အခန်း (၅၆၁-၅၆၂)
Vol. 57 Ch. 561-562
အခန်း ၅၆၁ - ချေမှုန်းသတ်ဖြတ်ခြင်း၊ ရွှေအပ် ဝိညာဉ်လက်နက်
"ငါက သာမန်ခရီးသွားတစ်ယောက်ပါ" လုချင်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "မင်း ဆက်တိုက်ချင်သေးလား"
လီမော့ထျန်းက လုချင်းအား စူးစိုက်ကြည့်လိုက်ပြီး တစ်ခဏမျှ ဝေခွဲမရဖြစ်နေလေ၏။ သူ၏မူလအစီအစဉ်မှာ ထိုမိန်းကလေးကို ဖမ်းဆီးကာ သူမ၏အနှစ်သာရသွေးကို ထုတ်ယူပြီး သူ၏ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်ဖြစ်သည်။ ထို့နောက် ချန်းခွန်းဂိုဏ်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ပုန်းအောင်းနေရန် ဖြစ်လေသည်။ ကျိရှောင်နှင့် အခြားသူများ၏ သေဆုံးမှုအတွက်လည်း ဆင်ခြေများကို သူ ကြိုတင်ပြင်ဆင်ထားပြီးနှင့်ပြီပင်။
သို့သော် ယခုအခါတွင် လုချင်း၏ မထင်မှတ်ထားသော ပေါ်လာမှုက သူ၏အစီအစဉ်အားလုံးကို ဖရိုဖရဲ ဖြစ်သွားစေခဲ့လေပြီဖြစ်၏။
အကယ်၍ သူသည် လုချင်းကို ဤနေရာတွင် သတ်ဖြတ်ကာ ပါဝင်ပတ်သက်သူအားလုံးကို နှုတ်ပိတ်မပစ်နိုင်ပါက သူ ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ပေ။ သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရပါက သူသည် ဖြောင့်မတ်သောနယ်ပယ်တွင် ဘယ်တော့မှ ပြန်လည်ရပ်တည်နိုင်တော့မည် မဟုတ်ချေ။
ထိုအတွေးက သူ၏နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်ကို ပြန်လည်နိုးကြားလာစေတော့သည်။
လက်စားချေရန်အတွက် နှစ်များစွာကြာအောင် သူ များစွာ စွန့်လွှတ်အနစ်နာခံခဲ့ရသည်။
ချန်းခွန်းဂိုဏ်းအတွင်း၌ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသည့် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ သူ၏ကြိုးစားအားထုတ်မှုအားလုံးကို အလဟဿ အဖြစ်မခံနိုင်ပေ။
ယခုအခါတွင် သူသာ ထွက်ပြေးရမည်ဆိုပါက လက်စားချေရန် နောက်ထပ် အခွင့်အရေး ထပ်ရနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် မည်သူပင် သူ၏လမ်းကို ပိတ်ဆို့နေပါစေ၊ သူ့ကို တားဆီးရန် ရဲတင်းပါက သေရမည်သာ။
"မင်း ဆုံးဖြတ်ချက်ချပြီးသွားပြီထင်တယ်" လုချင်းသည် လီမော့ထျန်း၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်ပြီး ခေါင်းခါလိုက်သည်။ "ငါ မင်းကို အခွင့်အရေးပေးခဲ့တယ်။ မင်းကိုယ်တိုင်က လက်မခံဖို့ ရွေးချယ်ခဲ့မှတော့ ငါ့ကို အပြစ်မတင်နဲ့တော့။"
လုချင်းသည် သူ့ရှေ့မှ လူ၏ ကြေကွဲဖွယ်အတိတ်အတွက် သနားစိတ်အနည်းငယ် ဖြစ်မိသော်လည်း တစ်ဖက်လူက သတ်ဖြတ်လိုစိတ်ကို ပြသလာသည်နှင့်တစ်ပြိုင်နက် သနားညှာတာမှု ပြသရန် မလိုအပ်တော့ပေ။
"မင်းက စွမ်းအားကြီးတယ်ဆိုတာကို ငါ ဝန်ခံပါတယ်" လီမော့ထျန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ငါနဲ့ ငါ့ရဲ့လက်စားချေမှုကြားမှာ ဝင်ရပ်တဲ့သူတိုင်းက ငါ့ရဲ့ရန်သူပဲ။ သေဖို့သာ ပြင်ထားလိုက်"
သူ၏သတ်ဖြတ်လိုစိတ် အပြည့်အဝ နိုးကြားလာပြီးနောက်တွင် သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော အနက်ရောင် မီးတောက်များကို လွှတ်ထုတ်လိုက်လေတော့၏။ နောက်တစ်ခဏတွင်တော့ အနက်ရောင် မီးတောက်များက အပြင်သို့ ပစ်ထွက်သွားသည်။
သို့သော် လုချင်းကို တိုက်ရိုက်တိုက်ခိုက်ရန် မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ နေရာလွတ်များကို ပြည့်နှက်သွားစေရန်ဖြစ်သည်။ ထိုမီးတောက်များသည် မရေမတွက်နိုင်သော အနက်ရောင် ဂါထာမန္တန်များအဖြစ် ပြောင်းလဲသွားကာ မိုင်ဝက်ခန့်အတွင်းရှိ နယ်မြေတစ်ခုလုံးကို ပိတ်လှောင်လိုက်လေတော့၏။
အနက်ရောင် ဂါထာမန္တန်များ အချင်းချင်း ချိတ်ဆက်သွားကာ မျက်စိတစ်မှိတ်အတွင်း ကြီးမားလှသော ဝင်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက်၌ လုချင်းနှင့် မိန်းမပျိုလေးတို့ကို လုံးဝ ပိတ်လှောင်ပစ်လိုက်လေ၏။ ယင်းနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ မြင့်တက်လာပြီး ဝင်္ကပါထဲမှ အနက်ရောင် မီးတောက်လှိုင်းများ ပေါက်ကွဲထွက်လာကာ သူတို့နှစ်ဦးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
"တာအိုမိတ်ဆွေ" မိန်းကလေးမှာ ဝင်္ကပါ၏ ကြီးမားလှသော ဖိအားအောက်တွင် တုန်ယင်သွားပြီး အလိုလိုပင် လုချင်း၏ အနီးသို့ တိုးကပ်သွားမိလေသည်။
လုချင်းတစ်ယောက် အလွယ်တကူပင် ပိတ်လှောင်ခံလိုက်ရသည်ကို မြင်သောအခါ လီမော့ထျန်းမှာ ရက်စက်စွာ မပြုံးဘဲ မနေနိုင်တော့ချေ။ ဤမီးနက်ငရဲ ဝင်္ကပါသည် သူ၏အကောင်းဆုံးသော အဆုံးအဖြတ်ပေးနိုင်သည့် နောက်ဆုံးသိုင်းကွက် ဖြစ်ပေသည်။ ၎င်းအတွင်း၌ ပိတ်လှောင်ခံရသည်နှင့် တစ်ပြိုင်နက် ဝင်္ကပါကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သည့် ကြီးမားသော စွမ်းအားမျိုးသာ မရှိပါက ပြာကျသွားသည်အထိ သူ၏ဝိညာဉ်စုပ်ယူ မိစ္ဆာမီးတောက်၏ လောင်ကျွမ်းမှုဒဏ်ကို ခံစားရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ချေ။
ထို့ပြင် လိုဏ်ဂူတစ်ခုတွင် သူရရှိခဲ့သော ဝိညာဉ်လက်နက်ကြောင့် သူသည် ဝင်္ကပါကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်ကာ ၎င်း၏ စွမ်းအားမှာလည်း အလွန်အမင်း မြင့်တက်လာခဲ့လေသည်။ အဋ္ဌမ အသွင်ပြောင်းခြင်းအဆင့် သို့မဟုတ် နဝမ အသွင်ပြောင်းခြင်းအဆင့်ရှိသော ရွှေအမြုတေ ကျင့်ကြံသူများပင်လျှင် ပိတ်လှောင်ခံရပါက အချိန်တိုအတွင်း လွတ်မြောက်ရန် ရုန်းကန်ကြရမည်သာ။
ထို့ကြောင့် လုချင်းနှင့် မိန်းကလေး၏ ကံကြမ္မာမှာ အဆုံးအဖြတ်ပေးခံလိုက်ရပြီ ဖြစ်သည်။ သူတို့သည် ပြာအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး သူတို့၏ ဝိညာဉ်များမှာလည်း ပြန့်ကျဲသွားမည်သာ ဖြစ်တော့၏။ လီမော့ထျန်းသည် သူ၏မီးတောက်များအောက်တွင် သူတို့၏ နာကျင်စွာ အော်ဟစ်သံများကို ခံစားနားဆင်ရန် ပြင်ဆင်လိုက်စဉ်မှာပင် လုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်ရသည့် အရာတစ်ခုကို သူ မြင်လိုက်ရတော့သည်။
