အခန်း ၅၀
Vol. 5 Ch. 50
Ch-50
ကုနျိုနှင့် ကုမာတို့သည် ကုတာ့တျန်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူများ ဖြစ်ကြသည်။ သူတို့ဘဝဇာတ်ကြောင်းမှာ ကြေကွဲဖွယ်ရာပင်။ ဖခင်ဖြစ်သူမှာ အစိုးရ၏ အခွန်ဆောင်ရမည့် လုပ်အားခပေးဆပ်ရန်အတွက် အဓမ္မစေခိုင်းခြင်းခံခဲ့ရပြီး၊ ကျန်းမာရေးချို့တဲ့သည့်ဒဏ်ကိုမခံနိုင်ဘဲ မောပန်းနွမ်းနယ်မှုဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။
ထိုသို့သော ဆင်းရဲဒုက္ခများကြောင့်ပင် မိခင်ဖြစ်သူမှာလည်း အခြားတစ်နေရာသို့ အိမ်ထောင်ပြု၍ ထွက်ခွာသွားခဲ့ရလေသည်။ ကုတာ့တျန်၏ဖခင်မှာ သူတို့ညီအစ်ကို၏အဖြစ်ကို မြင်သောအခါ သနားကြင်နာစိတ်ဖြင့် တတ်နိုင်သရွေ့ ကူညီစောင့်ရှောက်ခဲ့သည်။ ကုတာ့တျန်သည် ငယ်ရွယ်စဥ်ကာလက သူတို့ညီအစ်ကိုနှင့် ရင်းနှီးမှုမရှိသော်လည်း အရွယ်ရောက်လာသည့်အခါတွင် တတ်နိုင်သည့်ဘက်မှ ကူညီပေးလေ့ရှိ၏။ ယခု လင်ယွဲ့၏အိမ်ဆောက်လုပ်ရာတွင် ကူညီပေးရန် ပြင်ဆင်နေကြသည်ကိုမြင်သောအခါ ကုတာ့တျန်က စိုးရိမ်တကြီးဖြင့် မေးခွန်းထုတ်လိုက်သည်။
"မင်းတို့ ဘာလို့ သူအိမ်ဆောက်တာကို သွားကူမလို့လဲ၊ မကြာခင် လယ်ယာလုပ်ငန်းခွင်က အလုပ်ရှုပ်မယ့်အချိန် ရောက်တော့မှာလေ၊ မင်းတို့ဘာသာတောင် ရှိတဲ့အစာကို အနိုင်နိုင်စားနေရတဲ့သူတွေကို ကိုယ့်ခန္ဓာကိုယ်ကို နှိပ်စက်သလိုမျိုး မလုပ်ကြပါနဲ့တော့"
ကုနျို ခေါင်းကုတ်လိုက်ရင်း ရိုးအစွာ ပြုံးပြကာပြန်လည်ဖြေကြားသည်။
"ဝမ်တာ့ကျန်းက ကျွန်တော့်ကို အကူအညီတောင်းထားလို့ပါ၊ ကုမာ နေမကောင်းဖြစ်တော့ သမားတော်ခေါ်ဖို့ငွေတောင်မရှိခဲ့ဘူး၊ အဲဒီအချိန်မှာ ဝမ်တာ့ကျန်းကပဲ ဆေးဖိုးဝါးခတွေ ထုတ်ပေးပြီး တောင်ပေါ်အထိ ဆေးမြစ်တွေ တက်ရှာပေးခဲ့တာ၊ အဲဒီကျေးဇူးကို ကျွန်တော် ပြန်ဆပ်ရမှာပေါ့"
ကုတာ့တျန်မှာ ထိုစကားကိုကြားသောအခါ စိတ်ထဲမတင်မကျဖြစ်သွားသည်။ ထိုအချိန်က ကုမာမှာအအေးမိဖျားနာကာ အသက်ထွက်တော့မည့်နှယ် အိပ်ရာပေါ်တွင် လဲလျောင်းနေ၏။ သူတို့မိသားစုထံ လာရောက်ချေးငှားသည့်အခါတွင်လည်း ဆယ်ပြားနှင့် စားနပ်ရိက္ခာအနည်းငယ်ကိုသာ ခြစ်ကုတ်ပေးနိုင်ခဲ့ကြသည်။
