← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

Ch-48

"ကုတန် မင်းက တကယ်ထက်မြက်တာပဲ"

တစ်ယောက်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သဖြင့် တာ့ယာ၏အာရုံစိုက်မှုကို ဖမ်းစားလိုက်မိ၏။ သူမ လှမ်းကြည့်လိုက်သောအခါ ကုတန်က ဘာအမူအရာမှမရှိဘဲ သူ့အိတ်ထဲမှ ဝက်ဆီဖတ်တစ်ခုကိုထုတ်၍ ထိုလူကို ပေးနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အခြားလူတစ်ယောက်က ပြောလိုက်ပြန်သေး၏။ မကြာခင်မှာပင် ထိုလူက စိတ်လှုပ်ရှားစွာဖြင့်ပြောလာသည်။

"ကုတန် မင်းက သင်ယူတာမြန်ပြီး တော်လိုက်တာ"

ကုတန်က သူ့ကိုဝက်ဆီဖတ်ကြော်တစ်ခု ထပ်ပေးလိုက်၏။ တာ့ယာ မျက်မှောင်ကြုတ်လိုက်သည်။

‘ဒီကောင်စုတ်လေးကတော့ ချီးကျူးစကားပြောလိုက်တာနဲ့ အစားအစာတွေကို လွယ်လွယ်ပေးလိုက်တာလား၊ ဒါယောင်းမ ပေးထားတဲ့ ဝက်ဆီဖတ်ကြော်တွေကို သူ အလကားဖြုန်းတီးနေတာပဲ’

တာ့ယာ ထိုသို့တွေးကာစိတ်မကောင်း ဖြစ်သွားသည်။ ထိုစဉ် သူမမျက်လုံးများ အရောင်တောက်သွားပြီး အကြံကောင်းတစ်ခုရသွား၏။

"ကုတန် နင်က တကယ့်ကိုထက်မြက်တာပဲ အရမ်းတော်တာပဲ"

သူမလက်ခုပ်တီးကာ ရှေ့သို့လျှောက်သွားပြီး ပြောလိုက်သည်။ ကုတန်မှာ စာအုပ်မှအကြည့်ခွာကာ သူမကို သတိထားမိသွားပြီးပြန်ပြောလိုက်သည်။

"အပိုတွေလုပ်မနေနဲ့"

"ဘာကို အပိုလုပ်တာလဲ၊ ယောင်းမပေးထားတဲ့ ဝက်ဆီဖတ်ကြော်တွေ ဘာလို့ ဒီလောက်မြန်မြန်ကုန်သွားတာလဲလို့ တွေးနေတာ၊ နင်က တခြားလူတွေကို အကုန် ဝေပေးနေတာကိုး"

တာ့ယာက ဒေါသတကြီးပြောသည်။

"နင်ကတော့လေ ကောင်းကောင်းစားရတာမှ ရက်နည်းနည်းပဲရှိသေးတယ်၊ အခု ဒီလိုဖြုန်းတီးတတ်နေပြီလား"

ပတ်ဝန်းကျင်ရှိ လူလေးယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့အားလုံးက လယ်သမားသားသမီးများဖြစ်ကြပြီး အိမ်တွင် ဟင်းချက်လျှင်ပင် အိုးပတ်လည်ကို ဆီသုတ်ရန် အဝတ်စဖြင့် တို့ရသောဘဝမျိုးဖြစ်သည်။ ဤဝက်ဆီဖတ်ကြော်မှာတော့ အကောင်းဆုံး အစားအစာပင်ဖြစ်၏။ သူတို့သည် ဤရက်ပိုင်းအတွင်း ဝက်ဆီဖတ်ကြော် အတော်များများရထားပြီးပြီပင်။ ယခု တာ့ယာ၏စကားကိုကြားတော့ အလွန် စိတ်မကောင်းဖြစ်ကာ တာ့ယာမှ ကုတန်၏မရီးဆီ သွားတိုင်ပြီး ပြန်တောင်းခိုင်းမည်ကို ကြောက်သွားကြသည်။ ပန်သန်းက သူ့အိတ်ကပ်ကိုဖိကိုင်ထားပြီး မျက်လုံးဖြင့် လှည့်ကြည့်နေ၏။

