ကျောက်ကျုံးဟန်၏ ဒဏ္ဍာရီ
Vol. 121 Ch. Side Story
သတ္တမမြောက်တောင်ခြေ၌ အမည်မသိရွာလေးတစ်ရွာ တည်ရှိသည်။
ဆောင်းရာသီနှောင်းပိုင်းဖြစ်၍ တောင်တစ်တောင်လုံး လွှမ်းခြုံထားသော မေပယ်ရွက်လေးများသည် ပျောက်ကွယ်မသွားတော့မည့် ဆည်းဆာရောင်ခြည်အလား နီစွေးနေပြီး လေအငွေ့အသက်ထဲမှာပင် သစ်ရွက်လေးများ၏ ခြောက်ကပ်ကပ်ရနံ့ စွဲထင်နေသည်။
ရွာထိပ်ရှိ ကင်းကိုသစ်ပင်အိုကြီးသည် ရွှေရောင်မှင်ရည်ဖြန်းပက်လိုက်သည့်အလား နေဝင်ချိန်တွင် သစ်ရွက်များ တဖျပ်ဖျပ်ကြွေကျနေပြီး မြေပြင်တစ်ခွင် တောက်ပစွာ ခင်းကျင်းထားလိုက်သည့်ပမာပင်။
လေတဟူးဟူးတိုက်ခတ်လာသည်။
ရွှေရောင်လိပ်ပြာလေးများသည် လေထဲတွင် ပျံဝဲနေကြပြီး ဆည်းဆာနေဝင်ချိန်၏ အနွေးဓာတ်ကို တိုးဝှေ့လိုက်သည်။ လိပ်ပြာလေးတစ်ကောင်သည် သစ်ပင်အောက်တွင် ငိုက်မျဥ်းနေသော အဘိုးအို၏ နှာခေါင်းထိပ်သို့ ခပ်ဖွဖွလေး နားခိုလိုက်သည်။
" ဟက် ... ဟက်ချိုး... "
အဘိုးအိုသည် အိပ်မက်ထဲမှ လန့်နိုးလာပြီး နှာချေလိုက်သည်။ သူသည် အနည်းငယ် မှုန်ဝါးနေသော မျက်လုံးများကို ပွတ်သပ်လိုက်ရာ သူ၏ အမြင်အာရုံထဲတွင် ဝှေ့ယမ်းနေသော ခပ်ဖောင်းဖောင်း လက်လေးတစ်ဖက် တဖြည်းဖြည်း ထင်ရှားလာသည်။
အသက် ခြောက်နှစ် ခုနစ်နှစ်အရွယ်ခန့်ရှိ နီစွေးသော ပါးပြင်နှင့် ဝဝကစ်ကစ်ကလေးတစ်ဦးသည် ဗူးသီးခြောက်ကြီးကို ကိုင်၍ သူ့ကို ခေါင်းလေးစောင်းကာ ကြည့်နေသည်။
" အဘိုး... အဘိုး၊ အရက်ဝယ်လာပြီနော် "
ဖက်တီးလေးသည် လေးလံသော ဗူးသီးခြောက်ကြီးကို လှုပ်ယမ်းလိုက်ပြီး လေးနက်သောမျက်နှာထားဖြင့် အဘိုးအိုကိုကြည့်ကာ မျှော်လင့်တကြီး ပြောလိုက်သည်။
" အဘိုး ... အဲဒီပုံပြင်ကို အဆုံးထိပြောပြမယ်လို့ ကတိပေးထားတာနော်။ ပြောပြီးသား စကား ပြန်ရုတ်သိမ်းလို့ မရဘူး "
နုနယ်သော လက်လေးများက အဘိုးအို၏ အင်္ကျီစကို ဆွဲနေပြီး သူ၏နောက်တွင် ကျစ်ဆံမြီးကျစ်ထားသော ကလေးတစ်သိုက်က စာကလေးလေးများလို ဝိုင်းအုံလာကာ ဇာတ်သိမ်းပိုင်းကို တတွတ်တွတ် တောင်းဆိုနေကြသည်။
" ဟုတ်တယ် အဘိုး ဟုတ်တယ်၊ အဲဒါပြီးတော့ ဘာဖြစ်သွားတာလဲဟင်။ ခရမ်းရောင်ဝတ်စုံဝတ် နတ်သမီးလေးက ကျောက်ကျုံးဟန်နဲ့ တကယ်ပဲ လက်ထပ်လိုက်တာလား "
ကျစ်ဆံမြီးနှင့် ကလေးမလေးက အားတက်သရော မေးလိုက်သည်။
