အခန်း (၅၇၉-၅၈၀)
Vol. 58 Ch. 579-580
အခန်း ၅၇၉ - လေလံပွဲ ပြီးဆုံးခြင်း၊ ကမ္ဘာဦးပုလဲ
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ကိုးထောင်"
"ကိုးထောင့်သုံးရာ"
"ကိုးထောင့်ငါးရာ"
"တစ်သောင်း"
သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးက တင်းကျပ်စွာ စေ့ထားသော သွားများကြားမှနေ၍ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းဟု အော်ဟစ်လိုက်သောအခါ လေလံခန်းမကြီးတစ်ခုလုံး အံ့အားသင့်ကာ တိတ်ဆိတ်သွားတော့သည်။ အောက်ဘက်ရှိ ခန်းမတွင်းမှ ကျင့်ကြံသူများ ဆွံ့အသွားရုံသာမက သီးသန့်အခန်းများအတွင်းရှိ အစွမ်းထက် ပုဂ္ဂိုလ်များပင်လျှင် စိတ်ထဲတွင် တုန်လှုပ်သွားကြလေ၏။
မတတ်နိုင်ပေ။ ဤစျေးနှုန်းက ရိုးရိုးရှင်းရှင်းပင် အလွန်အမင်းကိုမှ အဓိပ္ပာယ်မဲ့လွန်းလှ၏။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာနှင့် ညီမျှပေသည်။ ထိုကဲ့သို့သော ပမာဏမျိုးသည် ထျန်းယွမ်ကမ္ဘာလောကကြီးရှိ အစွမ်းအထက်ဆုံး အင်အားစုများအတွက်ပင်လျှင် ဧရာမ ချမ်းသာကြွယ်ဝမှုကြီးတစ်ခုဟု သတ်မှတ်နိုင်လေ၏။ ထိုမျှလောက် အသုံးပြုလိုက်ခြင်းက သူတို့ကို မချည့်မဆန့် မဖြစ်စေနိုင်သော်လည်း သူတို့၏ အခြေခံအုတ်မြစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုကိုတော့ သေချာပေါက် ကုန်ကျသွားစေမည်သာ။
"မျှော်လင့်ထားတဲ့အတိုင်းပဲ ငါတို့ နှစ်ဂိုဏ်း ပူးပေါင်းရင်တောင် ဒီထိပ်တန်း အင်အားစုတွေနဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး"
ချီခွန်းဂိုဏ်း၏ သီးသန့်အခန်းအတွင်း၌ ချန်းလင်းရှောင်က သက်ပြင်းရှည်ကြီးချလိုက်ပြီး နောက်ဆုံးတွင်တော့ လက်လျှော့လိုက်တော့၏။ သူတို့၏ ချီခွန်းဂိုဏ်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို မဖြစ်မနေ စုဆောင်းနိုင်ကောင်း စုဆောင်းနိုင်ပေမည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက ဂိုဏ်း၏ သိုလှောင်ထားမှုတစ်ခုလုံးကို ကုန်စင်သွားစေလိမ့်မည်ပင်။ အကယ်၍ သူတို့သာ ထိုမျှလောက် သုံးစွဲဝံ့ပါက ဂိုဏ်းသည် ဆင်းရဲမွဲတေသွားပြီး လည်ပတ်နိုင်ရန်ပင် ရုန်းကန်ရမည်သာ။ ထိုပမာဏ၏ တစ်ဝက်ကို ပေးချေခြင်းကပင် သူတို့ကို အကျပ်ရိုက်စေမည်ဖြစ်ပြီး သူတို့၏ တပည့်များကို ချွေတာသောအခြေအနေများအောက်တွင် ကျင့်ကြံစေရန် ဖိအားပေးရလိမ့်မည်။ ထို့အပြင် ရွှေခေါင်းလောင်း ရောင်းချသူသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကိုသာ လက်ခံလေ၏။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကိုတော့ သူတို့ ကြိုးပမ်းအားထုတ်မှုဖြင့် စုဆောင်းနိုင်ကောင်းစုဆောင်းနိုင်ပေမည်။
သို့သော် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်သောင်းကတော့ သူတို့ လုံးဝ လက်လှမ်းမမီနိုင်သော အရာပင်။ ထိုကိန်းဂဏန်း နှစ်ခုကြားရှိ ကွာဟချက်သည် သူတို့၏ ချီခွန်းဂိုဏ်းနှင့် တကယ့်ထိပ်တန်း အင်အားစုများကြားရှိ ကွာဟချက်နှင့် အတူတူပင် ဖြစ်တော့၏။ ကုန်းရှုမျိုးနွယ်စု၏ ခွန်အားမှာ သူတို့နှင့် အကြမ်းဖျင်း တူညီသောကြောင့် သူတို့ မဟာမိတ်ဖွဲ့လျှင်တောင် ငွေကြေးပြည့်စုံသော ဤအထက်တန်းလွှာ ဂိုဏ်းများကို ရှုံးနိမ့်သွားနိုင်ဆဲပင်။ ပို၍ အရေးကြီးသည်မှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းသည် နောက်ဆုံးစျေးနှုန်းပင် မဟုတ်နိုင်သေး။
သေချာသည်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က ပိုမြင့်သော လေလံကြေးကို အော်ဟစ်လိုက်လေ၏။
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းတစ်ထောင်"
ခန်းမတစ်ခုလုံး တစ်ဖန် လှုပ်လှုပ်ရွရွ ဖြစ်သွားပြန်သည်။ ဤလေလံဆွဲသူက စျေးနှုန်းကို နောက်ထပ် တစ်ထောင်တိတိ တိုက်ရိုက် မြှင့်တင်လိုက်ခြင်းပင်။ ထိုသည်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်သန်းနှင့် ညီမျှပေ၏။
"ဒီအစွမ်းထက် အင်အားစုတွေက သူတို့ရဲ့ အခြေခံအုတ်မြစ်တစ်ခုလုံးကို တကယ်ပဲ စွန့်စားဖို့ ဆန္ဒရှိနေကြတာ ထင်တယ်"
"ဘယ်အင်အားစုက ဒီလောက်ထိရဲရင့်နေတာလဲ မသိဘူး"
"ကောင်းကင်ဓားဂိုဏ်းတို့၊ အာဏာရှင်မျိုးနွယ်စုတို့၊ ဟွမ်တာအိုကျောင်းတော်တို့ထဲက တစ်ခုခုများဖြစ်နေမလား။ ဒါမှမဟုတ်လည်း ပီလုနန်းတော်ကများ ဖြစ်နေမလားမသိဘူးနော်။ ဒီတစ်ကြိမ် ထျန်းရှုမြို့တော်ကို လာတဲ့ အင်အားစုတွေထဲမှာ အဲဒီလေးဖွဲ့က အစွမ်းအထက်ဆုံးပဲ မဟုတ်လား"
ဘယ်ထိပ်တန်း အင်အားစုက လေလံဆွဲလိုက်သည်ကို လူအုပ်ကြီးက စတင်၍ တီးတိုးပြောဆို ခန့်မှန်းလာကြတော့သည်။ ဤကိန်းဂဏန်းကို အော်ဟစ်လိုက်ပြီးနောက် အခြားသူတစ်ဦးမှ စျေးနှုန်းအသစ်တစ်ခုကို မကမ်းလှမ်းမီ အချိန်အတော်ကြာအောင်အထိ တိတ်ဆိတ်သွားခဲ့၏။
ထို့ကြောင့် လေလံဆွဲခြင်း၏ အရှိန်အဟုန်မှာ သိသိသာသာ နှေးကွေးသွားသော်လည်း ပိုပို၍ပင် ပြင်းထန်လာခဲ့တော့လေ၏။ နောက်ဆုံးတွင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင်ဖြင့် နောက်ဆုံးစျေးနှုန်းကို အော်ဟစ်လိုက်သောအခါ မည်သူကမျှ နောက်ထပ် လေလံမဆွဲတော့ချေ။
ရှည်လျားစွာ တိတ်ဆိတ်သွားပြီးနောက် အကြိမ်အနည်းငယ် သတိပေးမှုအပြီးတွင် ဆရာတော်ကျန်းပေါင်က နောက်ဆုံး၌ သစ်သားတူကို ထုလိုက်တော့သည်။
"နောက်ထပ် လေလံဆွဲမယ့်သူ မရှိတော့တဲ့အတွက် ဒီရွှေခေါင်းလောင်းက ကောင်းကင်အဆင့် အခန်း (၃)က ဂုဏ်သရေရှိ ဧည့်သည်တော်ဆီကို ရောက်သွားပါပြီ"
သူ၏ စကားလုံးများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် အရင်က တင်းမာပြီး အသက်ရှူကျပ်လုမတတ် ဖြစ်နေသော လေလံခန်းမကြီးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ။ ခုနလေးတင်က ငါ အရမ်းကို စိတ်လှုပ်ရှားနေလို့ အသက်တောင် မရှူရဲဘူး"
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင်တဲ့လားကွာ။ ဘယ်လို အင်အားစုမျိုးကများ ဒီလောက်စျေးနှုန်းကို တတ်နိုင်တာပါလိမ့်။ ဒါကြီးက ဂိုဏ်းတစ်ခုရဲ့ အခြေခံအုတ်မြစ် တစ်ဝက်ကျော်လောက် ပျောက်ကွယ်သွားတာ မဟုတ်ဘူးလား"
