း အနည်းငယ်အံ့အားသင့်သွားပြီး လက်ဖက်ရည်ဆိုင်ပတ်လည်ကို ကြည့်ရှုလိုက်သည်။

"ဘယ်လိုဖြစ်လို့ မင်းဖြစ်နေရတာလဲ၊ ဒါက မင်းဖွင့်ထားတဲ့ စားသောက်ဆိုင်လား"

‘သခင်လေးဆိုတော့လည်း စကားပြောတာ သိမ်မွေ့လိုက်တာ၊ ဖွင့်ထားတဲ့ဆိုင်က တကယ်တော့ သာမန် လက်ဖက်ရည်ဆိုင်လေးကို’

သို့သော် လင်းယွဲ့က သူမ၏

အဆင့်အတန်းကို အနှိမ်မခံလိုသဖြင့် ပြုံးရွှင်စွာ တုံ့ပြန်လိုက်သည်။

"ဟုတ်ပါတယ်ရှင် ဟုတ်ပါတယ်၊ လောလောဆယ်ဆိုင်မှာ လျံဖန်းကို အဓိကထားရောင်းနေတာပါ"

ဝမ်စုန်ရှင်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆို ငါတစ်ပွဲစားမယ်"

လင်းယွဲ့သည် သူ့နောက်ကွယ်ရှိ ဝမ်ယာဝေကိုမြင်သည်နှင့် လျံဖန်းလေးပွဲကို သွက်လက်စွာ လှီးဖြတ်ပြင်ဆင်လိုက်သည်။ အချိုနှစ်ပွဲနှင့် အစပ်နှစ်ပွဲ ဖြစ်သည်။ သူမသည် ဝမ်စုန်ရှင်းနှင့် ဝမ်ယာဝေ့တို့စားပွဲထံသို့ သွားချပေးလိုက်၏။

"ဒါတွေက ကျွန်မ သေချာဂရုတစိုက် ပြင်ဆင်ထားတဲ့ အရသာတွေပါ၊ မြည်းစမ်းကြည့်ကြပါဦးရှင်"

ဝမ်ယာဝေ့က အစပ်ပွဲကို အရင်ဆုံး လှမ်းယူလိုက်သည်။ လွန်ခဲ့သောရက်အနည်းငယ်က သူမသည် လျံဖန်းဖြင့် သူမအပေါင်းအသင်းသစ်များကို အလွန်အမင်း အထင်ကြီးသွားစေခဲ့သည်။ သူမ၏အပေါင်းအသင်းများက သူမသည် မြို့တော်မှလာသူပီပီ ထူးဆန်းအံ့ဩဖွယ်ရာများကိုမြင်တွေ့ဖူးသူဖြစ်ကြောင်း အလုအယက် ချီးကျူးခဲ့ကြ၏။ ဝမ်ယာဝေ့၏စိတ်ပျက်အားငယ်နေသော ခံစားချက်များမှာ ထိုချီးကျူးစကားများကြောင့် များစွာလန်းဆန်းတက်ကြွသွားခဲ့ရသည်။ သူမသည် မြို့တော်ရှိ သူမ၏ ရင်းနှီးသောသူငယ်ချင်းများထံသို့ပင် စာများရေးသားကာ လျံဖန်းအကြောင်းကို ကြွားလုံးထုတ်ခဲ့သေး၏။ တိုတိုပြောရလျှင် လျံဖန်းသည် သူမအတွက် မျက်နှာပန်းလှစေသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ မျက်နှာပန်းလှလိုသော သူမရည်မှန်းချက်လေး ပြည့်ဝခဲ့ရလေသည်။ ထို့ကြောင့် လင်းယွဲ့အပေါ်ထားရှိသော သူမလေသံနှင့် ဆက်ဆံရေးမှာ များစွာ ကောင်းမွန်နေ၏။

"ငါ လျံဖန်းကို စားရတာရိုးတောင် ရိုးနေပြီ၊ ဒါပေမဲ့ နင်က သေချာဖိတ်ခေါ်နေတော့လည်း မြည်းကြည့်လိုက်ပါ့မယ်လေ"

ဝမ်ယာဝေ့က တစ်လုတ်စားကြည့်လိုက်သည်။

"ရှလွတ်"