သူ ဒါတွေကိုမစားရသေးပဲ သူ့ညီမလေးအား ပေးရန်ကတိပေးထားသည်ဖြစ်၍ ပြန်ပေးချင်စိတ်မရှိပေ။ မမျှော်လင့်ဘဲ ကုတန်က လက်ယမ်းပြပြီး သူတို့ကို အရင်ထွက်သွားဖို့ အချက်ပြလိုက်သည်။ သူတို့ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး ကုတန်ကို တကယ်ပင် ယုံကြည်စိတ်ချရသော သူငယ်ချင်းကောင်းဟု သတ်မှတ်လိုက်ကြသည်။ သူတို့ ချက်ချင်းပင် ငှက်အုပ်စုပျံသကဲ့သို့ ပြန့်ကျဲသွားကြသည်။

"ဟေ့ မပြေးနဲ့"

တာ့ယာ ဒေါသတကြီးအော်လိုက်သော်လည်း ဘယ်သူမှဂရုမစိုက်ကြပေ။

"မဆိုင်တာတွေ ဝင်မပါနဲ့"

ကုတန်က ခေါင်းခါပြီးပြောလိုက်သည်။

"သူတို့ကို ငါစာဖတ်ခိုင်းနေတာလေ၊ ဝါကျတစ်ကြောင်း သင်ပေးတိုင်း ငါက ဝက်ဆီဖတ်ကြော်တစ်ခု ပေးတယ်"

ကုတန်က စာအုပ်ထဲမှစာမျက်နှာ အနည်းငယ်ကို ဖတ်ပြလိုက်သည်။

"ငါအခု ဒါတွေကို အကုန်ဖတ်တတ်ပြီ"

သူက တာ့ယာပခုံးကို ဆုပ်ကိုင်လိုက်ပြီး

"ဒီည ငါ မင်းကိုစာဖတ်ပြမယ်၊ မရီးကို ဒုက္ခမပေးတော့ဘူး၊ သူက နေ့တိုင်း ပင်ပန်းနေရတာကို မင်းကိုစာသင်ပေးရဦးမှာ၊ ငါ ကြည့်ရတာစိတ်မကောင်းဘူး"

တာ့ယာ မျက်မှောင်ကြုတ်ပြီး အချိန်အတော်ကြာ စဉ်းစားလိုက်သည်။

"တကယ်လား၊ တကယ်ပဲ ဝက်ဆီဖတ်ကြော်တွေကို မဖြုန်းတီးပစ်တာမလား"

"မင်း အစ်ကို့ကိုမယုံဘူးလား"

ယခင်ကဆိုလျှင် ကုတန်မှာ ဗိုက်ဆာနေသော်လည်း သူမကို အရင်ကျွေးလေ့ရှိသည်ကို သတိရသွားကာ တာ့ယာယုံကြည်သွားသည်။

"တခြားသူတွေပြောတဲ့ စကားလုံးချိုချိုတွေကိုယုံပြီး အကုန်လုံးပေးမပစ်နဲ့ဦး"

သူမ သတိပေးလိုက်သည်။

"အစ်ကို မှတ်မိပါတယ်"

ကုတန်က သူမနှာခေါင်းကိုတို့လိုက်ပြီး ပြန်ပြောလိုက်၏။

"မြန်မြန် အိမ်ပြန်ရအောင်၊ ယောင်းမက ဒီနေ့ ဝက်သုံးထပ်သားချက်ထားတယ်"

"အဲဒါ ဘာဟင်းလဲ"

"ငါလည်း မသိဘူး၊ ဒါပေမဲ့ အရသာရှိမယ်လို့ ထင်တယ်"

တစ်ချိန်တည်းမှာပဲ ကုတာ့ဖူအိမ်တွင်လည်း ကုရှန်းလင်းက မျက်ရည်နှင့် နှပ်ချေးများပါကျသည်ထိ အော်ငိုနေသည်။

"သား အသားစားချင်တယ်"