"သူတို့ တကယ့်ကို အစွမ်းကုန် ပုံအောလိုက်ကြတာပဲလေ။ သေချာတာပေါ့။ အဆင့်မြင့် ဝိညာဉ်လက်နက်တွေက ရှားတယ်ဆိုပေမဲ့လည်း ဒီစျေးနှုန်းကတော့ ရူးခါစရာကြီးဖြစ်တုံးပဲ"
"အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ့ငါးဆယ်တောင် ကျသင့်တယ်ဆိုရင်၊ အမြင့်ဆုံးအဆင့် လက်နက်တစ်ခုဆိုရင် ဘယ်လောက်တောင် စျေးကြီးလိုက်မလဲ"
"မင်း ဘာတွေတွေးနေတာလဲ။ အမြင့်ဆုံးအဆင့် လက်နက်တွေဆိုတာ ဒဏ္ဍာရီထဲမှာပဲ ရှိတာကွ။ ထျန်းယွမ်ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ဒီလိုရတနာမျိုး ပိုင်ဆိုင်တဲ့ အင်အားစုအရေအတွက်ကို လက်ချိုးပြီးတောင် ရေလို့ ရတယ်။ အဲဒီလက်နက်တွေက ဂိုဏ်းတစ်ခုရဲ့ ကံကြမ္မာကို နှစ်ထောင်ပေါင်းများစွာတောင် ဖိနှိပ်ထိန်းချုပ်ထားနိုင်စွမ်းရှိတယ်လေ။ အဲ့ဒါတွေက အမြင့်မြတ်ဆုံး ရတနာတွေလေ။ ဘယ်သူက အဲဒါကို လေလံတင်ပြီး ရောင်းချရတဲ့အထိ မိုက်မဲမှာလဲ။ တစ်ခုပေါ်လာရင်တောင် ဘယ်သူမှ ရိုးရိုးသားသားနဲ့ လေလံဆွဲမှာ မဟုတ်ဘူး။ အဲဒီအတွက် စစ်ပွဲပဲ ဆင်နွှဲကြမှာပေါ့"
"မေ့လိုက်တော့။ ငါတို့ လူသားမျိုးနွယ်စု ပိုင်ဆိုင်တဲ့ အမြင့်ဆုံးအဆင့် လက်နက်နည်းနည်းက အစွမ်းအထက်ဆုံး သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေရဲ့ လက်ထဲမှာ ရှိတယ်လို့ ပြောကြတယ်။ အဲဒါတွေက မိစ္ဆာမျိုးနွယ်စုကို ခုခံဖို့ တန်ဖိုးအကြီးဆုံး ဝှက်ဖဲတွေလေ။ ပြီးတော့လည်း ငါတို့ရဲ့ ရှင်သန်ရပ်တည်ရေးနဲ့လည်း ဆက်စပ်နေသေးတာကို။ အဲဒါတွေကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် ရောင်းမှာ မဟုတ်ဘူး။ လေလံတင်ဖို့ဆိုတာ ပိုတောင် ဝေးသေး"
အောက်ဘက်ရှိ ပင်မခန်းမကြီးထဲတွင် အပြင်းအထန် ဆွေးနွေးပြောဆိုမှုများဖြင့် ဆူညံနေစဉ် အထက်ရှိ သီးသန့်အခန်းများအတွင်းတွင်တော့ အချို့သော ကျင့်ကြံသူများမှာ အလွန်အမင်း ရုပ်ဆိုးအကျည်းတန်သော မျက်နှာအမူအရာများ ရှိနေကြလေ၏။
"ဘယ်သူလဲ။ ဘယ်သူက ငါတို့ အာဏာရှင်မျိုးနွယ်စုဆီကနေ ဒီဝိညာဉ်လက်နက်ကို လုယူရဲတာလဲ။ ဟွမ်တာအိုကျောင်းတော်လား၊ ပီလုနန်းတော်လား ဒါမှမဟုတ် ကောင်းကင်ဓားဂိုဏ်းလား"
အာဏာရှင်မျိုးနွယ်စုမှ ပါထျန်းမှာ လုံးဝကို မှုန်ကုပ်နေတော့၏။ သူတို့၏ မျိုးနွယ်စု ဘိုးဘေးကို ဆက်သွယ်ပြီးနောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းလေးထောင်အထိ လေလံဆွဲခဲ့ပြီးသည့်တိုင် ဤအဆင့်မြင့် ဝိညာဉ်လက်နက်ကို အနိုင်မရရှိခဲ့ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထိုကိန်းဂဏန်းသည် သူ၏ မျိုးနွယ်စု ဘိုးဘေးကို ဆက်သွယ်ပြီးနောက် ခွင့်ပြုချက်ရရှိထားသော အများဆုံး ပမာဏဖြစ်သည်။ ၎င်းထက် ပိုမြင့်သွားပါက အာဏာရှင်မျိုးနွယ်စုပင်လျှင် သူတို့၏ အခြေခံအုတ်မြစ်နှင့် အသက်ဝင်လှုပ်ရှားမှုတို့ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပြီး သူတို့၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည်ပင်။ နောက်ဆုံးတွင် စျေးနှုန်းက သူ လက်လှမ်းမမီနိုင်အောင် မြင့်တက်သွားသည်ကို သူ အကူအညီမဲ့စွာ ကြည့်နေနိုင်ရုံသာ ရှိတော့၏။
ပါထျန်း ဒေါသမထွက်ဘူးဟု ပြောမည်ဆိုလျှင် ၎င်းမှာ လိမ်လည်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော အရှက်ကွဲမှုကို သူ တစ်ခါမှ မခံစားခဲ့ရဖူးချေ။ သို့သော် သူ မည်မျှပင် ဒေါသထွက်နေပါစေ ဤနေရာတွင် ပြဿနာရှာရန် သူ မဝံ့ရဲပေ။ အဘယ်ကြောင့်ဆိုသော် ဤလေလံခန်းမတွင် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူအများအပြား ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် ထျန်းရှုမြို့တော်၏ မြို့စားမင်းသည် တတိယအတိဒုက္ခအဆင့် သန္ဓေသားဝိညာဉ်အဆင့်ထက် ကျော်လွန်သော ကြောက်မက်ဖွယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု ကောလာဟလ ထွက်ပေါ်နေလေ၏။ အာဏာရှင်မျိုးနွယ်စုပင်လျှင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ရိုသေလေးစားမှု ပြသရမည်ပင်။ နောက်ဆုံးတွင် ပါထျန်းသည် သူ၏ ဒေါသကို မြိုချလိုက်ရုံသာ တတ်နိုင်တော့သည်။
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင်..."
မြေကမ္ဘာအဆင့် အခန်း (၁၉)တွင် လုချင်းသည်လည်း အံ့သြတကြီး သက်ပြင်းချလိုက်မိသည်။ ဤအဆင့်မြင့် ဝိညာဉ်လက်နက်၏ စျေးနှုန်းသည် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤထိပ်တန်း အင်အားစုများ၏ ငွေကြေးအင်အားမှာလည်း တန်းတူ ကြောက်မက်ဖွယ်ကောင်းလှပါ၏။ သူတို့သည် ဝိညာဉ်ကျောက်တုံး သန်းရာချီကို မျက်တောင်ပင်မခတ်ဘဲ သုံးစွဲနိုင်ကြလေ၏။
"အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုက ဂိုဏ်းတစ်ခုရဲ့ ကံကြမ္မာအတွက် အခြေခံအုတ်မြစ်အဖြစ် ကောင်းကောင်းကြီး တာဝန်ထမ်းဆောင်နိုင်တယ်လေ။ သူတို့ ဒီလောက်ထိ အပြင်းအထန် တိုက်ခိုက်ကြတာ အံ့ဩစရာတော့မဟုတ်ပါဘူး။ ကံကောင်းလို့ ဒီတစ်ကြိမ် ထျန်းရှုမြို့တော်ကို လာတဲ့ ထိပ်တန်း အင်အားစုအရေအတွက်က သိပ်မများလို့ပေါ့။ မဟုတ်ရင် ဒီမြင်ကွင်းက ဒီ့ထက်ပိုပြီးတော့တောင် ပရမ်းပတာ ဖြစ်နေမှာလေ။ ဒါပေမဲ့ အဲဒီရွှေခေါင်းလောင်းကို ဘယ်သူရသွားလဲ ဆိုတာတော့ သိချင်မိသား"
တာအိုဆရာဝူပေါင်ကလည်း အံ့သြစွာ သက်ပြင်းချလိုက်သည်။
"ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ ကဲ ပြဇာတ်လည်း ပြီးပြီဆိုတော့ သွားကြရအောင်" လုချင်းက ပြုံးလိုက်သည်။
နောက်ပိုင်းတွင်တော့ လုချင်းသည် သူ ကြိုတင်ပေးထားခဲ့သော ဝိညာဉ်ကျောက်တုံးများကို ပြန်လည်ရယူလိုက်ပြီးနောက် တာအိုဆရာဝူပေါင်နှင့်အတူ လေလံခန်းမမှ ထွက်ခွာလာခဲ့သည်။ သူတို့သည် နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ မှတစ်ဆင့် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။
ဤသို့ပြုလုပ်ခြင်းကြောင့် လေလံပွဲမှ ဝန်ထမ်းများမှလွဲ၍ သူတို့သည် မြေကမ္ဘာအဆင့် အခန်း (၁၉)မှ ဧည့်သည်များဖြစ်ကြောင်း မည်သူကမျှ မသိနိုင်ချေ။ လျှို့ဝှက်စွာ ထားရှိမှုကိစ္စနှင့် ပတ်သက်၍ လေလံပွဲပေါင်းများစွာကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ဖူးသော ထျန်းရှုမြို့တော်သည် အလွန်ကောင်းမွန်သော အလုပ်ကို လုပ်ဆောင်ခဲ့လေ၏။ လေလံခန်းမမှ ထွက်ခွာပြီးနောက်၌ သူတို့နှစ်ဦးသည် အခြားသူများ နောက်ယောင်မခံနိုင်စေရန် သေချာစေရန်အတွက် လမ်းလွှဲကာ သွားခဲ့ကြပြီးမှ နောက်ဆုံးတွင် သူတို့ငှားရမ်းထားသော ကျင့်ကြံခြင်းဂူများဆီသို့ ပြန်လာခဲ့ကြသည်။
