← Chapters

အခန်း (၅၇၁-၅၇၂)

Vol. 58 Ch. 571-572

အခန်း (၅၇၁-၅၇၂)

Vol. 58 Ch. 571-572

အခန်း ၅၇၁ - ရတနာလေလံပွဲနှင့် ဓားအသိကို နားလည်သဘောပေါက်ခြင်း

"ဒီထျန်းရှုမြို့တော်က တော်တော်ကြီးကို ကြီးတာပဲ" လုချင်းသည် လေထဲတွင်ရပ်နေရင်း အံ့ဩချီးကျူးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ရှေ့သို့လှမ်းကြည့်လိုက်လေ၏။

သူအရင်က မြင်ဖူးခဲ့သောမြို့များနှင့်မျှ မတူပါချေ။ ထျန်းရှုမြို့တော်မှာ အဆောက်အအုံများ၊ လမ်းမများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်။ ယင်းအစား မြင့်မားလှသော တောင်ထွတ်များက မြို့အနှံ့ ပြန့်ကျဲနေပြီး ရေကန်များ၊ နန်းတော်များနှင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းဂူများစွာကို ယင်းတို့အပေါ်တွင် တည်ဆောက်ထားကြသည်။ တောင်များကြားတွင် ဝိညာဉ်ကြိုးကြာငှက်များက ကောင်းကင်ယံ၌ ပျံသန်းနေကြပြီး တောင်ထွတ်များကို မြူခိုးများက ရစ်သိုင်းနေလေ၏။ ဤသည်မှာ မြို့တစ်မြို့မဟုတ်ဘဲ နတ်ဘုံနတ်နန်းတစ်ခုပင် ဖြစ်တော့သည်။

"ထျန်းရှုမြို့တော်ကို လာကြတဲ့သူအများစုက ကျင့်ကြံမှုအမြင့်မားဆုံး ကျင့်ကြံသူတွေချည်းပဲလေ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို နေရာတိုင်းမှာ တွေ့နိုင်ပြီးတော့ သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တွေလည်း မကြာခဏ ပေါ်လာတတ်တယ်" တာအိုဆရာဝူပေါင်က ရယ်မောလိုက်သည်။

"ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိနေတော့ ဒီက နေထိုင်မှုအဆင့်အတန်းကလည်း သာမန်မြို့တွေထက် ပိုမြင့်မားတာ သဘာဝပါပဲ"

လုချင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်လေ၏။ ဤမျှ အစွမ်းထက်သော ကျင့်ကြံသူများမှာ ကောင်းကင်ယံတွင် ပျံသန်းနိုင်ပြီး မြေကြီးထဲသို့လည်း အလွယ်တကူ ဝင်ရောက်နိုင်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်က အလွန်အရေးကြီးသောကြောင့် ကျဉ်းမြောင်းသော သာမန်လူနေအိမ်များတွင် ကျိန်းသေပေါက် နေထိုင်ကြမည် မဟုတ်ချေ။

"တာအိုမိတ်ဆွေချန်၊ ကျွန်မတို့ကတော့ ကျွန်မတို့ရဲ့ ဆရာတူမောင်နှမတွေနဲ့ သွားတွေ့မလို့လုပ်နေတာ။ ရှင်ရော ဘာအစီအစဉ်ရှိလဲ" ဆရာတူအစ်မယဲ့တစ်ဖြစ် ယဲ့ချင်းကျူက မေးလိုက်သည်။

"ဒါက ကျွန်တော့်အတွက် ထျန်းရှုမြို့တော်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ နည်းနည်းပါးပါး လျှောက်လည်ပြီး ဒီနေရာအကြောင်း လေ့လာကြည့်လိုက်ဦးမယ်ဗျ" လုချင်းက ခေါင်းယမ်းကာ ပြန်ဖြေသည်။

"ဒါဆိုရင် ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့။ ကျွန်မတို့ ချီခွန်းဂိုဏ်းက တပည့်တွေက ယွီဟန်တောင်ထွတ်မှာ ခဏလောက်တည်းခိုကြမှာပါရှင့်။ တကယ်လို့ ရှင် ကျွန်မတို့ကို လိုအပ်ခဲ့ရင် ဒီအဆောင်လေးနဲ့ လူတစ်ယောက်ကို လွှတ်လိုက်ပါရှင့်" ယဲ့ချင်းကျူက လုချင်းထံသို့ ဖြူစင်သော ကျောက်စိမ်းအဆောင်လေးတစ်ခုကို ရိုသေစွာ ကမ်းပေးလိုက်လေ၏။

သူမ၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာကို မြင်လိုက်ရသဖြင့် လုချင်းက အနည်းငယ် ပြုံးလိုက်ပြီး အဆောင်ကို ငြင်းဆန်ခြင်းမရှိဘဲ လက်ခံလိုက်သည်။

"ဒါဆို ကျွန်တော် မျက်နှာပြောင်တိုက်ပြီးတော့ပဲ လက်ခံလိုက်ပါ့မယ်" သူ အဆောင်ကို ယူလိုက်သည်ကို မြင်သောအခါ ယဲ့ချင်းကျူနှင့် အခြားသူများက သက်သာရာရသွားသည့်အလား ပြုံးလိုက်ကြပြီး သိသိသာသာ ဝမ်းသာသွားကြတော့သည်။

"ဒါဆို ကျွန်မတို့ အရင်သွားနှင့်ပါဦးမယ်၊ တာအိုမိတ်ဆွေချန်"

"နှုတ်ဆက်ပါတယ် အစ်ကိုချန်"

"ပြန်ဆုံကြတာပေါ့ တာအိုမိတ်ဆွေချန်"

သူတို့ အလင်းတန်းများအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် လုချင်းလည်း အကြည့်ကို ပြန်လွှဲလိုက်လေ၏။

"တာအိုမိတ်ဆွေချန်၊ နောက်ထပ် ဘယ်သွားကြမလဲဗျ" သူ၏ဘေးတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသော တာအိုဆရာဝူပေါင်က မေးလိုက်သည်။

"အဲဒါကိုတော့ ဒီကတာအိုဆရာ့ကိုပဲ လွှဲပေးလိုက်ပါ့မယ်ဗျာ။ ကျွန်တော်က ထျန်းရှုမြို့တော်နဲ့ ပတ်သက်ပြီး ဘာမှမသိဘူးလေ" လုချင်းက ခေါင်းယမ်းရင်း ပြောလိုက်လေ၏။

တာအိုဆရာဝူပေါင်က ခဏမျှ တွေးတောလိုက်သည်။ "ကျွန်တော်တို့က မြင့်မြတ်တဲ့ ထျန်းရှုတောင်တော်မှာ ပေါ်ပေါက်လာတော့မယ့်လျှို့ဝှက်နယ်မြေနဲ့ ပတ်သက်ပြီး သိပ်မသိရသေးဘူးမလား။ မြို့ထဲမှာ အရင်နည်းနည်းပါးပါးလောက် လေ့လာကြည့်ပြီး သတင်းအချက်အလက်တွေ စုဆောင်းရင်းနဲ့ တည်းခိုဖို့ နေရာတစ်ခု ရှာကြရင်ရော ဘယ်လိုလဲဗျ"

"အကြံကောင်းပဲ" လုချင်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။

သူတို့နှစ်ဦးသည် ထျန်းရှုမြို့တော်အတွင်း လှည့်လည်သွားလာရင်း နောက်ဆုံးတွင် လူပြတ်ပြီး သိပ်မထင်ရှားသော တောင်ထွတ်တစ်ခုကို ရွေးချယ်ကာ ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းဂူနှစ်ခုကို ငှားရမ်းလိုက်ကြတော့သည်။

မြင့်မြတ်သော ထျန်းရှုတောင်တော်၌ လျှို့ဝှက်နယ်မြေသစ်တစ်ခု ပေါ်ထွက်လာတော့မည်ဖြစ်သောကြောင့် အရပ်ရပ်မှ အစွမ်းထက်ကျင့်ကြံသူ မြောက်မြားစွာမှာ ဤနေရာသို့ စုရုံးရောက်ရှိနေကြလေ၏။ မြို့တော်က လူပြည့်လျှံနေသည်ဟု မဆိုသာသော်လည်း ထောင့်ပေါင်းစုံတွင် ကျင့်ကြံသူများ ပြည့်နှက်နေပေသည်။ သဘာဝကျကျပင် ဤသို့ ရုတ်တရက် တိုးပွားလာမှုကြောင့် ကျင့်ကြံရေးဂူများ၏ ဈေးနှုန်းများလည်း မြင့်တက်သွားတော့သည်။

ကံကောင်းသည်မှာ လုချင်း၌ လိုအပ်ချက်တစ်ခုခုရှိမည်ဆိုလျှင် ဝိညာဉ်ကျောက်တုံးများကလွဲ၍ အခြားမရှိနိုင်ခြင်းပင်။ ထို့ကြောင့် ကျင့်ကြံရေးဂူငှားရမ်းခြင်းက ပြဿနာတစ်ရပ် မဟုတ်ခဲ့ချေ။ အမှန်တကယ်တော့ သူသာ အနေအထိုင်မလျှို့ဝှက်ချင်ပါက သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံရေးဂူတစ်ခုကိုပင် ရွေးချယ်လိုက်မည် ဖြစ်၏။

နေရာချပြီးသည်နှင့် လုချင်းက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ စတင်ဖတ်ရှုလိုက်သည်။ ၎င်းကို မြို့ထဲတွင် လှည့်လည်သွားလာနေစဉ် လမ်းဘေးဈေးသည်တစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထျန်းရှုမြို့တော်နှင့် မြင့်မြတ်သော ထျန်းရှုတောင်တော်အကြောင်း သတင်းအချက်အလက်များ ပါဝင်ပေ၏။ သူနှင့် တာအိုဆရာဝူပေါင်တို့ နှစ်ဦးစလုံး တစ်ခုစီ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

