အခန်း (၅၆၉-၅၇၀)
Vol. 57 Ch. 569-570
အခန်း ၅၆၉ - အာဏာရှင်မျိုးနွယ်စု၊ ကောင်းကင်ဓားဂိုဏ်းနှင့် မိစ္ဆာဆန်သော ပါရမီရှင်များ
"မင်း နားမလည်ပါဘူးကွာ” ချီရှင်းကျိက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သော်လည်း သူ၏တပည့်များကို ဆက်လက်ရှင်းပြခြင်း မပြုတော့ပေ။ ထိုအစား သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူ၏စိတ်ထဲတွင် ခံစားချက်များ လှုပ်ရှားလာတော့သည်။
သန္ဓေသားဝိညာဉ်အဆင့်၏ ပဉ္စမ အတိဒုက္ခအဆင့်သို့ လှမ်းတက်ပြီးနောက်၌ ဝိညာဉ်စွမ်းအင်လမ်းစဉ်၏ အဆုံးမဲ့ကျယ်ပြောမှုကို သူ ခံစားလိုက်ရလေ၏။ သို့သော် ထိုသို့သော နားလည်သဘောပေါက်မှုများကို သူ၏တပည့်များအား ရှင်းပြ၍မရနိုင်ပေ။ တာအိုအသိကို အလွယ်တကူ လက်ဆင့်ကမ်း၍ မရနိုင်ပေ။ ထိုနယ်ပယ်သို့ အမှန်တကယ် မရောက်ရှိဘဲ မည်သို့ပင် ဖော်ပြနေစေကာမူ ၎င်းအတွင်းရှိ နက်နဲမှုကို ဆုပ်ကိုင်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ဝိညာဉ်စွမ်းအင်လမ်းစဉ်သည် အထီးကျန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ ၎င်း၏ လျှို့ဝှက်နက်နဲမှုများစွာကို အဆင့်တစ်ခုသို့ ရောက်ရှိမှသာ အမှန်တကယ် ခံစားသိရှိနိုင်ပေမည်။
ထို့ကြောင့် ပဉ္စမ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်သည် အစမျှသာဖြစ်ကြောင်း သူပို၍ပင် နားလည်သဘောပေါက်သွားလေတော့၏။ ပို၍ ခန့်မှန်းရခက်ပြီး နယ်နိမိတ်မရှိသော အဆင့်များသည် သူ၏စူးစမ်းရှာဖွေမှုနှင့် အဆင့်တက်မှုများကို စောင့်ကြိုနေပေသည်။
ဝိညာဉ်စွမ်းအင်လမ်းစဉ်၏ ကျယ်ပြောလှမှုကို သူခံစားသိရှိလိုက်ရသောကြောင့် “ကောင်းကင်ဘုံအထက်တွင် ပို၍ကြီးမားသော ကောင်းကင်ဘုံများ ရှိသေးသည်” ဟူသော ဆိုရိုးစကားကို သူအမှန်တကယ်ပင် သဘောပေါက်သွားတော့၏။
ထျန်းယွမ်ကမ္ဘာလောကကြီးတွင် ပဉ္စမ အတိဒုက္ခအဆင့်ရှိ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးကို ထိပ်တန်းအဆင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ကောင်းသတ်မှတ်နိုင်ပေသည်။
သို့သော် ယင်းမှာ အပေါ်ယံမျှသာ ဖြစ်၏။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည့် ဤရှေးဟောင်းကမ္ဘာကြီးတွင် ဝိညာဉ်စွမ်းအင်လမ်းစဉ်တစ်လျှောက် ပိုမိုရှေ့ရောက်အောင် မည်သူမျှ မသွားနိုင်ခဲ့ဟု သူ မယုံကြည်ပေ။ ထိုရှေးဟောင်းမိစ္ဆာကြီးများသည် တံခါးပိတ်ကျင့်ကြံရင်း အရိပ်ထဲတွင် လျှို့ဝှက်နေကြသည်မှာ သေချာပေသည်။
မြင့်မြတ်သော ထျန်းရှုတောင်တော်ပင်လျှင် ပုံမှန်မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်လွန်းလှ၏။
သူကိုယ်တိုင်ပင် ၎င်း၏ အနက်ရှိုင်းဆုံးနေရာများသို့ တစ်ခါမျှ မသွားဖူးသလို ၎င်း၏အတွင်းပိုင်း လျှို့ဝှက်ချက်များကိုလည်း ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။ ထိုသို့သော နတ်ဘုရားတောင်တော်ကို သူ၏ ပဉ္စမ အတိဒုက္ခအဆင့် ကျင့်ကြံမှုတစ်ခုတည်းဖြင့် ပိုင်ဆိုင်ရန် လုံလောက်သည်ဟု သူ လုံးဝမယုံကြည်ပေ။ အကယ်၍ သူသာ ထိုသို့ပြုလုပ်ဝံ့ပါက မကြာမီတွင် ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းကို ခံရကောင်းခံရနိုင်ပေ၏။
ယင်းကိုတွေးမိသောအခါ ချီရှင်းကျိသည် သူ၏တပည့်များဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ "ငါ အဆင့်တက်သွားတာ မကြာသေးဘူး။ ငါ့ရဲ့အဆင့်ကို ခိုင်မာအောင် တံခါးပိတ်ကျင့်ကြံဖို့ အချိန်အများကြီး လိုလိမ့်မယ်”
"ထျန်းရှုမြို့တော်ရဲ့ ကိစ္စတွေကို ငါ ဆက်ပြီး စီမံခန့်ခွဲနိုင်တော့မှာ မဟုတ်ဘူး”
"ပေသော်... ငါ့ရဲ့ တပည့်ကြီးအနေနဲ့ ဒီနေ့ကစပြီး ထျန်းရှုမြို့တော်ရဲ့ မြို့စားရာထူးကို မင်းကို လွှဲအပ်လိုက်ပြီ”
ဤစကားများသည် တပည့်အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
သူတို့သာမက ပေသော်ကိုယ်တိုင်ပင် စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်တော့သည် "ဆရာ...”
"ငါ့ဆုံးဖြတ်ချက်က အပြီးသတ်ပဲ။ ထပ်မပြောနဲ့တော့" ချီရှင်းကျိက သူ့ကို ဖြတ်ပြောလိုက်၏။
ထို့နောက် သူသည် ဓားတစ်လက်သဖွယ် လက်ချောင်းနှစ်ချောင်းကို ထောင်လိုက်သည်။
ကြီးမားလှသော ဓားတာအိုအသိတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရှေ့ရှိ မတ်စောက်သော တောင်ကမ်းပါးယံကို ရိုက်ခတ်သွားတော့သည်။
"ရောက်လာပြီပဲ”
ချီရှင်းကျိ၏ ခန္ဓာကိုယ်အတွင်းမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေသော လုချင်း၏ ဝိညာဉ်မှာ လှုပ်ရှားသွားခဲ့လေ၏။ ထို့နောက်၌ သူ၏အာရုံအားလုံးကို စုစည်းလိုက်ပြီး ချီရှင်းကျိ၏ ဓားတာအိုအသိ အသုံးပြုမှုပုံစံပေါင်းစုံကို နားလည်အောင် ကြိုးစားလိုက်တော့သည်။
လုချင်း မျက်စိမှိတ်၍ ထိုစိတ်ကူးယဉ်နယ်ပယ်အတွင်းရှိ အမွေအနှစ်ကို စုပ်ယူနေစဉ်….