"တာအိုဆရာ၊ အခု ပြဇာတ်ပြီးသွားပြီဆိုတော့ ကျွန်တော် ခဏလောက်တော့ တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်ဗျ။ ကျွန်တော့်အတွက် လျှို့ဝှက်နယ်မြေနဲ့ ပတ်သက်တဲ့ တိုးတက်မှု အခြေအနေတွေကို ကျေးဇူးပြုပြီး စောင့်ကြည့်ပေးထားပါဦးဗျ။ တစ်ခုခု အပြောင်းအလဲရှိရင်တော့ ကျွန်တော့်ကို ချက်ချင်း လာအကြောင်းကြားပေးပါ"
သူတို့၏ သက်ဆိုင်ရာ ဂူများသို့ ပြန်ရန် မခွဲခွာမီ လုချင်းက ပြုံးလျက် ပြောလိုက်သည်။
"စိတ်မပူပါနဲ့ တာအိုဆရာချန်။ ကျွန်တော့်ကိုသာ အားကိုးလိုက်"
တာအိုဆရာဝူပေါင်က တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ရင်ဘတ်ကို ပုတ်ကာ အာမခံချက် ပေးလိုက်လေ၏။ သူသည် သူ၏အနေအထားကို အပြည့်အဝ သတိပြုမိသည်။ သူသည် လုချင်း၏ အရှိန်အဝါကို မှီခိုရန် ရည်ရွယ်ထားပါ၏။ ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ဆောင်ပေးရခြင်းက အသေးအမွှား ကိစ္စလေးသာ။
"ဒါဆိုရင်တော့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်ဗျာ"
ဂူအတွင်းသို့ ဝင်ရောက်ပြီးနောက် လုချင်းက တင်ပျဉ်ခွေ ထိုင်လိုက်သော်လည်း သူ မလှုပ်ရှားရသေးမီမှာပင် ရှောင်လီက သူ့ရင်ခွင်ထဲမှ ခုန်ထွက်လာခဲ့သည်။
"အားချင်း အားချင်း မြန်မြန်၊ ငါတို့ဝယ်လာတဲ့ ရတနာတွေကို ထုတ်ပြစမ်းပါ ကြည့်ရအောင်လို့"
သူမသည် ရတနာလေးများကို စုဆောင်းသိမ်းဆည်းတတ်သော ကလေးလေးတစ်ယောက်၏ ပုံစံမျိုး အပြည့်အဝပေါက်နေလေ၏။
"အေးပါကွာ အေးပါ"
လုချင်းက ရယ်မောလိုက်ပြီးနောက် ရှောင်လီ စစ်ဆေးနိုင်ရန် သူစောစောက ဝယ်ယူခဲ့သော ပစ္စည်းများအားလုံးကို ထုတ်ပေးလိုက်သည်။
သူမ ပထမဆုံး လုပ်ခဲ့သည့်အရာမှာ ငွေရောင်အလုံးလေးကို တင်းကျပ်စွာ ဖက်ထားပြီး ၎င်းကို ဂရုတစိုက် စတင်ခံစားကြည့်ခြင်း ဖြစ်သည်။
နောက်ဆုံးတွင်တော့ ၎င်းသည် ဟင်းလင်းပြင်လှေပျံနှင့် ဆက်စပ်နေသော အရာတစ်ခု မဟုတ်ပါလော။
ထိုငွေရောင် လှေပျံသည် မည်မျှ အံ့မခန်းဖြစ်ပြီး အစွမ်းထက်ကြောင်းကို ရှောင်လီလည်း အပြည့်အဝ သိထားသည်။ ၎င်းသာမရှိပါက သူတို့သည် ကျယ်ပြောလှသော ထျန်းယွမ်ကမ္ဘာလောကကြီးသို့ မည်သည့်အခါမျှ ရောက်ရှိလာနိုင်မည် မဟုတ်ပေ။ ၎င်းကို ကိုင်ထားပြီး ရတနာ၏ အငွေ့အသက်ကို အတန်ကြာ ခံစားပြီးနောက် နောက်ဆုံးတွင် ကျေနပ်သွားသော မျက်နှာအမူအရာဖြင့် သူမက လွှတ်ပေးလိုက်ပြီး ကျန်ပစ္စည်းနှစ်ခုဆီသို့ လှည့်လာခဲ့သည်။ ထို့နောက် နောက်ဆုံးအရာဝတ္ထုဖြစ်သော မီးခိုးရောင်ပုလဲဆီသို့ မကြည့်မီ သူမက ဆုတောင်းရဟတ်ဘီးကို အထင်အမြင်သေးစွာဖြင့် တစ်ချက် ကြည့်လိုက်လေ၏။
"အားချင်း၊ ဒီပုလဲက ဘာလဲ"
ရှောင်လီသည် ရတနာ၏ အငွေ့အသက်ကို ခံစားနိုင်သော်လည်း ၎င်း၏ စစ်မှန်သော ဇစ်မြစ်ကိုတော့ သူမ မသိပေ။ သို့သော် လုချင်းတွင် ရတနာတစ်ခု၏ စစ်မှန်သော သဘာဝကို သိမြင်နိုင်သည့် များစွာပို၍ အံ့မခန်းဖြစ်သော စွမ်းရည်တစ်ခု ရှိကြောင်း သူမ သိထားသည်။
"ဒီတစ်ခုက ရိုးရှင်းတာ မဟုတ်ဘူး၊ ဒီပုလဲကို ကမ္ဘာဦးပုလဲလို့ ခေါ်တယ်။ သူက ကြီးမားတဲ့ လျှို့ဝှက်နယ်မြေတစ်ခု ဒါမှမဟုတ် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးမသွားခင်မှာ မူလအစ ကမ္ဘာဦးအခြေအနေကို ပြန်လည်ပြိုကျသွားတဲ့ အချိန်ကျမှ ဖြစ်ပေါ်လာတာ။ ကံကြမ္မာရဲ့ ရှားပါးတဲ့ လှည့်စားမှုတစ်ခုကြောင့် သူက ဧရာမ ဟင်းလင်းပြင်စွမ်းအင်တစ်ခုနဲ့ ကမ္ဘာဦးချီစွမ်းအင် အငွေ့အသက်လေးတစ်ခုကို စုပ်ယူနိုင်ခဲ့ပြီး အခုလို ဖြစ်လာတာပဲ"
မီးခိုးရောင်ပုလဲကို ကိုင်ထားရင်း လုချင်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု တစ်ချို့ ရှိနေခဲ့သည်။ ဤမျှ ရှားပါးသော ရတနာတစ်ပါးကို ကောက်ရလောက်အောင် ကံကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ကမ္ဘာဦးပုလဲတွင် မယုံနိုင်လောက်အောင် အားကောင်းသော အနှစ်သာရတစ်ခု ရှိလေ၏။ ၎င်းကို သေချာစွာ သန့်စင်နိုင်ပါက ၎င်းသည် ဝိညာဉ်လက်နက်တစ်ခု အလွယ်တကူ ဖြစ်လာနိုင်သည်—ထို့အပြင် ကြီးမားသော အလားအလာရှိသည့် လက်နက်တစ်ခုလည်း ဖြစ်သည်။ အနာဂတ်တွင် ၎င်းကို အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့် ဝိညာဉ်လက်နက်အထိပင် အဆင့်မြှင့်တင်နိုင်ပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ ကမ္ဘာဦးပုလဲတွင် အခြားသော မှတ်သားဖွယ် အသုံးဝင်မှုတစ်ခု ရှိနေသေးသည်။ ၎င်းသည် လက်ရှိ ဝိညာဉ်လက်နက်တစ်ခု၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်လေ၏။ ထိုကဲ့သို့သော ပစ္စည်းတစ်ခုနှင့် ပေါင်းစပ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ထိုရတနာ၏ အလားအလာကို သိသိသာသာ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ မူလပစ္စည်း၏ အဆင့်က အရမ်းမမြင့်ပါက ၎င်းကို အဆင့်တစ်ဆင့်လုံးပင် မြှင့်တင်ပေးနိုင်လေ၏
တနည်းအားဖြင့် ပြောရလျှင် အကယ်၍ သူ ဤကမ္ဘာဦးပုလဲကို ကောင်းကင်နှင့်မြေကြီး ချီစွမ်းအင်အိတ်ထဲသို့ ပေါင်းစပ်လိုက်ပါက၊ ထိုအိတ်သည် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်အဖြစ်သို့ ချက်ချင်း အဆင့်တက်သွားနိုင်ချေရှိသည်။ အကယ်၍ ၎င်းကို လီဟော်ဒယ်အိုးတွင် အသုံးပြုလိုက်ပါက ၎င်းသည် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်လာရန် အလားအလာ ရရှိသွားနိုင်သည်။
"လျှို့ဝှက်နယ်မြေ ဒါမှမဟုတ် ကမ္ဘာတစ်ခု ပြိုကျပျက်စီးရာကနေ မွေးဖွားလာတဲ့ ပုလဲတဲ့လား"
ထိုစကားကို ကြားပြီးနောက် ရှောင်လီက အံ့အားသင့်စွာဖြင့် လျှာကို သက်သပ်လိုက်သည်။ ကမ္ဘာဦးပုလဲသည် ထူးခြားကြောင်းကို သူမ ခံစားမိခဲ့သော်လည်း ဤမီးခိုးရောင် ပုလဲစေ့လေး၏ အနောက်တွင် ဤမျှ ကြီးကျယ်ခမ်းနားသော ဇစ်မြစ်တစ်ခု ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