အဘိုးအိုသည် ခက်ခဲစွာ မတ်မတ်ထိုင်လိုက်ပြီး ဗူးသီးခြောက်ကို လှမ်းယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ရာ အနည်းငယ်ချိုမြိန်ပြီး ပူရှိန်းရှိန်းအရသာက လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ စီးဆင်းသွားသည်။ သူသည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး သူ့မျက်လုံးထောင့်စွန်းရှိ ဓားဖြင့် ထွင်းထုထားသကဲ့သို့ နက်ရှိုင်းသော အရေတွန့်များက အနည်းငယ် ပြေလျော့သွားပုံရသည်။
သူသည် ထိုကလေးများအား နူးညံ့သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအချိန်၌ မလှမ်းမကမ်းရှိ လယ်ကန်သင်းရိုးပေါ်တွင် တောင်သူကြီးတစ်ဦးသည် ပေါက်ပြားကို ထမ်းကာ ပြန်လာနေပြီး မီးခိုးငွေ့များကြားတွင် အိမ်ထောင်ရှင်မများသည် မိသားစုဝင်များအား ညစာစားရန် အာပေါက်မတတ်အော်ခေါ်နေသည်။
အဘိုးအိုများနှင့် ကလေးငယ်များအားလုံး ပျော်ရွှင်ချမ်းမြေ့နေကြသည်။
အဘိုးအိုက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ဆော့ကစားနေသော ကလေးများကို ကျော်လွန်ကာ ဟိုးအဝေးဆီ အကြည့်လွှဲလိုက်ရင်း သူ့နှုတ်ခမ်းထောင့်တွင် ကလေးတစ်ယောက်ပမာ အပြုံးတစ်စ ပေါ်လာသည်။
" ဒါပေါ့ ... သူတို့ လက်ထပ်တဲ့နေ့က နှင်းတွေအရမ်းကျနေပေမဲ့ နည်းနည်းလေးမှ မချမ်းခဲ့ဘူးကွဲ့ "
အဘိုးအို၏ အသံသည် တဖြည်းဖြည်း တိုးညင်းလာပြီး အိပ်မက်ဆန်လာသည်။ သူ၏ ပုံပြင်ထဲတွင် ထိုကမ္ဘာသည် ပန်းချီကားတစ်ချပ်လို လှပခမ်းနားပြီး အိပ်မက်တစ်ခုလို အပြစ်အနာအဆာ ကင်းမဲ့နေသည်။
" လက်ထပ်ပြီးတဲ့နောက်မှာ သူတို့က သတ္တမမြောက်တောင်ထွတ်မှာပဲ အခြေချခဲ့ကြတယ်။ အဲဒီနေရာက သူတို့အတူတူ ကြီးပြင်းခဲ့ကြတဲ့ နေရာဖြစ်ပြီးတော့ မြက်ပင်တစ်ပင်၊ သစ်တစ်ပင်ကအစ သူတို့ကို မှတ်မိကြတယ်။ သူတို့က ထာဝရအသက်ရှင်ဖို့လည်း မဆုတောင်းသလို၊ တာအိုလမ်းစဉ် အတွက်လည်း မယှဉ်ပြိုင်တော့ဘဲ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ဖို့ပဲ ဆန္ဒရှိခဲ့ကြတယ် "