သူမပါးစပ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေသကဲ့သို့ ပူစပ်လောင်ကျွမ်းသွားလေသည်။ ၎င်းကား ခွေးလှေးယားသီး၊ ဂျင်း သို့မဟုတ် ကြက်သွန်ဖြူတို့၏အစပ်အရသာနှင့် မတူသလို စီချွမ်ငရုတ်ကောင်း၏ထုံကျင်သော အရသာနှင့်လည်း ကွာခြားလှ၏။ အလွန်တရာထူးခြားဆန်းပြားလှသော ခံစားချက်တစ်ရပ် ဖြစ်ပေသည်။ ပူစပ်သောအရသာကြောင့် သူမကျောပြင်၌ပင် ချွေးသီးချွေးပေါက်များစို့တက်လာလေသည်။ ဝမ်ယာဝေ့သည် မိမိအဆင့်အတန်းနှင့် အမူအရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပါးစပ်မှအပူများကို ယပ်ခတ်ရင်း အချိုပွဲထဲမှ လျံဖန်းကို အမြန်ခပ်ယူလိုက်သည်။ သူမ ခပ်ယူလိုက်သည်မှာ ဖရဲသီးဖြစ်နေသည်ကိုပင် သတိမထားမိလိုက်ချေ။ ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ချိုမြိန်အေးမြသော သစ်သီးရည်များက သူမပါးစပ်တစ်ခုလုံးကို ပြည့်နှက်သွားပြီး လန်းဆန်းကြွပ်ရွသွားစေသည်။ ဝမ်ယာဝေ့မျက်လုံးများ ပြူးကျယ်သွားကာ မြင့်မြတ်သောမိသားစုဝင်တစ်ဦး၏စည်းကမ်းချက်များကို လုံးဝ မေ့လျော့သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။

"သိပ်ကို.....သိပ်ကို အရသာရှိတာပဲ"

ဝမ်စုန်ရှင်းသည်လည်း မျက်ခုံးများကို မသိမသာ ပင့်လိုက်မိသည်။ အထက်တန်းကျစွာ ကြီးပြင်းလာသူပီပီ အလွန်အကျွံအမူအရာများကို သူမပြသခဲ့ပေ။ သို့သော် သူ့ရင်တွင်း၌ အံ့ဩမှင်သက်သွားမှုမှာ ဝမ်ယာဝေ့ထက် မလျော့နည်းခဲ့ချေ။ သူသည် အဘိုးနှင့် ဖခင်ဖြစ်သူထံမှ ကျယ်ပြန့်သော ဗဟုသုတများကို သင်ယူရရှိခဲ့သူ ဖြစ်သည်။ ယခုအခါ ဖရဲသီးသည် သာမန်အိမ်ထောင်စုများဆီသို့ ဖြည်းဖြည်းခြင်း ဝင်ရောက်လာပြီဖြစ်သော်လည်း ဈေးပေါလှသည်တော့ မဟုတ်ပေ။ ထို့ပြင် သူတက်ရောက်ခဲ့ဖူးသော ပွဲသဘင်များ၊ တော်ဝင်စားပွဲသောက်ပွဲများတွင် ထိုနေရာများရှိ ဖရဲသီးများသည် ဤဖရဲသီးတုံးလေးလောက် အရသာမရှိသလို မချိုမြိန်ခဲ့ပေ။

ပို၍ထူးခြားသည်မှာ အစေ့ပင်မပါရှိခြင်းဖြစ်သည်။ ဝမ်စုန်ရှင်း၏သူငယ်အိမ်များ အနည်းငယ် ကျယ်လာပြီး လင်းယွဲ့အားကြည့်ရှုသောအကြည့်များက သူမသည် သာမန်လူတစ်ယောက်မဖြစ်နိုင်ကြောင်း ခံစားလာရစေသည်။ စစ်မှန်သောပညာရှင်များသည် မြို့ပြများတွင် ရိုးရှင်းစွာ ပုန်းကွယ်နေတတ်သည်ဟု စာအုပ်များထဲတွင် အမြဲရေးသားထားတတ်သည်မှာ အံ့ဩစရာမဟုတ်ပေ။ သိပ်ကို မှန်ကန်လှသည်။ ယခင်က ကဗျာဖြစ်စေ၊ ယနေ့ မြည်းစမ်းရသော ဖရဲသီးဖြစ်စေ၊ နှစ်ခုစလုံးက သူ့အား လင်းယွဲ့ကို အမြင်သစ်ဖြင့် ကြည့်ရှုလာစေသည်။ လင်းယွဲ့ကိုယ်တိုင်က ပညာရှင်တစ်ဦး ဖြစ်ရမည် သို့မဟုတ် သူမနောက်ကွယ်တွင် ပညာရှင်တစ်ဦးရှိနေရမည်ဟု သူ အခိုင်အမာ တွေးတောလိုက်သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် ထူးချွန်သူများကို ရှာဖွေစုဆောင်းလိုသော သူ့ရည်မှန်းချက်များက နိုးကြားလာ၏။