"ဒါဆို ငါတို့ နောက်ထပ် ဝိညာဉ်လက်နက်တစ်ခု ရတော့မယ်ပေါ့" ဟု သူမက စိတ်အားထက်သန်စွာ မေးလိုက်သည်။
"လောစရာမရှိပါဘူး။ ငါ ဒါကို သေသေချာချာ စဉ်းစားဖို့ လိုသေးတယ်"
လုချင်းက ခေါင်းခါလိုက်သည်။ အမှန်တကယ်တော့ ကမ္ဘာဦးပုလဲကို မည်သို့ အကောင်းဆုံး အသုံးပြုရမည်ကို သူ တွေဝေနေခဲ့သည်။ ၎င်းကို ဝိညာဉ်လက်နက်တစ်ခုအဖြစ် သန့်စင်ဖန်တီးရမည်လား၊ သို့မဟုတ် သူ လက်ရှိ ပိုင်ဆိုင်ထားသော လက်နက်တစ်ခုနှင့် ပေါင်းစပ်ရမည်လား။ ပထမရွေးချယ်မှုသည် အချိန်အများအပြား ယူရမည်ဖြစ်ပြီး အခြားသော ပံ့ပိုးပေးမည့် ပစ္စည်းများကို စုဆောင်းရန် လိုအပ်မည် ဖြစ်သည်။ ထို့အပြင် သူ၏ လက်ရှိ ကျင့်ကြံမှုဖြင့်ဆိုလျှင် ဝိညာဉ်လက်နက်တစ်ခုကို သန့်စင်ဖန်တီးခြင်းက ယခုလောလောဆယ်တွင် သူ့အတွက် မဖြစ်နိုင်သေးပေ။
ဒုတိယရွေးချယ်မှုနှင့် ပတ်သက်၍မူ မည်သည့်ရတနာနှင့် ပေါင်းစပ်ရမည်ကို သူ မဆုံးဖြတ်ရသေးချေ။ ယခုအချိန်တွင် သူ့၌ အရေးကြီးသော ရတနာများစွာ ရှိနေသည်: ဓာတ်ကြီးငါးပါးဘူးသီးခြောက်၊ ဟင်းလင်းပြင်လှေပျံ၊ လီဟော်ဒယ်အိုး၊ ကောင်းကင်နှင့်မြေကြီး ချီစွမ်းအင်အိတ်၊ နှင့် သူ၏ မျက်ခုံးနှစ်ခုကြားရှိ စွမ်းအင်စုစည်းရာနေရာတွင်းမှ ဓာတ်ကြီးငါးပါးပုလဲတို့ ဖြစ်သည်။
ဟင်းလင်းပြင်လှေပျံကတော့ ချန်ထားခဲ့ရမည်—၎င်းသည် တာအိုလက်နက်တစ်ခု ဖြစ်သည်။ ကမ္ဘာဦးပုလဲသည် မည်မျှပင် အစွမ်းထက်ပါစေ၊ ၎င်းကို တာအိုလက်နက်တစ်ခုနှင့် ပေါင်းစပ်လိုက်ခြင်းက သိသာထင်ရှားသော တိုးတက်မှုကို ဖြစ်ထွန်းစေမည်မဟုတ်ပေ။ ကောင်းကင်နှင့်မြေကြီး ချီစွမ်းအင်အိတ်ကို များသောအားဖြင့် သိုလှောင်ရေး ရတနာအဖြစ်သာ အသုံးပြုသည်။ ၎င်းသည် အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားပါကတောင် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် လီဟော်ဒယ်အိုးကို ကျော်လွန်သွားနိုင်မည် မဟုတ်ချေ။
ဒါဆိုလျှင် အလေးအနက် စဉ်းစားရမည့် အရာသုံးခု ကျန်ရှိနေသည်: ဓာတ်ကြီးငါးပါးဘူးသီးခြောက်၊ လီဟော်ဒယ်အိုးနှင့် ဓာတ်ကြီးငါးပါးပုလဲတို့ ဖြစ်သည်။ ဓာတ်ကြီးငါးပါးဘူးသီးခြောက်သည် သူနှင့် အနီးကပ် ချိတ်ဆက်ထားသော သူ၏ ဘဝနှင့်ဆက်စပ်နေသည့် ဝိညာဉ်လက်နက်ဖြစ်သည်။ အရေးအကြီးဆုံးဟု ဆို၍ရပေသည်။
သို့သော် ဓာတ်ကြီးငါးပါးပုလဲသည်လည်း အံ့မခန်းပင် ဖြစ်သည်။ ၎င်းသည် ဝိညာဉ်အဆောင်လက်ဖွဲ့ကို ထိန်းသိမ်းထားပြီး သူ၏ ဝိညာဉ်ကို အမြဲတစေ အာဟာရဖြည့်တင်းကာ ကာကွယ်ပေးနေလေ၏။ ၎င်း၏ အရေးပါမှုသည် ဘူးသီးခြောက်ထက် များစွာ နောက်ကျမနေချေ။
ပြဿနာမှာ ပစ္စည်းနှစ်ခုလုံးက အမြင့်ဆုံးရတနာအဆင့်တွင်သာ ရှိနေသေးပြီး သူနှင့် တင်းကျပ်စွာ ချိတ်ဆက်ထားကာ သူ၏ လက်ရှိ ကျင့်ကြံမှုဖြင့် ကန့်သတ်ထားသောကြောင့် ဆင့်ကဲပြောင်းလဲခြင်း မရှိသေးပေ။ ကမ္ဘာဦးပုလဲကို ၎င်းတို့အပေါ် ယခု အသုံးပြုခြင်းက စောလွန်းနေနိုင်လေ၏။
ထိုအခါ လီဟော်ဒယ်အိုးသာ ကျန်တော့သည်။ ဤအလယ်အလတ်အဆင့် ဝိညာဉ်လက်နက်သည် လုချင်း၏ လက်ရှိ လက်နက်တိုက်တွင် အစွမ်းအထက်ဆုံး ဖြစ်သည်။ အကယ်၍ သူက ကမ္ဘာဦးပုလဲကို ၎င်းနှင့် ပေါင်းစပ်လိုက်ပါက ၎င်း၏ အနှစ်သာရကို အကြီးအကျယ် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် အဆင့်မြင့် ဝိညာဉ်လက်နက် အဆင့်သို့ပင် ရောက်ရှိသွားနိုင်သည်။ သို့သော် ထိုအခါ သူ လီဟော်ဒယ်အိုးကို ပထမဆုံး သန့်စင်ခဲ့စဉ်က "ယန်" နှင့် ပြုလုပ်ခဲ့သော သဘောတူညီချက်ကို သူ သတိရသွားတော့သည်။
တစ်နေ့တွင် ၎င်းကို လွှတ်ပေးမည်ဟု သူ ကတိပေးခဲ့သည်။ "ယန်" ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဒယ်အိုး၏ စွမ်းအားက သေချာပေါက် ကျဆင်းသွားမည် ဖြစ်သည်။ သူသည် ရတနာဝိညာဉ်သစ် တစ်ခုကို ပြုစုပျိုးထောင်ရန် လိုအပ်မည်ဖြစ်ပြီး ၎င်းမှာ အချိန်နှင့် ကြိုးစားအားထုတ်မှု လိုအပ်မည် ဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်းက "ယန်" သည် လုံးဝ အညံ့ခံမည့် လက္ခဏာများကို ပြသခဲ့သော်လည်း ၎င်းမှာ မသေချာသော အကြောင်းရင်းတစ်ခု ဖြစ်နေဆဲပင်။ ပြီးတော့ ကမ္ဘာဦးပုလဲ—သူ့၌ တစ်ခုတည်းသာ ရှိလေ၏။ ၎င်းကို ဂရုတစိုက် အသုံးပြုရမည် ဖြစ်သည်။
ထပ်ခါထပ်ခါ စဉ်းစားပြီးနောက် လုချင်းသည် ဆုံးဖြတ်ချက် မချနိုင်သေးချေ။ နောက်ဆုံးတွင် သူသည် အနာဂတ်၌ ပိုမို သင့်လျော်သော အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီး ကမ္ဘာဦးပုလဲကို သိမ်းဆည်းလိုက်တော့သည်။
ဆုတောင်းရဟတ်ဘီးနှင့် ပတ်သက်၍မူ လုချင်းသည် ရှောင်လီကဲ့သို့ပင် တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ၎င်းကို သိပ်ပြီး အာရုံမစိုက်တော့ချေ။ ထိုပစ္စည်းသည် အဆင့်မမြင့်သော်လည်း ၎င်းပေါ်တွင် ထွင်းထုထားသော ထူးဆန်းသည့် ဂါထာမန္တန်များကတော့ စိတ်ဝင်စားဖွယ်ကောင်းလေ၏။ သို့တိုင် လုချင်းသည် ယခုလောလောဆယ်တွင် ၎င်းကို လေ့လာရန် စိတ်မပါသေးသောကြောင့် ၎င်းကိုလည်း ဘေးဖယ်ထားလိုက်၏။
နောက်ဆုံးတွင်တော့ လုချင်းသည် သူ၏ အာရုံစိုက်မှုကို ငွေရောင်အလုံးလေးပေါ်သို့သာ ပြောင်းလဲလိုက်သည်။ ဤဟင်းလင်းပြင်အမြုတေသည် ယခုလောလောဆယ်တွင် သူ တန်ဖိုးအထားဆုံး ရတနာပင်။
အတန်ကြာ စဉ်းစားပြီးနောက်၌ လုချင်းက ရုတ်တရက် လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအခါ၌ သူ၏လည်ပင်းတွင် ဆွဲထားသော လီဟော်ဒယ်အိုးက ပျံသန်းထွက်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်သွားကာ လူတစ်ဝက် အရပ်အမြင့်ရှိသော အရွယ်အစားသို့ ပြောင်းလဲသွားတော့သည်။ ထို့နောက် သူက ရှောင်လီဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်၏။
"ရှောင်လီ၊ ငါ လီဟော်ဒယ်အိုးထဲကို ခဏလောက် ဝင်သွားလိုက်ဦးမယ်။ အပြင်ဘက်ကနေ စောင့်ကြည့်ပေးထားဦး"
သူမ ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ၌ လုချင်းက ဟင်းလင်းပြင်အမြုတေကို ယူကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒယ်အိုးထဲသို့ ဝင်ရောက်သွားလေ၏။ သူသည် လီဟော်ဒယ်အိုးအတွင်းသို့ သူ၏ စစ်မှန်သော ခန္ဓာကိုယ်ဖြင့် ဝင်ရောက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
"သခင်လေး၊ သခင်လေးက..."