သူသည် ထိုအချိန်က ကုနျိုကို ငွေကုန်ခံဆေးကုမနေဘဲ စွန့်လွှတ်လိုက်ဖို့ပင် ပြောဆိုရန် ကြံရွယ်ခဲ့ဖူးသည်။ သို့သော် ကုနျို၏ စွဲမြဲသောကြိုးစားအားထုတ်မှုကြောင့် ကုမာမှာ သေမင်းလက်မှ ပြန်လည်ရုန်းထွက်နိုင်ခဲ့၏။ ကုမာက ကုတာ့တျန်ကို တစ်ချက်မျှစိုက်ကြည့်လိုက်သည်။ အကြည့်တို့မှာ အေးစက်နေပြီး စကားတစ်ခွန်းမျှမဆိုဘဲ ကုနျိုကို ဆွဲခေါ်သွားတော့သည်။ ကုတာ့တျန်မှာ နှာခေါင်းကိုပွတ်လိုက်ရင်း စိတ်မကောင်းဖြစ်ရသည်။ ထိုအချိန်မှစ၍ ကုမာမှာ သူတို့မိသားစုနှင့် စကားပင်မပြောတော့ပေ။
'ငါက မင်းတို့အကျိုးကိုကြည့်ပြီးပြောတာပါကွ'
စိတ်ထဲမှတွေးတောရင်း သက်ပြင်းချမိသည်။ အကယ်၍သာ လုပ်အားပေးရင်း မောပန်း၍ဖျားနာခဲ့လျှင် လယ်ယာလုပ်ငန်းခွင်၌ သူတို့မိသားစုကိုသာ နောက်ထပ်ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ပင်။ သို့သော်လည်း သူတို့ကပြဿနာကို ရှာချင်နေလျှင်လည်း ခံပါစေတော့ဟုသာ သူဆုံးဖြတ်လိုက်သည်။ ကုတာ့တျန်သည် လက်ထဲမှနှစ်ပြားကို အလေးချိန်ဆလိုက်ရင်း ကုတာ့ဖူအိမ်ဘက်သို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် လူအများစုဝေးနေကြပြီး ဖဲဝိုင်းနှင့် အံစာတုံးကစားသူများဖြင့် ဆူညံနေကြ၏။
"ဘယ်လိုလဲ တစ်ခုခုနိုင်သေးရဲ့လား"
ကုတာ့တျန်က ကုဝူရှန်းကိုမေးလိုက်ရာ ကုဝူရှန်းက ဆံပင်ကိုဆွဲဆုတ်လိုက်ရင်း စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။
"မနိုင်သေးဘူး၊ ဒီနေ့ကတော့ တကယ့်ကို ကံဇာတာမကောင်းတာ"
"ဟေ့ လင်ယွဲ့ အိမ်ဆောက်နေတယ်ဆို၊ မင်းတို့ ဘာလို့မသွားကြတာလဲ"
"ဒီ ကုမိသားစုကို ကြည့်လိုက်ဦး၊ ဟို ခ,ယတတ်တဲ့ ဒုတိယသားကလွဲရင် ဘယ်သူသွားလို့လဲ"
ကုဝူရှန်းနှာခေါင်းရှုံ့လိုက်သည်။
"ဒီမိန်းမက လျံဖန်းရောင်းတာ ရက်အနည်းငယ်ပဲရှိသေးတယ်၊ ပိုက်ဆံလည်း ဘယ်လောက်မှမရှိဘဲနဲ့ အိမ်ဆောက်မယ်တဲ့လား၊ ငါတို့တောင် အနှစ်ဆယ်ကျော်ကြာအောင် ကျောက်တုံးတွေ သစ်လုံးတွေစုဆောင်းပြီးမှ အိမ်တစ်လုံးဆောက်နိုင်တာ၊ သူကတော့ စိတ်ကူးယဉ်နေတာပဲ၊ အဲဒီအိမ်က ဘယ်တော့မှပြီးမှာမဟုတ်ဘူး"