မီးတောက်များက သူတို့ကို ဝါးမျိုလုဆဲဆဲအချိန်လေးမှာပင် လုချင်းက သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး အောက်ဘက်သို့ ညင်သာစွာ ဖိချလိုက်လေသည်။ နောက်တစ်ခဏတွင်တော့ လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာတော့၏။ မိစ္ဆာမီးတောက်များမှာ ချက်ချင်းပင် ငြိမ်းသတ်ခံလိုက်ရသည်။ သူ၏အဆုံးအဖြတ်ပေးနိုင်သည့် နောက်ဆုံးသိုင်းကွက်ဟု ခေါ်ဆိုသော မီးနက်ငရဲ ဝင်္ကပါပင်လျှင် ကြွပ်ဆတ်သော စက္ကူတစ်ရွက်ကဲ့သို့ အပိုင်းပိုင်းကွဲကြေသွားခဲ့တော့၏။
၎င်းသည် ထွက်သက်ဝင်သက် တစ်ကြိမ်မျှပင် မခံနိုင်တော့ဘဲ လုံးဝကို ပြိုကျပျက်စီးသွားခဲ့တော့လေသည်။ မရေမတွက်နိုင်သော အနက်ရောင် ဂါထာမန္တန်များမှာလည်း ပျောက်ကွယ်သွားခဲ့၏။
"မဖြစ်နိုင်ဘူး" လီမော့ထျန်းမှာ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။
သို့သော် သူ မတုံ့ပြန်နိုင်မီမှာပင် သူ၏မျက်လုံးများက အလွန်အမင်း အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့လေသည်။ လွန်ခဲ့သောအခိုက်အတန့်လေးကမှ ပေတစ်ရာကျော်အကွာတွင် ရှိနေခဲ့သည့် လုချင်းသည် ယခုအခါ၌ သူ၏အရှေ့ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေခဲ့ပြီပင်။
လက်ချောင်းနှစ်ချောင်းကို ဓားတစ်လက်ကဲ့သို့ ထောင်ထားလျက် လုချင်းက သူ့ကို တည်ငြိမ်စွာဖြင့် ချိန်ရွယ်လိုက်လေ၏။
လီမော့ထျန်း၏ နှလုံးသားထဲတွင် အကြောက်တရားလှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်လာတော့သည်။ သူ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သူ မည်မျှပင် ရုန်းကန်နေစေကာမူ သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားရန် ငြင်းဆန်နေခဲ့၏။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ လုချင်း၏ ဓားလက်ချောင်းများက သူ၏မျက်ခုံးနှစ်ခုကြားရှိ နေရာကို ညင်သာစွာ တောက်လိုက်သည်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေရုံသာ။
ထို့နောက်၌ အမှောင်ထုလှိုင်းလုံးကြီးတစ်ခုက သူ၏အသိစိတ်ကို ဝါးမျိုသွားခဲ့လေ၏။ သူ၏ခန္ဓာကိုယ်မှာ လေထဲမှ ပြုတ်ကျသွားပြီး မြေပြင်သို့ ရိုက်ခတ်သွားသည့်အခါတွင် ကျောက်တုံးကြီးတစ်တုံးကို အပိုင်းပိုင်းအစစပင် ဖြစ်သွားစေတော့သည်။
ထိုအခါမှသာ မိန်းကလေးသည် သူမ၏အံ့ဩမှင်သက်မှုမှ ပြန်ပြီးအသိဝင်လာတော့၏။ "တာ... တာအိုမိတ်ဆွေ၊ လီမော့ထျန်းကို ဘာလုပ်လိုက်တာလဲ"
သူမက ထစ်အစွာဖြင့် မေးလိုက်လေ၏။
"သူသေသွားပြီ" လုချင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"သေ…..သေသွားပြီ ဟုတ်လား" သူမက အောက်ဘက်ရှိ အလောင်းကို မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်မိသည်။
ဆရာတူအစ်ကို ကျိရှောင်ကို အားစိုက်စရာမလိုဘဲ အနိုင်ယူခဲ့ပြီး ဆရာတူအစ်မယဲ့ကိုပင် အသာစီးရခဲ့သည့် တူညီသော ကြောက်မက်ဖွယ် မိစ္ဆာကျင့်ကြံသူကြီးသည် ဤရိုးရိုးရှင်းရှင်း လူငယ်လေး၏ လက်ချက်ဖြင့် ဤမျှလွယ်ကူစွာ သတ်ဖြတ်ခံလိုက်ရသည်လော။
သူမ မှင်သက်သွားပြီး ဤအရာအားလုံးက အိပ်မက်တစ်ခုများလားဟုပင် တွေးတောမိလာတော့သည်။
သို့သော် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးအနေဖြင့် အိပ်မက်နှင့် လက်တွေ့ကိုတော့ သူမ ကောင်းကောင်းကြီး ခွဲခြားနိုင်သေး၏။ လီမော့ထျန်း၏ ခန္ဓာကိုယ်မှ အသက်စွမ်းအင်များ တဖြည်းဖြည်း မှေးမှိန်လာသည်နှင့်အမျှ သူမသည် အမှန်တရားကို နောက်ဆုံးတွင် လက်ခံလိုက်ရတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကျင့်ကြံသူသည် လုချင်း၏ သတ်ဖြတ်ခြင်းကို အမှန်တကယ်ပင် ခံလိုက်ရလေပြီပင်။
သူမ၏စိတ်နှင့် ခန္ဓာကိုယ်အတွင်းရှိ တင်းမာမှုများ နောက်ဆုံးတော့ ပြေလျော့သွားခဲ့သည်။ ဖိအားများ ပျောက်ကွယ်သွားသည်နှင့်အမျှ သူမ၏ခြေလက်များ အားပျော့သွားသည်ကို ချက်ချင်း ခံစားလိုက်ရ၏။
အကယ်၍ သူတို့သာ လေထဲတွင် လွင့်မျောမနေခဲ့ပါက သူမ ပြိုလဲကျသွားလောက်ပေသည်။ သူမက လုချင်းအား ကျေးဇူးတင်စကားပြောဆိုတော့မည်ပြုစဉ်မှာပင် ရုတ်တရက် သတိရသွားတော့၏။
"ဟုတ်သားပဲ၊ ဆရာတူအစ်ကို ကျိရှောင်နဲ့ တခြားသူတွေ"
နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သူမသည် ကိုယ်ကို မယိုင်လဲစေရန် အတင်းထိန်းကာ သူတို့လာခဲ့သည့် လမ်းအတိုင်း ယိုင်နဲ့နဲ့ဖြင့် ပြန်၍ပြေးသွားလေတော့သည်။ လုချင်း၏ မျက်လုံးများ ဖျပ်ခနဲ လက်သွားလျက်ဖြင့် တိတ်ဆိတ်စွာပင် နောက်မှ လိုက်သွားလိုက်သည်။
မကြာမီမှာပင် သူတို့နှစ်ဦးသည် ပျက်စီးနေသော တောင်ကြားတစ်ခုသို့ ရောက်ရှိသွားကြသည်။
မတ်စောက်သော ကျောက်ကမ်းပါးယံတွင် နက်ရှိုင်းသော လိုဏ်ဂူတစ်ခု ရှိနေသည်။ တောင်ကြားတစ်လျှောက်တွင် သနားစရာကောင်းသောအခြေအနေဖြင့် မေ့မြောနေကြကာ သူတို့၏ ကံကြမ္မာတို့က သိပ်ပြီးမသေချာလှသည့် ကျင့်ကြံသူအချို့တို့ ပြန့်ကျဲနေကြလေ၏။
"ဆရာတူအစ်ကို ကျိရှောင်၊ ဆရာတူအစ်ကို ဟုန်၊ ဆရာတူအစ်ကို ဟန်"
မိန်းကလေးက အော်ဟစ်လိုက်ပြီး သူတို့ကို စစ်ဆေးရန် အလျင်အမြန် ဆင်းသွားလေသည်။ သူမ၏မျက်နှာသည် ဝမ်းသာမှုကြောင့် လင်းလက်သွားတော့၏။ "သူတို့ အသက်ရှင်နေသေးတယ် ဆရာတူအစ်ကို ကျိရှောင်နဲ့ တခြားသူတွေ အသက်ရှင်နေသေးတယ်"
သူမသည် သူမ၏သိုလှောင်အိတ်ထဲမှ ကုသရေး ဆေးလုံးများကို အလျင်အမြန် ထုတ်ယူကာ ဒဏ်ရာရနေသူများကို တိုက်ကျွေးလိုက်လေသည်။
လုချင်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ လီမော့ထျန်း၏ ရက်စက်ကြမ်းကြုတ်သော သဘာဝအရ သူတို့၏အသက်ကို ချမ်းသာပေးမည်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့နောက် အစောပိုင်းက လီမော့ထျန်းနှင့် ပတ်သက်၍ သူတွေ့ရှိခဲ့သော စာကြောင်းများကို ပြန်ပြီးသတိရသွားတော့သည်။
သူ ချက်ချင်းပင် နားလည်သွားလေ၏။ လီမော့ထျန်းသည် ဤလူများ၏ ဝိညာဉ်များကို မိစ္ဆာကျင့်စဉ်အတွက် အသုံးပြုရန် ရည်ရွယ်ထားသောကြောင့် သူတို့ကို ချမ်းသာပေးထားခြင်း ဖြစ်ဟန်တူပေသည်။
လုချင်းသည် အရှိန်အဝါ အားအနည်းဆုံးဖြစ်နေသည့် အမျိုးသမီးထံသို့ လျှောက်သွားလိုက်သည်။