လက်တွေ့ကမ္ဘာတွင်တော့ ရှုခင်းကြည့်တောင်ထွတ်၏အထက်၌ ဧရာမလှေပျံကြီးတစ်ခု တဖြည်းဖြည်း ချဉ်းကပ်လာလေ၏။
စွမ်းအားကြီးမားသော ဖိအားတစ်ခု ကျဆင်းလာသည့်အခါ၌ စင်မြင့်ပေါ်ရှိ ကျင့်ကြံသူများကို သူတို့၏ တရားရှုမှတ်ခြင်းမှ နိုးထလာစေတော့သည်။
"ဘယ်သူက ဒီလောက်တောင် အာဏာပြရဲတာလဲ"
လန့်ဖျပ်သွားသော လူအုပ်ကြီးက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မော့ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့အများစုမှာ မျက်နှာများ ဖြူရော်သွားကြတော့၏။
ထိုဧရာမလှေပျံကြီး၏ အပြင်ဘက်ကိုယ်ထည်ပေါ်တွင် ထင်ရှားစွာ ထွင်းထုထားသော သင်္ကေတတစ်ခုကို သူတို့ မှတ်မိသွားကြလေသည်။ "အဲဒါ... အာဏာရှင်မျိုးနွယ်စုပဲ”
ရဲတင်းပြီး အာဏာပြတတ်သော ထိုသင်္ကေတကို မြင်သောအခါ ပေါက်ကွဲရန် အသင့်ဖြစ်နေသူများမှာ သူတို့၏ ဒေါသကို မြိုချလိုက်ရတော့သည်။ သူတို့တွင် ရွေးချယ်စရာ မရှိပေ။ အာဏာရှင်မျိုးနွယ်စုသည် ထျန်းယွမ်ကမ္ဘာလောကကြီး၏ မျိုးနွယ်စုကြီး ၃၆ခုထဲမှ တစ်ခုဖြစ်ပြီး ထိပ်တန်း အထက်တန်းလွှာ မိသားစုငါးခုစာရင်းတွင် ပါဝင်လေသည်။ သူတို့၏ အခြေခံအုတ်မြစ်နှင့် ခွန်အားသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးဂိုဏ်းကြီးများနှင့်ပင် ရင်ဘောင်တန်းနိုင်ပေ၏။ သူတို့သည် သာမန်အောက်ခြေ ကျင့်ကြံသူများ သို့မဟုတ် ဂိုဏ်းငယ်လေးများမှ အဖွဲ့ဝင်များ ရန်စဝံ့သူများ မဟုတ်ကြပေ။
"အာဏာရှင်မျိုးနွယ်စုကလည်း တကယ်ရောက်လာတာပဲ” ဆရာတူအစ်မယဲ့နှင့် သူမ၏အဖွဲ့သည်လည်း လှေပျံ၏ အရှိန်အဝါကြောင့် လန့်နိုးသွားကြပြီး ထိုနည်းတူစွာပင် တုန်လှုပ်သွားကြလေ၏။
အာဏာရှင်မျိုးနွယ်စု၏ ပိုင်နက်သည် ထျန်းရှုတိုက်ကြီးနှင့် ဝေးကွာလှသော်လည်း ဤနေရာသို့ မရောက်ရောက်အောင် ခရီးနှင်လာခဲ့ကြသည်။ "အာဏာရှင်မျိုးနွယ်စုက အဖွဲ့ဝင်တွေက သူတို့နာမည်နဲ့လိုက်အောင် ရက်ရက်စက်စက် ပြုမူတတ်တယ်လို့ ကောလာဟလတွေ ရှိတယ်။ အခု သူတို့ကို မြင်လိုက်ရတော့ အဲဒါက တကယ်ဖြစ်နေတာပဲ"
ဆရာတူအစ်မယဲ့နှင့် အခြားသူများက စိတ်ဝိညာဉ် အသံလွှင့်စကားကို အသုံးပြု၍ အချင်းချင်း တိုးတိုးလေး ပြောလိုက်ကြသည်။ သူတို့လည်း ဒေါသထွက်ရန် ရည်ရွယ်ချက် မရှိကြပေ။ အာဏာရှင်မျိုးနွယ်စုသည် မျိုးနွယ်စုကြီး ၃၆ခု၏ ထိပ်တန်းငါးခုစာရင်းတွင် ပါဝင်ပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားမှာ ချီခွန်းဂိုဏ်းထက်ပင် များစွာသာလွန်နေလေသည်။
အာဏာရှင်မျိုးနွယ်စု၏ လှေပျံ ရောက်ရှိလာမှုကြောင့် လူတိုင်း အံ့အားသင့်နေစဉ်မှာပင် ၎င်းထဲမှ ပုံရိပ်ဆယ်ခုကျော် ပျံသန်းထွက်ပေါ်လာတော့၏။ "ဒါဆို ဒါက ပဉ္စမ အတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ် ဓားကျင့်ကြံသူတစ်ယောက်ရဲ့ အမွေအနှစ်ပါတဲ့ ဒဏ္ဍာရီလာ ဓားရာတွေပေါ့"
ကြယ်စင်နှင့်တူသော မျက်ခုံးများနှင့် ဓားတစ်လက်ကဲ့သို့ စူးရှသောမျက်လုံးများရှိသည့် အရပ်ရှည်ရှည်နှင့် ကျက်သရေရှိသော လူငယ်တစ်ဦးသည် ဝေးကွာသော တောင်ပေါ်ရှိ စာလုံးများကို တောက်ပသောမျက်လုံးများဖြင့် ငေးကြည့်လိုက်လေ၏။
"သာမန် ပဉ္စမ အတိဒုက္ခအဆင့် ဓားအမွေအနှစ်လေးတစ်ခုပါပဲဗျာ။ မင်းရဲ့ ကောင်းကင်ဓားဂိုဏ်းမှာ အဲဒီလိုမျိုးတွေ အများကြီးရှိမယ်လို့ ငါလောင်းရဲတယ်... ဟုတ်တယ်မလား ညီလေးရှန်"
ကြွက်သားအမြွှာမြွှာနှင့် ပခုံးကျယ်ကျယ် အရပ်ခြောက်ပေကျော်ရှိသော လူထွားကြီးတစ်ဦးက ရယ်မောလိုက်လေသည်။
"အစ်ကိုပါထျန်း... အဲဒါက သိပ်မမှန်သေးဘူး။ ပဉ္စမ အတိဒုက္ခအဆင့်ကို ရောက်တဲ့သူတွေက ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားစွမ်းရည်တွေရှိတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေပဲလေ။ သူတို့ချန်ထားခဲ့တဲ့ အမွေအနှစ်တွေက အရမ်းရှားပြီးတော့ အဖိုးတန်တယ်။ ကျွန်တော်တို့ ကောင်းကင်ဓားဂိုဏ်းမှာ ဘိုးဘေးတွေဆီကနေ သန္ဓေသားဝိညာဉ်အဆင့် ဓားအမွေအနှစ်တချို့ ရှိပေမဲ့လည်း ပဉ္စမ အတိဒုက္ခအဆင့်လောက်ရှိတဲ့ အရာတွေကတော့ နည်းနေတုံးပဲဗျ။ နောက်ထပ်တစ်ခုကိုသာ ထပ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို အများကြီး ပိုအားကောင်းလာစေမှာပဲ" ကြယ်စင်မျက်ခုံးနှင့် ဓားမျက်လုံးများပိုင်ရှင် လူငယ်လေးက ခေါင်းယမ်းလိုက်၏။
"ဒါဆိုရင်လည်း သေချာလေ့လာတာ အကောင်းဆုံးပေါ့။ မင်းရဲ့ ဓားပါရမီနဲ့ဆိုရင် အဲဒီထွင်းထုချက်တွေထဲက ဓားတာအိုအသိက သိပ်စိန်ခေါ်မှုကြီးမှာ မဟုတ်ပါဘူး" လူထွားကြီးက အသံကျယ်ကျယ်ဖြင့် ချီးကျူးလိုက်လေသည်။
"ပဉ္စမ အတိဒုက္ခအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဓားတာအိုကို နားလည်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ ကျွန်တော်က ကြိုးစားကြည့်ချင်ရုံပါ" လူငယ်က နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။ သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးကတော့ ထိုချီးကျူးစကားကို အတော်လေး သဘောကျနေကြောင်း ဖော်ပြနေခဲ့၏။
"အောက်ဆင်းပြီး မင်းတရားရှုမှတ်ဖို့ နေရာကောင်းတစ်ခု ရှာကြရအောင် ညီလေးရှန်" လူထွားကြီးက ဧရာမလှေပျံကြီးကို ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်ပြီး အောက်သို့ အရင်ပျံဆင်းသွားလေသည်။
သူသည် စင်မြင့်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် သူ၏အကြည့်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
ထောင့်တစ်နေရာရှိ ဆရာတူအစ်မယဲ့နှင့် သူမ၏အဖွဲ့ကို မြင်သောအခါ သူ အနည်းငယ် ရပ်တန့်သွားခဲ့သော်လည်း သူ၏မျက်လုံးများက ဆက်လက်ရွေ့လျားသွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် အေးစက်စက် မျက်နှာထားရှိသည့် အနက်ရောင်ဝတ်စုံနှင့် ပိန်ပိန်ပါးပါး လူလတ်ပိုင်းတစ်ဦးထံသို့ အာရုံစိုက်လိုက်တော့သည်။ "မင်းနေရာလေးက မဆိုးဘူးပဲ။ ဖယ်ပေးလိုက်”
ချက်ချင်းပင် မျက်လုံးအားလုံးက ထိုလူ့ထံသို့ လှည့်သွားကြတော့သည်။
ဆရာတူအစ်မယဲ့နှင့် သူမ၏အဖော်များက သူ့ကို မှတ်မိလိုက်ကြ၏။ ထိုသူမှာ အစောပိုင်းက သူတို့ကို ဆူညံသည်ဟုဆိုကာ မထီမဲ့မြင်ပြုခဲ့သော သူပင်ဖြစ်သည်။ သူတို့၏ မျက်လုံးများထဲတွင် ယခုအခါ ဝမ်းသာအားရဖြစ်နေသည့် အရိပ်အယောင်တစ်ခု စွန်းထင်းနေလေပြီပင်။
အစောပိုင်းက မောက်မာနေခဲ့သော သူ၏အမူအရာသည် ယခု အာဏာရှင်မျိုးနွယ်စုနှင့် ရင်ဆိုင်ရချိန်တွင်တော့ မည်မျှအထိ တင်းခံနိုင်မည်ကို ကြည့်ကြရပေတော့မည်။