“အိုး”

သူ ရုတ်တရက် နောင်တအနည်းငယ်ရသွားမိသည်။

‘အရင်က ငွေပေးခဲ့တာ ငါ့လုပ်ရပ်က ရိုင်းပျလွန်းရာကျသွားပြီလား၊ အရမ်းမလေးမစား လုပ်ရာကျသွားပီလား’

ဤသို့သောပညာရှင်မျိုးသည် လောကီစည်းစိမ်များကို စိတ်ဝင်စားမည်မဟုတ်ကြောင်း သူ သိထားသင့်ပေသည်။ ဝမ်စုန်ရှင်းဦးနှောက်ထဲတွင် အတွေးမျိုးစုံ ပြေးလွှားနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လျံဖန်းနှစ်ပွဲစလုံးကို သူစားသုံးပြီးသွားလေသည်။ သူ့ဗိုက်လဲ အနည်းငယ်တင်းသွားသည်။ သို့သော် ထိုစဉ်မှာပင် သူသည် မွှေးရနံ့တစ်ခုကို ရလိုက်သည်။ ထိုရနံ့သည် မီးဖိုချောင်ထဲမှပျံ့လွင့်လာပြီး သိမ်မွေ့သော်ငြား အလွန်ဆွဲဆောင်မှုရှိကာ သူ့အရသာခံဖုများကို လှုံ့ဆော်နေသည်။ သူသည် လင်းယွဲ့အားကြည့်လိုက်ပြီး သူ့စကားလုံးများတွင် လေးစားမှု အနည်းငယ် ရောယှက်သွားသည်။

"မီးဖိုချောင်ထဲမှာ ဘာတွေချက်နေတာလဲ"

လင်းယွဲ့ ချိုသာစွာပြုံးလိုက်သည်။

"ဝက်သားလုံးဟင်းရည်ပါ၊ နေ့လယ်ဘက် အားလပ်ချိန်မှာ ဗိုက်ဖြည့်ဖို့ ချက်ထားတာပါ၊ သုံးဆောင်ကြည့်မလားရှင့်"

လင်းယွဲ့စကားသည် မူလက ယဉ်ကျေးစွာ ဖိတ်ခေါ်ခြင်းမျှသာဖြစ်သော်လည်း ဝမ်စုန်ရှင်းအမြင်တွင် ယခုအခါ သူမသည် သာမန်လူတစ်ယောက်မဟုတ်တော့ပေ။

"ဟုတ်ကဲ့ ကျွန်တော် မြည်းစမ်းကြည့်ချင်ပါတယ်"

ထိုအရာကိုမြင်သောအခါ ဝမ်ယာဝေ့ကလည်း အလောတကြီးဝင်ပြောသည်။

"ဒါဆို ငါလည်းစားကြည့်ချင်တယ်"

ကံကောင်းထောက်မစွာဖြင့် လင်းယွဲ့သည် ယနေ့ ဝက်သားလုံးများ အများအပြား ယူဆောင်လာခဲ့သည်။ သူမသည် ဝက်သားလုံးဟင်းရည်နှစ်ပွဲကို ခပ်ယူကာ လာချပေးလိုက်၏။ အဖြူရောင်ပန်းကန်လုံးများထဲရှိ ဝက်သားလုံးများသည် လုံးဝန်းကာ ဖောင်းကားနေကြသည်။ တလူလူလွင့်တက်နေသော ရေနွေးငွေ့များမှတစ်ဆင့် ပြင်းရှရှ အသားဟင်းရနံ့က ပျံ့လွင့်လာပြီး ဟင်းရည်ကို အလှဆင်ထားသော အစိမ်းရောင် ဟင်းသီးဟင်းရွက်များကလည်း ခံတွင်းလိုက်စေသည်။