သူမ၏ခြေလက်များအားလုံး လိမ်ကောက်ကျိုးပဲ့နေပြီး မျက်နှာပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများဖြင့် ပြည့်နှက်နေလေ၏။ သူမ၏ဒဏ်ရာအတိမ်အနက်ကို ကြည့်ခြင်းအားဖြင့် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော ယခင်လုပ်ဖော်ကိုင်ဖက်ဟောင်းများအပေါ်ပင်လျှင် လီမော့ထျန်း မည်မျှအထိ ရက်စက်ကြမ်းကြုတ်ခဲ့ကြောင်း လုချင်း သိနိုင်ပေသည်။ သူမ၏အသက်စွမ်းအင်မှာ ငြိမ်းလုနီးပါး ဖြစ်နေသည်ကို ခံစားမိသဖြင့် လုချင်းမှာ တွန့်ဆုတ်မနေတော့ပေ။
လုချင်းသည် သူ ယခင်က သန့်စင်ဖန်တီးထားခဲ့သော ရွှေအမြုတေအဆင့် ကုသရေးအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက စိတ်အာရုံဖြင့် ၎င်းကို လှုံ့ဆော်လိုက်ရာ အဆောင်ပြားသည် ဒဏ်ရာရနေသော အမျိုးသမီး၏အထက်တွင် လွင့်မျောသွားတော့၏။
ပြီးနောက်၌ ဂါထာမန္တန်အဆောင်မှ အလင်းတန်းများ ဖြာထွက်လာကာ သူမအား လင်းလက်တောက်ပမှုအတွင်း ရေချိုးပေးသကဲ့သို့နှယ် ဖုံးလွှမ်းသွားတော့သည်။ သူမ၏အပြင်ပန်း ဒဏ်ရာများ ဖြည်းညင်းစွာ ပျောက်ကင်းလာသော်လည်း ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်မှာတော့ အနည်းငယ်မျှပင် မလှုပ်ရှားလာချေ။
လုချင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ခဏမျှ စဉ်းစားပြီးနောက် လက်သီးဆုပ်အရွယ်ခန့်ရှိသော အဖြူရောင်သစ်သီးတစ်လုံးကို ထုတ်ယူလိုက်လေ၏။ သူက ၎င်း၏ အခွံကို ညင်သာစွာ ဖောက်လိုက်သည်။ ထို့နောက် အမျိုးသမီး၏ ပါးစပ်ကို ဟကာ တက်ကြွလန်းဆန်းသော အသက်စွမ်းအင်များ ပြည့်နှက်နေသည့် သစ်သီးအရည်ကို အထဲသို့ အစက်ချပေးလိုက်တော့သည်။
ယခုအချိန်အထိ လုချင်း၏ ပခုံးပေါ်တွင် နားခိုနေခဲ့သည့် ရှောင်လီသည် ၎င်းကို ချက်ချင်းပင် မှတ်မိသွားလေ၏။ ဤအဖြူရောင်သစ်သီးမှာ သူတို့၏ မကြာသေးမီက ခရီးစဉ်အတွင်း ရှာတွေ့ခဲ့သော အဆင့်မြင့် ဝိညာဉ်သစ်သီးများထဲမှ တစ်လုံးဖြစ်သည်။ လုချင်း၏ အဆိုအရ ၎င်းသည် အသက်ပြန်ရှင်စေနိုင်သော စွမ်းအားများ အပြည့်အဝပါဝင်သည့် ကုသရေးအတွက် အလွန်မြင့်မြတ်သော သစ်သီးတစ်လုံး ဖြစ်လေသည်။
ထိုသစ်သီးမှာ သူမကိုယ်တိုင် ရှာတွေ့ခဲ့သည့် အရာဖြစ်သော်လည်း ရှောင်လီက ဘာမှတော့ဝင်မပြောခဲ့ပေ။ သူမသည် နှောင့်ယှက်ခြင်းမပြုလိုသဖြင့် လုချင်း၏ ပခုံးပေါ်တွင်သာ တိတ်ဆိတ်စွာဖြင့် ဆက်လက်နေထိုင်နေလေ၏။
အဖြူရောင်သစ်သီး၏ အရည်သည် အမျိုးသမီး၏ ပါးစပ်ထဲသို့ အစက်ကျသွားသည်။ သို့သော် အသက်ငွေ့ငွေ့သာ ကျန်ရှိတော့သည့် အမျိုးသမီးသည် မျိုချနိုင်စွမ်းကို ဆုံးရှုံးသွားသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် လုချင်းက ဆေးရည်များကို သူမ၏ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ရောက်ရှိစေရန် သူ၏ဝိညာဉ်စွမ်းအင်များကို စီးဆင်းစေလိုက်တော့၏။
ထို့နောက် သူသည် ရွှေအပ်အစုံလိုက်ဖြစ်သော ဝိညာဉ်လက်နက်တစ်စုံကို ထုတ်ယူလိုက်ပြီး ၎င်းတို့ကို ထိန်းချုပ်ရန် ဝိညာဉ်စွမ်းအင် အမျှင်တန်းများကို ဖန်တီးလိုက်လေသည်။ ရွှေအပ်များက သူ၏ပတ်လည်တွင် စက်ဝိုင်းပုံစံဖြင့် လွင့်မျောလာကြတော့၏။
သူက အမျိုးသမီးကို လေထဲသို့ မြှောက်တင်ရန် သူ၏စွမ်းအားကို အသုံးပြုလိုက်ပြီးနောက် သူမကို ညင်သာစွာ ဆိုင်းငံ့ထားလိုက်သည်။ စွမ်းအင်အမျှင်တန်းများ၏ လမ်းညွှန်မှုဖြင့် ရွှေအပ်များ လှုပ်ရှားလာကာ သူမ၏ခန္ဓာကိုယ်အနှံ့ရှိ အဓိက အပ်စိုက်မှတ်များကို တစ်ချောင်းပြီးတစ်ချောင်း ထိုးစိုက်ဝင်သွားကြလေတော့သည်။
၎င်းတို့သည် ဆေးစွမ်းအင်များ၏ စီးဆင်းမှုကို လှုံ့ဆော်ပေးနေစဉ်မှာပင် သူမ၏အသက်စွမ်းအင်ကို တဖြည်းဖြည်း ပြန်လည်နိုးကြားလာစေခဲ့၏။ လုချင်း၏ အဆက်မပြတ် ကြိုးစားအားထုတ်မှုအောက်တွင် ငြိမ်းလုနီးပါးဖြစ်နေသော အမျိုးသမီး၏ အသက်မီးပွားလေးမှာ နောက်ဆုံးတွင် ပြန်လည်လင်းလက်လာခဲ့လေပြီပင်။ အစပိုင်းတွင် အလွန်မှေးမှိန်နေသော်လည်း တဖြည်းဖြည်းနှင့် ကြီးထွားလာတော့၏။
"ဘာလို့... ဘာလို့ ဆရာတူအစ်ကို ကျိရှောင်နဲ့ တခြားသူတွေက သတိမရလာကြတာလဲ၊ ငါ သူတို့ကို ကုသရေး ဆေးလုံးတွေ တိုက်ထားပြီးပြီပဲဟာကို..." အခြားမိန်းကလေးက ရေရွတ်လိုက်လေသည်။
သူမသည် အနီးအနားရှိ ခရမ်းရောင်ဝတ်ရုံနှင့် မေ့မြောနေသော ကျင့်ကြံသူများကို ဆေးလုံးများ တိုက်ကျွေးနေခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့၏ ဒဏ်ရာများ အနည်းငယ် တိုးတက်လာသော်လည်း မည်သူတစ်ဦးမျှ လှုပ်ရှားမလာခဲ့ချေ။ ထိတ်လန့်မှုများ ဝင်ရောက်လာပြီးနောက် သူမက လုချင်းထံသို့ လှည့်ကြည့်လိုက်ရာ သူမ၏အရှေ့တွင် ဖြစ်ပေါ်နေသော မြင်ကွင်းကိုသာ တွေ့လိုက်ရတော့သည်။
လုချင်းနှင့် အမျိုးသမီး၏ ပတ်လည်ရှိ တောက်ပမှုများကြောင့် အံ့ဩမှင်သက်သွားကာ ရှိမြဲနေရာမှာပဲ ကြောင်အသွားတော့လေ၏။ ထို့ထက်ပို၍ သူမသည် အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းမှ မှေးမှိန်သော်လည်း မှန်မှန် မြင့်တက်လာနေသော အသက်စွမ်းအင်ကို ခံစားလိုက်ရတော့သည်။
"ဆရာတူအစ်မ ယဲ့... သူ အသက်ရှင်နေသေးတာလား" သူမက မျက်လုံးအပြူးသားဖြင့် အသက်ရှူကြပ်စွာ မေးလိုက်လေသည်။
ကုသမှုအပေါ်တွင် အလွန်အမင်း အာရုံစူးစိုက်နေသဖြင့် လုချင်းက ပြန်မဖြေခဲ့ပေ။ သို့သော် မိန်းကလေးကတော့ သိနေခဲ့ပြီဖြစ်သည်။
ဆရာတူအစ်မ ယဲ့သည် မသေသေးပေ။
ထို့ကြောင့် သူမ၏နှလုံးသားထဲတွင် ဝမ်းသာမှုများ ပြည့်လျှံလာတော့၏။ ယခုတစ်ကြိမ်တွင် သူမသည် သူမ၏တီးတိုးစကားသံလေးကပင် လုချင်း၏ ကြိုးပမ်းအားထုတ်မှုများကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သဖြင့် သူမ၏ပါးစပ်ကို ဂရုတစိုက် ပိတ်ထားလိုက်သည်။
သူမ၏စိတ်ထဲတွင်တော့ မေးခွန်းများဖြင့် ဆူညံနေတော့သည်။
ဤလူက မည်သူနည်း။
သူသည် လီမော့ထျန်းကဲ့သို့ ကြောက်မက်ဖွယ် မိစ္ဆာကျင့်ကြံသူတစ်ဦးကို သိုင်းကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်လောက်အောင် စိတ်ကူးနှင့်မယဉ်နိုင်လောက်သည်အထိ စွမ်းအားကြီးမားရုံသာမက သေပြီဟု ထင်မှတ်ထားရသူတစ်ဦးကိုပင် ပြန်၍အသက်ရှင်လာစေနိုင်လောက်သည့် အံ့ဖွယ်ဆေးပညာစွမ်းရည်များကိုပါ ပိုင်ဆိုင်ထားလေသည်။