လူတိုင်း၏ အကြည့်အောက်တွင် အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာမှာ နီရဲသွားခဲ့တော့သည်။
သူ ဒေါသထွက်ချင်သော်လည်း ပါထျန်း၏ အကြည့်ကို ရင်ဆိုင်လိုက်ရချိန်တွင် သူ၏နှလုံးသားထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားခဲ့လေ၏။ နောက်ဆုံးတွင် သူ၏မျက်နှာမှာ အနီရောင်မှ အပြာရောင်သို့ ကူးပြောင်းသွားပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
ထို့နောက် မျက်နှာထားကို ခက်ထန်စွာထားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ထွက်ခွာသွားတော့သည်။ အနီးအနားရှိ ကျင့်ကြံသူများပင်လျှင် အလျင်အမြန် မတ်တတ်ရပ်ကာ နေရာဖယ်ပေးလိုက်ကြ၏။
ပါထျန်းက သူတို့၏ သိတတ်မှုကို သဘောကျစွာ ပြုံးလိုက်လေသည်။ ပြီးနောက် သူက ဖိတ်ခေါ်သည့်ဟန်ဖြင့် လက်ဟန်ပြလိုက်သည် "ညီလေးရှန်... ကျေးဇူးပြုပြီး”
"ဒီလောက်ထိ လုပ်ဖို့မလိုပါဘူး အစ်ကိုပါထျန်းရယ်" ကြယ်စင်မျက်ခုံးနှင့် လူငယ်လေးက သက်ပြင်းချလိုက်၏။
သို့သော် သူက ငြင်းဆန်ခြင်းမရှိဘဲ အနက်ရောင်ဝတ်စုံနှင့်လူ ထိုင်ခဲ့သည့်နေရာတွင် ဝင်ထိုင်လိုက်တော့သည်။
"ကောင်းပြီ... ကျန်တဲ့သူတွေလည်း ကိုယ့်နေရာကိုယ်ရှာပြီး နားလည်သဘောပေါက်ဖို့ စကြတော့”
"ဟုတ်ကဲ့ပါ" အာဏာရှင်မျိုးနွယ်စုမှ အဖွဲ့ဝင်ဆယ်ဦးကျော်က တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကြပြီး ထိုနေရာတစ်ဝိုက်တွင် စက်ဝိုင်းပုံစံ တရားထိုင်ရန် နေရာယူလိုက်ကြလေသည်။
ဓားထွင်းထုချက်များကို နားလည်သဘောပေါက်ရန် သူတို့ ငြိမ်သက်သွားသောအခါ စင်မြင့်ကြီးမှာ တစ်ဖန်ပြန်၍တိတ်ဆိတ်သွားပြန်၏။ သို့သော် အာဏာရှင်မျိုးနွယ်စုမှလွဲ၍ မည်သူမျှ ငြိမ်းချမ်းစွာ ဆက်လက်မကျင့်ကြံနိုင်ကြတော့ပေ။ လူတိုင်းက ပါထျန်းနှင့် အခြားသူများကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြတော့သည်။
ဆရာတူအစ်မယဲ့နှင့် သူမ၏အဖွဲ့လည်း ချွင်းချက်မဟုတ်ပေ။
"ဆရာတူအစ်မ... အာဏာရှင်မျိုးနွယ်စု ပေါ်လာရုံတင်မကဘူး၊ ကောင်းကင်ဓားဂိုဏ်းက လူတွေပါ ရောက်လာမယ်လို့ ကျွန်မဖြင့် ထင်တောင်မထင်ထားမိဘူး" ချူရှောင်ကျင်းက သူမ၏ ဆရာတူအစ်မကို စိတ်ဝိညာဉ် အသံလွှင့်စကားဖြင့် တိတ်တဆိတ် ပြောလိုက်ရာ သူမ၏အသံတွင် အံ့သြထိတ်လန့်မှုများ ရောယှက်နေပါ၏။
"ပါထျန်းလို့ခေါ်တဲ့ လူထွားကြီးက အခုလက်ရှိ အာဏာရှင်မျိုးနွယ်စု မျိုးဆက်ရဲ့ တိုက်ရိုက်မျိုးဆက် တာအိုတပည့်တွေထဲက တစ်ယောက်ဖြစ်ရမယ်။ သူကလေ မိုးကြိုးအတိဒုက္ခ ကိုးခုနဲ့ သန့်စင်ထားတဲ့ အပြစ်အနာအဆာကင်းတဲ့ အထက်တန်းအဆင့် ရွှေအမြုတေကို စုစည်းနိုင်ခဲ့ရုံတင်မကဘူးနော်။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းက သတ္တမ အသွင်ပြောင်းခြင်းအဆင့်ကို ဖြတ်ကျော်ပြီးတော့ ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကိုတောင် ရောက်နေပြီလို့ ကောလာဟလတွေ ထွက်နေတာလေ။ အခုဆို ဆယ်စုနှစ်တစ်ခုကျော်တောင် ကြာသွားပြီဆိုတော့ သူ ဘယ်အဆင့်ကို ရောက်နေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ အဋ္ဌမ အသွင်ပြောင်းခြင်းအဆင့် ဒါမှမဟုတ်လည်း ရွှေအမြုတေအဆင့်ရဲ့ အထွတ်အထိပ် နဝမအသွင်ပြောင်းခြင်းအဆင့်တောင် ဖြစ်နေနိုင်တယ်" ခရမ်းရောင်ဝတ်စုံနှင့် ကျိရှောင်ကလည်း သိသာစွာ တုန်လှုပ်နေလျက် ပြောလိုက်လေသည်။
"ပြီးတော့ သူ ညီလေးရှန်လို့ခေါ်ခေါ်နေတဲ့ အဲ့လူငယ်လေးကကျ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်း အထူးချွန်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကောင်းကင်ဓားဂိုဏ်းက တပည့် ရှန်ချန်ဖုန်း ဖြစ်နိုင်တယ်"
ဆရာတူအစ်မယဲ့ကလည်း လေးနက်သော စိတ်ဝိညာဉ် အသံလွှင့်စကားဖြင့် ထပ်လောင်းပြောလိုက်၏။ "ရှန်ချန်ဖုန်းက ကောင်းကင်ဓားဂိုဏ်းရဲ့ တိုက်ရိုက်မျိုးဆက် အတွင်းစည်းတပည့် ၁၂ယောက်ထဲက တစ်ယောက်ပဲ။ သူက ဂိုဏ်းရဲ့ ကောင်းကင်ဖုံးကွယ် ဓားကျမ်းကို ကျွမ်းကျင်ပိုင်နိုင်လို့ သူ့ရဲ့ ကျင့်ကြံမှုက တော်တော်လေးကိုမှ နက်ရှိုင်းတယ်လို့ ပြောကြတယ်။ သူ ဂိုဏ်းကို စဝင်တုန်းက မိုးကြိုးအတိဒုက္ခ ကိုးခုကို ဖြတ်ကျော်ပြီး အပြစ်အနာအဆာကင်းတဲ့ အထက်တန်းအဆင့် ရွှေအမြုတေကို စုစည်းဖို့ နှစ်သုံးဆယ်တောင် အချိန်မယူခဲ့ရဘူးတဲ့လေ။ သူက ကျင့်ကြံခြင်းလောကကို အံ့အားသင့်စေခဲ့တယ်လေ။ သူ့နာမည်က ဟိုးအဝေးကြီးအထိ ကျော်ကြားသွားခဲ့တာ”
"အခုဆို ဆယ်စုနှစ်တွေတောင် ကြာသွားပြီ။ သူ့ရဲ့ ကျင့်ကြံမှုက ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကိုတောင် ရောက်နေလောက်ပြီ။ ပြီးတော့ ဓားကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေတော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ပြိုင်ဘက်ကင်းတယ်။ တိုက်ခိုက်ရေးစွမ်းအားနဲ့ချည်း ပြောရရင် သူက အပြစ်အနာအဆာကင်းတဲ့ တခြားရွှေအမြုတေ ကျင့်ကြံသူတွေထက်တောင် ပိုအစွမ်းထက်လိမ့်မယ်”
"အဝေးကြီးက အာဏာရှင်မျိုးနွယ်စုနဲ့ ကောင်းကင်ဓားဂိုဏ်းကတောင် ဒီကို လူလွှတ်လိမ့်မယ်လို့ မထင်ထားမိဘူး...လွှတ်မဲ့လွှတ်တော့လည်း သာမန်လူတွေ မဟုတ်ဘဲ ပါထျန်းနဲ့ ရှန်ချန်ဖုန်းလို မကောင်းဆိုးဝါးဆန်တဲ့ ပါရမီရှင်တွေကို လွှတ်ချလိုက်ပါလားနော်... မြင့်မြတ်တဲ့ထျန်းရှုတောင်တော်ကနေ မကြာခင် ပေါ်လာမယ့် လျှို့ဝှက်နယ်မြေက ငါတို့ထင်ထားတာထက်တောင် အများကြီး ပိုပြီးထူးခြားနေတဲ့ပုံပဲ”
အံ့သြတုန်လှုပ်မှုနှင့် လေးလံမှုတို့ ရောယှက်ကာ ဆရာတူအစ်မယဲ့နှင့် သူမ၏အဖော်များအပေါ် ဖိစီးသွားတော့သည်။
တတ်နိုင်သည်တော့ မရှိပေ။ အာဏာရှင်မျိုးနွယ်စုကရော ကောင်းကင်ဓားဂိုဏ်းကပါ ထျန်းယွမ်ကမ္ဘာလောကကြီးအတွင်းရှိ ဧရာမအင်အားစုကြီးများ ဖြစ်ကြသည်။ သူတို့နှင့်ယှဉ်လျှင် ချီခွန်းဂိုဏ်းမှာ အဆင့်များစွာ နိမ့်ကျနေပါ၏။
ထို့ပြင် ပါထျန်းနှင့် ရှန်ချန်ဖုန်းတို့ပင် လျှို့ဝှက်နယ်မြေထဲ ဝင်နိုင်ခြေရှိသည်ဟူသော အတွေးက သူတို့၏ နှလုံးသားများကို စိုးရိမ်ပူပန်မှုများဖြင့် ကျုံ့ဝင်သွားစေတော့၏။
ဤမျှ မကောင်းဆိုးဝါးဆန်သော ရွှေအမြုတေ ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်ရမည်ဆိုပါက ကံကြမ္မာကောင်းတစ်ခုခုကို ဆုပ်ကိုင်နိုင်ရန် သူတို့အတွက် အမှန်တကယ်ပင် အခွင့်အရေး ရှိနိုင်ပါဦးမည်လော။
"ပါထျန်းနဲ့ ရှန်ချန်ဖုန်းတောင် ရောက်လာကြတာပဲ..."