ဝမ်စုန်ရှင်းနှင့် ဝမ်ယာဝေ့တို့အတွက် အသားဆိုသည်မှာ အံ့ဩစရာမဟုတ်ပေ။ သူတို့ထမင်းစားပွဲပေါ်တွင် နေ့စဉ်နေ့တိုင်း အသားများရှိနေတတ်သည်။ ထို့ပြင် ဝက်သားသည် များသောအားဖြင့် ညှီနံ့ထွက်တတ်သောကြောင့် သူတို့သည် သိုးသားကိုသာ အစားထိုးစားလေ့ရှိကြသည်။ ဝမ်စုန်ရှင်းသည် ဇွန်းဖြင့်တစ်ဇွန်းကို ဂရုတစိုက်ခပ်ယူကာ အေးသွားစေရန် ညင်သာစွာမှုတ်လိုက်သည်။ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ့မျက်ဝန်းများမှာ ရုတ်တရက် အရောင်လက်သွား၏။ သိပ်ကို လတ်ဆတ်ပြီး လန်းဆန်းစေကာ ညှီနံ့ လုံးဝမရှိချေ။

သူသည် ဝက်သားလုံးကို နောက်ထပ်တစ်လုတ်ကိုက်လိုက်သည်။ ထိုဝက်သားလုံးလေးမှာ အိစက်ကာ ဝါးလို့ကောင်းလှပြီး ကိုက်လိုက်သည်နှင့် အသားရည်များ ပန်းထွက်လာကာ ပါးစပ်ထဲရှိ သူ့အရသာခံဖုများကို အပြည့်အဝ ဖမ်းစားသွားလေသည်။

သိပ်ကိုအရသာရှိလှပြီး သူ့မိသားစုရှိ စားဖိုမှူးချုပ်ကြီးနှင့်ပင် အပြည့်အဝ နှိုင်းယှဉ်၍ရနိုင်သည်။ ဝမ်ယာဝေ့သည်လည်း မျက်လုံးများပြူးကျယ်သွားပြီး မော့ကြည့်ကာ ပျော်ရွှင်စွာအော်လိုက်သည်။

"အစ်မ၊ ဒီဝက်သားလုံးက သိပ်အရသာရှိတာပဲ၊ အစ်မက တကယ်တော်တာပဲ"

ဤဝက်သားလုံးသည် သူမသင်ယူခဲ့ဖူးသော လျှို့ဝှက်ချက်ပြုတ်နည်းများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ခေတ်မီနည်းပညာများနှင့် အရသာပြင်းထန်သော ဓာတုပစ္စည်းများပေါများနေကာ လူအများစုအရသာခံနိုင်စွမ်းများ ထုံထိုင်းနေသည့် ခေတ်သစ်တွင်ပင် ထိုဆိုင်အချို့မှာ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခံခဲ့ရသည်ပင်။ လင်းယွဲ့က ထိုနည်းလမ်းများကို ပေါင်းစပ်လိုက်ပြီးနောက်တွင် ပို၍ပင်လတ်ဆတ်မွှေးကြိုင်သွားလေသည်။ ခေတ်သစ်လူသားများပင် ချီးကျူးမဆုံးဖြစ်ခဲ့ရသည်ကို ရှေးခေတ်လူများအတွက်ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။ သူတို့ကို အထင်ကြီးစေရန်မှာ အလွန်လွယ်ကူသော ကိစ္စတစ်ခုသာဖြစ်သည်။ သူမ၏အချက်အပြုတ်စွမ်းရည်ဖြင့် အောင်မြင်မှုရလိုသော ရည်မှန်းချက်မှာ ပိုမိုခိုင်မာလာ၏။ ချီးကျူးစကားများကိုကြားရသောအခါ လင်းယွဲ့သည် တည်ငြိမ်စွာ လက်ခံကာ ပြုံးရွှင်နေလိုက်သည်။ ဝမ်ယာဝေ့က တက်ကြွစွာ ကမ်းလှမ်းလိုက်သည်။

"အစ်မ၊ ကျွန်မတို့အိမ်မှာ စားဖိုမှူးချုပ်လာလုပ်ပါလား၊ ကျွန်မရဲ့မီးဖိုချောင်လေးအတွက် စားဖိုမှူးချုပ်လုပ်ပေးပါ၊ တစ်လကို ငွေဆယ်တေးပေးမယ်၊ မဟုတ်ဘူး တေးနှစ်ဆယ်ပေးမယ်"