သူက သူမ၏အသက်ကို ကယ်တင်ပေးခဲ့သည်။ ထို့ပြင် သူတို့အားလုံးကိုလည်း ကယ်တင်ပေးခဲ့သေး၏။
သူမ အသက်လုပြေးရင်း ကြုံတွေ့ခဲ့ရသော ဤလျှို့ဝှက်ဆန်းကြယ်သည့် တာအိုမိတ်ဆွေမှာ အတိအကျဆိုရလျှင် မည်သူနည်း။
သူမ၏စိုက်ကြည့်မှုအောက်တွင် လုချင်းသည် အပ်စိုက်ကုသခြင်း နည်းပညာအပြည့်အစုံကို ဆက်လက်လုပ်ဆောင်နေလေ၏။ အဖြူရောင်သစ်သီး၏ ကုသရေးအနှစ်သာရကို အပြည့်အဝ လှုံ့ဆော်လိုက်ပြီး အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားစေတော့သည်။ တစ်ချိန်တည်းမှာပင် လုချင်းသည် သူမ၏နှလုံးသွေးကြောအတွင်းရှိ ကြွပ်ဆတ်သော အသက်စွမ်းအင်အမျှင်တန်းလေးကို ဂရုတစိုက် ကာကွယ်ပေးခဲ့ပြီး ၎င်းအလိုအလျောက် သန်စွမ်းလာသည်အထိ ပြုစုပျိုးထောင်ပေးခဲ့လေသည်။ ဆေးစွမ်းအင်များ ပိုပြီး ပေါင်းစပ်လာသည်နှင့်အမျှ သူမ၏အသက်စွမ်းအင်အမြုတေမှာလည်း ဖြည်းညင်းစွာဖြင့် ပြန်၍ကောင်းမွန်လာတော့၏။
နောက်ဆုံးတွင်တော့ သူမ၏အသက်စွမ်းအင်မှာ သတ်မှတ်ချက်တစ်ခုသို့ ရောက်ရှိသွားသောအခါ၌ အမျိုးသမီးက ညင်သာစွာ ညည်းညူလိုက်ပြီး သူမ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာတော့သည်။ သူမ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ သူမ၏မျက်လုံးရှေ့တွင် ကခုန်နေသော ရွှေရောင်အလင်းကွင်းတစ်ခု ဖြစ်သည်။
သူမ၏မျက်နှာအမူအရာမှာ တွေဝေသွားသည့်ပုံပေါ်လေ၏။ ထို့နောက် ဝမ်းသာအားရအသံတစ်ခု ထွက်ပေါ်လာသည်။ "ဆရာတူအစ်မ ယဲ့၊ အစ်မ သတိရလာပြီပဲ"
"ဒါ ရှောင်ကျင်းရဲ့ အသံပဲ... ငါ ဘယ်ရောက်နေတာလဲ" အမျိုးသမီးက မှင်သက်နေဆဲဖြင့် အသံလာရာဆီသို့ လှည့်ကြည့်ရန် ကြိုးစားလိုက်သည်။
သို့သော် သူမ လှုပ်ရှားလိုက်သည့်အခိုက်အတန့်လေးမှာပင် ပူလောင်လှသော နာကျင်မှုတစ်ခုက သူမ၏ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွားကာ သူမ၏ခြေလက်များနှင့် အရိုးများဆီမှတစ်ဆင့် ပျံ့နှံ့လာတော့သည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူမ အော်ဟစ်လုနီးပါးပင် ဖြစ်သွားရပါ၏။
ထိုအချိန်မှာပင် တည်ငြိမ်သော အသံတစ်သံက သူမ၏နားထဲသို့ ဝင်ရောက်လာသည်။ "မလှုပ်နဲ့။ မင်းရဲ့ ခြေလက်လေးဖက်စလုံး ကျိုးပဲ့နေတဲ့အပြင်ကိုမှ မင်းရဲ့ နှလုံးသွေးကြောကလည်း ပြင်းပြင်းထန်ထန် ပျက်စီးနေတယ်။ မင်းရဲ့ အရိုးတွေကို ပြန်ဆက်ပေးပြီးတာနဲ့ သွေးကြောတွေကိုလည်း ပြန်ပြီးနေရာချထားပေးရဦးမှာ။ ပြီးကျရင် အတွင်းကလီစာတွေကို ပြင်ပေးရဦးမယ်။ ဒါက နည်းနည်းတော့ နာလိမ့်မယ်... အခုလောလောဆယ်တော့ မင်း သည်းခံထားမှရမယ်။"
"ကျွန်မရဲ့ခြေလက်တွေ ကျိုးသွားတာလား၊ ကျွန်မ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာလား"
အမျိုးသမီးမှာ တောင့်တင်းသွားတော့သည်။ ထို့နောက်၌ လျှပ်စီးလက်သွားသကဲ့သို့ သူမ၏စိတ်ထဲတွင် သူမ သတိမလစ်မီက အရာအားလုံးက ရေလွှမ်းမိုးသကဲ့သို့ ပြန်လည်ဝင်ရောက်လာတော့၏။
ဟုတ်ပါသည်။ သူတို့ မြေအောက်လိုဏ်ဂူတစ်ခုကို စူးစမ်းလေ့လာနေခဲ့ကြသည်။
ပြီးနောက် လီမော့ထျန်းက ရုတ်တရက် သူတို့ကို ပြန်လှည့်တိုက်ခိုက်ကာ သူ့ကိုယ်သူ မိစ္ဆာကျင့်ကြံသူတစ်ဦးအဖြစ် ထုတ်ဖော်ပြသခဲ့၏။ အခြားသူများ ဆုတ်ခွာသွားနိုင်ရန်အတွက် သူမက အနောက်တွင် ကျန်ရစ်ကာ ကာကွယ်ပေးခဲ့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုံးနိမ့်သွားခဲ့ပြီး သတိလစ်သွားခဲ့လေ၏။
ဒီတော့ သူ မသေသေးဘူးပေါ့။ ဒါက ဘယ်နေရာလဲ။ ရှောင်ကျင်းက ဘာလို့ ဒီကိုရောက်နေတာလဲ။ သူတို့ ထွက်ပြေးဖို့ ကျရှုံးသွားခဲ့တာလား။ ပြီးတော့ အခု သူ့ကို ကုသပေးနေတဲ့ ဒီလူကကော ဘယ်သူလဲ။ လီမော့ထျန်းကော ဘယ်ရောက်သွားပြီလဲ။
သူမ၏နှလုံးသားထဲတွင် မေးခွန်းပေါင်း ထောင်သောင်းမက ရိုက်ခတ်လာတော့သည်။
သို့ပေမယ့် သူမမှာ တွေးတောနေဖို့ အချိန်မရှိတော့ပေ။ လုချင်းက သူမ၏ကျိုးပဲ့နေသော အရိုးများကို ပြန်လည်ဆက်ပေးကာ သူမ၏ခန္ဓာကိုယ်ကို ပြန်လည်ချိတ်ဆက်ပေးရန် စတင်နေပြီ ဖြစ်၏။
နာကျင်မှုမှာ အလွန်အမင်းကိုပဲ ပြင်းထန်လှသည်။ သူမ သတိမလစ်သွားစေရန်အတွက် သူမ၏အတွေးအားလုံးကို စွန့်လွှတ်ကာ သူမ၏စိတ်ကို အပြည့်အဝ စူးစိုက်ထားရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် လုချင်း၏ စွမ်းရည်မှာ ထူးခြားပြောင်မြောက်လှပေသည်။ မကြာမီမှာပင် သူမ၏အရိုးများကို ပြီးပြည့်စုံစွာ နေရာချပေးနိုင်ခဲ့လေ၏။
သို့သော် ၎င်းက လွယ်ကူသော အပိုင်းသာ ဖြစ်သည်။
အဓိကအလုပ်မှာ သူမ၏သွေးကြောများကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းပင်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိညာဉ်လမ်းကြောင်း ကွန်ရက်မှာ ဖရိုဖရဲဖြစ်နေခဲ့ပါ၏။
အလွန်အမင်းကိုမှ ရှုပ်ထွေးနေလေပြီး ပျက်စီးနေသဖြင့် ပွန်းပဲ့နေသော အပ်ချည်ကြိုးကွန်ရက်တစ်ခုနှင့်ပင် တူနေတော့၏။ သူမ၏ဒျန်ထျန်နှင့် ချီပင်လယ်မှာပင် အနှောင့်အယှက်ပေါင်းသောင်းခြောက်ထောင်ဖြင့်ပင်။ အရာအားလုံးကို ပြုပြင်ခြင်းသည် အလွန်ကိုမှ ပင်ပန်းနွမ်းနယ်စရာကောင်းသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။ လုချင်းအတွက်ပင်လျှင် ဤလုပ်ငန်းစဉ်ကို အမီလိုက်နိုင်ရန် နက်ရှိုင်းသော အာရုံစူးစိုက်မှုနှင့် သူ၏ဝိညာဉ်ခွဲထွက်ခြင်း နည်းပညာကို အသုံးပြုရန် လိုအပ်ခဲ့ပါ၏။
နောက်ဆုံးတွင် အချိန်အတန်ငယ်ကြာပြီးနောက် လုချင်းက နောက်ဆုံးကျန်ရှိနေသော သေးငယ်သည့် ဝိညာဉ်လမ်းကြောင်းလေးကို ပြန်လည်ချိတ်ဆက်ကာ အလုံးစုံကောင်းမွန်သွားစေခဲ့လေတော့၏။
နာကျင်မှုအောက်တွင် တည်ငြိမ်စွာ ဆက်လက်ရပ်တည်နေဆဲဖြစ်သော အမျိုးသမီးမှာတော့ ရုတ်တရက် တုန်ယင်သွားရှာသည်။ ယခု၌ သူမသည် သူမ၏ချီပင်လယ်ကို ပြန်၍အာရုံခံနိုင်သွားခဲ့ပြီပင်။ တစ်ချိန်က မှေးမှိန်ကာ မလှုပ်မရှားဖြစ်နေခဲ့သော သူမ၏ရွှေအမြုတေကလည်း တုံ့ပြန်လာခဲ့ပြီဖြစ်၏။
အလိုလိုပင် သူမက ၎င်းကို လှုံ့ဆော်လိုက်သောအခါ၌ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအင်များက သူမ၏ခန္ဓာကိုယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့လေသည်။
………..