အနီးအနားတွင်ရပ်နေသော တာအိုဆရာဝူပေါင်မှာလည်း ထိုနည်းတူစွာပင် တုန်လှုပ်နေခဲ့၏။
မြင့်မြတ်သော ထျန်းရှုတောင်တော်မှ လှုပ်ခတ်မှုက ဤမျှကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။
"မြင့်မြတ်တဲ့ထျန်းရှုတောင်တော်ကနေ ပြုစုပျိုးထောင်ပေးလိုက်တဲ့ လျှို့ဝှက်နယ်မြေက တော်တော့်ကိုမှ ထူးခြားနေတာဖြစ်ရမယ်။ အချိန်ကျလာရင် သတိထားတာ အကောင်းဆုံးပဲ... တာအိုမိတ်ဆွေချန်နဲ့တူတူ အစွန်အဖျားလောက်မှာပဲ နေပြီး အခွင့်အရေးတချို့ကို ရှာကြည့်ရမယ်။ အတွင်းပိုင်းအထိတော့ မဝင်သင့်ဘူး"
တာအိုဆရာဝူပေါင်က တိတ်တဆိတ် ဆုံးဖြတ်လိုက်လေသည်။
အာဏာရှင်မျိုးနွယ်စု ရုတ်တရက် ရောက်ရှိလာမှုသည် ချီခွန်းဂိုဏ်းတပည့်များအတွက် ပြင်းထန်သည့်ထိုးနှက်ချက်တစ်ခု ဖြစ်သွားစေခဲ့သည်။
ထိုအချိန်တွင် ချူရှောင်ကျင်းက ရုတ်တရက် ပြောလိုက်၏။ "ဟင်... အစ်ကိုချန်က အခုထိ မနိုးသေးဘူးလား”
လူတိုင်း လှည့်ကြည့်လိုက်ရာ လုချင်းမှာ မျက်စိမှိတ်လျက် ငြိမ်သက်အေးချမ်းသော မျက်နှာထားဖြင့် တရားထိုင်နေဆဲဖြစ်ကြောင်း မြင်တွေ့လိုက်ရလေသည်။
အာဏာရှင်မျိုးနွယ်စု ရောက်လာချိန်တွင်ပင် လုချင်းထံမှ အသံတစ်သံမျှ မကြားခဲ့ရသည်ကို ယခုမှသာ သူတို့ သတိထားမိသွားကြ၏။
ဆိုလိုသည်မှာ သူသည် အပြင်ဘက်မှ ဆူညံပွက်လောရိုက်မှုများကို လုံးဝဂရုမစိုက်ဘဲ အချိန်တစ်လျှောက်လုံး တရားရှုမှတ်နေခဲ့ခြင်းပင်။
ဤသည်ကို သဘောပေါက်သွားသောအခါ လူတိုင်းမှာ နက်ရှိုင်းသော လေးစားမှုတစ်ခုကို ခံစားလိုက်ရတော့သည်။
သူ့ကို တာအိုမိတ်ဆွေချန်ဟု ခေါ်ကြသည်မှာ အံ့သြစရာမရှိပေ။ သူ၏ တာအိုနှလုံးသားမှာ အံ့မခန်း ခိုင်မာလှသည်။ ဤသို့သောအခြေအနေမျိုးတွင်ပင် သူသည် တည်ငြိမ်နေပြီး ကျင့်ကြံခြင်းတွင် အေးဆေးစွာ နေနိုင်ခဲ့ပေသည်။
ထိုစဉ်မှာပင် လုချင်း၏ ရင်ခွင်ထဲ၌ မှေးစက်နေသော သားရဲလေးရှောင်လီက ရုတ်တရက် ခေါင်းမော့လာပြီး ၎င်း၏မျက်လုံးများထဲတွင် သတိပေးသည့် အရိပ်အယောင်တစ်ခု တောက်ပနေလေ၏။
ချူရှောင်ကျင်းနှင့် အခြားသူများ၏ကျောရိုးတစ်လျှောက်တွင်လည်း အေးစက်စက် ခံစားချက်တစ်ခု ဖြတ်ပြေးသွားကာ တောင့်တင်းသွားကြတော့သည်။
သူတို့က ရှောင်လီကို တုန်လှုပ်ခြင်း၊ မသေချာခြင်းတို့ဖြင့် ကြည့်လိုက်ကြသည်။
ဤဝိညာဉ်သားရဲကို သူတို့ စိမ်းသက်နေသည်တော့ မဟုတ်ပေ။ လုချင်းနှင့် ပထမဆုံး စတင်တွေ့ဆုံကတည်းက ၎င်းသည် သူ၏ပခုံးပေါ်၌ နားနေခြင်း၊ ခေါင်းပေါ်၌ အိပ်နေခြင်း သို့မဟုတ် ရင်ခွင်ထဲ၌ ခွေနေခြင်းတို့ကိုသာ ပြုလုပ်နေခဲ့သည်။
လုချင်းက ၎င်းကို အလွန်အမင်း အလိုလိုက်ထားပြီး သွားလေရာတိုင်း ခေါ်ဆောင်သွားလေ့ရှိ၏။
ချူရှောင်ကျင်းလို လူမျိုးပင်လျှင် ရှောင်လီ၏ ချစ်စရာကောင်းသော ရုပ်ရည်သွင်ပြင်ကြောင့် စွဲမက်နေခဲ့သည်မှာ ကြာပြီပင်။
သို့သော် သားရဲလေးသည် အမြဲတမ်း အေးတိအေးစက်နိုင်ပြီး ခပ်ခွာခွာနေကာ မည်သူ့ကိုမျှ ဂရုမစိုက်တတ်ပေ။ ချူရှောင်ကျင်းက ရှောင်လီထံသို့ ချဉ်းကပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရလေ၏။
ရှောင်လီသည် ပုံမှန်မဟုတ်ဘဲ ဉာဏ်ကောင်းပုံပေါ်သော်ငြားလည်း ချူရှောင်ကျင်းနှင့် အခြားသူများကတော့ ၎င်းကို အထူးချစ်စရာကောင်းသော သာမန်ဝိညာဉ်သားရဲလေး တစ်ကောင်ဟုသာ အမြဲတမ်း ယူဆထားခဲ့ကြသည်။
၎င်းတွင် စွမ်းအား အစစ်အမှန်တစ်ခုခုရှိမည်ဟု သူတို့ တစ်ခါမျှ မခံစားခဲ့ရပေ။
သို့သော် ယခုအချိန်၌ ရှောင်လီက တင်းမာကာ သတိပေးသည့်အကြည့်ဖြင့် ကြည့်လာသောအခါ ရုတ်တရက် အေးစက်မှုတစ်ခုက သူတို့၏ အတွင်းပိုင်းအထိ ဆုပ်ကိုင်သွားပြီး အားလုံး မှင်သက်သွားကြတော့သည်။
ဤအန္တရာယ်ကင်းပုံရသော သားရဲလေးသည် အမှန်တကယ်ပင် အံ့မခန်း စွမ်းအားကြီးမားသော သတ္တဝါတစ်ကောင်များ ဖြစ်နေမည်လော။
ရှောင်လီ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားသောကြောင့် ဆရာတူအစ်မယဲ့နှင့် အခြားသူများမှာ ၎င်းကို မသိမြင်နိုင်ဘဲ တုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြလေသည်။
တာအိုဆရာဝူပေါင်ပင်လျှင် နောက်တစ်ကြိမ် လန့်ဖျပ်သွားခဲ့၏။
လုချင်းနှင့်အတူ ခရီးသွားခဲ့သည့် ပြီးခဲ့သောရက်များအတွင်း သူသည်လည်းပဲ ထိုသားရဲလေးကို သေချာပေါက် သတိထားမိခဲ့သည်။
သို့သော် သူ၏အမြင်တွင်တော့ ၎င်း၏ သိသာထင်ရှားသော ဉာဏ်ရည်ဉာဏ်သွေးမှလွဲ၍ ထူးထူးခြားခြား ပုံမှန်မဟုတ်သည်မျိုး မရှိခဲ့ပေ။ သို့တိုင်အောင် ယခုလေးတင် ရှောင်လီက ခေါင်းမော့ကာ သတိပေးသလို စိုက်ကြည့်လိုက်သောအခါ၌ သူပင်လျှင် သတိထားရမည့် အရိပ်အယောင်တစ်ခုကို ခံစားလိုက်ရလေသည်။
ထိုအခိုက်အတန့်တွင် အချိန်တစ်လျှောက်လုံး သူ အကဲဖြတ်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း သူ သဘောပေါက်သွားတော့သည်။ လုချင်း၏ ရင်ခွင်ထဲတွင် တစ်နေကုန် အိပ်စက်နေတတ်သည့် ဤသတ္တဝါလေးသည် သာမန်ဆိုသည့်အရာနှင့် များစွာကွာဝေးနေခဲ့ပေ၏။
ဆရာတူအစ်မယဲ့နှင့် အခြားသူများမှာ လုချင်းကို အနှောင့်အယှက်မပေးဝံ့လောက်အောင် ကြောက်ရွံ့သွားကြသည်ကို မြင်သောအခါမှသာ ရှောင်လီသည် နောက်ဆုံးတွင် ၎င်း၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အန္တရာယ်ကင်း၍ ချစ်စရာကောင်းသော ပုံစံသို့ ပြန်လည်ရောက်ရှိသွားတော့၏။
သို့သော် ဤမြင်ကွင်းက သူတို့၏အတွေးများကို ပိုမိုခိုင်မာသွားစေခဲ့သည်။
တာအိုမိတ်ဆွေချန်၏ ရင်ခွင်ထဲ၌ အမြဲတမ်း မှေးစက်နေတတ်သော အရောင်အသွေးစုံလင်သည့် သားမွေးများနှင့် ဤသားရဲလေးသည် သေချာပေါက်ကိုပဲ သာမန် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်လေး မဟုတ်ပေ။
သူတို့၏ စိတ်ခံစားမှုများ လှုပ်ရှားနေစဉ်မှာပင် သူတို့၏ ခန္ဓာကိုယ်များ ထပ်မံတင်းမာသွားပြန်၏။