" အဲဒါကြောင့် ကျောက်ကျုံးဟန်က အဲဒီမှာ မက်မန်းပင်တွေပြည့်နေတဲ့ သစ်သားအိမ်လေးတစ်လုံးကို ဆောက်ခဲ့တယ်။ တင်းရွှယ်က အဲဒီနေရာမှာ ဓားရေးကျင့်ရတာကို အနှစ်သက်ဆုံးပဲ။ ဓားရောင်က နှင်းတွေလို ဖြူဖွေးဝင်းလက်နေခဲ့တယ်။ ကျောက်ကျုံးဟန်ကတော့ ဘေးမှာ အမြဲထိုင်နေတတ်ပြီး ချိုမြိန်တဲ့ မက်မန်းသေရည်တစ်အိုးကို ဝိညာဥ်မီးလျှံနဲ့ အပူပေးရင်း သူ့ရဲ့ ရဲရင့်လှပတဲ့ ချစ်သူလေးကို ပြုံးပြီး ကြည့်နေတတ်တယ်။ သူတို့ဘဝတစ်လျှောက်လုံး ဖြတ်သွားဖြတ်လာခရီးသွားတွေကို တွေ့ခဲ့ရတယ် "
အဘိုးအိုသည် အရက်တစ်ငုံ သောက်လိုက်ပြီး အေးအေးလူလူ ဆက်ပြောသည်။
" ဟွမ်ရန်၊ ကူးမုချင်း၊ ယန်ယန်၊ ရွှီချင်း၊ ဝူကျန်းဝူ .. အဲဒီသူတွေက နောက်ဆုံးတော့ သူတို့နှစ်ယောက်ရဲ့ ဘဝထဲက ဖြတ်သွားဖြတ်လာ ခရီးသွားဧည့်သည်တွေသာ ဖြစ်ခဲ့ကြတယ်။ တံခါးပိတ်လိုက်တာနဲ့ အပြင်ကမ္ဘာရဲ့ ရှုပ်ထွေးမှုတွေက သူတို့နှစ်ယောက်နဲ့ ဘာမှမဆိုင်တော့ဘူး "
" သူတို့နှစ်ယောက်က လက်ချင်းတွဲပြီး ခရီးတွေအများကြီး သွားခဲ့ကြတယ် "
" လှေငယ်လေးတစ်စီးနဲ့ တားမြစ်ပင်လယ်တစ်လျှောက် ရွက်လွှင်သွားပြီး မိုးကုတ်စက်ဝိုင်းအောက်ကို တိုးဝှေ့ပျောက်ကွယ်နေတဲ့ ပုစွန်ဆီရောင်နေမင်းကြီးကို ကြည့်ကြတယ်။ အပြုံးတွေကိုယ်စီနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပင်လယ်ကြီးထဲက ရေသတ္တဝါတွေ ခုန်ပျံဆော့ကစားနေတာကိုလည်း ကြည့်ကြတယ် "
“ ကြောက်စရာကောင်းတဲ့သားရဲကြီးတွေ ခိုအောင်းနေတဲ့ တောနက်ကြီးထဲကို ဝင်ပြီး ဆေးပင်တွေ ခူးကြတယ်။ အစကတစ်ဝက်တစ်ပျက်ဖြစ်နေတဲ့ ဆေးကျမ်းကြီးဟာ သူတို့နှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တုနှိုင်းမဲ့ဆေးကျမ်းတစ်ဆူ ဖြစ်လာတယ် ”
"ဝမ်ကူးဒေသကြီးရဲ့ တောင်တန်းတွေ မြစ်ချောင်းတွေအနှံ့ သူတို့ခြေရာတွေ ကျန်ရစ်ခဲ့ပေမယ့် နောက်ဆုံးတော့ သူတို့အိမ်ဖြစ်တဲ့ သတ္တမမြောက်တောင်ထွတ်ဆီကိုပဲ ပြန်လာခဲ့ကြတယ် "
ဤနေရာသို့ ရောက်သောအခါ အဘိုးအို၏ မျက်လုံးများထဲတွင် ကောင်းကင်အနှံ့ ပြည့်နှက်နေသော မီးပန်းများ၊ ငွေရောင်ပန်းများဖြင့် ရောင်ပြန်ဟပ်သွားပုံရသည်။
" အဲဒီတုံးက တောင်အောက်က သာမန်လူတွေက မီးပန်းတွေ ဖောက်လိုက်ကြတယ်။ ကောင်းကင်အနှံ့ ပန်းမိုးတွေ ရွာကျနေပြီး တင်းရွှယ်က ကျောက်ကျုံးဟန်ကို လှည့်ကြည့်ပြီး ပြုံးလိုက်တယ် "