အခန်း ၅၆၂ - အံ့ဖွယ်ကုသခြင်း၊ ဆေးပညာရပ်၏ အဖိုးတန်ရတနာတစ်ပါး
တောင်ကြားချောက်ကမ်းပါး၏ ဗဟိုချက်တွင် ဝိညာဉ်စွမ်းအင်များက ပြင်းထန်စွာ လှိုင်းထန်နေလေ၏။
ထိုမိန်းမပျိုက သူမ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုစွမ်းအင်ပမာဏအမြောက်အများကို သူမခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်တော့သည်။
ရွှေအမြုတေအဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်သည် ဩချစရာကောင်းလှသော အသက်စွမ်းအင်ကို ပိုင်ဆိုင်ထားပေ၏။ အသက်ရှူရုံမျှသာ အသက်ရှင်နေရသည့် အခြေအနေမျိုး၌ပင် ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ကိုသာ စုပ်ယူနိုင်မည်ဆိုပါက အသက်ရှင်သန်ရန်နှင့် ပြန်လည်ကျန်းမာလာရန် ဖြစ်နိုင်ချေရှိနေဆဲပင်။
ဆိုရလျှင် လုချင်းက သူမ၏ကျိုးနေသောအရိုးများကို ဆက်ပေးထားပြီး သွေးကြောများကိုလည်း ရှင်းလင်းပေးထားပြီးနှင့်ပြီပင်။ ထို့အပြင် စောစောက တိုက်ကျွေးထားခဲ့သည့် အသီးဖြူအရည်လေးကြောင့်လည်း ပါလေ၏။ ဤအရာအားလုံးက သူမ၏ဒဏ်ရာများကို လျင်မြန်စွာ အနာကျက်သွားစေရန် အထောက်အကူပြုပေးခဲ့၏။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် ထိုမိန်းမပျိုက ဝိညာဉ်စွမ်းအင်များစုပ်ယူနေခြင်းကို ခေတ္တရပ်တန့်လိုက်လေတော့သည်။ ယခုအခါတွင် သူမ၏ခန္ဓာကိုယ်က အတော်လေး ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ပြီး ဝိညာဉ်စွမ်းအင်များ ခန်းခြောက်နေသေးသည်မှလွဲ၍ ကြီးကြီးမားမား ပြဿနာမရှိတော့ပေ။
သူမ၏မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းလှသော အမာရွတ်များပင် လုံးဝပျောက်ကွယ်သွားခဲ့ပြီး သူမ၏ရင်သပ်ရှုမောဖွယ်အလှတရားကို ဖော်ပြနေတော့၏။
ဤသည်ကို သဘာဝကျကျ အာရုံခံမိသော လုချင်းက သူမခန္ဓာကိုယ်တွင်းသို့ စိုက်သွင်းထားသည့် ရွှေအပ်များကို အချိန်ကိုက်ပင် ပြန်၍ရုတ်သိမ်းလိုက်တော့သည်။ သူမ၏လေထဲတွင် ဝဲပျံနေသော ခန္ဓာကိုယ်လေးသည်လည်း မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာခဲ့လေ၏။
ထို့နောက် သူမက လုချင်းဘက်သို့လှည့်ကာ လေးနက်စွာ အရိုအသေပေးလိုက်ရင်း "ကျွန်မအသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် တာအိုမိတ်ဆွေကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်"
ထိုမိန်းမပျိုသည် သတိလစ်နေစဉ် မည်သို့ဖြစ်ပျက်ခဲ့သည်ကို လုံးလုံးလျားလျား မသိရှိသော်လည်း သူမရှေ့ရှိ လူငယ်လေးက သူမကို ကယ်တင်ခဲ့သည်မှာကတော့ အလွန်ပင် ထင်ရှားနေတော့သည်။
"ကျေးဇူးတင်စရာ မလိုပါဘူးဗျ။ ကျွန်တော်က ကျွန်တော်တတ်နိုင်တာကိုပဲ လုပ်ပေးခဲ့တာပါ။ တစ်ယောက်ယောက် သေတော့မယ့်အဖြစ်ကို ဒီတိုင်းရပ်ကြည့်မနေနိုင်လို့ပါ။ မိန်းကလေး...တစ်နေရာရာမှာ နေရထိုင်ရမကောင်းဖြစ်နေတာမျိုး ရှိသေးလားဗျ" လုချင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ဆရာတူအစ်မယဲ့"
မိန်းမပျိုက ပြန်လည်တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လူရိပ်လေးတစ်ခု ပြေးဝင်လာပြီး သူမရင်ခွင်ထဲသို့ တင်းကျပ်စွာ ဖက်တွယ်လာလေ၏။
"ဆရာတူအစ်မယဲ့... အစ်မ သတိရလာပြီပဲ။ ကျွန်မတို့က အစ်မကို သေပြီလို့တောင် ထင်နေခဲ့တာ..."
"အစ်မ ဘာမှမဖြစ်ပါဘူး ရှောင်ကျင်းရယ်။ အခြေအနေမကောင်းရင် ပြေးကြဖို့ အစ်မ ပြောထားတယ်မလား။ ဘာလို့ ဒီမှာရှိနေသေးတာလဲ။ ပြီးတော့ ဘာတွေဖြစ်ခဲ့တာလဲ။ ကျိရှောင်တို့ရော ဘယ်မှာလဲ" မိန်းမပျိုက ကောင်မလေးကို ညင်သာစွာပွေ့ဖက်ထားရင်း အနည်းငယ် အကူအညီမဲ့စွာ မေးလိုက်သည်။
ကံကောင်းစွာဖြင့် သူမ၏ဒဏ်ရာများက မပြင်းထန်တော့၍သာ တော်တော့သည်။ အကယ်၍ ပြင်းထန်နေသေးပါက ဤတဇွတ်ထိုးနိုင်လှသော ကောင်မလေး ယခုလို အတင်းဝင်ဖက်လိုက်ခြင်းကြောင့် ဒဏ်ရာများ ပို၍ပင် ဆိုးရွားသွားနိုင်ပေ၏။
"အာ... ဟုတ်သားပဲ။ ဆရာတူအစ်ကိုကျိရှောင်တို့..." သူမအမေးကြောင့် လန့်ဖျပ်သွားသော ကောင်မလေးက ရုတ်တရက် လှည့်ကာ လက်ညှိုးထိုးပြလိုက်သည်။ "သူတို့ ဟိုဘက်မှာ ရှိတယ်"
ကောင်မလေး ညွှန်ပြရာသို့ လိုက်ကြည့်လိုက်သောအခါ မိန်းမပျိုသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ချထားသော သူတို့သုံးဦးကို မြင်တွေ့လိုက်ရပြီး ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
"သူတို့ ဘာဖြစ်သွားကြတာလဲ"
စောစောက ဒဏ်ရာကုသခြင်းကိုသာ အာရုံစိုက်နေခဲ့သဖြင့် ဆရာတူအစ်ကိုကျိရှောင်နှင့် အခြားသူများ အလွန်နီးကပ်စွာ ရှိနေသည်ကို သူမ သတိမထားမိခဲ့ပေ။ သို့သော် သူတို့၏ အသက်ရှူသံများက အလွန်ကိုမှ အားနည်းနေပြီး ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း သိသာထင်ရှားနေလေ၏။
"ဆရာတူအစ်မယဲ့... ဒီလိုဖြစ်ခဲ့တာပါ။ အဲ့ဒီ မြေအောက်နန်းတော်မှာ အစ်မက လီမော့ထျန်းကို တားထားပေးပြီး ကျွန်မတို့ကို အရင်ထွက်ပြေးခိုင်းခဲ့တယ်မလား..."
"...နောက်ဆုံးတော့ ဆရာတူအစ်ကိုကျိရှောင်တို့က ကျွန်မထွက်ပြေးဖို့ အခွင့်အရေးရအောင်လို့ လီမော့ထျန်းကို သူတို့အစွမ်းကုန်သုံးပြီး တားဆီးခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်း ကျွန်မလည်း သူ့လက်ထဲ ပြန်မိသွားခဲ့တာပဲ။ အဲ့ဒီအချိန်မှာ ဒီတာအိုမိတ်ဆွေက ကျွန်မကို ကယ်တင်ပေးခဲ့တာပါ"
ကောင်မလေးစကားကို ကြားပြီးနောက် သူမ သတိလစ်သွားပြီးနောက်ပိုင်း အခြေအနေများ မည်မျှအထိ ကြမ်းတမ်းကြောက်မက်ဖွယ်ကောင်းသွားခဲ့ကြောင်းကို ထိုမိန်းမပျိုလေးမှာ နောက်ဆုံးတွင် သဘောပေါက်သွားလေတော့သည်။
"ဒါနဲ့ လီမော့ထျန်းရော... သူ ထွက်ပြေးသွားတာလား"
ကောင်မလေး၏ အဖြေက သူမကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့၏။
"လီမော့ထျန်း သေသွားပြီ"
"ဘာ... လီမော့ထျန်း သေသွားပြီ။ ဘယ်လိုလုပ်ပြီးတော့လဲ။ သေချာလို့လား" သူမက အလောတကြီး မေးလိုက်သည်။
"သူ့ကို ဒီတာအိုမိတ်ဆွေကပဲ သတ်လိုက်တာလေ။ သူ့အလောင်းက ဒီကနေ မိုင်ဝက်လောက်ဝေးတဲ့ တောအုပ်ထဲမှာ ရှိတယ်။ ကျွန်မက အစ်မတို့ကို စိတ်ပူလို့ ချက်ချင်းပြေးလာခဲ့တာဆိုတော့ အလောင်းကို သေချာမကြည့်ခဲ့ရဘူး"
"ဒီတာအိုမိတ်ဆွေက လုပ်ခဲ့တာလား" မိန်းမပျိုက ချက်ချင်းပင် လုချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
လုချင်းက ခေါင်းအနည်းငယ်ညိတ်ပြလိုက်ရင်း "မိန်းကလေးတို့ပြောနေတဲ့သူက မိစ္ဆာစွမ်းအင်တွေကို ထုတ်နေတဲ့သူဆိုရင်တော့ ဟုတ်ပါတယ်ဗျ။ သူ့ကို ကျွန်တော် သတ်လိုက်တာပါ"