ကုတာ့တျန် မေးစေ့ကိုပွတ်ရင်း
"မြို့တော်က အရာရှိကြီးတစ်ယောက်က သူမကိုသဘောကျနေတယ်ဆိုတာကရော"
"မင်းက ဒါကိုယုံနေတာလား"
ကုဝူရှန်း မျက်မှောင်ကြုတ်လိုက်သည်။
"မြို့တော်အရာရှိကြီးက မုဆိုးမတစ်ယောက်ကို သဘောကျမယ်တဲ့လား၊ ရယ်စရာကောင်းလိုက်တာ၊ တကယ်လို့သာ သူမကို သဘောကျရင် ဘာလို့အခုထိ လာမခေါ်တာလဲ၊ သူကိုယ်တိုင်ပဲ လျံဖန်းရောင်းကောင်းအောင် လိမ်ပြောနေတာဖြစ်ရမယ်"
"ဒါဆိုရင် သူမကအလုပ်သမားတွေကို ဘာဟင်းတွေကျွေးမလဲလို့ မင်းထင်လဲ"
"အလုပ်သမားတွေက မနက်စောစောကတည်းကလာကူရင် မနက်စာနဲ့ နေ့လည်စာရမှာပေါ့၊ မွန်းလွဲမှလာရင်တော့ နေ့လည်စာပဲရမှာ၊ ငါထင်တာတော့ သူတို့ရှေ့မှာ ချထားမယ့်ဟင်းက လျံဖန်းပဲ ဖြစ်လိမ့်မယ်"
ကုဝူရှန်း လှောင်ရယ်လိုက်၏။
"ဟားဟား အနည်းဆုံးတော့ နေ့လည်စာအတွက် အသားနည်းနည်းပါးပါးတော့ ပါမှာပေါ့"
ကုတာ့တျန် မယုံကြည်စွာဖြင့်ပြောလိုက်သည်။
"လောင်းကြေးထပ်မလား"
"ဘာလောင်းကြေးလဲ"
အနီးနားရှိလူများကလည်း စိတ်ဝင်တစား ဝိုင်းလာကြသည်။
"ငါလည်း လောင်းမယ်"
ကုတာ့ဖူက စားပွဲပေါ်ရှိ သေတ္တာသုံးလုံးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"အသားနှစ်ကတ်တီထက် နည်းတဲ့ဘက်၊ နှစ်ကတ်တီ၊ ပြီးတော့ နှစ်ကတ်တီထက် ပိုတဲ့ဘက်၊ ဘယ်မှာလောင်းကြမလဲ"
သူသည် လက်ထဲမှ ကြေးပြားများကို အသားနှစ်ကတ်တီထက်နည်းသောဘက်သို့ ပစ်ထည့်လိုက်၏။ ကုတာ့ဖူက ယုံကြည်မှုအပြည့်ရှိသည်။ လင်ယွဲ့တစ်ယောက် မနေ့က အသားတစ်စမှဝယ်လာသည်ကို မမြင်ခဲ့ရပေ။ ထို့ကြောင့် ယနေ့တွင်လည်း အသားဟင်းရှိလာစရာအကြောင်းမရှိဟု သူယူဆထားသည်။
"အသားနှစ်ကတ်တီတဲ့လား"
ကုဝူရှန်း အော်ရယ်လိုက်ပြီး
"မင်း သူမကိုအထင်ကြီးလွန်းနေပြီ"
ထိုသို့ဖြင့် သူလည်း နှစ်ကတ်တီထက် နည်းသောဘက်သို့ ငွေထည့်လိုက်သည်။
"ဒါပေမဲ့ အားလုံးက ဒီဘက်ပဲရွေးနေရင် ဘယ်လိုလုပ် လောင်းကြေးထပ်လို့ရမှာလဲ"
"ငါကတော့ အသားနှစ်ကတ်တီထက် ပိုတဲ့ဘက်မှာ လောင်းမယ်"