" သူ့ကိုယ်နေဟန်ထားက ငယ်တုန်းကလို မားမားမတ်မတ် မဟုတ်တော့သလို မျက်လုံးထောင့်စွန်းမှာ အရေအကြောင်းတွေ ပေါ်လာပေမဲ့ သူ့အပြုံးကတော့ ဝင်းလက်တောက်ပနေတုန်းပဲ။ အချိန်တွေ ကုန်လွန်လာခဲ့ပြီးတော့ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဘဝသက်တမ်းတစ်ခု ကုန်လွန်သွားခဲ့တယ် "
အဘိုးအို၏ မျက်လုံးများ အနည်းငယ် မှိုင်းရီသွားပြီး ညင်သာစွာပြောလိုက်သည်။
" တင်းရွှယ်လည်း အသက်ကြီးလာပြီး နားထင်မှာ ဆံပင်ဖြူတွေ ပေါက်လာခဲ့ပေမယ့် ကျောက်ကျုံးဟန်ရဲ့ ရင်ခွင်ထဲမှာ မှီပြီး သူ ပြောတဲ့ ရိုးအီနေတဲ့ ချစ်စကားတွေကို နားထောင်ရတာကို သဘောကျနေတုန်းပဲ "
အဘိုးအို ခပ်တိုးတိုး ရေရွတ်နေစဥ် သူ့မျက်စိရှေ့တွင် တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသော မြင်ကွင်းတစ်ခု ပေါ်လာပုံရသည်။ ထိုမြင်ကွင်းထဲတွင် တင်းရွှယ်က ခေါင်းလေးကိုစောင်းလိုက်ပြီး ဘေးရှိ လူငယ်တစ်ယောက်မဟုတ်တော့ပြီဖြစ်သော ထိုသူကိုလည်း ကြည့်ကာ ခပ်လွင်လွင်လေးရယ်မော၍ ပြောလိုက်သည်။
" ကျောက်ကျုံးဟန်၊ ငါ နင့်ကို ချစ်တယ် "
ထိုမြင်ကွင်းထဲတွင် ကျောက်ကျုံးဟန်က နွေးထွေးစွာ ပြန်ဖြေလိုက်သည်။
" ငါလည်း မင်းကို ချစ်တယ် "
ထိုမြင်ကွင်းထဲတွင် တင်းရွှယ်က ပြုံးလိုက်ပြီး စနောက်ကျီစယ်လိုက်သည်။
" နင် ဘာလို့ အဲဒီလောက်တောင် ချစ်တာလဲဟင် "
ထိုမြင်ကွင်းထဲတွင် ကျောက်ကျုံးဟန်သည်လည်း ရယ်မောလိုက်သည်။ ထို့နောက် သူသည် အရေတွန့်များ ပြည့်နေသော ထိုလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခပ်တိုးတိုးလေး ဆိုလိုက်သည်။
" နင့်ကို ချစ်တာကပဲ ... ငါ့တာအိုလမ်းစဥ် ဖြစ်လို့နေမှာပေါ့ "
***
အဘိုးအိုသည် ပုံပြင်ကို အဆုံးသတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချ၍ ဘေးနားရှိ ကလေးများကို ကြည့်ကာ သေရည်တစ်ကျိုက် မော့သောက်လိုက်သည်။ ထို့နောက် အက်ကွဲနေသော အသံက ညနေဆည်းဆာတွင် ပဲ့တင်ထပ်သွားသည်။
" နောက်ဆုံးတော့ သူတို့နှစ်ယောက် ပြုံးပြီး အတူတူ အိပ်ပျော်သွားခဲ့ကြတယ်။ ဒဏ္ဍာရီပုံပြင်တွေထဲကလိုပဲ ထာဝရ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားခဲ့ကြတယ် "