ဝမ်စုန်ရှင်းသည် လင်းယွဲ့မှာ သာမန်လူတစ်ယောက်မဟုတ်ကြောင်း အခိုင်အမာ ကောက်ချက်ချထားပြီး ဖြစ်သည်။ ဤသို့သော သူတစ်ဦးသည် အခြားသူတစ်ယောက်အိမ်တွင် အစေခံအဖြစ် မည်သို့သွားရောက်လုပ်ကိုင်ပါမည်နည်း။ သူက ဝမ်ယာဝေ့အား တားမြစ်လိုက်သော်လည်း လင်းယွဲ့နှင့်ပတ်သက်၍ သူ့ခန့်မှန်းချက်များကိုတော့ ဖွင့်ဟမပြောခဲ့ပေ။

"ယာဝေ့”

ထိုအစား သူသည် ညီမဖြစ်သူအား အသာဆူပူလိုက်သည်။

"ရိုင်းလိုက်တာ၊ အဘိုးပြောခဲ့တာတွေကို မင်း မှတ်မိသေးရဲ့လား”

ဝမ်ယာဝေ့က နှုတ်ခမ်းဆူကာပြန်လည်ခြေပလိုက်သည်။

"တည်ငြိမ်မှုနဲ့ မိမိကိုယ်ကိုပြုစုပျိုးထောင်ပါ၊ ချွေတာမှုနဲ့ ကိုယ်ကျင့်တရားကို မွေးမြူပါဆိုတာ အဘိုးက အစ်ကို့ကိုသင်ပေးခဲ့တာလေ၊ ကျွန်မလို မိန်းကလေးတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ"

သူတပါးအိမ်တွင် စားဖိုမှူးသွားလုပ်ဖို့ဆိုသည်မှာ အတော်လေးကောင်းမွန်သော အသက်မွေး၀မ်းကျောင်းတစ်ခုပင်။ သို့သော် လင်းယွဲ့မှာ လုံးဝမသွားချင်ပေ။ သူမသည် ခေတ်သစ်ဘဝနှင့် ယဉ်ပါးနေပြီး အစေခံဘဝနှင့် လိုက်လျောညီထွေဖြစ်မည်ဟု မထင်မှတ်ထားခဲ့ပေ။ လွတ်လပ်စွာ စီးပွားရှာလိုသော သူမရည်မှန်းချက်က ပို၍ကြီးမားလှသည်။ ထို့ပြင် သူမဘဝမှာ ဖြည်းဖြည်းခြင်း တိုးတက်ကောင်းမွန်လာပြီး သူမအနီးတွင် ရေခဲသေတ္တာလည်းရှိနေသဖြင့် သေချာပေါက် သွားစရာမလိုတော့ပေ။

ကံကောင်းထောက်မစွာဖြင့် ဝမ်စုန့်ရှင်းက ဝင်ရောက်တားဆီးပေးခဲ့သည်။ သို့မဟုတ်ပါက လင်းယွဲ့တစ်ယောက် ယဉ်ကျေးစွာ မည်သို့ငြင်းပယ်ရမည်ကိုပင် သိမည်မဟုတ်ပေ။ သူတို့နှစ်ဦးသည် ဝက်သားလုံးဟင်းရည်ကို အကုန်အစင် သောက်သုံးလိုက်ကြသည်။ သူတို့ထွက်ခွာတော့မည့်အချိန်တွင် ဝမ်စုန်ရှင်းက လင်းယွဲ့ထံသို့ ကျောက်စိမ်းဆွဲပြားတစ်ခုကို ကမ်းပေးလိုက်၏။

"မင်းရဲ့အချက်အပြုတ်စွမ်းရည်ကို ငါ အရမ်းလေးစားမိတယ်၊ တစ်ကယ်လို့ မင်းမှာအသစ်အဆန်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းလျာတွေရှိလာရင်ဖြစ်ဖြစ် ဒုက္ခအခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့လာရရင်ဖြစ်ဖြစ် ငါ့ဆီကိုလာရှာလို့ရပါတယ်"