သူက ဝိညာဉ်အသိကို ဖြန့်ကြက်ကာ ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်လေ့လာလိုက်လေ၏။

မကြာမီမှာပင် အတွင်းရှိ သတင်းအချက်အလက်အားလုံးကို စုပ်ယူပြီးသွားကာ နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။

"ဒီလိုကိုး။ မြို့တော်က ဝိညာဉ်တောင်ထွတ်တွေနဲ့ ပြည့်နှက်နေပေမဲ့ အကြီးကျယ်ဆုံး ခုနစ်ခုကတော့ ထျန်းရှုမြို့တော်ရဲ့ ဗဟိုချက်တွေပဲ။ အဲဒီအထဲမှာ ထျန်းရှုတောင်ထွတ်က မြို့တော်ရဲ့ အသည်းနှလုံးဖြစ်ပြီးတော့ အရင်ထျန်းရှုမြို့စားမင်းရဲ့ သီးသန့်ကျင့်ကြံရာနေရာဆိုလည်းဟုတ်တယ်"

"မြင့်မြတ်တဲ့ ထျန်းရှုတောင်တော်နဲ့ ပတ်သက်လို့ကတော့ အခုပေါ်ထွက်လာတော့မယ့် လျှို့ဝှက်နယ်မြေက မြောက်ဘက် တောင်စောင်းအလယ်လောက်မှာ ရှိတယ်။ ဟောကိန်းထုတ်တာမှာ ကျွမ်းကျင်တဲ့ သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တစ်ယောက်ကတော့ အဲ့ဒီလျှို့ဝှက်နယ်မြေက တစ်လအတွင်း အပြည့်အဝ ပုံပေါ်လာပြီး ဝင်လို့ရလိမ့်မယ်လို့ ဟောကိန်းထုတ်ထားတယ်"

"အဲ့ဒီလျှို့ဝှက်နယ်မြေက မပေါ်လာခင်ကတည်းကတင် ကြီးမားတဲ့ဂယက်ရိုက်ခတ်မှုတွေကို ဖြစ်စေခဲ့ပြီးပြီပဲ။ သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်တချို့ကတော့ ဒီလျှို့ဝှက်နယ်မြေကို လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်း မြင့်မြတ်တဲ့ထျန်းရှုတောင်တော်ကနေ ပေါ်ထွက်လာတဲ့ထဲမှာမှ အဆန်းကြယ်ဆုံး လျှို့ဝှက်နယ်မြေ ဖြစ်နိုင်တယ်လို့တောင် ကြိုပြီးဟောကိန်းထုတ်ထားကြတယ်"

"အဲ့တော့ အနီးအနားတိုက်ကြီးတွေက ကျင့်ကြံသူတွေ စုရုံးလာကြရုံတင်မကဘဲ အဝေးကြီးမှာရှိတဲ့ အင်အားကြီးဂိုဏ်းတွေကလည်း အခွင့်အရေးကောင်းတွေကို လုဖို့ သူတို့ရဲ့ ထိပ်တန်းတပည့်တွေကို စေလွှတ်ခဲ့ကြတာပေါ့"

လုချင်းသည် ကျောက်စိမ်းပြားထဲမှ သတင်းအချက်အလက်များကို တစ်ခုပြီးတစ်ခု မှတ်သားစုပ်ယူလိုက်ပြီး ထျန်းရှုမြို့တော်နှင့် မြင့်မြတ်သော ထျန်းရှုတောင်တော်အကြောင်းကို တဖြည်းဖြည်း ဖော်ထုတ်နိုင်ခဲ့လေ၏။ အတိုချုပ်ပြောရလျှင် ဤလျှို့ဝှက်နယ်မြေသည် သာမန်နယ်မြေတစ်ခု လုံးဝမဟုတ်ချေ။ မပေါ်ထွက်လာသေးသော်လည်း ၎င်းမှထုတ်လွှတ်သော စွမ်းအားကပင် သန္ဓေသားဝိညာဉ်အဆင့် သိုင်းပညာရှင်များကို အထူးသတိထားနေစေခဲ့ပေသည်။

အဓိကဂိုဏ်းကြီးများ၊ မြင့်မြတ်သော မျိုးနွယ်စုများနှင့် ကျင့်ကြံသူများစွာ အုံနှင့်ကျင်းနှင့် ဝင်ရောက်လာကြသဖြင့် ကံကြမ္မာအခွင့်အရေးကောင်းတို့ကို လုယူကြမည့် စစ်မြေပြင်တစ်ခု ဖြစ်လာမည်မှာ ကျိန်းသေပေါက်ပဲပင်။

"ဒီလိုကြီးကျယ်ခမ်းနားတဲ့အချိန်အခါက သွားပြီးလေ့လာဖို့ တန်ပါတယ်လေ" လုချင်း၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် လှုပ်ရှားသွားလေ၏။ အစွမ်းထက်ကျင့်ကြံသူများစွာ တစ်နေရာတည်းတွင် စုရုံးနေကြသဖြင့် လျှို့ဝှက်နယ်မြေအတွင်း ပြိုင်ဆိုင်မှုများမှာ အလွန်ပင် ပြင်းထန်မည်မှာ သေချာလှသည်။ ဂိုဏ်းများနှင့် အဖွဲ့အစည်းပေါင်းစုံမှ တာအိုသိုင်းပညာများနှင့် နည်းစနစ်များကို လေ့လာစောင့်ကြည့်နိုင်ခြင်းမှာ သူ့အတွက်တော့ အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်လာမည့်အပြင် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံတစ်ခုပါ ဖြစ်ပေလိမ့်မည်။

လုချင်း အတွေးထဲ နစ်မျောနေစဉ် ကျင့်ကြံရေးဂူအပြင်ဘက်မှ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာတော့သည်။ စစ်ဆေးကြည့်လိုက်သောအခါ တာအိုဆရာဝူပေါင် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ ဝင်ပေါက်ကို ဖွင့်ပေးလိုက်လေ၏။

"တာအိုမိတ်ဆွေချန်၊ ကျောက်စိမ်းပြားထဲက သတင်းအချက်အလက်တွေကို လေ့လာလို့ ပြီးပြီလားဗျ"

"ခုလေးတင် ပြီးတာပါဗျ။ အဲဒါက ဘယ်လောက်ထိ ယုံကြည်ရလဲဆိုတာကိုပဲ သိချင်နေတာ"

"ဒီသတင်းက ပိုင်ရှောင်ဂိုဏ်းဆီက လာတာပါ။ သူတို့က နာမည်ကောင်းရှိတယ်။ သတင်းမှားတွေ ဖြန့်ပြီးတော့ သူတို့နာမည်ကို ဖျက်ဆီးခံမှာ မဟုတ်ဘူးဗျ" တာအိုဆရာဝူပေါင်က ပြုံးရင်း ပြောလိုက်သည်။ "ပြီးတော့ ဒါတွေက လျှို့ဝှက်ချက်တွေမှ မဟုတ်တာ။ မှန်ဖို့ များပါတယ်"

"ဒီလိုကိုး" လုချင်းက ခေါင်းအနည်းငယ်ညိတ်လိုက်လေ၏။ ထျန်းယွမ်ကမ္ဘာလောကကြီးမှာ ကျယ်ဝန်းလွန်းလှပြီး မရေမတွက်နိုင်သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများ ရှိလေသည်။ သူ အားလုံးကို မသိနိုင်သည်မှာ သဘာဝပင်။

"ကျောက်စိမ်းပြားထဲမှာ ရေးထားတာတွေသာ မှန်မယ်ဆိုရင် ဒီလျှို့ဝှက်နယ်မြေက ကျွမ်းကျင်သူတွေ အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်... အဲဒီအထဲမှာ တာ့ယွမ်မျိုးနွယ်စုက ရွှေအမြုတေအဆင့် ထိပ်တန်းကျင့်ကြံသူလည်း ပါနိုင်တယ်ဗျ။ ကျွန်တော်တို့အနေနဲ့ စစ်မှန်တဲ့ အခွင့်အရေးတွေအတွက် ယှဉ်ပြိုင်ဖို့က တော်တော်ခက်ခဲလိမ့်မယ်လို့ ထင်မိတယ်။ ဒါတောင်မှ ဒီကတာအိုဆရာကရော ဝင်သွားချင်သေးလားဗျ" လုချင်းက မေးလိုက်သည်။

"အဲဒါက ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ကိစ္စပဲ" တာအိုဆရာဝူပေါင်က ချက်ချင်းပြန်ဖြေသည်။ "မြင့်မြတ်တဲ့ ထျန်းရှုတောင်တော်မှာ ပေါ်လာမယ့် လျှို့ဝှက်နယ်မြေက ဒီလောက်ထိအာရုံစိုက်ခံနေရလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူးဗျ"

"အထဲရောက်သွားရင်တော့ ကျွန်တော်တို့တွေ အပြင်ဘက်ပိုင်းမှာပဲနေပြီး အတွင်းပိုင်းနေရာတွေကို ရှောင်ဖို့ ကျွန်တော် အကြံပြုချင်တယ်။ ဒါမှပဲ အဲဒီကောင်းကင်ကိုတောင် အန်တုနိုင်တဲ့ ပါရမီရှင်တွေကြားက ပဋိပက္ခတွေထဲမှာ ကျွန်တော်တို့ ကြားညပ်မသွားမှာလေ"