ရတနာ၏ အတွင်းပိုင်းနေရာလွတ်ထဲတွင် လုချင်း ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ၌ ယန်မှာ အံ့အားသင့်သွားတော့သည်။
"ကျွန်တော် လုပ်စရာအလုပ်လေးရှိလို့"
လုချင်းက ရိုးရှင်းစွာ ပြန်ဖြေလိုက်ပြီး သူ၏ လက်တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ ဟင်းလင်းပြင်လှေပျံကို ဆင့်ခေါ်လိုက်တော့၏။
…….
အခန်း ၅၈၀ - အမြုတေ ပေါင်းစပ်ခြင်း၊ လှေပျံ၏ အသွင်ပြောင်းလဲမှုနှင့် လျှို့ဝှက်နယ်မြေ၏ လှုပ်ရှားမှုများ
လုချင်းက လျှို့ဝှက်ချက်မပေါက်ကြားစေရန် လီဟော်ဒယ်အိုး၏ ဝိညာဉ်လက်နက်နေရာလွတ်ထဲတွင် ဟင်းလင်းပြင်အမြုတေကို လေ့လာရန် ရွေးချယ်လိုက်လေ၏။ ဟင်းလင်းပြင်အမြုတေသည် ဟင်းလင်းပြင်လှေပျံ၏ စွမ်းအင်အရင်းအမြစ်ဖြစ်သောကြောင့် ၎င်းတို့နှစ်ခု ထိတွေ့မိပါက မည်သို့သော မထင်မှတ်ထားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ သူ၏ လက်ရှိကျင့်ကြံခြင်းဂူတွင် အငွေ့အသက်များနှင့် စွမ်းအင်လှိုင်းများကို ဖုံးကွယ်ရန် ကိုယ်ပျောက်ဝင်္ကပါတစ်ခု ရှိသော်လည်း ၎င်းသည် ရွှေရောင်အမြုတေအဆင့်အတွက်သာ ဖြစ်၍ လုံခြုံမှုမရှိလှချေ။
လီဟော်ဒယ်အိုးသည် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခုဖြစ်သဖြင့် ဖိနှိပ်ထိန်းချုပ်ရန် အလွန်ပင်သင့်လျော်လှ၏။ ၎င်း၏ အတွင်းပိုင်းနေရာလွတ်သည် အလွန်တရာ တည်ငြိမ်လှသည့်အပြင် အငွေ့အသက်များကို ဖုံးကွယ်ပေးနိုင်ပြီး ကံကြမ္မာဗေဒင်ဟောကိန်းများကိုပါ ကာကွယ်ပေးနိုင်သော အစွမ်းရှိလေသည်။ အကယ်၍ မထင်မှတ်ထားသော ပြဿနာတစ်စုံတစ်ရာ ပေါ်လာလျှင်တောင်မှ ဤအထပ်ထပ်သော ဖုံးကွယ်မှုများကြောင့် ပြင်ပလောကမှ သတိပြုမိရန် အတော်လေးကို ခက်ခဲသွားမည်ပင်။
ဟင်းလင်းပြင်လှေပျံပေါ်လာသည်နှင့်တစ်ပြိုင်နက် ယန်သည်လည်း ငြိမ်သက်သွားတော့သည်။ ဝိညာဉ်လက်နက်တစ်ခု၏ ဝိညာဉ်ဖြစ်သော သူသည် ဤလှေပျံ မည်မျှအစွမ်းထက်ကြောင်းကို သဘာဝကျကျပင် သိရှိထားပါ၏။ လုချင်းက ၎င်းကို ရုတ်တရက် ထုတ်ယူလာသည်ကို မြင်သောအခါ၌ အလွန်အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်တော့မည်ကို သူရိပ်မိလိုက်လေ၏။
"ဟင်..."
လုချင်းသည် ဟင်းလင်းပြင်လှေပျံကို ထုတ်လိုက်သည်နှင့် သူ့လက်ထဲရှိ ဟင်းလင်းပြင်အမြုတေနှင့် လှေတို့ကြားမှ နက်နဲသော ဆက်သွယ်မှုကို ချက်ချင်း ခံစားလိုက်ရတော့သည်။ အမြုတေသည် သူ့လက်ထဲမှနေ၍ လှေဆီသို့ သူ့အလိုလို ပျံသန်းသွားချင်နေပုံရသည်။ တစ်ချိန်တည်းမှာပင် လှေပျံအတွင်းမှနေ၍ အမြုတေကို စုပ်ယူရန် ဆွဲငင်အားတစ်ခုကိုပါ သူခံစားလိုက်ရ၏။
ထို့ကြောင့် သူသည်လည်း ခုခံမနေတော့ဘဲ ငွေရောင်အလုံးလေးကို လှေပျံဆီသို့ မျောလွင့်သွားစေလိုက်လေတော့သည်။
အလုံးလေးသည် လှေကိုယ်ထည်နှင့် ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်လှေပျံတစ်ခုလုံးမှာ ရေစီးကြောင်းတစ်ခုလို လှိုင်းတွန့်သွားပြီးနောက် အမြုတေကို အပြည့်အဝ စုပ်ယူသွားတော့သည်။ နောက်တစ်စက္ကန့်တွင်တော့ လှေဆီမှ မျက်စိကျိန်းမတတ် စူးရှလှသော ငွေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာလေ၏။ ကြီးမားလှသော အတိုင်းအဆမဲ့ စွမ်းအားကြီးတစ်ခုက ဘာမှမရှိရာမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားတော့သည်။ ထိုစွမ်းအားကို ခံစားမိသောအခါ၌ ယန်၏ မျက်နှာအမူအရာမှာ သိသိသာသာပင် ပြောင်းလဲသွားလေ၏။ လက်နက်ဝိညာဉ်တစ်ခုအနေဖြင့် သူသည် ထိုကဲ့သို့သော စွမ်းအားမျိုးကို အလိုလိုပင် ကြောက်ရွံ့မိသည်။ ၎င်းသည် မိမိ၏ မူလအနှစ်သာရထက် ပို၍ပင် သာလွန်မြင့်မြတ်သော ရတနာတစ်ခုကို ရင်ဆိုင်ရချိန်တွင် ခံစားရသည့် ပင်ကိုယ်ရိုသေကြောက်ရွံ့မှုမျိုး ဖြစ်လေသည်။
ဟင်းလင်းပြင်လှေပျံမှ ဖြာထွက်လာသော အလွန်အမင်း ကြီးမားလှသည့် စွမ်းအားကို ခံစားရသော လုချင်းမှာမူ စိတ်ထဲတွင် သက်ပြင်းချနိုင်သွားတော့သည်။
ကံကောင်းလို့ ဝိညာဉ်လက်နက် နေရာလွတ်ထဲမှာ အမြုတေကို ပေါင်းစပ်ဖို့ ရွေးချယ်လိုက်တာ။ မဟုတ်ရင် ဒီလောက် အစွမ်းထက်တဲ့ အငွေ့အသက်ကို ငါ့ဂူထဲက ဝင်္ကပါတွေက ဘယ်လိုမှ ဖုံးကွယ်ပေးထားနိုင်မှာ မဟုတ်ဘူး။
အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် ထျန်းရှုမြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပနေလေ၏။
ပေါင်းစပ်ခြင်းမှ မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို သူ အလွန်ပင် သိချင်နေတော့သည်။
အချိန်အတော်ကြာ ကုန်လွန်သွားသော်လည်း ပေါင်းစပ်မှုမှာတော့ မပြီးဆုံးသေးပေ။ ထိုအစား ဟင်းလင်းပြင်လှေပျံမှ ထွက်ပေါ်လာသော အငွေ့အသက်မှာ ပိုပိုပြီးတော့တောင် အားကောင်းလာလေ၏။ လီဟော်ဒယ်အိုးအတွင်းရှိ နေရာလွတ်ပင်လျှင် အနည်းငယ် တုန်ခါလာတော့သည်။ ထို့ကြောင့် လုချင်းနှင့် ယန်တို့သည် နေရာလွတ်ကို ပြန်လည်တည်ငြိမ်စေရန် ဒယ်အိုး၏ ဝင်္ကပါကို အတူတကွ ပူးပေါင်းကာ အသက်သွင်းခဲ့ရလေ၏။
လှေပျံနှင့် အမြုတေ ပေါင်းစပ်မှုသည် စွမ်းအားများ ပြန်လည်လျော့ကျသွားပြီး ငွေရောင်အလင်းများ မှိန်ဖျော့သွားသည်အထိ နာရီဝက်ခန့် အချိန်ယူခဲ့ရသည်။ အလင်းရောင်များ အပြည့်အဝ ပျောက်ကွယ်သွားပြီး လှေ၏ အသွင်အမှန် ပြန်ပေါ်လာသောအခါ၌ ယခင်က ပျက်စီးနေသော လှေကိုယ်ထည်တွင် ဟာကွက်များ ရှိနေဆဲဖြစ်သော်လည်း သိသိသာသာ သေးငယ်သွားသည်ကိုတော့ လုချင်း မြင်တွေ့လိုက်ရလေ၏။ လှေ၏အငွေ့အသက်ကလည်း ပို၍ ထိန်းချုပ်နိုင်လာသော်ငြား ယခုအခါတွင်တော့ အတိုင်းအဆမသိနိုင်လောက်အောင် ကြီးမားကျယ်ပြန့်သော စွမ်းအားများက သဲ့သဲ့မျှ ထွက်ပေါ်နေတော့သည်။ ထိုလှေက အငြိမ်လေး ရပ်တန့်နေသည့်တိုင် ၎င်း၏ဝန်းကျင်ရှိ ဝိညာဉ်လက်နက်၏ နေရာလွတ်ကို အနည်းငယ် တုန်ခါသွားစေ၏။
"သခင်လေး... ဒီလှေပျံကလေ..."