ဤအချိန်တွင် ကောင်းကင်ကြီး ပိုမိုမှောင်မည်းလာပြီး နေမင်းကြီးသည်လည်း မိုးကုတ်စက်ဝိုင်းအောက်သို့ လုံးလုံးလျားလျား ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ ပုံပြင်အဆုံးသတ်ကို နားထောင်ပြီးသော ကလေးများသည် တစ်ယောက်ပြီးတစ်ယောက် ကျေနပ်စွာဖြင့် လူစုခွဲသွားကြသည်။
သူတို့သည် ခုန်ပေါက်ရယ်မောရင်း တုနှိုင်းမဲ့ သူရဲကောင်းနှင့် ကြင်နာသော နတ်သမီးအကြောင်းကို ပြောဆိုနေကြသည်။
ရွာလေးဆီမှ ဆူဆူညံညံအသံများ တဖြည်းဖြည်း ဝေးကွာသွားသည်။
အဘိုးအို၏ အပြုံးသည်လည်း မှောင်မည်းလာသော ညနေဆည်းဆာထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သစ်ခြောက်ငုတ်တိုတစ်ခုအလား အထီးကျန်ဆန်ခြင်းများ ထင်ဟပ်လာသည်။
သူသည် သေရည်အိုးကို ဆွဲကာ သစ်ရွက်ကြွေများ စုပုံနေသော လမ်းလေးတစ်လျှောက် ဒယိမ်းဒယိုင်ဖြင့် လျှောက်သွားသည်။
ရွာအနောက်ဘက်ရှိ ဝါးတောထဲတွင် ဆောင်းဦးလေပြင်းများ အေးစက်စွာ တိုက်ခတ်နေပြီး သူ၏ ဖြူနုနေသော မုတ်ဆိတ်မွေးများ တဖျပ်ဖျပ်လွင့်နေသည်။
ခြေကျင်းဝတ်အထိ မြင့်သော ခြောက်ကပ်ကပ် မြက်ပင်များကြားတွင် သင်္ချိုင်းဂူနှစ်ခု ယှဉ်တွဲလျက် ရှိသည်။
ဘယ်ဘက်ကျောက်တိုင်တွင် "တင်းရွှယ်၏ သင်္ချိုင်း" ဟု ထွင်းထုထားပြီး ကျောက်တိုင်မှာ အချိန်၏ တိုက်စားမှုကြောင့် အက်ကွဲနေပြီဖြစ်သော်လည်း ဂူပတ်လည်ကိုမူ သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းထားသည်။
ညာဘက်ရှိ ကျောက်တိုင်တွင်မူ "ကျောက်ကျုံးဟန်၏ သင်္ချိုင်း" ဟု ထွင်းထုထားသည်။
ယင်းသည် အဘိုးအို ကိုယ်တိုင် ထွင်းထုထားသော အုတ်ဂူလွတ်တစ်လုံးဖြစ်ပြီး ပိုင်ရှင် ပြန်အလာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
အဘိုးအိုသည် သင်္ချိုင်းဂူနှစ်ခုကြားတွင် ထိုင်ချလိုက်ပြီး ထိုနှစ်ပေါင်းများစွာတစ်လျှောက် ထိုအမျိုးသမီးအား ကာကွယ်စောင့်ရှောက်ပေးခဲ့သည့်အတိုင်း သူ့ပုံစံက နေသားတကျဖြစ်နေပုံရသည်။
သူသည် ဗူးသီးခြောက်ကို ဖွင့်လိုက်ပြီး တင်းရွှယ်၏ ကျောက်တိုင်ရှေ့သို့ တစ်ဝက်ကို ဦးစွာလောင်းချလိုက်ပြီး ကျန်တစ်ဝက်ကို မော့သောက်လိုက်သည်။
ပြင်းရှသော အရက်က လည်ချောင်းထဲသို့ တိုးဝင်သွားသောအခါ သူ တဟွတ်ဟွတ် ချောင်းဆိုးသွားပြီး သူ၏ဝိုးတစ်ဝါးမျက်လုံးများထဲ မျက်ရည်များ ဝဲတက်လာသည်။