ကြောက်မက်ဖွယ်ကောင်းသော ဓားတာအိုအသိတစ်ခုသည် သူတို့ဘေးတွင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ယင်းက အလွန်အမင်း လွှမ်းမိုးနိုင်လွန်းသဖြင့် လူတိုင်းမှာ သူတို့၏ ခန္ဓာကိုယ်များ အေးစက်သွားသည်ကိုပင် ခံစားလိုက်ရလေသည်။
ဆရာတူအစ်မယဲ့နှင့် အခြားသူများက ရုတ်တရက် လှည့်ကြည့်လိုက်ကြရာ ထိုကြောက်မက်ဖွယ် ဓားတာအိုအသိမှာ အခြားသူမဟုတ်ဘဲ ရှန်ချန်ဖုန်းထံမှ ဖြာထွက်နေခြင်းဖြစ်ကြောင်း မြင်တွေ့လိုက်ရလေတော့၏။
………
အခန်း ၅၇၀ - ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါ၊ ပုံစံမျိုးစုံ ဓားနှင့် ပကတိဖျက်ဆီးခြင်း ဓား
"သူက ဒီလောက်မြန်မြန် ဉာဏ်အလင်းပွင့်သွားပြီလား..." ဆရာတူအစ်မယဲ့နှင့် အခြားသူများက ရှန်ချန်ဖုန်းထံမှ ထွက်ပေါ်လာသော ဓားအသိများကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး သူတို့မျက်နှာထက်တွင် အံ့အားသင့်မှုများ အထင်းသားပေါ်လွင်နေတော့သည်။
အချိန်ခဏလေးအတွင်းမှာပင် ရှန်ချန်ဖုန်းက ထွင်းထုထားသော စာလုံးများဆီမှ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားခဲ့ပြီလော။
အနီးနားရှိ အခြားသော ကျင့်ကြံသူများမှာလည်း မှင်သက်အံ့ဩသွားကြလေ၏။ ထိုစာလုံးများကို အချိန်အတော်ကြာ လေ့လာနေခဲ့ကြသူများဖြစ်ရာ ယခုပြောင်းလဲမှုကို သဘာဝကျကျပင် ခံစားသိရှိနိုင်ကြပေသည်။ ရှန်ချန်ဖုန်းထံမှ ထွက်ပေါ်လာသော ဓားအသိမှာ အပြည့်အဝ ပုံမပေါ်သေးသော်လည်း စာလုံးများထဲရှိ ဓားတာအိုရောင်ဝါနှင့် အတော်လေးကို ဆင်တူနေခဲ့လေပြီပင်။
တစ်နည်းဆိုရသော် ဤမျှတိုတောင်းလှသော အချိန်လေးအတွင်းမှာပင် သူက ဉာဏ်အလင်းပွင့်သွားခဲ့ခြင်းပင် ဖြစ်၏။ သူ့ထံမှ ဖြာထွက်နေသော ဓားအသိ၏ အစွမ်းထက်မှုကို ကြည့်ခြင်းအားဖြင့် သူ၏နားလည်သဘောပေါက်မှုမှာ အလွန်ကိုမှ နက်ရှိုင်းလှကြောင်း သိနိုင်ပေ၏။
"ဒါက စစ်မှန်တဲ့ဓားတာအို ပါရမီရှင်တစ်ယောက်ရဲ့ ကျင့်ကြံခြင်းစွမ်းရည်ပဲကိုး..." ကျင့်ကြံသူတစ်ဦးက ရှန်ချန်ဖုန်းထံမှ ဓားအသိကို ခံစားရင်း အံ့ဩချီးကျူးမှုရော၊ မနာလိုမှုပါ ရောယှက်စွာဖြင့် ညည်းတွားလိုက်သည်။ သူ့ထံတွင်ရှိသော ကြောက်မခန်းလိလိ ပါရမီစွမ်းရည်အတွက် အံ့ဩရသလို ထိုအကြောင်းပြချက်ဖြင့်ပင် မနာလိုဖြစ်ရခြင်းပင်တည်း။ သူတို့ နှစ်ပေါင်းများစွာ အချိန်ယူ နားလည်ဖို့ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သည့် ဓားအသိကို ရှန်ချန်ဖုန်းက မျက်စိတစ်မှိတ်စာ အချိန်လေးအတွင်းမှာပင် ဆုပ်ကိုင်နိုင်ခဲ့လေ၏။
ဤသည်ကို သူတို့က မည်သို့များ မနာလိုမဖြစ်ဘဲ နေနိုင်ပါမည်နည်း။
"ငါထင်သားပဲ... ညီလေးရှန်က ဒီစာလုံးတွေထဲက ဓားတာအိုအမွေအနှစ်ကို ရကိုရလိမ့်မယ်ဆိုတာ" ပါထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အရာအားလုံးကို သူကြိုတင်မျှော်လင့်ထားသည့်အလား ပုံပေါက်နေတော့သည်။
ပါ မျိုးနွယ်စုမှ အခြားအဖွဲ့ဝင်များကလည်း လေးစားအားကျသည့် အမူအရာများ ပြသနေကြလေ၏။
သူတို့ကိုယ်တိုင်လည်း လွန်ခဲ့သောခဏလေးကပင် စာလုံးများထံမှ ဉာဏ်အလင်းပွင့်ရန် ကြိုးစားခဲ့ကြသော်လည်း နားလည်မှု၏ မှေးမှိန်သော အလင်းတန်းလေးတစ်ခုကိုသာ ဖမ်းဆုပ်နိုင်ခဲ့ကြပေသည်။ ရှန်ချန်ဖုန်းကဲ့သို့ ဓားအသိကို စုစည်းနိုင်ရန်မှာတော့ အဝေးကြီး လိုသေးသည်သာ။
ရှန်ချန်ဖုန်းမှာ သူတို့၏ တာအိုသခင်လေး ပါထျန်းနှင့် တန်းတူဖြစ်သော၊ အပြစ်အနာအဆာကင်းသည့် အထက်တန်းအဆင့်ရွှေအမြုတေကို စုစည်းနိုင်ခဲ့သူတစ်ဦးပီပီ စစ်မှန်သော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးပင်။
ထိုအခြေအနေတွင် မည်သူကမျှ ဆက်လက်တရားထိုင်ရန် စိတ်မပါကြတော့ချေ။ လူတိုင်း၏ အာရုံစိုက်မှုက ရှန်ချန်ဖုန်းထံသို့သာ ရောက်ရှိနေပြီး သူ၏နားလည်သဘောပေါက်မှုက မည်မျှအထိ ခရီးရောက်မည်ကို စောင့်ကြည့်နေကြတော့သည်။
ထျန်းရှုမြို့တော်၏ ၁၈ဆက်မြောက် မြို့စားမင်း ချန်ရစ်ခဲ့သည့် ဒဏ္ဍာရီလာ ဓားတာအိုအမွေအနှစ်ကို သူ အပြည့်အဝ ဖော်ထုတ်နိုင်မည်လော။
နှစ်ပေါင်းသောင်းချီတိုင်အောင် မည်သူမျှ မစွမ်းဆောင်နိုင်ခဲ့သည့် အရာကို သူ ပြီးမြောက်နိုင်မည်လော။
လူတိုင်း၏ အကြည့်အောက်တွင် ရှန်ချန်ဖုန်းကို ဝန်းရံထားသော ဓားအသိမှာ ပိုပို၍ပင် သန့်စင်လာလေတော့သည်။
ထိုအချိန်မှာပင် လုချင်းက သူ့မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေ၏။
သူက အံ့ဩရိုသေမှု တစ်စွန်းတစ်စဖြင့် တီးတိုးရေရွတ်လိုက်သည်။ "ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါ... ဒီချီရှင်းကျိချန်ပေ့က ဓားဝင်္ကပါလမ်းစဉ်ကို လျှောက်ခဲ့မယ်လို့ ငါ မထင်ထားမိဘူး"
သူက ဓားအသိခုနစ်ခုကို သန့်စင်ပြီး ဝင်္ကပါတစ်ခုအဖြစ် ပေါင်းစပ်ထားခဲ့ခြင်း ဖြစ်သည်။ ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါကိုသာ ထုတ်လွှတ်လိုက်ပါက ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို တိုက်ခိုက်ဖျက်ဆီးပစ်မည်ဖြစ်ပြီး အဆင့်တူကျင့်ကြံသူများအကြားတွင် မည်သူမျှ ယှဉ်နိုင်မည်မဟုတ်ချေ။
ယခုအချိန်တွင်မူ လုချင်းသည် စာလုံးများထဲတွင် ပါဝင်သော ဓားတာအိုအမွေအနှစ်ကို အပြည့်အဝ လက်ခံရရှိပြီးဖြစ်လေသည်။ သို့သော်လည်း သူရရှိခဲ့သည့်အရာမှာ သူ မျှော်လင့်ထားသည်ထက် အလွန်ပင် ကျော်လွန်နေခဲ့၏။ ဤအမွေအနှစ်သည် သာမန်ဓားသိုင်းတစ်ခုမဟုတ်ဘဲ ရှားပါးလှသော ဓားဝင်္ကပါလမ်းစဉ်တစ်ခု ဖြစ်နေပေသည်။ ၎င်းမှာ ဓားချီများကို အပိုင်းပိုင်းခွဲကာ ဝင်္ကပါတစ်ခုအဖြစ် ရက်လုပ်ပြီး ဝင်္ကပါ၏ ကြီးမားလှသော စွမ်းအားဖြင့် ရန်သူများကို ဖျက်ဆီးပစ်သည့် နည်းလမ်းပင်။
"ဒီကြယ်ခုနစ်ပွင့် ဓားဝင်္ကပါက ကောင်းကင်ဖြိုခွင်း ဓားချီနဲ့ လုံးဝဆန့်ကျင်ဘက် လမ်းစဉ်ကို လျှောက်ထားတာပဲ"