ယန်၏အသံမှာ တုန်ယင်နေလေ၏။ ဟင်းလင်းပြင်လှေပျံသည် ယခင်ကထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လာကြောင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်လေသည်။ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခု၏ ဝိညာဉ်ဖြစ်သော သူသည် နက်နဲသော ပင်ကိုယ်အကြောက်တရားကို ခံစားနေရသည်။
"ကျွန်တော် အရင်ကြည့်လိုက်ဦးမယ်။"
လုချင်း၏ အသံတွင်လည်း စိတ်လှုပ်ရှားမှုများ စွက်ယှက်နေတော့၏။ သူသည် ဟင်းလင်းပြင်လှေပျံကို ယခင်ကတည်းက သန့်စင်ခဲ့ပြီးဖြစ်ကာ အတွင်းတွင် ချန်ထားခဲ့သော ဝိညာဉ်အမှတ်အသားမှတစ်ဆင့် လှေ၏ စွမ်းအားမှာ အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်သွားကြောင်း ရှင်းလင်းစွာ ခံစားနေရသည်။ သို့သော် အတိအကျ ဘာတွေပြောင်းလဲသွားသည်ကိုတော့ သူကိုယ်တိုင် စစ်ဆေးကြည့်ရန် လိုအပ်နေသေး၏။
ထို့နောက် လုချင်းသည် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ ဟင်းလင်းပြင်လှေပျံကို စိုက်ကြည့်လိုက်လေ၏။ ခဏအကြာတွင် မြင်တွေ့နိုင်လောက်သည့် ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး စာကြောင်းအချို့က မျက်စိရှေ့တွင် ပေါ်လာတော့သည်။
[ဟင်းလင်းပြင်လှေပျံ - အလွန်တရာ ရှားပါးသော ရတနာ၊ တာအိုလက်နက်၏ အကြွင်းအကျန်။]
[ဤလှေသည် တစ်ချိန်က ထူးခြားသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အစွမ်းထက် တာအိုလက်နက်တစ်ခု၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ အတိတ်က ပြင်းထန်စွာ ပျက်စီးခဲ့သော်လည်း ဟင်းလင်းပြင်အမြုတေနှင့် ပေါင်းစပ်ပြီးနောက် သိသိသာသာ ပြန်လည်ကောင်းမွန်လာကာ ၎င်း၏ စွမ်းအားအချို့ကို ပြန်လည်ရရှိခဲ့သည်။ ယခုအခါ အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားပြီဖြစ်သည်။]
[တာအိုလက်နက်ဟူသည် ပြီးပြည့်စုံသော မဟာတာအိုနိယာမတစ်ခု ပါဝင်သည့် ရတနာဖြစ်သည်။]
[ဤလှေသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် လွတ်မြောက်နိုင်စွမ်းရှိသည်။]
[စွမ်းအားအမြုတေနှင့် ပေါင်းစပ်ပြီးနောက် ဟင်းလင်းပြင်လှေပျံသည် ပြီးပြည့်စုံသွားခဲ့ပြီဖြစ်သည်။ ယခုအခါ မိမိကိုယ်ကို ပြန်လည်ပြုပြင်ရန်အတွက် ကျယ်ပြောလှသော ဟင်းလင်းပြင်ထဲမှ စွမ်းအင်များကို စုပ်ယူနိုင်ပြီဖြစ်သည်။]
"အဆင့်မြင့် ဝိညာဉ်လက်နက်အဖြစ် တကယ်ကြီး ပြန်ကောင်းသွားတာပဲ။"
စာကြောင်းများကို ဖတ်ပြီးသည်နှင့် လုချင်း၏ မျက်လုံးများက ထိန်းမရသော ဝမ်းသာမှုများဖြင့် တောက်ပသွားတော့သည်။ လှေ၏ စွမ်းအားကို ခံစားပြီးကတည်းက သံသယဝင်နေခဲ့သော်လည်း ပေါ်လာသော ထိုစာလုံးများကို အတည်ပြုလိုက်ရခြင်းက သူ့ကို ပီတိဖြာသွားစေလေ၏။
အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု။
လွန်ခဲ့သည့် နာရီဝက်ခန့်က လေလံပွဲ၌ မသေမျိုးရွှေခေါင်းလောင်းကို အရူးအမူး လုယူခဲ့ကြသည်မှာ သူ၏ မှတ်ဉာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေဆဲပင်။ ထိုထိပ်တန်းအင်အားစုများသည် ၎င်းကိုရရှိရန် ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကျော်ကိုပင် အကုန်အကျခံရန် ဆန္ဒရှိခဲ့ကြသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုက မည်မျှထိတောင် ရှားပါးပြီး တန်ဖိုးကြီးကြောင်း လွယ်ကူစွာ သိမြင်နိုင်ပေ၏။
အမြုတေနှင့် ပေါင်းစပ်ပြီးနောက် ဟင်းလင်းပြင်လှေပျံသည်လည်း ထိုအဆင့်သို့ ရောက်ရှိသွားမည်ဟု ထင်မှတ်မထားခဲ့ချေ။ ထို့အပြင် ပေါ်လာသော စာကြောင်းများအရ ပေါင်းစပ်မှုက လှေကို တစ်ဖန်ပြန်လည် ပြီးပြည့်စုံသွားစေခဲ့သည်။ ယခုအခါ ၎င်းသည် ကျယ်ပြောလှသော ဟင်းလင်းပြင်မှ စွမ်းအင်များကို စုပ်ယူကာ ဆက်လက်၍ ပြန်လည်ကောင်းမွန်လာနိုင်ပြီပင်။ ပြန်လည်ပြုပြင်ခြင်း အပြည့်အဝ ပြီးစီးသွားချိန်တွင် ၎င်းသည် နောက်ထပ် အသွင်ပြောင်းမှုတစ်ခုပင် ဖြစ်လာနိုင်ချေရှိလေသည်။
"အဲဒီထိပ်တန်းအင်အားစုတွေက မသေမျိုးရွှေခေါင်းလောင်းကိုပဲ အာရုံစိုက်နေကြလို့ ဟင်းလင်းပြင်အမြုတေကို ငါ အနိုင်ရဖို့ အခွင့်အရေးရသွားတာပဲ..."