လင်းယွဲ့ လှမ်းယူလိုက်ရာ ထိုကျောက်စိမ်းဆွဲပြားမှာ သိုးပုံစံကျောက်စိမ်းဖြင့်ပြုလုပ်ထားပြီး နွေးထွေးသော အရောင်အဆင်းနှင့် ကြည်လင်တောက်ပနေကာ တန်ဖိုးကြီးမားကြောင်းဖော်ပြနေ၏။ ပို၍အရေးကြီးသည်မှာ ဝမ်စုန်ရှင်း၏စကားပင် ဖြစ်သည်။ သူမ ဒုက္ခရောက်ပါက သူ့ကိုသွားရောက် ရှာဖွေနိုင်သည်ဟူသော အချက်ဖြစ်သည်။

လင်းယွဲ့သည် ဝမ်စုန်ရှင်း၏မိသားစု နောက်ခံအကြောင်းကို ကြားဖူးထားသည်။ သူ့အဘိုးမှာ ရာထူးချခံထားရပြီး ယခုအခါ အငြိမ်းစားယူထားပြီဖြစ်သော်ငြားလည်း တစ်သက်လုံးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြင့် သူ့အဆက်အသွယ်များနှင့် သြဇာအာဏာမှာ စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှ၏။ လျန်ခရိုင်၏တရားသူကြီးပင်လျှင် သူ့အဘိုးနှင့် တွေ့ဆုံသောအခါ သတိထားဆက်ဆံရမည်ဟု ဆိုနိုင်ပေသည်။ လင်းယွဲ့ ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်ရှင်"

သူမ၏မည်သည့်အချက်က သူ့အာရုံကို ဖမ်းစားသွားသည်ကို လင်းယွဲ့မသိသော်လည်း သူမက မိုက်မဲစွာ သွားရောက်မေးမြန်းမည်တော့ မဟုတ်ပေ။ လမ်းခရီးတွင် ဝမ်ယာဝေ့က မြင်းလှည်းခန်းဆီးကို မတင်လိုက်သည်။ သူမသည် ဘေးတွင်မြင်းစီးလာသောအစ်ကိုဖြစ်သူအား အနည်းငယ် စူးစမ်းလိုသောအကြည့်များဖြင့် ကြည့်လိုက်၏။ သူတို့အတွက် မိမိတို့၏လက်အောက်ငယ်သားများအား ကျောက်စိမ်းဆွဲပြား သို့မဟုတ် ရွှေငွေများကို ပေါ့ပေါ့ပါးပါးဆုချီးမြှင့်ခြင်းမှာ ပုံမှန်ကိစ္စသာဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ ဝမ်စုန်ရှင်း၏စကားပင် ဖြစ်သည်။ ဒုက္ခရောက်ပါက သူ့ကိုလာရှာနိုင်သည်ဟူသော စကားဖြစ်သည်။ သူမ၏အစ်ကိုသည် ပြဿနာများကို မနှစ်သက်ဘဲ အမြဲတမ်းခပ်ကင်းကင်းနေတတ်သူတစ်ဦးဖြစ်ရာ အဘယ်ကြောင့် ရုတ်တရက် လူတစ်ယောက်အပေါ် ဤမျှကြင်နာစွာ ဆက်ဆံရသနည်း။ သူမမေးလိုက်သည်။

"အစ်ကို၊ အစ်ကိုက လင်းယွဲ့ကို သဘောကျသွားပြီး ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ချင်နေတာတော့ မဟုတ်ပါဘူးနော်"

ဝမ်ယာဝေ့ မျက်မှောင်ကြုတ်ကာဆက်ပြောသည်။

"ကျွန်မတို့မိသားစုက အမျိုးသားတွေ အိမ်ထောင်မပြုခင် ကိုယ်လုပ်တော်ယူခွင့်မရှိဘူးလေ၊ အိမ်ထောင်ကျပြီးရင်တောင်မှ အသက်လေးဆယ်ပြည့်လို့ ဇနီးသည်မှာ သားယောက်ျားလေးမထွန်းကားမှသာ ကိုယ်လုပ်တော်ယူခွင့်ပြုထားတာ"

သူမ အထိတ်တလန့်ဖြင့်ထပ်ပြောသည်။

"အစ်ကို၊ အစ်ကိုက အပြင်မှာ တိတ်တိတ်ပုန်းကိုယ်လုပ်တော်ထားဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်၊ အဘိုးသာသိရင် အစ်ကို့ကို သတ်ပစ်လိမ့်မယ်"

All Chapters