လုချင်းက သန္ဓေသားဝိညာဉ်အဆင့်တွင် သူရရှိခဲ့ဖူးသော အခြားဓားတာအိုအမွေအနှစ်တစ်ခုကို ပြန်လည်တွေးတောမိလိုက်သည်။ နှစ်ခုစလုံးက ဓားတာအိုအမွေအနှစ်များ ဖြစ်ကြသော်လည်း ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါကတော့ ဓားချီအား ပိုင်းခြားခြင်းကို အာရုံစိုက်ပြီး ဓားတစ်လက်ကနေ ပုံစံမျိုးစုံ ဖြစ်ပေါ်လာစေသည်။
ကောင်းကင်ဖြိုခွင်း ဓားချီမှာတော့ စွမ်းအားအားလုံးကို ဖျက်ဆီးခြင်းစွမ်းအားအပြည့်ရှိသော ဓားချီတစ်ချောင်းတည်းအဖြစ် စုစည်းကာ အဆုံးအစမဲ့ စွမ်းအားများကို ပေါက်ကွဲထွက်ပေါ်စေခြင်း ဖြစ်သည်။ ၎င်းက တိုက်ခိုက်မှုအားလုံးကို ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်ပြီး ကောင်းကင်ကိုပင် ခွဲခြမ်းပစ်နိုင်စွမ်းရှိပါ၏။ ထိုအရာက ဓားတစ်လက်တည်းဖြင့် သိုင်းပညာအားလုံးကို ချိုးဖျက်နိုင်သည့် လမ်းစဉ်ပင်။
"လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ နည်းစနစ်တွေရှိတဲ့ ဓားတာအိုအမွေအနှစ် နှစ်ခုကို ငါ ပိုင်ဆိုင်လာလိမ့်မယ်လို့ မထင်ထားမိဘူး... တစ်ခုက ပုံစံမျိုးစုံ၊ နောက်တစ်ခုကကျ ပကတိဖျက်ဆီးခြင်း"
လုချင်း၏ ရင်ထဲတွင် စစ်မှန်သော ဝမ်းမြောက်မှုကို ခံစားလိုက်ရလေ၏။
ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါနှင့် ကောင်းကင်ဖြိုခွင်း ဓားချီတို့၏ သဘောတရားများမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော်လည်း တစ်ခုနှင့်တစ်ခုက ပဋိပက္ခတော့ မဖြစ်ကြချေ။
အမှန်တကယ်တော့ ယင်းကဲ့သို့ ကွဲပြားနေသော ဓားလမ်းစဉ်များကို ကျွမ်းကျင်ပိုင်နိုင်ခြင်းက သူ့အတွက် ပိုမိုကျယ်ပြန့်သော အမြင်ကို ရရှိစေပေသည်။ ပြီးပြည့်စုံသော ရွှေအမြုတေ ကျင့်စဉ်၏ အဆက်ကို သူဖန်တီးရာတွင် ယင်းတို့က အကြံဉာဏ်သစ်များကို ပေးစွမ်းနိုင်မည်ပင်။ ထို့ပြင် သဘောတရားများ ကွဲပြားနေသော်လည်း ထိုဓားတာအိုအမွေအနှစ်နှစ်ခုကို ပေါင်းစပ်နိုင်ရန်ပင် ဖြစ်နိုင်ချေရှိပေ၏။
ထိုဖြစ်နိုင်ချေ၏ မှေးမှိန်သော အရိပ်အယောင်လေးတစ်ခုကိုလည်း သူ မြင်တွေ့ခဲ့ရလေပြီပင်။
သေချာသည်ကတော့ ယခုလောလောဆယ်တွင် ၎င်းမှာ ဖြစ်နိုင်ချေတစ်ခုသာ ဖြစ်သည်။ တကယ်တမ်း ပေါင်းစပ်နိုင်မည်၊ မပေါင်းစပ်နိုင်မည်ဆိုသည်မှာ အနာဂတ်၏ နားလည်သဘောပေါက်မှုနှင့် ပုံဖော်တွေးတောနိုင်မှုအပေါ်တွင်သာ မူတည်နေပေ၏။ သို့သော်လည်း ယခုအချိန်က ထိုအရာကို အာရုံစိုက်ရမည့်အချိန် မဟုတ်သေးချေ။ လုချင်းက သူ၏အတွေးများကို ငြိမ်သက်စေလိုက်ပြီး လူတိုင်း၏ အာရုံစိုက်ရာဗဟိုချက်ဖြစ်သော ရှန်ချန်ဖုန်းထံသို့ ကြည့်လိုက်တော့သည်။
ပါ မျိုးနွယ်စု ရောက်လာသည်ကို သူသဘာဝကျကျပင် သတိထားမိခဲ့လေ၏။ သူ၏အဓိကအသိစိတ်မှာ အမွေအနှစ်ကို လက်ခံရယူရန် စိတ်ကူးယဉ်နယ်မြေထဲတွင် ရှိနေခဲ့သော်လည်း အပြင်လောကကို စောင့်ကြည့်ရန်အတွက် အသိစိတ်တစ်စိတ်တစ်ပိုင်းကို ချန်ရစ်ထားခဲ့၏။
ထို့ကြောင့် သူတို့ရောက်လာသည်ကို သူသိသော်လည်း ဂရုမစိုက်ဘဲ အမွေအနှစ်ကိုသာ ဆက်လက်စုပ်ယူနေခဲ့ခြင်း ဖြစ်သည်။
ယခု ရှန်ချန်ဖုန်းကို ဝန်းရံကာ တဖြည်းဖြည်း သိပ်သည်းလာနေသော ဓားအသိကို ခံစားလိုက်ရသောအခါ၌ လုချင်းလည်း အတော်လေးကို အထင်ကြီးသွားမိတော့သည်။
သူ၏ဓားတာအိုပါရမီမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။ ဤမျှတိုတောင်းသော အချိန်အတွင်း ထွင်းထုထားသောစာလုံးများထံမှ ဤမျှနက်ရှိုင်းသော နားလည်မှုကို ရရှိခြင်းက ထျန်းယွမ်ကမ္ဘာလောကကြီးတွင် ပါရမီရှင်များ ပေါများနေသည်မှာ အံ့ဩစရာမဟုတ်ကြောင်း သက်သေပြနေလေ၏။
လုချင်း ကြုံတွေ့ဖူးသူများထဲတွင် သူ၏ဆရာတစ်ဦးတည်းသာ ဤဓားတာအိုပါရမီအဆင့်နှင့် ယှဉ်နိုင်ဖွယ်ရှိသည်။ ရှောင်ယန်ပင်လျှင် အနည်းငယ် လိုအပ်နေဦးမည်သာ။
လုချင်းသည် အမွေအနှစ်ကို လက်ခံရယူပြီးခါစဖြစ်သလို ချူရှောင်ကျင်းနှင့် အခြားသူများကလည်း ဝိညာဉ်အသိဖြင့် ဆက်သွယ်နေကြသောကြောင့် ရှန်ချန်ဖုန်း၏သရုပ်မှန်ကို စုံစမ်းရန် သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးမပြုခဲ့ချေ။ ထို့ကြောင့် ရှန်ချန်ဖုန်းမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သူ မသိ။
သူသိသည်မှာ ဤလူက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်ကြောင်းသာ။
"ဒါပေမဲ့ ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါကို အပြည့်အဝနားလည်ဖို့ဆိုရင် ပါရမီတစ်ခုတည်းနဲ့တော့ လုံလောက်မှာ မဟုတ်ဘူး" သူ၏ချီးကျူးလေးစားမှုများ ပျောက်ကွယ်သွားပြီးနောက် လုချင်းက တိတ်ဆိတ်စွာ ခေါင်းယမ်းလိုက်လေသည်။
ရှန်ချန်ဖုန်းမှာ ကြယ်ခုနစ်ပွင့် ဓားအသိကို စုစည်းနိုင်တော့မည့်ပုံ ပေါက်နေသော်လည်း သူ ကျိန်းသေပေါက် မရနိုင်မည်ကို လုချင်း သိနေပေသည်။
အကြောင်းပြချက်မှာ ရိုးရှင်းလှ၏။
တောင်ပေါ်ရှိ စာလုံးများတွင်ပါဝင်သော အမွေအနှစ်မှာ မပြည့်စုံသောကြောင့်ပင်။
ချီရှင်းကျိက ကျောက်တုံးပေါ်တွင် "ထျန်းရှုမြို့တော်" ဟူသော စာလုံးများကို ထွင်းထုစဉ်က သူ၏ဉာဏ်အလင်းပွင့်သည့် အခိုက်အတန့်လေးတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းသာ။
သူ့စိတ်ခံစားမှုများ နိုးကြားလာခါစ၌ ဖန်တီးခဲ့သော ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါ၏ ဓားအသိကို စာလုံးများထဲသို့ မတော်တဆ ထည့်သွင်းမိသွားခြင်း ဖြစ်လေ၏။ သို့သော်လည်း အမွေအနှစ်အပြည့်အစုံကို ချန်ရစ်ခဲ့ရန် သူ့တွင် မည်သည့်ရည်ရွယ်ချက်မျှ မရှိခဲ့ချေ။
ရလဒ်အနေဖြင့် စာလုံးများထဲတွင် ဓားတာအိုအသိသာ ပါဝင်ပြီး အမှန်တကယ် ကျင့်ကြံခြင်းနည်းလမ်းတော့ မပါဝင်ပေ။
လုချင်း၏ ထူးခြားလှသော နတ်မျက်စိစွမ်းရည်သာ မရှိခဲ့ပါက၊ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက အချိန်အခိုက်အတန့်တစ်ခုကို ပြန်လည်မြင်တွေ့ခွင့်ပေးသည့် စွမ်းရည်များသာ မရှိခဲ့ပါက...
ထို့ပြင် သူကိုယ်တိုင် ချီရှင်းကျိဖြစ်လာပြီး ထိုဓားအသိကို ထုတ်လွှတ်သည့် လုပ်ငန်းစဉ်အား ကိုယ်တိုင်ကိုယ်ကျ ခံစားခွင့် မရခဲ့ပါက...