လုချင်းသည် ဝမ်းသာမှုနှင့် ကံကောင်းမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရတော့သည်။ ဤလေလံပွဲသည် သူ့အတွက် မယုံနိုင်လောက်အောင် ကြီးမားလှသော အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးခဲ့သည်။ နောက်လာမည့် လျှို့ဝှက်နယ်မြေအတွင်း မည်သည့်အရာမျှ မတွေ့ရလျှင်ပင် ဤထျန်းရှုမြို့တော်သို့ လာရသည့် ခရီးစဉ်သည် သူ မျှော်လင့်ထားသည်ထက် ပို၍ပင် တန်ဖိုးရှိနေပြီဖြစ်၏။
စိတ်တည်ငြိမ်သွားသောအခါ၌ လုချင်းသည် သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ ဟင်းလင်းပြင်လှေပျံအတွင်းရှိ ပြောင်းလဲမှုများကို သေချာစွာ စစ်ဆေးကြည့်လိုက်လေသည်။ ယင်း၏ စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ကိုသာမက ပို၍အရေးကြီးသည်မှာ လှေ၏ အလယ်ဗဟိုတွင် နက်နဲပြီး ရှုပ်ထွေးလှသည့် ဂါထာမန္တန်အစီအရင်များ အထပ်ထပ်ရေးထွင်းထားသော ငွေရောင်အလုံးလေးတစ်ခုက ဖြည်းညှင်းစွာ လည်ပတ်နေသည်ကို သူ တွေ့ရှိလိုက်ရသည်။
လည်ပတ်သွားတိုင်း ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာများမှ စွမ်းအင်အမြောက်အမြားကို ထုတ်ယူကာ စုဆောင်းပြီးနောက် လှေကို တဖြည်းဖြည်း ပြုပြင်ရန် အသုံးပြုနေလေ၏။
ထိုလုပ်ငန်းစဉ်သည် လီဟော်ဒယ်အိုး၏ အတွင်းပိုင်း နေရာလွတ်က ကန့်သတ်ထားခြင်းကို အပြည့်အဝ လျစ်လျူရှုထားနိုင်စွမ်းရှိသည်။ ၎င်းသည် အလွန်နှေးကွေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဤနှုန်းဖြင့်ဆိုလျှင် လှေကို အပြည့်အဝ ပြုပြင်ရန် နှစ်တစ်ရာခန့် အချိန်ယူရလိမ့်မည်ဟု လုချင်း ခန့်မှန်းမိ၏။ သို့သော် သူက အလွန်ပင် ကျေနပ်နေပြီဖြစ်၏။
ဤပေါင်းစပ်မှုသည် ဟင်းလင်းပြင်လှေပျံကို အဆင့်မြင့် ဝိညာဉ်လက်နက်အဆင့်သို့ ပြန်လည်ရောက်ရှိစေရုံသာမက ယခုအခါ အမြုတေသည် ဟင်းလင်းပြင်စွမ်းအင်များကို စဉ်ဆက်မပြတ် စုပ်ယူနေပြီဖြစ်သဖြင့် ၎င်းကို စွမ်းအင်ဖြည့်တင်းရန် ဝိညာဉ်ကျောက်တုံးများ သုံးစွဲရန် မလိုအပ်တော့ချေ။
"တစ်ခုတည်းသော နှမြောစရာက ထျန်းယွမ်ကမ္ဘာလောကကြီးမှာ အစွမ်းထက်တဲ့ ပညာရှင်တွေ အများကြီးရှိနေတော့ ဒီလှေရဲ့ စွမ်းအားအသစ်ကိုတောင် ငါစမ်းသပ်လို့ မရသေးတာပဲ။"
အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု၏ စွမ်းအားကို အသုံးပြုလိုက်သည်နှင့် မလွဲမသွေ အံ့မခန်း ဖြစ်သွားပေလိမ့်မည်။ နက်ရှိုင်းသော နေရာများတွင် တံခါးပိတ်ကျင့်ကြံနေကြသည့် မိစ္ဆာအိုကြီးတချို့၏ အာရုံစိုက်မှုကိုပင် ဆွဲဆောင်နိုင်ချေရှိလေသည်။
သူ၏ လက်ရှိစွမ်းအားဖြင့် သူ့ထံတွင် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုရှိကြောင်း သတင်းပေါက်ကြားသွားပါက ထိပ်တန်းအင်အားစုများ၊ သန္ဓေသားဝိညာဉ်အဆင့် မိစ္ဆာအိုကြီးများပင်လျှင် သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲရန် အုံနှင့်ကျင်းနှင့် ရောက်လာကြပေလိမ့်မည်။ ထို့ကြောင့် အသက်နှင့်ရင်းရမည့် အခြေအနေမျိုး မဟုတ်လျှင် ဟင်းလင်းပြင်လှေပျံကို လုံးဝ အသုံးမပြုရန် လုချင်း ဆုံးဖြတ်လိုက်တော့၏။ လှေကို အနည်းငယ် ထပ်မံခံစားကြည့်ပြီးနောက် အဆုံးတွင်တော့ ဟင်းလင်းပြင်လှေပျံကို သူ၏ ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲ၌ သိမ်းဆည်းလိုက်လေ၏။
"သခင်လေး၊ လှေပျံရဲ့ အဆင့်က တကယ်ပဲ တက်သွားတာလား။" ယန်က မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
"ဟုတ်တယ်ဗျ။ ဟင်းလင်းပြင်လှေပျံက အခုဆိုရင် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုအဖြစ်ကိုတောင် ပြောင်းသွားပြီ။" လုချင်းက ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်လေ၏။
"တကယ်ပဲကို"
ယန်မှာ အံ့သြတုန်လှုပ်မှုကြောင့် မတုန်ယင်ဘဲ မနေနိုင်တော့ချေ။ ဝိညာဉ်လက်နက်တစ်ခု၏ ဝိညာဉ်ဖြစ်သော ယန်သည် ဟင်းလင်းပြင်လှေပျံ၏ အလွန်ကြီးမားသော စွမ်းအားကို ခံစားရချိန်တွင် သံသယဝင်နေခဲ့ပြီးဖြစ်သော်လည်း လုချင်းကိုယ်တိုင် အတည်ပြုလိုက်သည်ကို ကြားလိုက်ရသောအခါ၌ သူ အံ့ဩမှင်သက်သွားမိဆဲဖြစ်သည်။
"သခင်လေး၊ ခုနက ငွေရောင်အလုံးလေးက ဘာကြီးလဲ။"
ထျန်းယွမ်ကမ္ဘာလောကကြီးသို့ ရောက်ရှိလာကတည်းက ယန်သည် မိမိကိုယ်ကို လီဟော်ဒယ်အိုးအတွင်း၌သာ အမြဲတမ်း လိမ္မာရေးခြားရှိစွာ ကန့်သတ်ထားခဲ့၏။ သူ၏ ကိုယ်ပိုင်ပုံစံကို မကြာခဏ ဖော်ပြလေ့ရှိသော သူတို့၏ မူလကမ္ဘာနှင့်မတူဘဲ ယခုအခါတွင် သူသည် သူ၏ ဝိညာဉ်အာရုံကို ပြင်ပလောကသို့ ဖြန့်ကြက်ရန်ပင် ရှားရှားပါးပါးသာ ရဲတင်းတော့သည်။ ဤနေရာသည် မူလကမ္ဘာ မဟုတ်တော့ကြောင်း သူ ကောင်းကောင်းသိထားလေ၏။ ထျန်းယွမ်ကမ္ဘာလောကကြီးသည် ဝိညာဉ်အာရုံခံစားမှု အလွန်ထက်မြက်သော သန္ဓေသားဝိညာဉ်အဆင့် ပညာရှင်များနှင့် ပြည့်နှက်နေသည်။
အကယ်၍ သူသည် အသိဉာဏ်ရှိသော လက်နက်ဝိညာဉ်တစ်ခုဖြစ်ကြောင်းကို တစ်စုံတစ်ယောက်ကသာ သိရှိသွားပါက လုချင်းအပေါ်သို့ ကြီးမားလှသော ပြဿနာများ ကျရောက်လာနိုင်ပေသည်။ ထို့ကြောင့် ယန် သိထားသည်မှာ လုချင်းသည် လေလံပွဲတစ်ခုသို့ တက်ရောက်ခဲ့သည်ဟူ၍သာ ဖြစ်ပြီး ထိုနေရာတွင် ဘာတွေဖြစ်ခဲ့သည်ကို သူ လုံးဝ မသိရှိခဲ့ချေ။
"အဲဒီအလုံးလေးက ဟင်းလင်းပြင်လှေပျံရဲ့ အဓိက အစိတ်အပိုင်းတွေထဲက တစ်ခုပဲ။ လေလံပွဲမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရလို့ လေလံဆွဲနိုင်ခဲ့တာလေ။ အဲဒါက လှေပျံကို ပိုမြင့်တဲ့အဆင့်အထိ ပြောင်းလဲသွားစေနိုင်မယ်လို့ ကျွန်တော်တောင် မထင်ထားခဲ့ဘူး။"
"သခင်လေး၊ သခင်လေးရဲ့ ကံကြမ္မာက တကယ့်ကို နက်ရှိုင်းလွန်းပါတယ်။" ယန်က မချီးကျူးဘဲ မနေနိုင်တော့ပေ။
လေလံပွဲသို့ သွားရုံလေးဖြင့် ဟင်းလင်းပြင်လှေပျံကို အဆင့်မြှင့်တင်ပေးနိုင်မည့် တစ်ခုတည်းသော အရာကို လုချင်း တွေ့ရှိခဲ့သည်။ ဤကဲ့သို့သော ကံကောင်းမှုမျိုးက ယုံနိုင်စရာပင် မရှိချေ။
"နည်းနည်း ကံကောင်းသွားရုံလေးပါ။ ဒါနဲ့ ယန်ချန်ပေ့၊ ကျွန်တော် အကူအညီလေးတစ်ခုလောက် တောင်းချင်လို့။" လုချင်းက ပြုံးလျက် ပြောလိုက်သည်။
"ပြောပါ သခင်လေး။ လွတ်လွတ်လပ်လပ်သာ ပြောပါ။" ယန်က ချက်ချင်းပင် တက်ကြွသွားလေ၏။
"ကျွန်တော် ဓားပျံတစ်စုံ သွန်းလုပ်ချင်လို့ပါ။ ဒါပေမဲ့ မကြာခင် တံခါးပိတ်ကျင့်ကြံတော့မှာဆိုတော့ ကိုယ်တိုင်လုပ်ဖို့ အချိန်မရှိဘူးဖြစ်နေတယ်။ ဒါကြောင့်မလို့ အရင်ဆုံး ဓားအကြမ်းထည်လေးတွေ သွန်းလုပ်ပေးဖို့ အကူအညီ တောင်းလို့ရမလားဗျ။ အဓိက ကုန်ကြမ်းအဖြစ် ဒီကောင်းကင်ကြွေသံမဏိတုံးကို သုံးကြတာပေါ့။"
သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကြီးမားလှသော ကောင်းကင်ကြွေသံမဏိတုံးကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာတော့သည်။
"ကောင်းကင်ကြွေသံမဏိနဲ့ ဓားအကြမ်းထည်တွေကို သွန်းလုပ်ချင်တာလား။ ကျုပ်ကိုသာ အပ်ထားလိုက်တော့"
ကုန်ကြမ်းကို မြင်သည်နှင့်တစ်ပြိုင်နက် ဤဓားပျံများသည် သာမန်ဓားများ ဖြစ်လာမည်မဟုတ်ကြောင်း ယန် နားလည်လိုက်တော့၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ကြွေသံမဏိသည် ဝိညာဉ်လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုသော အလွန်တရာ ရှားပါးလှသည့် ကုန်ကြမ်းတစ်ခု ဖြစ်သောကြောင့်ပင်။