" ရွှယ်အာ၊ နင် ကြားလား။ ငါတို့နှစ်ယောက် အတူတူ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်သွားခဲ့ရတယ်လို့ ဒီနေ့ ငါ ကလေးတွေကို ပြောခဲ့တာလေ "
အဘိုးအိုသည် တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏အသံက ဘာမှမရှိသော တောင်ကုန်းတစ်လျှောက်တွင် အထူးပင် လွမ်းဆွတ်ဖွယ် ကောင်းနေသည်။
" ရွှီချင်းဆိုတာ ဖြတ်လျှောက်တစ်ယောက်လောက်ပဲ ဖြစ်ပြီးတော့ နင်က သူ့မျက်နှာကိုတောင် မမှတ်မိဘူးလို့ ငါပြောခဲ့တယ်။ ငါတို့နှစ်ယောက် တောင်တန်းတွေရေပြင်တွေကို ဖြတ်သန်းသွားလာခဲ့ပြီးတော့ နေ့တိုင်း နင်က ငါ့ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လို ပြုံးနေခဲ့တယ်လို့ ငါပြောပြခဲ့တယ် "
" တင်းရွှယ် " ဟု ရေးသားထားသော ကျောက်တိုင်ကို ကြည့်ရင်း ထိုနှစ်များအတွင်း သတ္တမမြောက်တောင်ထွတ်ပေါ်မှ အဝေးသို့ ငေးကြည့်နေခဲ့သော တင်းရွှယ်ကို သူ ပြန်လည်မြင်ယောင်လာပြီး သူ မေးခဲ့စဉ်အခါက "နောင်တမရဘူး" ဆိုသည့် တင်းရွှယ်၏ပြတ်သားသော စကားကို သတိရသွားသည်။
လောကကြီးထဲတွင် တင်းရွှယ်နှင့် သူ့ချစ်သူတို့သည် တစ်ဦးကိုတစ်ဦး မေ့သွားခဲ့ကြသည်။ သူသာ တင်းရွှယ်ကို ဘဝတစ်လျှောက်လုံး အဖော်ပြုပေးခဲ့သည်။
ငယ်ရွယ်မိုက်မဲပြီး အချစ်ကြီးသော လူငယ်လေးဘဝမှသည် ဆံပင်များဖြူဖွေးနေသော သင်္ချိုင်းစောင့်အဘိုးအို ဖြစ်လာခဲ့သည်အထိပင်။
အဘိုးအိုသည် သူ့ကိုယ်သူ လှောင်ရယ်နေဟန်ဖြင့် ပြုံးလိုက်ပြီး သူ၏မျက်လုံးများထဲမှ ကြယ်ရောင်များက ညအမှောင်ထဲတွင် လုံးလုံးလျားလျား ငြိမ်းသတ်သွားခဲ့သည်။
" ငါ လိမ်ပြောခဲ့တာ ... "
သူသည် တိတ်ဆိတ်နေသော သင်္ချိုင်းဂူကို ကြည့်လိုက်ပြီး တစ်သက်လုံး သိုဝှက်ထားခဲ့သည့် စကားကို တိုးတိုးလေး ပြောလိုက်သည်။
" နင် ငါ့ကို တစ်ခါမှ မချစ်ခဲ့ဖူးသလို ငါလည်း နင့်ကို တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒီလိုအလိမ်အညာတွေကို ခဏခဏ ပြောလာတော့ အဲဒီ စိတ်ကူးယဉ် ပန်းမိုးတွေကြားမှာ နင် ငါ့ကို တကယ်ပဲ ပြုံးပြခဲ့တယ်လို့ ငါ ကိုယ်တိုင်တောင် ယုံကြည်မိနေပြီ "
အဝေးရှိ ရွာလေးထဲ၌ မီးရောင်များ လင်းလက်နေသည်။
ပကတိငြိမ်သက်နေသော ဤဝါးတောနက်ကြီးထဲတွင်မူ လှပသော အလိမ်အညာတစ်ခုကို စောင့်ရှောက်ရင်း တတွတ်တွတ် ပြောဆိုနေသည့် အဘိုးအိုတစ်ဦးသာ ရှိလေသည်။