"လီမော့ထျန်းက... တကယ်ကြီး သေသွားခဲ့တာလား..." ထိုမိန်းမပျိုမှာ အတော်လေးကိုပဲ တုန်လှုပ်ချောက်ချားသွားတော့သည်။
သူမကိုယ်တိုင် သူ့ကို တိုက်ခိုက်ခဲ့ဖူးသဖြင့် မိစ္ဆာကျင့်စဉ်ကို လိုက်စားပြီးနောက် လီမော့ထျန်း မည်မျှအထိ စွမ်းအားကြီးမားလာကြောင်းကို ကောင်းကောင်းကြီး သိထားပေ၏။ ထိုအချိန်က သူ၏ခွန်အားသည် ရွှေအမြုတေအဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်၏ အစွမ်းရှိနေလေသည်။
သို့မဟုတ်လျှင် ဆဋ္ဌမ အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ရှိနေသည့် သူမအနေဖြင့် ဘယ်လိုလုပ် ထိုမျှမြန်မြန် ရှုံးနိမ့်သွားနိုင်မည်နည်း။
ထို့အပြင် ရှောင်ကျင်း၏အဆိုအရ လီမော့ထျန်းသည် ထိုမြေအောက်နန်းတော်ထဲတွင် သူ့ကို ပို၍ အစွမ်းထက်လာစေသည့် ရတနာတစ်ခုကို ရရှိသွားခဲ့သည်ဟု ဆို၏။
သူ၏ရက်စက်ကြမ်းကြုတ်လှသော မိစ္ဆာသိုင်းများကို ထည့်မတွက်လျှင်ပင် ထိုမျှ စွမ်းအားကြီးမားလှသော ရန်သူကို ရိုးရိုးရှင်းရှင်းရုပ်ရည်ရှိပြီး ထူးခြားမှုလည်းမရှိသလို လွှမ်းမိုးနိုင်သော အရှိန်အဝါလည်းမရှိသည့် ဤလူငယ်လေးက နှိမ်နင်းလိုက်သည်လော။
သူမ၏နှလုံးသားထဲတွင် အံ့ဩမှုနှင့် မယုံကြည်နိုင်မှုတို့က မုန်တိုင်းတစ်ခုကဲ့သို့ ထကြွနေတော့သည်။
"ဆရာတူအစ်မယဲ့... ဒီတာအိုမိတ်ဆွေက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာ အစ်မ မသိလောက်ဘူး။ လီမော့ထျန်းက သူ့စွမ်းအားတွေအကုန်သုံးပြီးတော့ ကြောက်စရာကောင်းတဲ့ မိစ္ဆာဝင်္ကပါတစ်ခုကို လုပ်ခဲ့တာတောင် ဒီတာအိုမိတ်ဆွေက သူ့ကို တစ်ကွက်တည်းနဲ့ အနိုင်ယူပစ်ခဲ့တာလေ။"
ကောင်မလေးက လုချင်းအား ဖုံးကွယ်မထားနိုင်သော ကြည်ညိုလေးစားမှုများဖြင့် ကြည့်လိုက်လေ၏။
"လီမော့ထျန်းကို တစ်ကွက်တည်းနဲ့ သတ်ခဲ့တယ် ဟုတ်လား" ယခုအခါတွင် မိန်းမပျိုမှာ အမှန်တကယ်ပင် မှင်သက်သွားခဲ့ပြီး လုချင်းကိုကြည့်သော သူမ၏အကြည့်များက ပို၍ပင် စူးရှလာတော့သည်။
"ဒီညီမလေးကတော့ ပိုပိုကဲကဲပြောနေပါပြီဗျာ" လုချင်းက နှိမ့်ချစွာဖြင့် သူ၏ခေါင်းကို ကုတ်ရင်း ပြောလိုက်သည်။ "အဲ့ဒီမိစ္ဆာကျင့်ကြံသူကို သတ်ဖို့ ကျွန်တော့်စွမ်းအင်တွေအကုန်နီးပါး သုံးလိုက်ရတာပါဗျ။ ဘာပဲဖြစ်ဖြစ်... ခင်ဗျားတို့ရဲ့ အဖော်တွေကို အရင်သွားကြည့်သင့်တယ်မလား။ သူတို့အခြေအနေက သိပ်ကောင်းတဲ့ပုံမရဘူးနော်"
လုချင်းက ငြင်းဆိုခြင်းမရှိသည်ကို မြင်လိုက်ရသောအခါ ရှောင်ကျင်းပြောသည့်စကားများ မှန်ကန်ကြောင်းကို မိန်းမပျိုလည်း သဘောပေါက်သွားလေ၏။ တုန်လှုပ်နေဆဲဖြစ်သော်လည်း လုချင်း၏ အကြံပေးစကားကြောင့် သူမက ကျိရှောင်နှင့် အခြားသူများရှိရာသို့ လှည့်ကြည့်လိုက်တော့သည်။
"ဟုတ်တယ် ဆရာတူအစ်မယဲ့" ကောင်မလေးက အလျင်အမြန် ဝင်ပြောလိုက်သည်။ "လီမော့ထျန်းက ဘာအကြောင်းကြောင့်မှန်းမသိ သူတို့ကို ချက်ချင်းမသတ်ခဲ့ဘူး။ ဒါပေမဲ့ အခု ဆရာတူအစ်ကိုကျိရှောင်တို့က သတိမရလာကြသေးဘူးရယ်။ ကျွန်မ သူတို့ကို ဂိုဏ်းကပေးထားတဲ့ ကျောက်စိမ်းနှင်းစက် အသက်ဝိညာဉ်ဆေးလုံး တိုက်ခဲ့ပေမဲ့လည်း သိပ်မထူးခြားဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတာ ကျွန်မလည်း မသိဘူး"
"ကျောက်စိမ်းနှင်းစက် အသက်ဝိညာဉ်ဆေးလုံးကတောင် အလုပ်မလုပ်ဘူးလား။ ငါ့ကို ကြည့်ခွင့်ပေးဦး"
ထိုမိန်းမပျိုသည် လုချင်းအပေါ် သိချင်စိတ်ပြင်းပြနေဆဲဖြစ်သော်လည်း သူမ၏ဆရာတူမောင်နှမများ၏ အသက်အန္တရာယ်က ပို၍အရေးကြီးနေပေ၏။ ထို့ကြောင့် သူမ၏သံသယများကို ဘေးဖယ်ထားကာ အမျိုးသားသုံးဦး လဲလျောင်းနေသည့်နေရာသို့ အမြန်သွားလိုက်တော့သည်။
သူတို့၏ အခြေအနေကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူမ၏မျက်လုံးအိမ်များက အနည်းငယ် ကျဉ်းမြောင်းသွားလေ၏။ မည်းပုတ်ပုတ် အစိမ်းရင့်ရောင် စွမ်းအင်များက သူတို့၏ မျက်နှာများနှင့် လက်မောင်းများထက်တွင် ပြန့်နှံ့နေခဲ့သည်။ ရံဖန်ရံခါတွင် ထိုအမည်းရောင် မြူခိုးများက ထူးဆန်းပြီး ခြိမ်းခြောက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော ဂါထာမန္တန်များအဖြစ် လိမ်ယှက်နေကြတော့၏။
"ဆရာတူအစ်မယဲ့... ဒီအမည်းရောင် အရှိန်အဝါက ဘာမှန်းမသိပေမဲ့ ဒါကြောင့် သူတို့ သတိမရလာကြတာ ထင်တယ်။ ဆေးလုံးရဲ့ စွမ်းအင်ကတောင် သက်ရောက်မှုရှိပုံမရဘူး" ကောင်မလေးက ရှင်းပြလိုက်သည်။
မိန်းမပျိုက သူတို့ကို စစ်ဆေးကြည့်လိုက်သောအခါ၌ ၎င်းသည် ပြင်ပခန္ဓာကိုယ်တွင်သာမက သူတို့၏ ဒျန်ထျန်များ၊ ချီပင်လယ်များနှင့် သွေးကြောများအတွင်းသို့ပါ အမည်းရောင်မြူခိုးများ စိမ့်ဝင်နေကြောင်းကို တွေ့ရှိလိုက်ရလေ၏။ ထို့ကြောင့်ပင် ကျောက်စိမ်းနှင်းစက် အသက်ဝိညာဉ်ဆေးလုံးက အလုပ်မလုပ်ခြင်း ဖြစ်ပေသည်။ သူတို့၏ ခန္ဓာကိုယ်က ဆေးစွမ်းကို လုံးဝ မစုပ်ယူနိုင်ပေ။
ခဏမျှ စဉ်းစားပြီးနောက်၌ သူမက ပြောလိုက်သည်။ "လီမော့ထျန်းက သူတို့ကို ချုပ်နှောင်ဖို့အတွက် မိစ္ဆာသိုင်းတစ်မျိုးမျိုးကို သုံးခဲ့တာဖြစ်ရမယ်။ မိစ္ဆာမျိုးနွယ်တွေကြားထဲမှာ အဲ့ဒီလိုနည်းလမ်းတွေ အများကြီးရှိတယ်လို့ ကောလာဟလတွေ ကြားဖူးတယ်။ လူသားကျင့်ကြံသူတွေရဲ့ အသွေးအသားတွေကို သန့်စင်ပြီး သူတို့ရဲ့စွမ်းအားကို မြှင့်တင်ဖို့အတွက် ယဇ်ပူဇော်တဲ့ နည်းလမ်းတွေပေါ့။ လီမော့ထျန်းက မိစ္ဆာမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး မိစ္ဆာကျင့်ကြံသူဖြစ်သွားတာမလို့ ဒီလိုသိုင်းတွေကို သူ သိနေမှာ ကျိန်းသေပေါက်ပဲ။ သူ ငါတို့ကို ချက်ချင်းမသတ်ခဲ့တာကလည်း ငါတို့အပေါ် မကောင်းတဲ့နည်းလမ်းတစ်ခုခုကို သုံးဖို့ ရည်ရွယ်ထားလို့ပဲ ဖြစ်ရမယ်။ ကံကောင်းလို့ အခုတော့ သူ သေသွားပြီလေ။ သူတို့ကိုယ်ထဲက မိစ္ဆာစွမ်းအင်တွေက သခင်မရှိတော့လို့သာ ကျိရှောင်တို့လည်း အခုချိန်ထိ တောင့်ခံထားနိုင်တာပေါ့"
"အဲ့ဒီမိစ္ဆာက တကယ် အဆိပ်ပြင်းတာပဲ။ သူက သနားညှာတာမှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိသားပဲ" ကောင်မလေး၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်နေလျက် ပြောလိုက်သည်။ သို့သော် ထို့နောက်၌ သူမက တွေဝေသွားဟန်ဖြင့် "ဒါပေမဲ့... ဘာလို့ ဆရာတူအစ်မကျတော့ ဘာမှမဖြစ်တာလဲ"
"ဒါက ဒီတာအိုမိတ်ဆွေရဲ့ကျေးဇူးကြောင့် ဖြစ်ရမယ်" မိန်းမပျိုက လုချင်းအား တစ်ချက်ကြည့်ရင်း ပြန်ဖြေလိုက်လေ၏။