ဝမ်ဝမ်ချိုင်က စိတ်ကိုတင်းကာ ပြားနှစ်ဆယ်ကို နှစ်ကတ်တီထက် ပိုသော ဘက်သို့ ပစ်ချလိုက်သည်။ ပညာရှင်ဝမ်၏ပြောပြချက်အရ မြို့တော်မှသခင်လေးမှာ လင်းယွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု ကြားသိရ၏။ ပထမဆုံးရက်မှာပင် အသားနှစ်ကတ်တီတောင် မကျွေးနိုင်စရာ အကြောင်းမရှိဟု သူထင်မိသည်။
“ကံစမ်းကြည့်လိုက်တာပေါ့”
သို့သော် သူတစ်ယောက်တည်းသာ ထိုဘက်ကိုရွေးမိသောအခါ ကြောက်လန့်သွားပြီး ပိုက်ဆံကိုပြန်ယူရန် ကြိုးစားလိုက်သည်။
"ငါ မလောင်းတော့ဘူး"
"မရဘူးလေ"
ကုဝူရှန်းက ဝမ်ဝမ်ချိုင်လက်ကို ဖိထားလိုက်သည်။
"လောင်းပြီးရင် ပြန်ယူလို့မရဘူး၊ စည်းမျဉ်းအတိုင်းပဲ”
"ဒါဆို ဒီနေ့ အသားဘယ်လောက်ချက်လဲဆိုတာ ဘယ်လိုသိရမလဲ"
"ဝမ်ကျစ်ကို မေးရမှာပေါ့၊ ဝမ်တာ့ကျန်းက သူ့ဦးလေးပဲလေ၊ သူ့အဖေကမဖြစ်မနေ ဆွဲခေါ်သွားမှာ သေချာတယ်"
တစ်ဖက်တွင်လည်း ကုမာမှာ ကုနျိုကို ဆွဲခေါ်သွားသော်လည်း စိတ်မအေးနိုင်ပေ။
"အစ်ကို၊ တကယ်သွားကူကြမှာလား"
"ဝမ်တာ့ကျန်းက တောင်းဆိုထားတာ၊ ကျေးဇူးဆပ်ရမယ်လေ"
ကုနျိုစကားကို ကြားသောအခါ ကုမာ၏ဒေါသမှာ တောက်လောင်လာသည်။
"သူ့မှာ တခြားလူမရှိလို့သာ မင်းကိုခေါ်တာနေမှာ၊ လီမိသားစုရော ကျောက်မိသားစုရော အကုန်လုံးက လင်းယွဲ့မိသားစုမှာ စားစရာလုံလောက်မှုမရှိမှာကို ကြောက်နေကြတာ၊ အိမ်ပြီးသွားရင်တောင် သီးနှံရိတ်သိမ်းချိန်ဖြစ်နေလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့မှာ စားစရာမရှိတော့ဘူး၊ အစ်ကိုသာ ပင်ပန်းပြီး ဖျားနာသွားရင်ဘယ်လိုလုပ်မလဲ"
ကုမာက ဝမ်တာကျန်းကို စိတ်ထဲမှ အပြစ်တင်နေမိသည်။ သူတို့မိသားစု၏အခြေအနေကိုသိလျက်နှင့်ပင် ဤသို့ခိုင်းစေသည်မှာ မတရားပေ။ စားစရာမရှိဘဲ ဆင်းရဲဒုက္ခရောက်နေသောအချိန်တွင် လုပ်အားပေးရန် အတင်းအကျပ် ခေါ်ယူခြင်းသည် ရက်စက်လွန်း၏။
သူသည် မိမိကိုယ်ကိုလည်း ဒေါသထွက်မိသည်။ ကျန်းမာရေးမကောင်းသည့်အတွက် ကျေးဇူးကြွေးကိုမဆပ်မဖြစ်ဆပ်နေရခြင်းမှာ ကံကြမ္မာ၏ ရက်စက်မှုပင်။ ဝမ်တာ့ဟိုင်နှင့် သားများ၊ ဝမ်တာ့ဟဲနှင့် သားများလည်း ထိုအကြောင်းကိုပင် ဆွေးနွေးနေကြ၏။
"အဖေက အသက်ကြီးပြီ၊ ကျွန်တော်တို့ပဲ သွားလိုက်ပါ့မယ်"