သူကိုယ်တိုင်ပင်လျှင် ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါကို မည်သည့်အခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်ချေ။
ကြယ်ခုနစ်ပွင့် ဓားအသိကိုယ်တိုင်ကပင် သေးငယ်သောအရာ မဟုတ်ပေ။ ၎င်းသည် မတူညီသော ဓားအသိခုနစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားသော အစွမ်းထက်သည့် ဆန္ဒတစ်ခုဖြစ်သည်။ ကြယ်ခုနစ်ပွင့် ဓားအသိကို ကျွမ်းကျင်ပိုင်နိုင်ရန်အတွက် ရှေးဦးစွာ ထိုအခြေခံ ဓားအသိခုနစ်ခုကို နားလည်သဘောပေါက်ရပေမည်။ ထို့နောက် ထူးခြားသော မန္တန်တစ်ခုကို အသုံးပြုကာ ၎င်းတို့ကို ပြီးပြည့်စုံသော ပုံစံအဖြစ် ပေါင်းစပ်ရမည်ပင်။
အမှန်တကယ် ကျင့်ကြံခြင်းနည်းလမ်းမပါဘဲ ကြယ်ခုနစ်ပွင့် ဓားအသိကို တိုက်ရိုက်နားလည်သဘောပေါက်ဖို့မှာ လုံးဝမဖြစ်နိုင်သည့်အရာပင်ဖြစ်၏။ ၎င်းကပင် နှစ်ပေါင်းသောင်းချီကြာသည်အထိ မည်သူကမျှ စာလုံးများထဲရှိ ဓားတာအိုအသိကို အပြည့်အဝ နားလည်သဘောမပေါက်နိုင်ခဲ့ခြင်း၏အကြောင်းရင်းအစစ်အမှန်ဖြစ်တော့သည်။
ဘိုးဘေးမြို့စားမင်း ချန်ရစ်ခဲ့သည့် ပြီးပြည့်စုံသော အမွေအနှစ်သာ တကယ်ပါဝင်ခဲ့မည်ဆိုပါက ထျန်းရှုမြို့တော်က ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ဤမျှလွတ်လပ်စွာ လေ့လာခွင့် ပြုထားပါမည်လော။
သေချာပေါက်ကို ခွင့်ပြုထားမည်မဟုတ်ပေ။ စာလုံးများထဲတွင် တိကျသော ကျင့်ကြံခြင်းနည်းလမ်း မပါဝင်ကြောင်းကို သူတို့ ကောင်းကောင်းသိထားကြလေ၏။ အခြားသူများက မည်မျှပင် အချိန်ကြာကြာ တရားထိုင်လေ့လာစေကာမူ ကြယ်ခုနစ်ပွင့် ဓားအသိကို မည်သည့်အခါမှ အပြည့်အဝ ဆုပ်ကိုင်နိုင်မည်မဟုတ်ချေ။
လုချင်း၏ အတွေးများ ယောက်ယက်ခတ်နေစဉ် မျက်စိမှိတ်ကာ တရားထိုင်နေသော ရှန်ချန်ဖုန်းက ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်ကို သူ သတိထားမိလိုက်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ကိုဝန်းရံထားသော ထိတွေ့နိုင်လုမတတ် ဓားအသိများက ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။ ပြီးနောက်တွင် ရှည်လျားသော သက်ပြင်းတစ်ချက်က သူ၏နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာတော့သည်။
"ညီလေးရှန်၊ ဘာဖြစ်လို့လဲ" ပါထျန်းက လန့်ဖြန့်သွားပြီး အလျင်အမြန် မေးလိုက်သည်။
အခြားသူများကလည်း နားမလည်နိုင်စွာဖြင့် ကြည့်နေကြလေ၏။
"နှမြောစရာပဲ" ရှန်ချန်ဖုန်းက ခေါင်းယမ်းရင်း ပြောလိုက်သည်။
"နှမြောစရာလား။ ဘာကိုဆိုလိုတာလဲ"
"ဒီစာလုံးတွေထဲက ဓားတာအိုအသိက မပြည့်စုံဘူး။ အဲဒါက ပြီးပြည့်စုံတဲ့ ဓားအသိအမွေအနှစ် မဟုတ်ဘူး" ရှန်ချန်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဟုတ်လား..." ပါထျန်းမှာ အလွန်ပင် အံ့ဩသွားတော့သည်။ "ဒါဆို နှစ်သောင်းချီကြာအောင် ရှိနေခဲ့တဲ့ ကောလာဟလက... အတုအယောင်ပေါ့"
"လုံးဝတော့ အတုအယောင် မဟုတ်ဘူးဗျ" ရှန်ချန်ဖုန်းက ပြန်ဖြေသည်။ "ဒီစာလုံးတွေထဲက ဓားတာအိုအသိက တကယ်ပဲ နက်ရှိုင်းပြီး နားလည်ရခက်ပါတယ်။ သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအတွက်ဆိုရင်တော့ သူ့ရဲ့အနှစ်သာရ တစ်စိတ်တစ်ပိုင်းလောက်ကို သိမြင်လိုက်တာနဲ့တင် သူတို့ရဲ့ ဓားတာအိုကျင့်ကြံမှုကို အများကြီး မြင့်တက်သွားစေနိုင်တယ်။ ဒါကြောင့် အဲဒီသဘောနဲ့ဆိုရင်တော့ နက်ရှိုင်းတဲ့ ဓားတာအိုအမွေအနှစ်လို့ ခေါ်တာ လုံးဝမှားယွင်းနေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ကျွန်တော့်လိုလူတစ်ယောက်အတွက် မပြည့်စုံတဲ့ သန္ဓေသားဝိညာဉ်အဆင့် အမွေအနှစ်တစ်ခုက သိပ်တန်ဖိုးမရှိဘူးဗျ"
ရှန်ချန်ဖုန်း၏ မျက်နှာပေါ်ရှိ စိတ်ပျက်မှုမှာ ဖုံးကွယ်ရန် ခက်ခဲနေလေ၏။ စာလုံးများထဲရှိ ဓားတာအိုအမွေအနှစ်က ထူးခြားပြောင်မြောက်ပြီး သူ့အတွက် အလွန်အကျိုးရှိကြောင်း သူခံစားသိရှိနိုင်ပေသည်။
အကယ်၍သာ ၎င်းက ပြီးပြည့်စုံသော ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ဖြစ်ခဲ့ပါက သူ၏ဓားတာအိုမှာ ကျိန်းသေပေါက် အဆင့်တက်သွားမည်ပင်။ ကံမကောင်းစွာဖြင့် ၎င်းမှာ မပြည့်စုံချေ။ သက်ဆိုင်ရာ ကျင့်ကြံခြင်းနည်းလမ်းမရှိဘဲ ဓားတာအိုအသိသာ ကျန်ရစ်ခဲ့ခြင်းဖြစ်၏။
သူ့ပါရမီကို အသုံးပြုပြီး အတင်းအကျပ် အတုခိုးကာ စုစည်းရန် ကြိုးစားလျှင်ပင် အနှစ်သာရမပါသော အခွံသက်သက်သာ ဖြစ်နေပေမည်။
"နှစ်သောင်းချီကြာအောင် တည်ရှိနေခဲ့တဲ့ ကောလာဟလရဲ့ နောက်ကွယ်က အမှန်တရားက ဒီလိုဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး... တကယ့်ကို စိတ်ပျက်စရာပဲ" ပါထျန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်။
နှစ်ထောင်ချီကြာအောင် မည်သူမျှ နားလည်သဘောမပေါက်နိုင်ခဲ့သည့် ဓားတာအိုအမွေအနှစ်ကို ညီလေးရှန် ဖော်ထုတ်ပြမည်ဟု သူ မျှော်လင့်ထားခဲ့မိသည်။
သို့သော် ရလဒ်က ဤသို့ဖြစ်နေသည်လော။
"ဟင်းးး... ကျွန်တော်တို့တွေ ဒီလိုဖြစ်မယ်လို့ပါ မျှော်လင့်ထားသင့်တာပါဗျာ" ရှန်ချန်ဖုန်းက သက်ပြင်းချလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်သောင်းချီကာလတစ်လျှောက်မှာ ထျန်းရှုမြို့တော်ကို ဖြတ်သန်းသွားခဲ့တဲ့ ကျင့်ကြံသူ ဘယ်နှယောက်များ ရှိနေပြီလဲ။ အဲဒီအထဲမှာ ကျွန်တော်တို့ထက် ပါရမီမနိမ့်တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တွေ အများကြီးပါသလို... သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တွေတောင် အများကြီး ပါနေမှာပဲ။ တကယ်လို့ စာလုံးတွေထဲမှာ ပဉ္စမအတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ် သိုင်းပညာရှင်တစ်ယောက်ဆီက ပြီးပြည့်စုံတဲ့ အမွေအနှစ်သာ တကယ်ပါနေခဲ့မယ်ဆိုရင် အစောကြီးကတည်းက ရှာတွေ့ပြီးလောက်ပြီပေါ့"
"အဲဒါလည်း ဟုတ်တာပဲ" ပါထျန်းက ခေါင်းညိတ်လိုက်သည်။ "ငါတို့က ကောလာဟလတွေကြောင့် အရူးလုပ်ခံလိုက်ရတာကိုး။ ဒီလိုဆိုမှတော့ ညီလေးရှန်၊ ငါတို့ သွားကြတော့မလား"
"သွားကြတာပေါ့။ ကျွန်တော့်ဦးလေးရှီက မနေ့ကပဲ သတင်းပို့ထားတယ်။ သူ့ဆီကို အမြန်ဆုံးလာခဲ့ဖို့ ပြောထားတာမလို့ အချိန်ဆွဲနေစရာအကြောင်းမရှိတော့ဘူးဗျ"
"ကောင်းပြီလေ။ ဒါဆိုလည်း သွားကြတာပေါ့"
ပါထျန်းက လက်မြှောက်ကာ ကြီးမားလှသော လှေပျံတစ်စင်းကို ခေါ်ထုတ်လိုက်လေ၏။ ပါ မျိုးနွယ်စုမှ အဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် တက်သွားကြပြီး ပါထျန်းနှင့် ရှန်ချန်ဖုန်းတို့ကတော့ နောက်ဆုံးမှ တက်သွားကြသည်။ နောက်တစ်ခဏ၌ လှေပျံက အသက်ဝင်လာတော့သည်။
စွမ်းအားလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး လူတိုင်း၏ မျက်စိရှေ့မှောက်မှာပင် မျက်စိတစ်မှိတ်စာအတွင်း ပျောက်ကွယ်သွားလေတော့၏။ အစမှအဆုံးတိုင် ပါထျန်းနှင့် ရှန်ချန်ဖုန်းတို့က အခြားသူများအားလုံးကို မရှိသည့်အလား ဆက်ဆံခဲ့ကြပြီး တစ်ချက်ကလေးပင် ငဲ့မကြည့်ခဲ့ကြချေ။
ပါ မျိုးနွယ်စု အမှန်တကယ် ထွက်ခွာသွားပြီဖြစ်ကြောင်း သေချာသွားသောအခါမှသာ ကျောက်ဆောင်စင်မြင့်ပေါ်တွင် ဆူညံသံလှိုင်းတစ်ခု ပေါက်ကွဲထွက်လာတော့သည်။ လူတိုင်းက ပါထျန်းနှင့် ရှန်ချန်ဖုန်းတို့၏ စကားဝိုင်းကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရပါ၏။
ထျန်းရှုမြို့တော်ရဲ့ စာလုံးများထဲမှာ ပါတဲ့ဒဏ္ဍာရီလာ ဓားတာအိုအမွေအနှစ်ဆိုတာက...