"ခင်ဗျားကော ဘယ်လိုထင်လဲ"

"အကောင်းဆုံးပဲ" လုချင်းက သဘောတူလိုက်လေ၏။ "ကျွန်တော်လည်း အဲ့လိုပဲ တွေးနေတာ။ ဒါကို ကျွန်တော်တို့ရဲ့ အမြင်တွေကို ကျယ်ပြန့်စေမယ့်အခွင့်အရေးတစ်ခုအနေနဲ့ပဲ သတ်မှတ်ကြတာပေါ့။ အခွင့်အရေးတွေ လုဖို့ကိစ္စကိုတော့... ကံကြမ္မာရဲ့ အဆုံးအဖြတ်ကိုပဲ လွှဲထားလိုက်ကြတာပေါ့"

ဤစကားကို ကြားသောအခါ တာအိုဆရာဝူပေါင်သည် သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။

အမှန်အတိုင်းပြောရလျှင် ဤကိစ္စကို စတင်ပြောဆိုရန် သူ အနည်းငယ် အနေခက်နေခဲ့ပါ၏။

မည်သို့ပင်ဖြစ်စေ လျှို့ဝှက်နယ်မြေကို အတူတကွ စူးစမ်းလေ့လာရန် အကြံပြုခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလော။

ယခုမှ နောက်ဆုတ်ခြင်းက အနည်းငယ် ရှက်စရာကောင်းသည်ဟု သူခံစားရပါ၏။ သို့သော်လည်း မတတ်နိုင်ချေ။ မရောက်လာမီက‌တော့ မြင့်မြတ်သော ထျန်းရှုတောင်တော်တွင် ပေါ်ထွက်လာမည့် လျှို့ဝှက်နယ်မြေက ဤမျှများပြားလှသော အင်အားကြီးအဖွဲ့အစည်းများ၏ အာရုံစိုက်မှုကို ရရှိလိမ့်မည်ဟု သူ လုံးဝမထင်ခဲ့မိပေ။

ပါထျန်းနှင့် ရှန်ချန်ဖုန်းတို့ကို မြင်လိုက်ရသည့်အချိန်မှာပင် ကံကြမ္မာအခွင့်အရေးများအတွက် ယှဉ်ပြိုင်ရန် မျှော်လင့်ချက်မရှိတော့ကြောင်း သူသဘောပေါက်သွားခဲ့လေ၏။ လုချင်းမှာ ထူးခြားဆန်းကြယ်ပြီး သူ၏စွမ်းအားများစွာကို ဖုံးကွယ်ထားနိုင်ဖွယ်ရှိသော်လည်း တာ့ယွမ်မျိုးနွယ်စု၏ တာအိုသခင်လေး သို့မဟုတ် ကောင်းကင်ဓားဂိုဏ်း၏ တိုက်ရိုက်အမွေဆက်ခံသူတို့နှင့် ယှဉ်ပြိုင်နိုင်ရန်မှာတော့ လုံးဝမဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့်ပဲ သူက အပြင်ဘက်ပိုင်းတွင်သာ နေရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

အခြားသူများ၏ ဘေးအန္တရာယ်တွင် မျောပါသွားခြင်းထက် ဘေးကင်းစွာနေပြီး လေ့လာသင်ယူခြင်းကသာ ပိုကောင်းပေသည်။ ကံကောင်းစွာဖြင့် လုချင်းက သူ့ကို အပြစ်တင်ခြင်း၊ လှောင်ပြောင်ခြင်းများ မပြုလုပ်ခဲ့သဖြင့် တာအိုဆရာဝူပေါင်မှာ အလွန်ပင် စိတ်သက်သာရာရသွားတော့၏။

မည်သို့ပင်ဆိုစေ သူတို့အတူတကွ ကုန်ဆုံးခဲ့သောနေ့ရက်များတစ်လျှောက် လုချင်းကို သူ၏သူငယ်ချင်းတစ်ဦးအဖြစ် အမှန်တကယ် သတ်မှတ်မိလာခဲ့ပြီပင်။ သူတို့ကြားတွင် မည်သည့်အရာကမျှ ဝင်ရောက်လာမည်ကို သူအလိုမရှိချေ။

ယခု စိတ်အေးသွားပြီဖြစ်သောကြောင့် တာအိုဆရာဝူပေါင်က ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ပြောလိုက်၏။ "ဒါနဲ့ တာအိုမိတ်ဆွေချန်၊ ကျွန်တော် ခုနက အပြင်ကို လမ်းထွက်လျှောက်ရင်းနဲ့ သတင်းတစ်ခု ကြားခဲ့ရတယ်။ ခင်ဗျား စိတ်ဝင်စားမလားတော့ မသိဘူး"

"ဪ... ဘာများလဲဗျ" လုချင်းက သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဒီည ထျန်းကျီတောင်ထွတ်မှာ ရှားပါးရတနာ လေလံပွဲတစ်ခု ရှိမယ်လို့ ကြားတယ်။ သွားကြည့်ကြမလားဗျ"

"လေလံပွဲ ဟုတ်လား" လုချင်း အနည်းငယ် အံ့အားသင့်သွားသည်။

"ဟုတ်တယ်ဗျ။ မြင့်မြတ်တဲ့ ထျန်းရှုတောင်တော်မှာ အခွင့်အရေးတွေ၊ ရတနာတွေ ပြည့်နှက်နေတဲ့ဟင်းလင်းပြင်ဂူတွေ အများကြီးရှိတယ်။ နှစ်တိုင်း မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက ကံကြမ္မာနဲ့ စွန့်စားခန်းတွေကို ရှာဖွေဖို့ ရောက်လာတတ်ကြတယ်လေ"

"သဘာဝကျကျပဲ အများစုကတော့ ဘာမှမတွေ့ကြဘူးပေါ့ဗျာ။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ ကံကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်က ကြီးမားတဲ့အခွင့်အရေးတစ်ခုကို ရတတ်တယ်လေ"

"အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီကျင့်ကြံသူတွေရဲ့ လက်ထဲမှာ ရတနာတွေ ပိုပိုပြီးတော့တောင် စုဆောင်းမိလာကြတယ်။ ဒါပေမဲ့ ရတနာတိုင်းက ရှာတွေ့တဲ့သူနဲ့ ကိုက်ညီနေတာတော့ မဟုတ်ဘူးဗျ"

"ဒါကြောင့်ပဲ တချို့က သူတို့အချင်းချင်း စပြီးတော့ အရောင်းအဝယ်လုပ်လာကြတယ်။ ဒါပေမဲ့ သီးသန့်အရောင်းအဝယ်တွေက ပြဿနာတွေ... ချုံခိုတိုက်ခိုက်တာတွေ၊ ခိုးယူတာတွေ၊ လူသတ်တာတွေအထိ မကြာခဏ ဖြစ်စေခဲ့တယ်လေ"

"အဲ့လိုကိစ္စကို ဖြေရှင်းဖို့ ထျန်းရှုမြို့တော်ကလည်း ဝင်ရောက်စွက်ဖက်ခဲ့ရတော့တာပေါ့။ နောက်ကျ တရားဝင် ရှားပါးရတနာလေလံပွဲတွေကို အချိန်မှန် ကျင်းပပေးလာခဲ့တယ်လေ"

"ဒါက ကျင့်ကြံသူတွေ သူတို့ရဲ့ ရတနာတွေကို ဘေးကင်းကင်းနဲ့ ရောင်းချနိုင်ဖို့ သေချာစေသလို... ထျန်းရှုမြို့တော်ကလည်း ပွဲစားခတွေအများကြီး ရတာပေါ့"

"အစကတော့ ထျန်းကျီတောင်ထွတ်မှာလုပ်မယ့် ဒီလေလံပွဲကို နောက်လလောက်မှ ကျင်းပဖို့ စီစဉ်ထားတာ"

"ဒါပေမဲ့ မကြာသေးခင်က အစွမ်းထက်တဲ့သူတွေ အများကြီး စုရုံးရောက်ရှိလာတာကို မြင်တော့ မြို့တော်အာဏာပိုင်တွေက လျှို့ဝှက်နယ်မြေ မပေါ်ခင် အမြတ်အစွန်းတစ်ခုခုများ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောပြီး ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့ဗျာ"

တာအိုဆရာဝူပေါင်၏ ရှင်းပြချက်ကို နားထောင်ရင်း လုချင်းသည် ထူးဆန်းသော ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရတော့သည်။ သူ၏ယခင်ဘဝက ကျင့်ကြံခြင်းဝတ္ထုများတွင် ဤကဲ့သို့သော လေလံပွဲများအကြောင်း မကြာခဏ ဖတ်ဖူးခဲ့ပေသည်။

ယခုတွင်တော့ သူကိုယ်တိုင် တွေ့ကြုံရတော့မည်ပင်။

"ကဲ တာအိုမိတ်ဆွေချန်... စိတ်ဝင်စားလားဗျ"

"ဒါပေါ့ဗျာ" လုချင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ "ဒီလိုလေလံပွဲမျိုးကို ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူးဗျ။ အဲ့တာကြောင့် ကိုယ်တိုင်သွားကြည့်သင့်တာပေါ့ဗျာ"

"ဒါဆို ဒီညနေ အတူတူ သွားကြမလားဗျ"

"ကောင်းပြီလေ"

တာအိုဆရာဝူပေါင် ထွက်သွားပြီးနောက် လုချင်း၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု တောက်ပသွားလေ၏။ ဤဒဏ္ဍာရီလာ လေလံပွဲများထဲမှ တစ်ခုကို သူ အမှန်တကယ် ကြုံတွေ့ရတော့မည်ဟု တွေးမိခြင်းကပင် စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်။