ဝမ်ချမ်က ပေါင်မုန့်တစ်စကိုဖဲ့ယူကာ ဝမ်တာ့ဟိုင်ကို ကမ်းပေးလိုက်သည်။
"ဦးလေးကတော့ တကယ်ပဲ၊ ကျွန်တော်တို့ကို ဒီလောက်ပင်ပန်းတဲ့အလုပ်တွေ ခိုင်းရက်တယ်"
ဝမ်တာ့ဟိုင်က ဝမ်ချမ်၏ကျောကို ရိုက်လိုက်သည်။
"ဘာတွေလျှောက်ပြောနေတာလဲ၊ ငါက ခုထိ သန်မာနေတုန်းပဲ"
"အာ"
ဝမ်ချမ်က ကိုယ်ကိုကိုင်းညွတ်သွားသည်။
“နာလိုက်တာ ဟုတ်ကဲ့ သိပါပြီ အဖေက အိုမင်းပေမဲ့ သန်မာပါသေးတယ်၊ အရင်ဆုံး တစ်ခုခုစားလိုက်ပါဦး"
"ငါ မစားဘူး၊ ငါ့ညီက ငါ့ကိုငတ်အောင်ထားမှာ မဟုတ်ဘူး"
"ဘယ်သူသိမှာလဲ"
ဝမ်ချမ်က မျက်လုံးကိုလှည့်လိုက်သည်။ ဝမ်တာ့ကျန်းမှာ ညီအစ်ကိုသုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်ပြီး အသက်ကလည်း ဆယ်နှစ်ကျော် ကွာခြားသဖြင့် ဝမ်တာ့ဟိုင်မှာ သူ့ကို သားတစ်ယောက်လိုပင် အလွန်အမင်း ချစ်ခင်၏။ သို့သော် ဝမ်ချမ်မှာ အဖေဖြစ်သူအလွန်အမင်း အကောင်းမြင်လွန်းနေသည်ဟုထင်နေသည်။ ဒီမနက်တွင် ဆန်ပြုတ်ပူပူတစ်ခွက်လောက်ရလျှင်ပင် ကံကောင်းလှပြီဟု သူယူဆထားသည်။ တောင်ခြေတွင် ဝမ်ကျစ်က သက်ပြင်းချလိုက်၏။
“အဖေ ဒီနေ့ ကျွန်တော့်မှာတခြားကိစ္စရှိနေတယ်"
"ဘာကိစ္စလဲ"
ဝမ်တာ့ဟဲက မျက်လုံးပြူးကြည့်လိုက်သည်။
"မင်းသူငယ်ချင်းတွေနဲ့ ဖဲရိုက်မလို့မဟုတ်လား၊ မသွားရဘူး"
"ဒါဆိုလည်း အိမ်မှာပဲနားတော့မယ်၊ အရမ်းပင်ပန်းတယ်"
ဝမ်တာ့ဟဲ နှာခေါင်းရှုံ့လိုက်သည်။
"မင်း သွားကူလိုက်၊ အဲဒီမှာ စားရလိမ့်မယ်၊ အိမ်က ဆန်တွေမကုန်တော့ဘူးပေါ့"
ဝမ်ကျစ်က စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။
"အဖေကလည်း အမြတ်ထုတ်ဖို့ပဲသိတယ်၊ တကယ်တမ်းဆို အလုပ်လုပ်ရတဲ့ပမာဏနဲ့ စားရတာနဲ့မမျှဘူး၊ ဘေးအိမ်က လီမိသားစုတောင်မသွားဘူး၊ သူတို့က ကျွန်တော်တို့ကို တစ်ယောက်ယောက်ရဲ့ အိမ်ကိစ္စတွေမှာပဲ အမြဲကူနေရတဲ့အရူးတွေလို့ လှောင်နေကြမှာ"
"သူက ငါ့ညီပဲ၊ ငါမကူရင် ဘယ်သူကူမလဲ"
ဝမ်တာ့ဟဲက သူ့ခေါင်းကိုခေါက်လိုက်သည်။
"မိသားစုအပေါ် စာနာစိတ်မရှိတဲ့ကောင်"
ဝမ်တာ့ကျန်းအိမ်တွင် လင်းယွဲ့မှာ သူမအိမ်သည် ကျဉ်းလွန်းသဖြင့် ဟင်းချက်ရန်အတွက် ဝမ်တာ့ကျန်းအိမ်ကိုပင် ငှားရမ်းထားရလေသည်။