ထိုစဥ် အဘိုးအို၏ ပိန်ချုံးနေသောခန္ဓာကိုယ်ထဲမှ ဖော်ပြရန် ခက်ခဲသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ ယင်းသည် ရိုးရှင်းသော အဆင့်တက်ခြင်း မဟုတ်ဘဲ ဤအခိုက်အတန့်တွင် သူ၏ တစ်သက်တာ တာအိုလမ်းစဉ်က ပြီးပြည့်စုံသွားခြင်း ဖြစ်ပေသည်။
အဘိုးအို၏ အနောက်ဘက်ရှိ ဟင်းလင်းပြင်သည် ပြင်းထန်စွာ တွန့်လိမ်ကွေးကောက်လာသည်။
ဖျော့တော့သော်လည်း စူးရှတောက်ပသော အလင်းကွင်းတစ်ခု တဖြည်းဖြည်း ပုံဖော်လာပြီး သေးငယ်သော ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုကမ္ဘာငယ်လေးထဲတွင် လက်တွေ့ဘဝ၏ အေးစက်မှုများ မရှိသကဲ့သို့ ပျက်စီးနေသော ဝါးတောလည်း မရှိဘဲ မက်မန်းပင်များဖြင့် ပြည့်နှက်နေသော သစ်သားအိမ်လေးတစ်လုံးသာ ရှိသည်။
နှင်းပွင့်များ တိတ်ဆိတ်စွာ ကျဆင်းနေပြီး ဆံပင်မြင်းမြီးချည်ထားသော ခရမ်းဖျော့ရောင်တာအိုဝတ်စုံဝတ် မိန်းမလှလေးသည် လူငယ်လေးကမ်းပေးသော နွေးထွေးသည့် သေရည်ကို လက်ခံယူနေသည်။
ထိုမိန်းမလှလေးသည် ချိုသာစွာ ပြုံးနေပြီး မျက်ဝန်းလေးများထဲတွင် ထိုလူငယ်လေး၏ ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။
လူငယ်လေးသည် မိန်းမလှလေး၏ပခုံးပေါ်သို့ မြေခွေးအမွေးအင်္ကျီကို ခြုံပေးလိုက်သည်။ သူတို့နှစ်ဦးသည် နှင်းများကြားထဲ အချင်းချင်း ပြုံး၍ ကြည့်လိုက်ကြပြီး ထိုပျော်ရွှင်ကြည်နူးစရာအခိုက်အတန့်လေးသည် လက်ဖျားခါရလောက်အောင် စစ်မှန်လွန်းနေပေသည်။
ယင်းသည် ကျောက်ကျုံးဟန် သူ့ဘဝတစ်သက်လုံး ပြောပြခဲ့သော ဒဏ္ဍာရီပုံပြင် ဖြစ်ပေသည်။
အဘိုးအိုသည် ကျောက်တိုင်ကို မှီကာ သူ၏အနောက်ဘက်ရှိ လှပသော ဝိုးတဝါးကမ္ဘာငယ်လေးကို ကြည့်လိုက်ရင်း အိပ်မက်ထဲတွင် သူ့ကို ပြုံးပြနေသော တင်းရွှယ်ကို ကြည့်ပြီး တဖြည်းဖြည်း အရူးအမူး ဖြစ်သွားသည်။
သို့သော် လူငယ်ဘဝက သူ အိပ်မက်မက်ခဲ့ရသော အဆင့်တက်ခြင်းမှာ ယခုအချိန်တွင် သူ့အတွက် ဖုန်မှုန့်များကဲ့သို့ အရေးမပါတော့ပေ။
ညဥ့်လေညင်းများ ဆော်သွေးတိုက်ခတ်သွားပြီး ဝါးရွက်များ တရှဲရှဲ အော်မြည်သွားသည်။
တစ်စုံတစ်ယောက်က တိုးတိုးလေး သက်ပြင်းချလိုက်သည့်အလား သို့တည်းမဟုတ် တစ်စုံတစ်ယောက်က တိတ်ဆိတ်စွာ နှုတ်ဆက်ခွဲခွာသွားသည့်အလားပင်...