"လေလံပွဲမှာ ငါ့ရဲ့နတ်မျက်စိစွမ်းရည်က ပုန်းကွယ်နေတဲ့ရတနာတစ်ခုခုကို ရှာတွေ့နိုင်မလားဆိုတာ သိချင်မိသား..." သူက မျက်လုံးများကို ညင်သာစွာ ထိတွေ့ရင်း သူ့ဘာသာ ရေရွတ်လိုက်လေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် လုချင်းသည် သူ့စိတ်ကို ငြိမ်သက်စေလိုက်ပြီး ကျင့်ကြံရန် တရားထိုင်သည့် အခြေအနေသို့ ရောက်ရှိရန် အသက်ရှူနှုန်းကို စတင်ထိန်းညှိလိုက်တော့သည်။

လုချင်းသည် သူ၏နတ်မျက်စိစွမ်းရည်ကို တိတ်ဆိတ်စွာ အသက်သွင်းလိုက်ပြီးနောက်၌ ထိုနေ့အစောပိုင်းက သူရရှိခဲ့သော ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါ၏ အမွေအနှစ်ကို စတင်လေ့လာလိုက်တော့၏။ ချီရှင်းကျိဟု သိကြသော ကျင့်ကြံသူချန်ရစ်ခဲ့သည့် ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါသည် အလွန်တရာပင် နက်ရှိုင်းလှပေသည်။

ဝင်ရောက်လေ့လာရန် အလွန်မြင့်မားသော သတ်မှတ်ချက်ရှိ၏။

အနည်းဆုံး သန္ဓေသားဝိညာဉ်အဆင့်ဖြစ်ဖို့လိုအပ်သော ကောင်းကင်ဖြိုခွင်း ဓားချီနှင့်မတူဘဲ ဤကျင့်စဉ်ကို အနည်းဆုံးအနေဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် လေ့လာနိုင်စွမ်း ရှိလေသည်။ သို့သော်လည်း ရှုပ်ထွေးမှုအပိုင်းတွင်တော့ ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါက ကောင်းကင်ဖြိုခွင်း ဓားချီထက်ပင် ပို၍ရှုပ်ထွေးနေ၏။ ယင်းကို စတင်လေ့လာရန်ပင်လျှင် ကြယ်ခုနစ်ပွင့် ဓားချီကို ရှေးဦးစွာ နားလည်သဘောပေါက်ပြီး စုစည်းရန် လိုအပ်ပေသည်။

ထိုကြယ်ခုနစ်ပွင့် ဓားချီမှာ အခြေခံဓားအသိခုနစ်ခုကို ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤဓားလမ်းစဉ်သို့ ဝင်ရောက်ရန် ပထမအဆင့်မှာ ထိုအခြေခံ ဓားအသိခုနစ်ခုလုံးကို နားလည်သဘောပေါက်ရန်ပင်ဖြစ်၏။

"ကြယ်ခုနစ်ပွင့် ဓားအသိရဲ့ အခြေခံအသိခုနစ်ခုက ထျန်းရှု၊ ထျန်းရွှမ်၊ ထျန်းကျီ၊ ထျန်းချွမ်၊ ယွီဟန်၊ ခိုက်ရန်နဲ့ ယောင်ကွမ်တို့ပေါ့။ အခြေခံလို့ ခေါ်ပေမဲ့လည်း တစ်ခုချင်းစီက တော်တော်လေးကို အစွမ်းထက်ကြတယ်။ သာမန်ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တော့ တစ်ခုတည်းကို နားလည်နိုင်ရင်တောင် သူတို့ကို သူတို့ကျင့်ကြံဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားစေလိမ့်မယ်။ ခုနစ်ခုလုံးကို နားလည်သဘောပေါက်ပြီး ကြယ်ခုနစ်ပွင့် ဓားအသိအဖြစ် ပေါင်းစပ်နိုင်ရင်တော့ ရွှေအမြုတေအဆင့်မှာ ယှဉ်နိုင်မယ့်သူမရှိသလောက် ဖြစ်သွားလိမ့်မယ်။ ပြီးတော့ တစ်ယောက်ယောက်ကသာ ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါကို တကယ်ပဲ ကျွမ်းကျင်ပိုင်နိုင်ပြီး ဓားဝင်္ကပါကို ဖြန့်ကြက်နိုင်မယ်ဆိုရင်... အဋ္ဌမအသွင်ပြောင်းခြင်းအဆင့် ဒါမှမဟုတ် နဝမအသွင်ပြောင်းခြင်းအဆင့် ရွှေအမြုတေကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရရင်တောင် သူတို့ကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း ရှိလာလိမ့်မယ်"

ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါနှင့် ပတ်သက်သော သတင်းအချက်အလက်များက လုချင်း၏ စိတ်ထဲတွင် ပြည့်နှက်သွားလေ၏။ သေချာသည်ကတော့ အခြေခံအသိခုနစ်ခုလုံးကို ကျွမ်းကျင်ပိုင်နိုင်ပြီး ၎င်းတို့ကို ပေါင်းစပ်ရန်မှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ချေ။

၎င်းက ကောင်းကင်ဖြိုခွင်း ဓားချီလိုအပ်သည့် ကြောက်မခန်းလိလိ ပါရမီမျိုးကို မတောင်းဆိုသော်လည်း အတော်လေးကို မြင့်မားနေဆဲပင်ဖြစ်၏။

အနည်းဆုံးအနေဖြင့် အထက်တန်းအဆင့်ရွှေအမြုတေရှိသည့် အမြင့်မြတ်ဆုံးသောပါရမီရှင်တစ်ဦးကသာ အောင်မြင်ဖို့အတွက် မျှော်လင့်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ ပဉ္စမအတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်သိုင်းပညာရှင်တစ်ဦး၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာပင်။ လိုအပ်သော ပါရမီမရှိဘဲ ၎င်းကို နားလည်သဘောပေါက်ရန်မှာ မဖြစ်နိုင်ချေ။

"ဒါဆိုရင် ဒီအခြေခံ ဓားအသိခုနစ်ခုနဲ့ စကြတာပေါ့"

ထိုအတွေးဖြင့် လုချင်းသည် သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြုကာ ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါကို လေ့လာခြင်း၌သာ အပြည့်အဝ နစ်မြုပ်လိုက်လေတော့၏။ ချက်ချင်းပင် အလွန့်အလွန်ကိုမှ သေးငယ်သော ဓားအသိအမျှင်တန်းလေးများက သူ၏ခန္ဓာကိုယ်မှ စတင်ထွက်ပေါ်လာခဲ့သည်။

ရှားပါးလှသော ပြီးပြည့်စုံသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် လုချင်း၏ ပါရမီမှာ ငြင်းခုံစရာမလိုအောင် ထူးချွန်လှပေသည်။ အပြစ်အနာအဆာကင်းသော အထက်တန်းအဆင့် ရွှေအမြုတေများပင်လျှင် သူနှင့် မယှဉ်နိုင်ပါချေ။ ၎င်းအပြင် သူ့ကို ကူညီရန် နတ်မျက်စိစွမ်းရည်ကလည်း ရှိနေသေးပါ၏။

ထို့ထက်ပို၍ သူ၏ဓားကျင့်ကြံမှုမှာလည်း အစွမ်းထက်နေပြီပင်။ သူက ဓားတာအိုပိုင်နက်ကို နားလည်သဘောပေါက်ရုံသာမက ကောင်းကင်ဖြိုခွင်း ဓားချီနောက်ကွယ်ရှိ နက်ရှိုင်းသော နက်နဲမှု၏ တစ်စိတ်တစ်ပိုင်းကိုပါ ဆုပ်ကိုင်နိုင်ခဲ့၏။ ထို့ပြင် ရွှေအမြုတေအဆင့်အတွင်း အစွမ်းထက်သော ဓားသိုင်းတစ်ခုဖြစ်သည့် ကောင်းကင်ဖြိုခွင်း ဓားငယ်ကိုပါ ဖန်တီးနိုင်ခဲ့သည်။ သို့ဖြစ်ရာ အခြားအထက်တန်းအဆင့် ရွှေအမြုတေ ကျင့်ကြံသူများကပင်လျှင် အခြေခံ ဓားအသိခုနစ်ခုကို ဆုပ်ကိုင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ဟု ထင်နေသည့်အချိန်၌ လုချင်းအတွက်တော့ ၎င်းတို့မှာ ကျော်ဖြတ်ရမည့် စိန်ခေါ်မှုများသာ။

သူ့ကို ဝန်းရံထားသော ဓားအသိများ ပိုမိုသိပ်သည်းလာသည်နှင့်အမျှ မကြာမီမှာပင် ခုနစ်ခုအနက်မှ တစ်ခုဖြစ်သော ထျန်းချွမ် ဓားအသိကို သူ အပြည့်အဝနားလည်သဘောပေါက်သွားတော့သည်။

လုချင်းသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တွန်းအားပေးကာ နောက်တစ်ခုကို စတင်လေ့လာလိုက်ပြန်၏။ အချိန်များကုန်လွန်သွားပြီးနောက်၌ ကြယ်ခုနစ်ပွင့် ဓားအသိ၏ အခြေခံ ဓားအသိများကို လုချင်းက တစ်ခုပြီးတစ်ခု တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာခဲ့ကာ စုစည်းနိုင်ခဲ့လေသည်။

တာအိုဆရာဝူပေါင် တစ်ဖန်ပြန်လည် ရောက်ရှိလာချိန်တွင် လုချင်းသည် အခြေခံ ဓားအသိခုနစ်ခုအနက်မှ ခြောက်ခုမြောက်ကိုပင် ကျွမ်းကျင်ပိုင်နိုင်နေလေပြီပင်။

……..