အတုတဲ့လား။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါဆို ဒီနှစ်တွေတစ်လျှောက်လုံး ငါကြိုးစားပမ်းစား နားလည်အောင် လုပ်နေခဲ့တာတွေက ဘာတွေလဲ" ကျင့်ကြံသူတစ်ဦးက လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ခုနကကြားလိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်နေလေ၏။
"ငါထင်သားပဲ။ ကောလာဟလတွေက အတုဖြစ်ရမယ်လို့။ မဟုတ်ရင် ထျန်းရှုမြို့တော်က ဒီလောက်ကြီးမားတဲ့ အခွင့်အရေးကြီးကို ဘာလို့ လူတိုင်းကို လေ့လာခွင့်ပေးထားမှာလဲ" အခြားသူများကလည်း မခံမရပ်နိုင်စွာ အော်ဟစ်လိုက်ကြသည်။
"ဘယ်သူက အတုလို့ ပြောလို့လဲ။ ခုနက ကောင်းကင်ဖြိုခွင်းဓားဂိုဏ်းက တပည့်ပြောတာကို မကြားလိုက်ဘူးလား။ သူက အမွေအနှစ် မပြည့်စုံဘူးလို့ပဲ ပြောသွားတာလေ။ ဓားတာအိုအသိကိုယ်တိုင်က အတုလို့ ပြောသွားတာမှ မဟုတ်တာ"
"ဟုတ်တယ်လေ။ တကယ်လို့ အတုသာဆိုရင် ဒီနှစ်တွေတစ်လျှောက် စာလုံးတွေဆီကနေ ဉာဏ်အလင်းပွင့်ခဲ့ကြတဲ့ သိုင်းပညာရှင်တွေအကုန်လုံးက လူလိမ်တွေဖြစ်ကုန်မှာပေါ့"
"အဲဒါအမှန်ပဲ။ နှစ်အနည်းငယ်လောက် လေ့လာလိုက်ရုံနဲ့တင် ငါ့ရဲ့ ဓားတာအိုကျင့်ကြံမှုက ရွှေအမြုတေ တတိယအသွင်ပြောင်းခြင်းအဆင့်ကနေ စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်ကို တက်သွားတာလေ။ အဲဒါက တကယ့်အစစ်အမှန်ကြီးပဲ"
ကျောက်ဆောင်စင်မြင့်ပေါ်ရှိ ကျင့်ကြံသူများမှာ ပြင်းထန်သော ငြင်းခုံမှုများထဲ နစ်မြုပ်နေကြလေ၏။ တစ်ချိန်တည်းမှာပင် ချီခွန်းဂိုဏ်းမှ တပည့်များအကြားတွင်လည်း တိုးတိုးတိတ်တိတ် ဆွေးနွေးသံများ ထွက်ပေါ်လာတော့သည်။
"ဆရာတူအစ်မယဲ့၊ အစ်မက ကျွန်မတို့ထဲမှာ ကျင့်ကြံဆင့်အမြင့်ဆုံးနဲ့ ဓားပညာကို အကျွမ်းကျင်ဆုံးပဲ။ စာလုံးတွေထဲက ဓားတာအိုအသိက တကယ်ပဲ မပြည့်စုံတာလား" ချူရှောင်ကျင်းက မျက်လုံးပြူးကာ မေးလိုက်သည်။
"ငါက ဘယ်လိုလုပ်ပြီး သေချာပြောနိုင်မှာလဲ" ဆရာတူအစ်မယဲ့က သက်ပြင်းချကာ ပြုံးရင်း ပြန်ဖြေလိုက်သည်။ "ငါက ခုနကမှ ခဏလေးပဲ တရားထိုင်ရသေးတာလေ။ စာလုံးတွေထဲက ဓားတာအိုအသိက တော်တော်လေးကိုမှ နက်ရှိုင်းပြီး ဆန်းကြယ်လွန်းတာကိုတော့ တွေ့ခဲ့ရတယ်။ သူ့ရဲ့အနှစ်သာရ တစ်စွန်းတစ်စလေးကို ဆုပ်ကိုင်နိုင်ဖို့တောင် အတော်လေးကို ခက်ခဲတာ။ အဲဒါ ပြည့်စုံသလား၊ မပြည့်စုံဘူးလားဆိုတာကို ငါက ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ"
"ဒါဆို ရှန်ချန်ဖုန်းရဲ့စကားတွေက တကယ်မဟုတ်တာများလား" ကျိရှောင်က တွေးဆဆဖြင့် ပြောလိုက်သည်။ "သူက စာလုံးတွေရဲ့အဓိပ္ပာယ်အစစ်ကို သူ့ဟာသူ နားလည်သွားပြီးတော့ တခြားသူတွေကို နားမလည်စေချင်လို့များ တမင်သက်သက်ပြောသွားတာများလား"
"ဖြစ်နိုင်ချေများတယ်" ချူရှောင်ကျင်းက ချက်ချင်းပင် ခေါင်းညိတ်ထောက်ခံလိုက်သည်။ "အဲဒီရှန်ချန်ဖုန်းက ဖြောင့်မတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လို ပုံပေါက်ပေမဲ့လည်း တော်တော့်ကိုဉာဏ်များတဲ့သူလို့ ကျွန်မတော့ ခံစားရတယ်။ ခုနက ပါထျန်းက လူတွေကို နှင်ထုတ်ဖို့ ကြိုးစားတုန်းကဆို သူက မလိုပါဘူးလို့ ပြောခဲ့ပေမဲ့လည်း သူကိုယ်တိုင်က ဦးဆုံးဝင်ထိုင်ခဲ့တာပဲလေ"
"ဟုတ်တယ်လေ။ ဒီနှစ်တွေတစ်လျှောက်လုံး လူဘယ်နှယောက်လောက်က အဲဒီစာလုံးတွေကို လေ့လာခဲ့ကြပြီးပြီလဲ။ ဘယ်သူကမှ ပြဿနာရှိတယ်လို့ မပြောခဲ့ကြပါဘူး" အခြား ချီခွန်းဂိုဏ်းမှ တပည့်တစ်ဦးကလည်း ဝင်ထောက်ခံလေ၏။
ဘေးဘက်တွင် ရပ်နေသော လုချင်းမှာတော့ သူတို့၏ စကားဝိုင်းကို ကြားသောအခါ၌ ခေါင်းယမ်းကာ ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ချေ။
သူက ရုတ်တရက် ဝင်ပြောလိုက်သည်။ "ဒီကိစ္စအပေါ်မှာ အရမ်းကြီး စွဲလမ်းနေစရာ မလိုပါဘူးဗျ။ အဲဒီစာလုံးတွေထဲက ဓားတာအိုအသိက ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ... ကိုယ့်ရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်နေသရွေ့ လုံလောက်နေပါပြီဗျာ။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ပြင်ပစွမ်းအားတွေဆီကနေ ယူပြီးတော့ ကိုယ့်ရဲ့ အားနည်းချက်တွေကို ကုစားဖို့ပဲလေ။ ပြီးတော့ ကောင်းကင်နဲ့ မြေကြီးကို အမြဲတမ်း ဆင်ခြင်သုံးသပ်ဖို့နဲ့ ကိုယ့်ကိုကိုယ် ကြံ့ခိုင်လာအောင် လေ့ကျင့်ဖို့ လိုအပ်တယ်။ အဲဒီကနေ ဉာဏ်အလင်းပွင့်သွားသရွေ့တော့ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ သိပ်ပြီး ကိစ္စမရှိပါဘူးဗျ"
ချီခွန်းဂိုဏ်းမှ တပည့်များမှာ သူ၏စကားများကြောင့် အစပိုင်းတွင် အံ့ဩသွားကြသော်လည်း သိသိသာသာပင် စိတ်လှုပ်ရှားသွားကြလေ၏။ မကြာမီမှာပင် သူတို့အားလုံး သဘောပေါက်သွားကြတော့သည်။
"အစ်ကိုချန်၊ နိုးလာပြီလား" ချူရှောင်ကျင်းက ဝမ်းသာအားရ အာမေဍိတ်သံပြုလိုက်သည်။
"အင်း၊ ခုလေးတင် နိုးတာ။ မင်းတို့ ဆွေးနွေးနေတာကို အမှတ်မထင် ကြားလိုက်ရလို့ပါ" လုချင်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
"ဒါဆို အစ်ကိုချန်ရော စာလုံးတွေထဲက ဓားတာအိုအသိကို နားလည်သွားပြီလား" ချူရှောင်ကျင်းက သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ မေးလိုက်လေ၏။
အခြားသူများကလည်း လုချင်းထံသို့ လှည့်ကြည့်လာကြသည်။ သူ၏ဓားတာအို ကျွမ်းကျင်မှု မည်မျှနက်ရှိုင်းကြောင်းကို သူတို့ကိုယ်တိုင် တွေ့မြင်ခဲ့ရပြီးဖြစ်သည်။
လီမော့ထျန်းကဲ့သို့ အစွမ်းထက်သည့်မကောင်းဆိုးဝါးပင်လျှင် ဓားလက်ညှိုးတစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည် မဟုတ်ပါလော။
လုချင်း၏ ဓားတာအိုမှာ အောက်ခြေကို မမြင်နိုင်လောက်အောင်အထိ နက်ရှိုင်းလှပေသည်။
ရှန်ချန်ဖုန်းနှင့် မယှဉ်နိုင်လျှင်တောင် သိပ်တော့ကွာခြားမည် မဟုတ်ချေ။ ထို့ကြောင့် လူတိုင်းက သူ၏အဖြေကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြလေတော့သည်။
"သေချာပေါက် မရသေးဘူးပေါ့ဗျာ" လုချင်းက ပြုံးကာ ခေါင်းယမ်းရင်း ပြောလိုက်သည်။ "ကောင်းကင်ဖြိုခွင်းဓားဂိုဏ်းက ထိပ်တန်းတပည့်တစ်ယောက်တောင် နားမလည်နိုင်ခဲ့တာ...ကျွန်တော့်မှာလည်း အဲဒါကို ကျော်လွန်နိုင်မယ့် စွမ်းရည်တွေ၊ ပါရမီတွေ ရှိမနေဘူးလေ"