မြေအောက်နန်းတော်ထဲရှိ တိုက်ပွဲအတွင်း သူမကိုယ်တိုင်လည်း လီမော့ထျန်း၏ မိစ္ဆာအရှိန်အဝါ ကူးစက်ခံခဲ့ရသည်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေပေသည်။ သို့တိုင်အောင် ယခုအခါတွင်တော့ သူမခန္ဓာကိုယ်အတွင်း ထိုမိစ္ဆာစွမ်းအင်၏ အရိပ်အယောင်မျှပင် ကျန်ရစ်နေခြင်းမရှိတော့ပေ။
လီမော့ထျန်း စိတ်ပြောင်းသွားပြီး ထိုစွမ်းအင်များကို ပြန်ပြီးရုတ်သိမ်းသွားသည်ဟုတော့ သူမ လုံးဝ မတွေးဝံ့ချေ။ ထို့ကြောင့် ဖြစ်နိုင်ချေရှိသော ရှင်းပြချက်တစ်ခုတည်းသာ ရှိလေသည်။
သေမင်းတံခါးဝသို့ ရောက်နေသည့် သူမကို ပြန်ဆွဲခေါ်လာခဲ့သော ဤလျှို့ဝှက်ဆန်းကြယ်သည့် လူငယ်လေးကြောင့်သာဖြစ်ရပေမည်။
"ဟုတ်တယ်ဗျ။ မိန်းကလေးရဲ့ ဒဏ်ရာတွေကို ကုသပေးနေတုန်း ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအင်တွေကိုပါ ကျွန်တော် ဖယ်ရှားပေးခဲ့တာပါ" လုချင်းက ငြင်းဆိုရန် မကြိုးစားဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူက မိစ္ဆာစွမ်းအင်များနှင့် စိမ်းသက်နေသူ မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူ၏လီဟော်ဒယ်အိုးအတွင်း၌ ကျေးကျွန်အမှတ်အသား ရိုက်နှိပ်ထားသော ရှေးဟောင်းမိစ္ဆာကျင့်ကြံသူတစ်ဦး၏ဝိညာဉ်အကြွင်းအကျန် အသိစိတ်တစ်ခုကို ချုပ်နှောင်ထားသည် မဟုတ်ပါလော။
ထိုဝိညာဉ်သည် တစ်ချိန်က မိစ္ဆာလမ်းစဉ်တွင် အလွန်ကိုမှ နက်ရှိုင်းစွာ ကျွမ်းကျင်သည့် သန္ဓေသားဝိညာဉ်အဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ဖြစ်လေ၏။
လုချင်းကိုယ်တိုင် မိစ္ဆာကျင့်စဉ်များကို မကျင့်ကြံသော်လည်း ၎င်းတို့ကို ကောင်းစွာ နားလည်ထားပေသည်။ ထို့ကြောင့် သူ့အတွက်တော့ လီမော့ထျန်း၏ လှည့်ကွက်လေးများက အထူးတလည် ဒုက္ခပေးနိုင်သည့်အရာမျိုး မဟုတ်ပေ။
"တာအိုမိတ်ဆွေ လုပ်ခဲ့တာဆိုတာ ကျွန်မသိသားပဲ" မိန်းမပျိုက ဝမ်းသာအားရ ပြောလိုက်သည်။ "ကျေးဇူးရှင်... ကျွန်မရဲ့ ဆရာတူမောင်နှမတွေကိုပါ ကယ်တင်ပေးနိုင်မလားရှင့်။ ချီခွန်းဂိုဏ်းက ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အနာဂတ်မှာ အထိုက်အလျောက် ကျေးဇူးဆပ်ပါ့မယ်"
"ကျွန်တော် အရင်ကြည့်ကြည့်ပါရစေဦး"
လုချင်းက မငြင်းဆန်ခဲ့ပေ။ သူက သတိလစ်နေသော ခရမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူများကို စစ်ဆေးရန် ရှေ့သို့ တက်သွားပြီးနောက် ခေါင်းအနည်းငယ် ညိတ်လိုက်လေ၏။ "ကုလို့ရပါတယ်"
ထိုမိန်းမပျိုမှာ အလွန်ဝမ်းသာသွားပြီး လုချင်းကို နက်ရှိုင်းစွာ အရိုအသေပေးလိုက်တော့သည်။ "ဒါဆိုရင် ကျေးဇူးရှင်ကိုပဲ အပ်ပါတယ်ရှင်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ ဆရာတူမောင်နှမတွေကို ကယ်တင်ပေးပါ"
လုချင်းက ဘာမျှထပ်မပြောတော့ဘဲ သူ၏ရွှေအပ်အစုံကို ထပ်မံထုတ်ယူလိုက်ပြန်၏။
သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ သတိလစ်နေသောကျင့်ကြံသူများကို လေထဲတွင် ရပ်တန့်စေလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာစွမ်းအင်များကို စတင်ဖယ်ရှားလိုက်တော့သည်။ အပ်တစ်ချောင်းစီက သူတို့၏ အရေးကြီးသောအပ်စိုက်မှတ်များထဲသို့ တစ်ချောင်းပြီးတစ်ချောင်း စိုက်ဝင်သွားချိန်တွင် ရွှေရောင်အလင်းတန်းများ တလက်လက်တောက်ပသွားလေ၏။
မကြာမီမှာပင် ကျိရှောင်နှင့် အခြားသူများ၏ ခန္ဓာကိုယ်များထဲမှ အမည်းရောင်စွမ်းအင် အမျှင်တန်းလေးများ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို မိန်းမပျိုနှင့် ကောင်မလေးတို့ မြင်တွေ့လိုက်ရတော့သည်။ ဤရွှေအပ်အစုံသည် လုချင်းကိုယ်တိုင် သန့်စင်ဖန်တီးထားသော အထူးလက်နက်တစ်ခု ဖြစ်၏။ အရွယ်အစားသေးငယ်သော်လည်း အပ်တစ်ချောင်းစီတွင် ကုသခြင်းဝင်္ကပါအမျိုးမျိုးကို ရေးထွင်းထားလေသည်။ ထို့အပြင် ထိုအပ်များကို ချိတ်ဆက်၍ ဝင်္ကပါတစ်ခု ဖွဲ့စည်းနိုင်ကာ ၎င်းတို့၏ စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်ပေသည်။ ၎င်းတို့သည် အဆိပ်ဖြေခြင်း၊ ကုသခြင်း၊ နတ်ဆိုးနှင်ထုတ်ခြင်း၊ တည်ငြိမ်စေခြင်း၊ ချုပ်နှောင်ခြင်းနှင့် အခြားအရာများစွာကိုပါ တစ်ပါတည်း ပေါင်းစပ်ထားလေ၏။ လက်နက်တစ်ခုအနေဖြင့် ဆိုရလျှင် ၎င်းသည် ဆေးပညာရပ်၏ အဖိုးတန်ရတနာတစ်ပါးဟု ခေါ်ဆိုထိုက်သော အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုပင် ဖြစ်တော့သည်။
မြင့်မြတ်သောတောင်တော်၏ ကြီးမားကျယ်ပြန့်လှသော သယံဇာတများကို အသုံးပြုခွင့်ရရှိချိန် သူ၏မူလကမ္ဘာတွင်ရှိစဉ်ကတည်းက လုချင်းသည် ထိုအပ်များကို ဖန်တီးခဲ့ခြင်းဖြစ်ပေသည်။ သူသည် ရှားပါးသော ပစ္စည်းပေါင်းများစွာကို စုဆောင်းခဲ့ပြီး နောက်ဆုံးတွင် အစုံအလင် နှစ်စုံကို သန့်စင်နိုင်ခဲ့လေ၏။ တစ်စုံကို သူ၏ဆရာအား လက်ဆောင်ပေးခဲ့ပြီး ကျန်တစ်စုံကိုတော့ သူကိုယ်တိုင် အသုံးပြုရန် သိမ်းဆည်းထားခဲ့သည်။
ယခုအချိန်အထိ ၎င်းကို အသုံးပြုရလောက်အောင် ဆိုးရွားသောအခြေအနေမျိုးများနှင့် သူ ရှားရှားပါးပါးသာ ကြုံတွေ့ခဲ့ရပေသည်။ မော့ဟုန်ယွင်ကို ကုသပေးစဉ်ကပင် ဤလက်နက်အား မလိုအပ်ခဲ့ပါချေ။ အခြားသူများရှေ့တွင် ဤအဖိုးတန်ကုသရေးကိရိယာကို သူ အသုံးပြုခြင်းမှာ ယခုက ပထမဆုံးအကြိမ်ပင် ဖြစ်၏။
ဤမျှစွမ်းအားကြီးမားသော ဆေးပညာလက်နက်၏ အစွမ်းအောက်တွင် သားကောင်များအတွင်းရှိ မိစ္ဆာစွမ်းအင်ကို ထိန်းချုပ်မည့်သူမရှိခြင်းနှင့်အတူ လုချင်း၏ မိစ္ဆာလမ်းစဉ်အပေါ် နက်ရှိုင်းသော နားလည်သဘောပေါက်မှုတို့ ပေါင်းစပ်သွားသောအခါ၌ သူတို့ခန္ဓာကိုယ်အတွင်းမှ ယိုယွင်းပျက်စီးနေသည့် အစအနတိုင်းကို သူ အလွယ်တကူပင် ဖယ်ရှားပစ်နိုင်ခဲ့လေ၏။
မိစ္ဆာစွမ်းအင်များ ဖယ်ရှားခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ကောင်မလေး စောစောက တိုက်ကျွေးထားခဲ့သော ဆေးက စတင်အစွမ်းပြလာတော့သည်။ ကျောက်စိမ်းနှင်းစက် အသက်ဝိညာဉ်ဆေးလုံးသည် ထျန်းယွမ်ကမ္ဘာလောကကြီးရှိ ရွှေအမြုတေအဆင့် ဆေးလုံးများကြားတွင်ပင် နာမည်ကြီးလှသော ချီခွန်းဂိုဏ်း၏ လျှို့ဝှက်ကုသရေး ဆေးတစ်ခွက် ဖြစ်ပေ၏။
၎င်း၏ ကုသခြင်းအစွမ်းက ထူးချွန်ပြောင်မြောက်လှပြီး လူတစ်ဦး၏ အခြေခံကို ဖြည့်တင်းပေးကာ ခိုင်မာစေသည့် ဂုဏ်သတ္တိများလည်း ပါဝင်လေသည်။ စောစောက ၎င်း အလုပ်မလုပ်ရခြင်းမှာ သားကောင်များ၏ သွေးကြောများနှင့် အပ်စိုက်မှတ်များကို မိစ္ဆာစွမ်းအင်များက ပိတ်ဆို့ထားသဖြင့် မည်သည့်အရာကိုမျှ မစုပ်ယူနိုင်အောင် တားဆီးထားခြင်းကြောင့်သာ ဖြစ်ပေ၏။ ယခု အဆိပ်အတောက်များ ကင်းစင်သွားပြီဖြစ်ရာ သူတို့၏ ခန္ဓာကိုယ်များက ဆေးလုံး၏ စွမ်းအင်များကို အလိုလိုပင်စုပ်ယူလာကြတော့သည်။