အခန်း ၅၇၂ - ထူးဆန်းသော ဆုတောင်းရဟတ်ဘီးနှင့် အကြံပိုင်သူများ

"ရှေ့မှာမြင်နေရတာက ထျန်းကျီတောင်ထွတ်ပဲ"

လုချင်း မော့ကြည့်လိုက်လေ၏။ ထျန်းရှုမြို့တော်၏ အဓိကတောင်ထွတ်များထဲမှ တစ်ခုဖြစ်သည့်အလျောက် ထျန်းကျီတောင်ထွတ်မှာ အလွန်ကိုမှ ကြီးမားခမ်းနားလှပေသည်။

သူ၏မွေးရပ်မြေရှိ မြင့်မြတ်သောတောင်တော်များထက်ပင် သာလွန်ကြီးမားနေတော့သည်။ တစ်ခုတည်းသော ကွာခြားချက်မှာတော့ ထိုမြင့်မြတ်သောတောင်တော်များ၌ရှိသည့် အံ့မခန်းဖိအားမျိုးက ဤတောင်ထွတ်တွင် မရှိခြင်းသာ။

တောင်ထွတ်၏အထွတ်အထိပ်တွင် ကြီးမားထည်ဝါသော အဆောက်အအုံကြီးတစ်ခု ရှိနေပြီး ထိုနေရာမှာ မကြာမီကျင်းပမည့် လေလံပွဲအတွက် နေရာပင်ဖြစ်သည်။ လေလံပွဲက တရားဝင်မစတင်သေးသဖြင့် လုချင်းနှင့် တာအိုဆရာဝူပေါင်တို့သည် တောင်ထွတ်တစ်ဝိုက်တွင် အရင်လှည့်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြတော့၏။

ထျန်းရှုမြို့တော်၏ အဓိကတောင်ထွတ်များထဲမှ တစ်ခုဖြစ်သော ထျန်းကျီတောင်ထွတ်သည် ကုန်သွယ်ရေးနှင့် ဓနဥစ္စာကြွယ်ဝမှုတို့ကို အဓိကအာရုံစိုက်ထားလေသည်။ လေလံပွဲများ ကျင်းပရုံသာမက စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ ရတနာနှင့် ဆေးဆိုင်များအပြင် ဈေးသည်များ၏ ဆိုင်ခန်းမျိုးစုံတို့ဖြင့် ပြည့်နှက်နေတော့သည်။ ဤနေရာသည် ထျန်းရှုမြို့တော်အတွက် အလွန်အရေးပါသော ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်လေ၏။

လုချင်းသည် တောင်ထွတ်တစ်လျှောက် လျှောက်လှမ်းသွားစဉ် သူ၏ပတ်ဝန်းကျင်၌ စွမ်းအားကြီးမားသော ကျင့်ကြံသူများစွာ ရှိနေကြောင်းကို ခံစားသိရှိနိုင်လေသည်။ လူအများစုက သူတို့၏အရှိန်အဝါများကို ဖုံးကွယ်ထားကြသော်လည်း သူတို့ထံမှ သဘာဝအလျောက် ထွက်ပေါ်နေသော တာအိုအငွေ့အသက်တို့က သူတို့၏ သာမန်မဟုတ်သောကျင့်ကြံခြင်းစွမ်းရည်ကို ဖော်ပြနေတော့သည်။

အချိန်အနည်းငယ်ကြာသော် လုချင်းသည် ရှေ့ရှိ ကျယ်ဝန်းသောကွင်းပြင်တစ်ခုကို ရုတ်တရက် သတိပြုမိသွားလေ၏။ ထိုနေရာတွင် ကျင့်ကြံသူများစွာသည် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေကြပြီး သူတို့ရှေ့တွင် ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသထားလေတော့သည်။

"တာအိုဆရာ... ဟိုလူတွေက ဘာလုပ်နေကြတာလဲဗျ" လုချင်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

မြေပြင်ပေါ်တွင် ထိုင်နေသော ထိုကျင့်ကြံသူများသည် လုံးဝအားနည်းသူများမဟုတ်ကြောင်း သူသိနိုင်လေ၏။ အများစုမှာ အခြေတည်အဆင့် ကျင့်ကြံသူများဖြစ်ကြသော်လည်း သူတို့အထဲတွင် ရွှေအမြုတေအဆင့် ကျွမ်းကျင်သူ အတော်များများလည်း ပါဝင်နေခဲ့သည်။

"သူတို့က ဈေးဆိုင်ခင်းနေကြတာလေ" တာအိုဆရာဝူပေါင်က တစ်ချက်လှမ်းကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။

"ဈေးဆိုင်ခင်းတယ်... ဟုတ်လား" ထိုစကားကြောင့် လုချင်း တစ်ခဏမျှ ကြောင်အမ်းသွားလေ၏။

"ဟုတ်တယ်... ဈေးဆိုင်ခင်းတာလေ"

လုချင်းသည် ဓားအသိကို နားလည်သဘောပေါက်ရန် တံခါးပိတ်ကျင့်ကြံနေစဉ် တာအိုဆရာဝူပေါင်မှာတော့ ဂူထဲတွင်သာ အချည်းနှီး အချိန်ဖြုန်းမနေခဲ့ပေ။ ထိုအစား သူသည် အပြင်ထွက်ကာ သတင်းအချက်အလက်များကို စုံစမ်းရင်း စုဆောင်းနေခဲ့လေသည်။ ယခုအချိန်တွင်တော့ သူသည် ထျန်းရှုမြို့တော်အတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာများကို အတော်လေးပင် နားလည်သဘောပေါက်နေပြီဖြစ်၏။

"ခင်ဗျားမြင်တဲ့အတိုင်းပဲ... ထျန်းရှုမြို့တော်က ကြီးမှူးကျင်းပတဲ့ လေလံပွဲတွေမှာ ရတနာတွေနဲ့ပတ်သက်ရင် သတ်မှတ်ချက်တွေက တော်တော်လေး တင်းကျပ်တယ်လေ။ ကျင့်ကြံသူတော်တော်များများက ရှားပါးပစ္စည်းတွေကိုရဖို့ မြင့်မြတ်တဲ့ ထျန်းရှုတောင်တော်မှာ အသက်စွန့်ပြီး သွားရှာကြတာ။ ဒါပေမဲ့ တချို့ရတနာတွေကကျ တန်ဖိုးနည်းလွန်းတာ ဒါမှမဟုတ် တန်ဖိုးဖြတ်ဖို့ ခက်ခဲတာမျိုးတွေ ရှိတတ်တယ်။ အဲ့လိုပစ္စည်းမျိုးတွေဆိုရင် လေလံပွဲထဲ ဝင်ဖို့မလွယ်ဘူး။ ပြီးတော့ ရတနာဝယ်တဲ့ဆိုင်တွေဆီ ဈေးပေါပေါနဲ့ ရောင်းဖို့ကျတော့လည်း လူအများစုက မရောင်းချင်ကြပြန်ဘူးလေ။ ဒါကြောင့် သူတို့က ဒီနေရာမှာပဲ ဈေးဆိုင်ခင်းပြီး တိုက်ရိုက်ရောင်းဖို့ ကံစမ်းကြတာပေါ့။ ဒါပေမဲ့ ဒီမှာ ဆိုင်ခင်းတာက အလကားတော့မဟုတ်ဘူးနော်... သူတို့က ထျန်းရှုမြို့တော်ကို ဆိုင်ခွန်ဆောင်ရသေးတယ်"

"ဪ... ဒါက တော်တော်လေးစိတ်ဝင်စားစရာကောင်းတာပဲ" လုချင်း၏ စိတ်ဝင်စားမှုမှာ ချက်ချင်းပင် နိုးကြွလာတော့၏။ သူသည် ရှောင်လီကို ပွေ့ချီထားရင်း ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလေသည်။

"တာအိုဆရာချန်... သတိထားဦးနော်" လုချင်း၏ စိတ်အားထက်သန်နေသော မျက်နှာထားကိုမြင်လျှင် တာအိုဆရာဝူပေါင်က အမြန်လိုက်မီအောင်သွားကာ တိုးတိုးလေး သတိပေးလိုက်၏။ "ဒီဈေးသည်တွေက ဝါရင့်တွေချည်းပဲ။ သူတို့ရောင်းတဲ့ပစ္စည်းအများစုက တန်ဖိုးအတိအကျမရှိသလို တချို့ဆို အတုတွေတောင် ဖြစ်နေနိုင်တယ်။ တစ်ခုခုကို သဘောကျမိရင် သေချာစစ်ဆေးပါဦးဗျ။ စိတ်လိုက်မာန်ပါ မလုပ်မိစေနဲ့နော်"

"နားလည်ပါပြီ" လုချင်းက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်လေ၏။

ဤအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သူ မည်သူမဆို လူမိုက်တစ်ယောက်တော့ လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် အန္တရာယ်များလှသော မြင့်မြတ်သော ထျန်းရှုတောင်တော်တွင် နှစ်ပေါင်းများစွာ စွန့်စားရှာဖွေခဲ့ကြသူများဖြစ်လေရာ အကယ်၍ သူတို့သာ အကင်းမပါးပါက အခြားသူများ၏ အနိုင်ကျင့် အမြတ်ထုတ်ခြင်းကို ခံရသည်မှာ ကြာလှပြီဖြစ်လိမ့်မည်။