ကုတာ့ဖူသည် အပြင်မှလာသော အသားနံ့ကိုရှူရှိုက်ရင်း အရက်ကို ဖြည်းဖြည်းခြင်း သောက်နေသည်။

"သူတို့ ဘာလို့အသားတွေမကုန်သေးတာလဲ"

"ဒါက ဝက်ခြေထောက်တစ်ခုလုံးလေ"

အဒေါ်ကုက ကုရှန်းလင်းကို ချော့မော့ရင်း မနာလိုစွာပြောသည်။

"လင်းယွဲ့က ဘာတွေတွေးနေလဲမသိဘူး၊ အာ့ဇီမိသားစုကို ဝက်ခြေထောက် ပေးရတယ်လို့"

ကုတာ့ဖူက အရက်သောက်ရင်းစိတ်ပူစွာ ပြောလိုက်၏။

"သူတို့က အိမ်ဆောက်နေကြတာ၊ လင်းယွဲ့က တကယ်ကို မသိတတ်တာပဲ၊ ငါ့ကိုတောင် အကူအညီမတောင်းဘူး၊ ဒါတောင် ကုတန်ပါးစပ်ဖွာလိုက်လို့သာ ငါ သိရတာ ငါ့မျက်နှာကို ဘယ်နားသွားထားရမလဲ"

"ဟုတ်တယ်၊ လင်းယွဲ့က စည်းကမ်းကို လုံးဝမလေးစားဘူး"

အဒေါ်ကုက ဒေါသတကြီးထောက်ခံ ပြောဆိုလိုက်သည်။

"ဒီရက်ပိုင်း အကုန်လုံး အာ့ဇီမိသားစုဆီပဲ ပို့နေတာ၊ ငါတို့ရတာက ဝက်အူ တစ်ပိုင်းပဲ၊ အာ့ဇီမိသားစုဆီက ပျက်စီးနေတဲ့မုန့်ပြားအတွက်တဲ့လေ၊ ငါတို့ကဖြင့် အမဲလိုက်တဲကိုတောင် သူတို့ကို ပေးခဲ့ရသေးတယ်"

"ဟမ့် သူတို့အိမ်ဆောက်နိုင်မှာ မဟုတ်ပါဘူး၊ ဒီလောက်ဟိုဟာသည်ဟာလုပ်နေတာ၊ အိမ်မှာ ဆန်ဘယ်လောက်ကျန်ဦးမှာလဲ"

အဒေါ်ကုက ကျိန်ဆဲရင်းမျှော်လင့်နေသည်။

"သူတို့က ပညာရှင်ဝမ်ရဲ့ဒုတိယသမက်လို ဖြစ်မှာပဲ၊ အသားမကျွေးနိုင်လို့ အိမ်ဆောက်တဲ့တစ်ဝက်မှာတင် လူတွေ ထွက်ပြေးကုန်လိမ့်မယ်၊ အဲဒီကျရင် ငါတို့ဆီပြန်လာတောင်းမှာပဲ စောင့်ကြည့်နေ"

"ဘယ်သူက မဖြစ်ဘူးပြောလို့လဲ"

ကုတာ့ဖူက ခါးသီးစွာပြောသည်။

"ဝူး ဝူးး အသားစားချင်တယ်"

ကုရှန်းလင်း ဆက်ငိုနေသည်။ ကျောင်းမှာ ကုတန်က သူ့ကို ဝက်ဆီဖတ်ကြော်နှင့် စနောက်ခဲ့သလို အိမ်မှာလည်း ဒုတိယဦးလေးမိသားစုက စနောက်နေသည်။

"ကုတန်က ကျောင်းမှာလည်းမကျွေးဘူး၊ အိမ်မှာလည်း မကျွေးဘူး"

"ဘာ ကုတန်က အသားစားနေတာလား"

"ဝက်ဆီဖတ်ကြော်ရယ် ကြက်ပေါင်ရယ် ဝက်သားလုံးတွေရော"

ကုရှန်းလင်းက ငိုယိုပြီးပြောလိုက်သည်။

"သူက သားထက် ပိုကောင်းတာတွေ စားနေတာ၊ သားလည်း လင်းယွဲ့ကို မရီး ဖြစ်စေချင်တယ်"