ထိုစွမ်းအင်များကို လျင်မြန်စွာ သန့်စင်နိုင်ရန်အတွက် လုချင်းက သူ၏ရွှေအပ်များကို အသုံးပြု၍ ကူညီပေးလိုက်လေ၏။
စောင့်ကြည့်နေသော မိန်းမပျိုနှင့် ကောင်မလေးတို့ မြင်ရတွေ့ရသည်၌ အသိသာဆုံး လက္ခဏာမှာ ဒဏ်ရာရနေသည့်ကျင့်ကြံသူများအတွင်းမှ အသက်စွမ်းအင်များ လျင်မြန်စွာ ပြန်လည်မြင့်တက်လာခြင်းပင်။ နောက်ဆုံးတွင် လုချင်းက ရွှေအပ်များကို ပြန်လည်ရုတ်သိမ်းလိုက်ချိန်၌ ကျင့်ကြံမှုအမြင့်မားဆုံးဖြစ်သော ခရမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူသည် ဖြည်းညင်းစွာဖြင့် မျက်လုံးပွင့်လာလေတော့၏။
"ဆရာတူအစ်ကိုကျိရှောင်"
"ဆရာတူအစ်မယဲ့... ရှောင်ကျင်း...မင်းတို့နှစ်ယောက်က ဘာလို့ ဒီရောက်နေတာလဲ"
သူတို့၏ ရင်းနှီးနေသော အသံများကို ကြားလိုက်ရသဖြင့် ကျိရှောင်က တွေဝေစွာ မော့ကြည့်လိုက်လေ၏။ သူတို့ကို မြင်လိုက်ရသည့်အချိန်တွင် သူ တုန်လှုပ်သွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်လာတော့သည်။
အထူးသဖြင့် ဆရာတူအစ်မယဲ့ကို မြင်လိုက်ရသောအခါတွင်ပေါ့။
သူမက လီမော့ထျန်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ မဟုတ်ပါလော။ ယခု ဘာကြောင့် လုံးဝကို ဒဏ်ရာကင်းစင်နေသကဲ့သို့ ဖြစ်နေရသနည်း။
ထို့နောက် ကျိရှောင်၏ မျက်လုံးများက ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ အရောင်လက်သွားလေ၏။ "ငါ သိပြီ... နောက်ဆုံးတော့ ငါလည်း ငရဲပြည်ကို ရောက်လာခဲ့ပြီပေါ့။ ညီမလေးရှောင်ကျင်းတောင် လီမော့ထျန်းဆီကနေ မလွတ်မြောက်နိုင်ခဲ့ဘူးဆိုတာ ယုံတောင်မယုံနိုင်ဘူး။ ဒါပေမဲ့... ငရဲပြည်က ဒဏ္ဍာရီတွေထဲကလို မှောင်မိုက်ပြီး ကြောက်စရာကောင်းတဲ့ပုံ မပေါက်ပါလား။ ပြီးတော့ ဆရာတူအစ်မ...ကျွန်တော်တို့သေသွားတာကို ဂိုဏ်းက မသိသေးဘူးလား။ ဘာလို့ ဘယ်သူမှ အသုဘငွေကိုတွေတောင် မီးမရှို့ပေးကြတာလဲ။ အခုထိ စုတ်ပြတ်နေတဲ့ ဝတ်ရုံတွေ ဝတ်ထားရတုန်းဆိုတော့... ကောင်းကောင်းမွန်မွန် ဝတ်စရာလေးတောင် မဝယ်နိုင်ဘူးလားဗျာ"
သူက သူ့ကိုယ်သူ အမှန်တကယ် သေဆုံးသွားပြီဟု ယုံကြည်နေပြီး ဒဏ်ရာကင်းစင်နေသော ဆရာတူအစ်မယဲ့ကို မြင်တွေ့ရခြင်းမှာ တမလွန်ဘဝ၏ မြင်ကွင်းတစ်ခုမျှသာဖြစ်သည်ဟု ထင်မှတ်နေတော့သည်။
သူ၏စကားများကို ကြားလိုက်ရသောအခါ၌ မိန်းမပျို၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားလေ၏။ "ကျိရှောင်... အဓိပ္ပာယ်မရှိတာတွေပြောနေတာကို ရပ်လိုက်တော့။ နင် မသေသေးဘူး... ငါတို့ထဲက ဘယ်သူမှလည်း မသေသေးဘူး"
"ဆရာတူအစ်မကလည်း... နောက်တတ်လိုက်တာ။ အစ်မသာ မသေသေးရင် ဘယ်လိုလုပ် လုံးဝ ဒဏ်ရာမရှိဘဲ နေနိုင်မှာလဲ။ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပါ။ လီမော့ထျန်းက အစ်မရဲ့ အလောင်းကို ဆွဲထုတ်လာတာကို..."
ကျိရှောင်က ဆက်လက် ရေရွတ်နေဆဲဖြစ်သည်ကို မြင်သောအခါ မိန်းမပျိုမှာ နောက်ဆုံးတွင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားတော့သည်။ သူမက ကျောက်ခဲငယ်တစ်လုံးကို လက်ဖြင့်ဆုပ်ကိုင်ကာ ပစ်လွှတ်လိုက်လေ၏။ ထိုကျောက်ခဲလေးက လေကိုခွင်းလျက် ကျိရှောင်၏နဖူးတည့်တည့်သို့ ဒိုင်းခနဲ အသံမြည်သည်အထိ မှန်သွားလေရာ နာကျင်လွန်းလှသဖြင့် သူ၏အော်သံလေးတောင် ထွက်ပေါ်လာတော့သည်။
“အာ့”
"ဆရာတူအစ်မယဲ့ သူ့ကို မရိုက်ပါနဲ့။ သူက အခုမှ သတိရလာတာလေ။ အစ်မရိုက်လိုက်လို့ ပြန်မေ့သွားဦးမယ်" ကောင်မလေးက လန့်ဖျပ်စွာ အော်ပြောလိုက်သည်။
"နာတယ်" ကျိရှောင်က သူ၏နဖူးကို ကိုင်ရင်း တစ်ခုခု မှားယွင်းနေကြောင်းကို နောက်ဆုံးတွင်တော့ သဘောပေါက်သွားလေ၏။ "နေပါဦး... ဆရာတူအစ်မ... ကျွန်တော်တို့ တကယ်ပဲ အသက်ရှင်နေသေးတာလား"
"အေးလေ။ ဒါပေမဲ့ နင်က အဲ့လောက်တောင် သေချင်နေရင်လည်း ငရဲပြည်အစစ်က ဘယ်လိုလဲဆိုတာ သိရအောင် နင့်ကို တန်းပြီး ပို့ပေးလိုက်လို့ရတယ်နော်"
သူမ၏မျက်နှာက စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် မည်းမှောင်နေဆဲဖြစ်သော်လည်း မိန်းမပျိုမှာ သူမ၏သိုလှောင်ရေးလက်နက်ထဲမှ ဝတ်ရုံတစ်ထည်ကို ဆွဲထုတ်ကာ ကိုယ်ပေါ်သို့ ခြုံလိုက်လေ၏။ သူမသည် ယခင်က လီမော့ထျန်းနှင့် သေရေးရှင်ရေး တိုက်ခိုက်ခဲ့ရသဖြင့် သူမ၏တိုက်ပွဲဝင်ဝတ်စုံမှာ လုံးဝကို ပျက်စီးနေခဲ့ပြီပင်။ သတိပြန်ရလာပြီးနောက်ပိုင်း ဤအရူးများကို စစ်ဆေးရန်သာ အာရုံစိုက်နေခဲ့သဖြင့် သူမ၏ရုပ်သွင်ကိုတောင် ဂရုမစိုက်နိုင်ခဲ့ပေ။ သို့သော် ယခု ဤကောင်စုတ်လေး သတိရရချင်း ပထမဆုံးပြောသည့်စကားမှာ သူမ၏အဝတ်အစားကို လှောင်ပြောင်လိုက်ခြင်းပင် ဖြစ်၏။
"မ... မလုပ်ပါနဲ့ ဆရာတူအစ်မ။ မသေတာက ပိုကောင်းပါတယ်ဗျာ" ကျိရှောင်က နောက်ဆုံးတွင် သူ၏ပတ်ဝန်းကျင်ကို သေချာစွာ စတင်အကဲခတ်လိုက်တော့သည်။
ဤနေရာသည် သူတို့တွေ လီမော့ထျန်းနှင့် တိုက်ခိုက်ခဲ့သည့် တောင်ကြားပင် ဖြစ်၏။ သူ၏ခန္ဓာကိုယ်အစစ်ကို ပြန်၍ခံစားလာနိုင်သည့်အပြင် နဖူးမှ နာကျင်မှုခပ်သဲ့သဲ့ကိုပါ ခံစားနေရလေသည်။ ထို့ကြောင့် သူ မသေသေးကြောင်းကို နောက်ဆုံးတွင် သူ လက်ခံလိုက်တော့သည်။ ဆရာတူအစ်မယဲ့နှင့် ရှောင်ကျင်းတို့ နှစ်ယောက်လုံးလည်း အသက်ရှင်လျက် ရှိနေကြလေ၏။
သို့သော် ယခုအခါတွင် သူ့စိတ်ထဲ၌ မေးခွန်းအသစ်များ ပြည့်နှက်လာပြန်တော့သည်။
လီမော့ထျန်းက ဆရာတူအစ်မယဲ့အား သတ်ပစ်လိုက်သည်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည် မဟုတ်ပါလော။
သူနှင့် သူ၏ဆရာတူမောင်နှမနှစ်ယောက်က ရှောင်ကျင်း ထွက်ပြေးနိုင်အောင် အချိန်အလုံအလောက်ရစေရန် သေချာပေါက် တိုက်ခိုက်ခဲ့သော်လည်း လျင်မြန်စွာပင် ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရရှိခဲ့ကြသည်။
ထိုသို့ဆိုလျှင် ဆရာတူအစ်မက အဘယ်ကြောင့် ဒဏ်ရာဒဏ်ချက်ကင်းနေပြီး သူကိုယ်တိုင်လည်း မည်သည့်ဒဏ်ရာကြီးကြီးကျယ်ကျယ်မျှမရှိဘဲ အသက်ရှင်နေရသနည်း။
တကယ်ကြီး ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။
ကျိရှောင်က သူ၏မေးခွန်းများကို မေးရန် ပြင်လိုက်စဉ်မှာပင် အနီးအနားမှ ညည်းတွားသံသဲ့သဲ့နှစ်ခု ထွက်ပေါ်လာလေ၏။ ချီခွန်းဂိုဏ်း၏ အခြားတပည့်နှစ်ဦးလည်း နောက်ဆုံးတွင် သတိပြန်လည်လာကြပြီပင်။