သူတို့နှစ်ဦး ကွင်းပြင်ထဲသို့ လျှောက်သွားသောအခါ၌ လူအများ၏ အာရုံစိုက်ခြင်းကို သိပ်မခံရပေ။ ထိုနေရာတွင် သွားလာလှုပ်ရှားနေသူ အတော်များများရှိနေပြီး သူတို့ထုတ်လွှတ်ထားသော အရှိန်အဝါများကလည်း သိပ်မပြင်းထန်ဘဲ ရွှေအမြုတေအဆင့်၏ အစောပိုင်းအဆင့်လောက်သာ ရှိလေသည်။ ထို့ကြောင့် ကွင်းပြင်ထဲရှိ ကျင့်ကြံသူများကြားတွင် သူတို့က ရောနှောပျောက်ကွယ်နေတော့သည်။

"ရှောင်လီ... ဒီမှာ ထူးခြားတဲ့ရတနာတွေ ရှိ၊ မရှိ အာရုံခံကြည့်လို့ရမလား" လုချင်းက စိတ်ဝိညာဉ်အသံလွှင့်ခြင်းဖြင့် ရှောင်လီကို ဆက်သွယ်မေးမြန်းလိုက်လေ၏။

သူတို့ ကွင်းပြင်ထဲသို့ ခြေချလိုက်သည်နှင့် သူ၏ဝိညာဉ်စွမ်းအင်များကို အသက်သွင်းထားပြီးဖြစ်သည်။ သို့ရာတွင် ဆိုင်ခန်းတွေကလည်း များပြားသလို ဆိုင်တစ်ဆိုင်ချင်းစီရှိ ပစ္စည်းတွေကလည်း အများအပြားဖြစ်နေသောကြောင့် သူက ပစ္စည်းအားလုံးကို တစ်ခုချင်းစီ လိုက်စစ်ဆေးနေရန် မဖြစ်နိုင်ပေ။ ထိုသို့လုပ်ပါက မလိုလားအပ်သော အာရုံစိုက်မှုများကိုသာ ဆွဲဆောင်မိမည်ပင်။

ထို့ကြောင့် ရှောင်လီ၏ မွေးရာပါ ရတနာအာရုံခံနိုင်စွမ်းဖြင့် တော်တော့်ကိုထူးခြားသော ပစ္စည်းတစ်ခုခုအား ရှာဖွေနိုင်ရန် ရည်ရွယ်ထားပါ၏။ ထိုမှသာ ထိုပစ္စည်းများကို သူ၏နတ်မျက်စိစွမ်းရည်ဖြင့် ပိုမိုသေချာစွာ စစ်ဆေးနိုင်မည်ဖြစ်ပြီး ထိုနည်းလမ်းက ပို၍ပင် ထိရောက်မှုရှိသည်။

"ငါ စမ်းကြည့်ကြည့်မယ်" ရှောင်လီသည် ချက်ချင်းပင် တက်ကြွသွားကာ မျက်လုံးများကိုမှိတ်၍ ၎င်း၏ထူးခြားသောစွမ်းရည်ဖြင့် ပတ်ဝန်းကျင်ကို သေချာစွာ အာရုံခံကြည့်လိုက်တော့သည်။

လုချင်းမှာ တည်ငြိမ်သော အမူအရာကို ထိန်းထားရင်း ရှောင်လီကို ပွေ့ချီကာ ကွင်းပြင်တစ်ဝိုက်တွင် သာမန်အတိုင်း လမ်းလျှောက်နေလေ၏။ အချိန်အနည်းငယ်အကြာတွင်တော့ ရှောင်လီမှာ မျက်လုံးပွင့်လာပြီး ၎င်း၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များတောက်ပနေတော့သည်။

"အားချင်း...ငါ တစ်ခုခုတွေ့ထားပြီ"

"မလောနဲ့... အေးအေးဆေးဆေးနဲ့ပဲ ဖြည်းဖြည်းချင်းပြောပြ" လုချင်းက အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိဘဲ စိတ်ဝိညာဉ်အသံလွှင့်ခြင်းဖြင့် ပြန်ပြောလိုက်သည်။

"ဒီက ဆိုင်တိုင်းလိုလိုမှာ ရတနာအရိပ်အယောင်တချို့ ရှိနေတယ်။ ဒါပေမဲ့ အများစုက အရည်အသွေး သိပ်မကောင်းဘူး၊ သာမန်လောက်ပဲ။ ဒါပေမဲ့ ထူးဆန်းတဲ့ရတနာတွေရှိတဲ့ ဆိုင်တချို့ကိုတော့ ငါ အာရုံခံမိတယ်။ ပထမဆုံးဆိုင်က အရှေ့တောင်ဘက်မှာ..."

ရှောင်လီ၏ လမ်းညွှန်မှုနောက်သို့လိုက်ကာ လုချင်းသည် အရှေ့တောင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်လေ၏။ နောက်ဆုံး၌ ရှောင်လီ ညွှန်ပြသောဆိုင်ကို သူတွေ့လိုက်ရသည်။ သို့သော် သူက ချက်ချင်း သွားမကြည့်ဘဲ အနည်းငယ်လှမ်းသောနေရာတွင် ခေတ္တရပ်ကာ ထိုဆိုင်ကို မျက်ထောင့်စွန်းမှနေ၍ စတင်လေ့လာကြည့်နေတော့သည်။

ခဏအကြာတွင်တော့ လုချင်း၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားပြီး အံ့ဩမှုတစ်ခုက သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားလေ၏။ ကံကောင်းစွာဖြင့် သူ၏ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာ အလွန်ကောင်းမွန်လှသည်။ တာအိုဆရာဝူပေါင် တစ်စုံတစ်ရာ ရိပ်မိသွားခြင်းမရှိစေရန် ထိုအံ့ဩမှုကို အမြန်ဖုံးကွယ်လိုက်ပြီး တိတ်ဆိတ်စွာပင် ဆက်လက်စောင့်ကြည့်နေတော့၏။

ဆယ်ကြိမ်ခန့် အသက်ရှူပြီးချိန်တွင်တော့ သူသည် တစ်စုံတစ်ရာ ရယ်စရာကောင်းသည့်အရာကို တွေ့ရှိသွားသကဲ့သို့ မျက်ခုံးများထပ်မံပင့်တက်သွားပြန်၏။ သူ၏နှုတ်ခမ်းထက်တွင် အပြုံးသဲ့သဲ့လေးတစ်ခု ပေါ်လာခဲ့သည်။ မကြာမီ၌ပဲ သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခု စတင်ပေါ်ပေါက်လာတော့သည်။

ထို့နောက် ရှောင်လီ ညွှန်ပြသောဆိုင်ဆီသို့ သူ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။ သို့ရာတွင် သူက ထိုဆိုင်သို့ တိုက်ရိုက်မသွားသေးဘဲ ဘေးနားရှိ အနည်းငယ်တိတ်ဆိတ်နေသော ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်ကာ သာမန်အတိုင်း ပစ္စည်းများကို စတင်ကြည့်ရှုနေတော့သည်။

"လေးစားရပါတဲ့ ချန်ပေ့တို့... သဘောကျတဲ့ပစ္စည်းများ ရှိလို့လားဗျ။ ဒီရတနာတွေအားလုံးက မြင့်မြတ်တဲ့တောင်တော်ထဲမှာ သေချာတိုက်ခိုက်စွန့်စားပြီးမှ ရလာခဲ့တာတွေချည်းပါပဲ။ ဒါတွေကိုရဖို့ ကျွန်တော့်မှာ အသက်သေရမလိုဖြစ်ခဲ့တာ တစ်ခါနှစ်ခါတောင် မကတော့ဘူးလေ"

ဆိုင်ရှင်မှာ အခြေတည်အဆင့် အထွတ်အထိပ်ရောက်နေသော လူလတ်ပိုင်းကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ သူ၏ဆိုင်ရှေ့တွင် လုချင်းနှင့် တာအိုဆရာဝူပေါင်တို့ ရပ်နေသည်ကိုမြင်လျှင် သူက ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်လာတော့၏။

သူက သူ့ရှေ့ရှိ လူငယ်နှစ်ဦးထက် အသက်ပိုကြီးပုံပေါ်သော်လည်း ကျင့်ကြံခြင်းလောကတွင် အဆင့်အတန်းကို ရုပ်ရည်ဖြင့်မဟုတ်ဘဲ ကျင့်ကြံဆင့်ဖြင့်သာ ဆုံးဖြတ်ခြင်းဖြစ်သည်။ ဤလူငယ်နှစ်ဦး ထုတ်လွှတ်နေသော အရှိန်အဝါများက သူ၏အရှိန်အဝါထက် သိသိသာသာပင် သန်မာနေပါ၏။ ထို့ကြောင့် သဘာဝကျကျပင် သူက ဝမ်ပေ့နေရာမှနေ၍ ဆက်ဆံလိုက်ခြင်းဖြစ်လေ၏။

"ကျွန်တော်တို့က ဒီတိုင်း လေ့လာကြည့်နေရုံပါပဲဗျ" လုချင်းက ပြုံးယောင်သန်းလျက် ပြန်ဖြေလိုက်သည်။

သေချာသည်မှာ ထိုလူပြောသည့် ဇာတ်လမ်းဆန်ဆန် ဈေးခေါ်စကားများကို သူ တစ်လုံးမှမယုံကြည်ပေ။ သို့သော် သူ၏မျက်နှာပေါ်တွင်တော့ သံသယဖြစ်နေသည့် အရိပ်အယောင် တစ်စက်မျှ မပြသခဲ့ပေ။

"ရပါတယ်... အေးအေးဆေးဆေး ကြည့်ပါ။ ချန်ပေ့တို့ သဘောကျတာတစ်ခုခုရှိရင်သာ ပြောလိုက်ပါ။ ချန်ပေ့တို့အတွက် သီးသန့်ဈေးလျှော့ပေးပါ့မယ်ဗျ"