"သောက်ကျိုးနည်း"

ကုတာ့ဖူ ဒေါသထွက်ပြီး အဒေါ်ကုကို အပြစ်တင်သည်။

"အသားရအောင် တစ်ခုခုလုပ်စမ်း၊ မင်းတို့အသံနဲ့တင် ငါခေါင်းကိုက်နေပြီ"

"အင်းပါ"

အဒေါ်ကု ဒေါသထွက်သွားသည်။ သူမ သမီးလေးနှစ်ယောက်ကို ဆွဲခေါ်ပြီး အိုးတစ်လုံးကိုင်ကာ ကုအာ့ကွေ့အိမ်သို့ အမြန်ပြေးသွား၏။ ကုရှန်းလင်းမှာ တံခါးဝကို မျှော်ကြည့်နေသည်။

"အသား စားချင်လား၊ စားချင်ရင် ဒုတိယဦးလေးကို သွားတောင်းလေ၊ ငိုပြီးတောင်းခဲ့ကြ"

အဒေါ်ကုက သူ့သမီးများကိုပြောလိုက်၏။ ငါးယောက်မြောက်သမီးမှာ ကြောက်လန့်သွားပြီး မျက်ရည်များဝဲလာသည်။ လေးယောက်မြောက်သမီးမှာမူ ငြိမ်နေ၏။ သူတို့ ကုအာ့ကွေ့အိမ်ရောက်သော် အဒေါ်ကုက မနာလိုစွာဖြင့် ဆိုလိုက်သည်။

"အော် အသားစားနေပြန်ပြီပေါ့"

ကုအာ့ကွေ့၏မျက်နှာထားတင်းတင်းကို မြင်တော့ အပြုံးအတုကို ပြန်တပ်လိုက်သည်။

"မောင်လေးတို့ အဆင်ပြေနေတာကို ချီးကျူးမလို့ပါ"

"အသားအစစ်ပဲနော်"

ထိုသို့ပြောပြီး အနားတိုးသွားသည်။ ကုမူထျန်းက အသားကိုချက်ချင်းကာလိုက်ပြီး အဒေါ်ကုကို ဒေါသတကြီး ကြည့်လိုက်၏။ အဒေါ်ကုက သူတို့ရှေ့မှာ တစ်မျိုး၊ နောက်ကွယ်မှာ တစ်မျိုး လုပ်တတ်သဖြင့် သူတို့မိခင်အများကြီး ခံစားခဲ့ရသည်ကို သူမှတ်မိနေသေးသည်။

"ညီမရယ် မိသားစုချင်းပဲဟာ၊ ဘာလို့ ဒီလို လုပ်ရတာလဲ"

အဒေါ်ကုမှ ထိုသို့ပြောရာ ဒုတိယအဒေါ်ကုမှ အေးစက်စက်ဖြင့်မေးလိုက်၏။

"အစ်မကြီး ဘာဖြစ်လို့လဲ"

"အသားဆီလေး နည်းနည်းလိုချင်လို့ပါ၊ မောင်လေးတို့မိသားစုက အသားစားနေကြတာဆိုတော့လေ"

အဒေါ်ကုက သူ့သမီးများကို အနောက်ကနေ လိမ်ညှစ်လိုက်ရာ ငါးယောက်မြောက်သမီးကုမူထျန်းက ပြောလိုက်သည်။

"မိသားစုချင်းပဲ၊ အသားဆီလေးနှစ်ဇွန်း သုံးဇွန်းလောက်ပေးပါလား"

"အဒေါ်ကြီးက အသားမလိုဘဲ အဆီလိုတာမလား၊ အဆီလိုတာဆိုရင် ဆီပေးမယ်"

ကုမူထျန်း အိုးထဲကဟင်းရည်တစ်ဇွန်းကိုယူပြီး အဒေါ်ကုပန်းကန်ထဲ သူလောင်းထည့်လိုက်သည်။

"ဒါဆိုလုံလောက်ပြီလား"

All Chapters