ဆိုင်ရှင်က ပျော်ရွှင်တက်ကြွစွာဖြင့် ဆက်လက်ဂရုစိုက်နေလေ၏။

လုချင်းသည် မြေပြင်ပေါ်တွင် ခင်းကျင်းထားသော ပစ္စည်းများကို စစ်ဆေးရန် အကြည့်ကို နှိမ့်ချလိုက်လေသည်။ မကြာမီ သူ၏မျက်လုံးများထဲတွင် နတ်မျက်စိစွမ်းရည်၏ နူးညံ့သောအလင်းရောင်တစ်ခု တောက်ပလာတော့၏။ အချက်အလက်စာကြောင်းများက သူ၏အမြင်အာရုံထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။

သူထင်ထားသည့်အတိုင်းပင် ရှောင်လီ၏ အာရုံခံနိုင်စွမ်းမှာ အလွန်ကိုမှ အံ့မခန်းဖြစ်လေသည်။

ထင်မှတ်ထားသည့်အတိုင်း ဤဆိုင်ရှိ ပစ္စည်းများမှာ သာမန်အဆင့်သာ။ သူ၏နတ်မျက်စိစွမ်းရည်က ပြသနေသော အလင်းရောင်အများစုမှာ အနီရောင် သို့မဟုတ် ရွှေရောင်များ ဖြစ်ကြ၏။ အနည်းငယ်မျှသာ ခရမ်းရောင်အလင်း ထွက်ပေါ်နေသော်လည်း ထိုအလင်းမှာပင် မှေးမှိန်လျက်ရှိတော့သည်။

ယင်းက ဤပစ္စည်းများ၏ အရည်အသွေးမှာ အတော်လေး နိမ့်ကျနေကြောင်း ဖော်ပြနေပါ၏။ တချို့ပစ္စည်းများဆိုလျှင် အဖြူရောင်အလင်းသာ ထွက်ပေါ်နေချေ၏။ ထိုအရာက ၎င်းတို့သည် ဝိညာဉ်ပစ္စည်းများအဖြစ်ပင် သတ်မှတ်၍မရသော လုံးဝတန်ဖိုးမရှိသည့် သာမန်ပစ္စည်းများဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေလေသည်။ ဆိုင်ရှင်က ဝယ်သူများကို လှည့်စားရန် တမင်သက်သက် ရောနှောထားခြင်း ဖြစ်နိုင်ပေ၏။

သို့တိုင်အောင် လုချင်းက သူ့ကို မဖော်ထုတ်ခဲ့ပေ။ အတန်ကြာ ကြည့်ရှုပြီးနောက်၌ ဆုတောင်းရဟတ်ဘီးပုံစံရှိသော ရတနာတစ်ခုကို သူ သာမန်အတိုင်း ကောက်ကိုင်လိုက်လေ၏။

"တာအိုဆရာ... ဒီရတနာက ဘယ်လောက်လဲဗျ"

သူ့လက်ထဲရှိ ဆုတောင်းရဟတ်ဘီးမှာ ရှေးကျပြီး ရိုးရှင်းသော ဒီဇိုင်းရှိကာ နက်နဲဆန်းကြယ်သည့် ခံစားချက်ကို ပေးစွမ်းသော ရှေးဟောင်းဂါထာမန္တန်များ ထွင်းထုထားလေသည်။

လုချင်း၏ အမြင်အာရုံထဲတွင်တော့ ဤအရာသည် ဆိုင်ရှိ ခရမ်းရောင်အလင်းတောက်ပနေသော ရှားရှားပါးပါး ပစ္စည်းအနည်းငယ်ထဲမှ တစ်ခုဖြစ်လေ၏။ သို့သော် ထူးဆန်းသည်မှာ ၎င်း၏အဆင့်အတန်းက ဝိညာဉ်လက်နက်အဆင့်၌သာ ရှိနေခြင်းပင်။ ယင်းက ဤပစ္စည်းမှာ အပြင်ပန်းကြည့်ရသလောက် မရိုးရှင်းကြောင်း ဖော်ပြနေ၏။ အဆင့်နိမ့်သော်လည်း ၎င်း၌ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ ရှိနေသည်မှာ ထင်ရှားလှပေသည်။

လုချင်း ဆုတောင်းရဟတ်ဘီးကို ကောက်ကိုင်လိုက်သည်ကို မြင်လိုက်ရသည့်အခါ ဆိုင်ရှင်၏မျက်လုံးထဲတွင် ဝမ်းသာမှုအရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားလေ၏။ သို့သော် လျင်မြန်စွာပင် ပျောက်ကွယ်သွားကာ ကျွမ်းကျင်စွာ ဟန်ဆောင်ထားသော မျက်နှာဖုံးအောက်တွင် ဖုံးကွယ်သွားတော့၏။ သူ၏မျက်နှာထားမှာ ဝမ်းနည်းကြေကွဲနေသည့်ပုံစံ ပြောင်းလဲသွားလေသည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ချန်ပေ့ရယ်... ဒီရတနာက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် မြင့်မြတ်တဲ့ ထျန်းရှုတောင်တော်ထဲကို စွန့်စွန့်စားစားနဲ့ သွားခဲ့တုန်းက ရခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေက အမည်မသိ ဟင်းလင်းပြင်ဂူတစ်ခုထဲကို ရောက်သွားခဲ့တယ်။ အထဲမှာ သားရဲရိုင်းတစ်ကောင်က အဲဒီနေရာကို စောင့်ကြပ်နေတာလေ။ အဲဒီကောင်ကို သတ်ဖို့ ကျွန်တော်တို့ အသက်တောင်ပေးလိုက်ရမလိုပဲ။ ဒီဆုတောင်းရဟတ်ဘီးနဲ့ ရွှေခေါင်းလောင်းလေးကို အဲဒီကောင်က စောင့်ကြပ်နေခဲ့တာလေ"

"ကျွန်တော်တို့ ရတနာတွေကို ယူပြီး ထွက်ပြေးလာတာနဲ့ ဂူကြီးကလည်း ပြိုကျသွားတော့တာပဲ။ ကျွန်တော်တို့ ရလာတဲ့ပစ္စည်းတွေကို ခွဲဝေယူကြပြီးတာနဲ့ ဒဏ်ရာတွေကိုကုဖို့ ကိုယ့်လမ်းကိုယ်သွားခဲ့ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အချိန်ကျ ကျွန်တော့်မိတ်ဆွေရခဲ့တဲ့ ဒဏ်ရာတွေက ပြင်းထန်လို့ သူ့ရဲ့ဂူထဲမှာပဲ ကွယ်လွန်သွားပြီဆိုတဲ့ ဝမ်းနည်းစရာသတင်းကို ကြားလိုက်ရတယ်လေ"

"အဲဒီအချိန်ကစပြီး ဒီဆုတောင်းရဟတ်ဘီးကို မြင်လိုက်တိုင်း ကျွန်တော့်မိတ်ဆွေကို သတိမရဘဲ မနေနိုင်ဘူးဗျာ။ နောင်တတရားတွေက အဲဒီကတည်းက ကျွန်တော့်ကို ခြောက်လှန့်နေခဲ့တာလေ။ အဲ့နေ့က ကျွန်တော်သာ ပိုသန်မာခဲ့ရင်... သူ့ကိုယ်စား တိုက်ခိုက်တာတွေနည်းနည်းလောက်ကို ကျွန်တော် ဝင်ခံပေးခဲ့ရင်... သူလည်း အသက်ရှင်နိုင်မှာပဲ။ နှစ်တွေကြာလာတာနဲ့အမျှ ဒီဆုတောင်းရဟတ်ဘီးက ကျွန်တော့်အတွက် စွဲလမ်းမှုကြီးတစ်ခုတောင် ဖြစ်လာတာပေါ့။ ဒီတိုင်းသာ ဆက်သွားနေရင် ကျွန်တော့်ရဲ့ ရွှေအမြုတေ အတိဒုက္ခကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ပါ စိုးရိမ်လာမိတယ်ဗျာ။ ဒါကြောင့် ကျွန်တော် မခွဲခွာချင်ပေမဲ့လည်း ဒီပစ္စည်းကို ရောင်းပစ်ဖို့ ဆုံးဖြတ်လိုက်တာပါ"

"ဒီလိုနာကျင်စရာ ဇာတ်လမ်းရှိမယ်လို့ မထင်ထားခဲ့ဘူး... စိတ်မကောင်းပါဘူးဗျာ" လုချင်း၏ မျက်နှာပေါ်တွင် စာနာမှုများပြသနေပြီး နှစ်သိမ့်စကားများ ပြောလိုက်လေ၏။

သို့ရာတွင် တာအိုဆရာဝူပေါင်ကတော့ ဆိုင်ရှင်ကို သံသယအပြည့်ဖြင့် ကြည့်နေတော့သည်။

"ချန်ပေ့... ဒီဆုတောင်းရဟတ်ဘီးက တစ်ချိန်တုန်းက ကျွန်တော့်အတွက် အရမ်းကိုမှအရေးပါခဲ့တာပါ" ဈေးသည်က လေးလံဝမ်းနည်းနေသော အသံဖြင့် ဆက်ပြောလေသည်။ "ဒါက ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ အတူတူရှာတွေ့ခဲ့တဲ့ နောက်ဆုံးရတနာပဲလေ။ ဒါပေမဲ့ အခုတော့... ဒါကြီးက ဝန်ထုပ်ဝန်ပိုးတစ်ခု၊ ကျွန်တော့်လမ်းကို ပိတ်ဆို့နေတဲ့ စိတ်ပိုင်းဆိုင်ရာအဟန့်အတားတစ်ခု ဖြစ်လာခဲ့ပြီ။ ဒီတော့ ကျွန်တော့်မှာ ဒါကို စွန့်လွှတ်လိုက်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး"

"ကိစ္စမရှိပါဘူး... ဈေးသာပြောပါ။ သင့်တော်မယ်ဆိုရင် ကျွန်တော် ဝယ်ပါ့မယ်" လုချင်းက တိုက်ရိုက်ပင် ပြောလိုက်လေ၏။

"အဲဒါက..." ဆိုင်ရှင်မှာ တုံ့ဆိုင်းသွားလေသည်။ "ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဆုတောင်းရဟတ်ဘီးကို ဘယ်လိုဈေးဖြတ်ရမလဲ ကျွန်တော် မသိဘူး။ ဒါက ဝိညာဉ်လက်နက်အဆင့်ပဲ ရှိပေမဲ့ သူ့အပေါ်မှာ ထွင်းထားတဲ့ ဂါထာမန္တန်တွေက တော်တော့်ကိုမှ လျှို့ဝှက်ဆန်းကြယ်တယ်လေ။ ဂါထာမန္တန်တွေနဲ့ ဝင်္ကပါတွေကို ကျွမ်းကျင်တဲ့ ကျင့်ကြံသူတော်တော်များများကို ကျွန်တော် မေးကြည့်ဖူးပေမဲ့ ဘယ်သူမှ မဖော်ထုတ်နိုင်ကြဘူး။ ပြီးတော့ ဒါက မြင့်မြတ်တဲ့တောင်တော်ထဲက ဟင်းလင်းပြင်ဂူတစ်ခုထဲကနေ ရလာတာဆိုတော့ သူ့တန်ဖိုးကို တကယ်ကိုမသိတာပါ။ ချန်ပေ့ပဲ ဈေးတစ်ခုလောက် သတ်မှတ်ပေးပါလား၊ လက်ခံနိုင်မလားဆိုတာ ကျွန်တော် စဉ်းစားကြည့်ပါ့မယ်"

"သဘောပေါက်ပြီ" လုချင်းက ခေတ္တစဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။ "ဒါက ဝိညာဉ်လက်နက်တစ်ခုဆိုပေမဲ့ ကျွန်တော် တော်တော်လေး သဘောကျသွားတယ်လေ။ ပြီးတော့ ခင်ဗျားအတွက်လည်း စိတ်ပိုင်းဆိုင်ရာတန်ဖိုးရှိနေတယ်ဆိုတော့... ကျွန်တော် ရဲရဲဝံ့ဝံ့ပဲ ဈေးတစ်ခု ပေးလိုက်ပါ့မယ်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်... ခင်ဗျား ရောင်းနိုင်မလား"

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်လား..." ဈေးသည်ခင်မျာ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် တာအိုဆရာဝူပေါင်မှာတော့ အံ့ဩမှင်သက်သွားလေပြီပင်။

သူက ချက်ချင်းပင် ကန့်ကွက်လိုက်တော့သည်။ "တာအိုဆရာချန်... အဲ့ဈေးက အရမ်းများလွန်းတယ်ဗျ။ ဒါက ဝိညာဉ်လက်နက်လေးတစ်ခုပဲကို... အဲဒီဈေးနဲ့ဆို အဆင့်နိမ့် ရတနာလက်နက်တစ်ခုကိုတောင် ဝယ်လို့ရတယ်။ ဒီလူက ဇာတ်လမ်းဆင်နေတာ မဟုတ်ဘူးလို့ ဘယ်လိုလုပ်သိနိုင်မှာလဲ။ အလကား လျှောက်ပြောနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကြောင့်နဲ့တော့ အရူးလုပ်မခံပါနဲ့ဗျာ"

လုချင်း အလိမ်ခံရမည်ကို စိုးရိမ်နေသဖြင့် သူ၏လေသံမှာ တကယ်ကို စိုးရိမ်ပူပန်နေပုံရလေ၏။ အမှန်တကယ်ပြောရလျှင် လုချင်းက သာမန် ဝိညာဉ်လက်နက်လေးတစ်ခုကို အဘယ်ကြောင့် စိတ်ဝင်စားနေရသနည်းဆိုသည်ကိုပင် သူ နားမလည်နိုင်ပေ။ သူတို့လို ရွှေအမြုတေအဆင့် ကျင့်ကြံသူများအတွက် ဝိညာဉ်လက်နက်များမှာ လုံးဝအသုံးမဝင်တော့ချေ။

သူတို့၏ သာမန်ဝိညာဉ်စွမ်းအင်များကပင် ထိုထက် အများကြီး ပိုမိုအားကောင်းနေပြီပင်။

လုချင်း၏ ဈေးပေးမှုကို ကြားလိုက်ရစဉ် ဈေးသည်မှာ တိတ်တဆိတ် ဝမ်းသာသွားခဲ့လေ၏။ သို့သော် တာအိုဆရာဝူပေါင်၏ စကားကို ကြားလိုက်ရသောအခါ၌ သူ၏ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာတော့၏။ ကြားဝင်နှောင့်ယှက်နေသော ထိုတာအိုဆရာကို နေရာမှာတင် ရိုက်နှက်ပစ်ချင်စိတ်များပင် ပေါ်လာတော့သည်။

သေချာသည်မှာ ထိုကိစ္စကို သူ စိတ်ကူးယဉ်ရုံသာ ဝံ့လေ၏။ တာအိုဆရာဝူပေါင်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ရာ သူ့ကို လက်ဖျောက်တစ်ချက်တီးရုံဖြင့် သတ်ဖြတ်နိုင်သူဖြစ်လေသည်။ ထို့ကြောင့် သူက ဒေါသကို အတင်းအကျပ်ဖိနှိပ်ကာ ဝမ်းနည်းနေသည့် မျက်နှာဖုံးကိုသာ ဆက်လက်တပ်ဆင်ထားလိုက်တော့သည်။

"တကယ်တော့ ချန်ပေ့ပေးတဲ့ဈေးက အရမ်းများနေပါတယ်ဗျ။ ဝိညာဉ်လက်နက်တစ်ခုက ဝိညာဉ်ကျောက်တုံး အဲ့လောက်အများကြီး မတန်ပါဘူး။ ချန်ပေ့ ဈေးနည်းနည်းလောက် လျှော့ပေးလို့ရမလား"

"မလိုပါဘူး... ရှားပါးရတနာတွေဆိုတာ ဝယ်ချင်တဲ့သူပေးတဲ့ တန်ဖိုးနဲ့ပဲ တိုင်းတာရတာ။ ကျွန်တော် ဒီဆုတောင်းရဟတ်ဘီးကို တကယ်သဘောကျတယ်။ ပြီးတော့ ခင်ဗျားအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထည့်စဉ်းစားပြီးတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ပဲ ပေးပါ့မယ်" လုချင်းက အလွန်သက်သောင့်သက်သာပင် ပြန်ဖြေလိုက်၏။

ထို့နောက် သူသည် သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံး လက်တစ်ဆုပ်စာခန့်ကို ထုတ်ယူလိုက်သည်။ "တာအိုဆရာ... ဒီမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးပါ။ ရေတွက်ကြည့်ပါဦး"

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေတဲ့လား...

ဈေးသည်၏ ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများက လှိုင်းလုံးကြီးများအလား ရိုက်ခတ်သွားတော့၏။ ပုံမှန်ပြောင်းလဲမှုနှုန်းအရ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံးသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာနှင့် ညီမျှသော်လည်း ကျင့်ကြံသူများသည် အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးများ၏ ပိုမိုသန့်စင်သော ဝိညာဉ်စွမ်းအင်ကို ပို၍ပင် နှစ်သက်ကြလေသည်။

"ကျေးဇူးတင်ပါတယ် ချန်ပေ့... အခုချိန်ကစပြီး ဒီဆုတောင်းရဟတ်ဘီးကို ချန်ပေ့ပိုင်သွားပါပြီဗျာ"

သူက ဝိညာဉ်ကျောက်တုံးများကို လုယူကာ ထွက်ပြေးချင်စိတ် အလွန်ပြင်းပြနေသော်လည်း မိမိကိုယ်ကို အတင်းထိန်းချုပ်ကာ ဖြည်းညင်းစွာနှင့် ရိုသေလေးစားစွာ လှုပ်ရှားလိုက်လေ၏။ သူသည် လုချင်း၏လက်ထဲမှ ဝိညာဉ်ကျောက်တုံးများကို အလွန်ပင် ဂရုတစိုက်ဖြင့် ယူလိုက်ပြီး ဆုတောင်းရဟတ်ဘီးကို လွမ်းဆွတ်တမ်းတနေသည့်ပုံစံဖြင့် ဝမ်းနည်းနေသော အမူအရာကို ဆက်လက်ထိန်းထားခဲ့သည်။

လုချင်း ထိုဆုတောင်းရဟတ်ဘီးကို သိမ်းဆည်းလိုက်ပြီးနောက်မှသာ သူက မချိတင်ကဲဖြင့် အကြည့်ကို လွှဲဖယ်လိုက်တော့၏။

ဆုတောင်းရဟတ်ဘီးကို ရရှိသွားပြီးနောက်၌ လုချင်းသည် သက်သောင့်သက်သာဖြင့် ဆက်လက်လေ့လာနေလေသည်။ ဤတစ်ကြိမ်တွင်တော့ သူသည် ရှောင်လီ အစကတည်းက ညွှန်ပြခဲ့သော ဆိုင်သို့ နောက်ဆုံးတွင် ရောက်ရှိသွားတော့၏။

All Chapters