"သခင်လေး၊ ဘယ်လို ဒီဇိုင်းမျိုးကို လိုချင်တာလဲ။"
"ကျွန်တော့်စိတ်ကူးထဲမှာတော့ ဒီလိုပုံစံလေးပေါ့။"
လုချင်းသည် သူ့လက်ချောင်းဖြင့် လေထဲတွင် ဓားပျံ၏ အကြမ်းဖျင်း ပုံစံကို ဆွဲပြလိုက်လေသည်။ ယန်ကလည်း တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် မှတ်သားထားလိုက်၏။
"စိတ်မပူပါနဲ့ သခင်လေး။ မြန်မြန်ဆန်ဆန် ပြီးအောင် ကျုပ် သေချာလုပ်ပေးပါ့မယ်။"
"ချန်ပေ့က တာဝန်ယူမှတော့ ကျွန်တော်လည်း စိတ်အေးရတာပေါ့ဗျာ။"
လုချင်းသည် ယန်၏ ပန်းပဲပညာအပေါ် အပြည့်အဝကို ယုံကြည်ထားလေ၏။
သူသည် နှစ်သောင်းပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် ဖြစ်တည်မှုတစ်ခု မဟုတ်ပါလော။
ရှေးဟောင်း ကျင့်ကြံခြင်းခေတ်က လီဟော်ဂိုဏ်းသည် အရေးကြီးသော လက်နက်များ သို့မဟုတ် ဆေးလုံးများ ဖော်စပ်တိုင်း လီဟော်ဒယ်အိုးကို အသုံးပြုခဲ့ရသည်။ ထိုမျှများပြားလှသော အတွေ့အကြုံများနှင့် လက်တွေ့ပါဝင်ပတ်သက်မှုများကြောင့် ယန်၏ လက်နက်နှင့် ဆေးလုံးဖော်စပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုအဆင့်သည် မဟာသခင်အဆင့်ထက်ပင် မလျော့ပါချေ။
ထို့အပြင် ယခုအခါ လီဟော်ဒယ်အိုးသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဓားအကြမ်းထည် အနည်းငယ်သွန်းလုပ်ခြင်းမှာ ခက်ခဲသော အလုပ်တစ်ခု မဟုတ်တော့ပေ။
ယန်ကို နောက်ထပ် ညွှန်ကြားချက်အနည်းငယ် ပေးပြီးနောက်၌ လုချင်းသည် ဝိညာဉ်လက်နက် နေရာလွတ်ထဲမှ ထွက်ခွာလာခဲ့လိုက်တော့သည်။
"အားချင်း၊ ဘယ်လိုနေလဲ၊ အဆင်ပြေလား။" ရှောင်လီသည် လီဟော်ဒယ်အိုးဘေးတွင် အချိန်အတော်ကြာ အစောင့်အဖြစ် ရပ်နေခဲ့သည်။ လုချင်း ထွက်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် သူ့ပခုံးပေါ်သို့ ခုန်တက်ကာ မေးလိုက်လေ၏။
"အကြီးအကျယ်ကို အမြတ်ထွက်တာပေါ့ကွာ။ အခု အမြုတေနဲ့ ပေါင်းစပ်ပြီးသွားပြီဆိုတော့ ဟင်းလင်းပြင်လှေပျံက အဆင့်မြင့် ဝိညာဉ်လက်နက်အဆင့်ကို ပြန်ရောက်သွားပြီလေ။" လုချင်းက ၎င်း၏ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"အဆင့်မြင့် ဝိညာဉ်လက်နက်တဲ့လား"
ရှောင်လီ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မယုံနိုင်လောက်အောင် ပါးစပ်ဟသွားတော့သည်။
လေလံပွဲတွင် ထိုထိပ်တန်းအင်အားစုများက အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုတည်းအတွက် ယုတ္တိမရှိသည့်ပမာဏကမ်းလှမ်းမှုများဖြင့် အသေအလဲ တိုက်ခိုက်ခဲ့ကြသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။ သူ့အနေဖြင့်ရော လုချင်းပါ ၎င်း၏ တန်ဖိုးကြောင့် အံ့အားသင့်ခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ထံ၌ ကိုယ်ပိုင်အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု ရှိလာမည်ဟု ထင်မှတ်မထားခဲ့ချေ။
"အားချင်း၊ ဒါဆိုရင် ငါတို့ဆီမှာ ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင့်ငါးရာတောင် ရှိနေပြီပေါ့နော်။" ရှောင်လီက တွေဝေစွာဖြင့် ရေရွတ်လိုက်လေ၏။
"အဲဒီလို တွေးလို့မရဘူးလေ။" အကောင်လေး၏ အမူအရာကိုကြည့်ကာ လုချင်း ရယ်မောလိုက်သည်။ "အဆင့်မြင့် ဝိညာဉ်လက်နက်တွေက တန်ဖိုးဖြတ်လို့မရဘူး။ ဘယ်သူကမှ ကိုယ့်သဘောနဲ့ကိုယ် လေလံတင်ရောင်းမှာ မဟုတ်ဘူး။ ဒီတစ်ခါ ပေါ်လာတာက အထူးအခြေအနေတွေကြောင့်ပဲ ဖြစ်မယ်။ ဒီကိစ္စပြီးသွားရင် ဒီလိုပွဲမျိုး နောက်တစ်ခါဖြစ်ဖို့ နှစ်ရာချီ၊ ထောင်ချီတောင် ကြာကောင်း ကြာနိုင်တယ်။ ပြီးတော့ ငါတို့ရဲ့ ဟင်းလင်းပြင်လှေပျံက သာမန် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုထက် အများကြီး ပိုပြီးတန်ဖိုးရှိတယ်။ ဝိညာဉ်ကျောက်တုံးတွေနဲ့တင် တိုင်းတာလို့ မရဘူး။"
မသေမျိုးရွှေခေါင်းလောင်းတွင် ၎င်း၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေသည်ကိုတော့ ထည့်မပြောတော့ပေ။ ၎င်းကို အောင်မြင်စွာ ရရှိသွားသော အင်အားစုအနေဖြင့်လည်း ထိုခေါင်းလောင်းကို အလွယ်တကူ အပြည့်အဝ ထိန်းချုပ်နိုင်မည်မဟုတ်ချေ။
လေလံပွဲ၌ သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ မြင်တွေ့ခဲ့ရသော အချက်အလက်များကို လုချင်း ပြန်လည်အမှတ်ရကာ စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေလိုက်၏။
မသေမျိုးရွှေခေါင်းလောင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များမှာ ပြီးဆုံးရန် အလှမ်းဝေးနေသေးကြောင်း သူ သိထားသည်။ ထိုလက်နက်သည် အနာဂတ်တွင် ဂယက်များ ထပ်မံထစေဦးမည်မှာ သေချာလေ၏။ သို့သော် ထိုအကြောင်းများကို ရှောင်လီအား သူ မပြောပြခဲ့ပေ။
ရှောင်လီနှင့် အတန်ကြာ ကစားပြီးနောက်၌ လုချင်းသည် နောက်ဆုံးတွင် စိတ်ကို တည်ငြိမ်အောင်ထားကာ တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်လိုက်တော့၏။ ဤတစ်ကြိမ်တွင် သူသည် သူ၏နတ်မျက်စိစွမ်းရည်ကို ထပ်မံအသက်သွင်းကာ ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါကို ဆက်လက်နားလည်သဘောပေါက်ရန် ကြိုးစားလေ၏။ ယခင်က သူသည် ကြယ်ခုနစ်ပွင့် ဓားအသိအတွက် လိုအပ်သော အခြေခံဓားအသိ ခုနစ်ခုအနက် ခြောက်ခုကို နားလည်သဘောပေါက်ထားပြီးပြီပင်။ အရေးကြီးဆုံးဖြစ်သော နောက်ဆုံး 'ထျန်းရှု ဓားအသိ' တစ်ခုသာ နားလည်ရန် ကျန်ရှိတော့သည်။
လုချင်း၏ အတွင်းစိတ်တွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။ မကြာမီမှာပင် သူသည် ထျန်းရှု ဓားအသိကိုပါ အောင်မြင်စွာ နားလည်သဘောပေါက်သွားတော့သည်။
ဤသည်နှင့်ဆိုလျှင် အခြေခံဓားအသိ ခုနစ်ခုစလုံးကို အပြည့်အဝ ဆုပ်ကိုင်နိုင်သွားပြီပင်။ ထို့နောက် ကြယ်ခုနစ်ပွင့် ဓားအသိကို စုစည်းရန်အတွက် ၎င်းတို့ကို ပေါင်းစပ်ရမည့် လုပ်ငန်းစဉ် လာမည်ဖြစ်သည်။ ဤဓားအသိကို အောင်မြင်စွာ စုစည်းနိုင်ပြီးမှသာ ကြယ်ခုနစ်ပွင့် ဓားဝင်္ကပါကို တရားဝင် စတင်ကျင့်ကြံနိုင်မည်ပင်။
ဤအဆင့်သည် လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပေ။ သာမန်အခြေအနေအောက်တွင် ကြယ်ခုနစ်ပွင့် ဓားအသိကို သွန်းလုပ်ရန် ကြိုးစားခြင်းသည်ပင် အနည်းဆုံး သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံမှု လိုအပ်ပေလိမ့်မည်။
ကျင့်ကြံခြင်းလောကတွင် သာမန်မဟုတ်သော သူ၏နတ်မျက်စိစွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့်သာ လုချင်းသည် မဖြစ်နိုင်ဟု ထင်ရသော ဤအရာကို အောင်မြင်နိုင်ခြင်းဖြစ်လေ၏။
လုချင်းသည် နားလည်သဘောပေါက်မှုထဲတွင် နစ်မြုပ်နေစဉ် အချိန်များ တိတ်ဆိတ်စွာ ကုန်လွန်သွားတော့၏။
တစ်ချိန်တည်းမှာပင် ထျန်းရှုမြို့တော်သည် ဆူညံကာ စည်ကားလျက်ရှိနေလေ၏။
လေလံပွဲမှ သတင်းများသည် တောမီးကဲ့သို့ ပျံ့နှံ့သွားလေသည်။ အထူးသဖြင့် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုကို တင်ပြခဲ့ပြီး ဝိညာဉ်ကျောက်တုံး သန်း တစ်ထောင့်ငါးရာဖြင့် ရောင်းချခဲ့ရသည့် အကြောင်းအရာများသည် မရေမတွက်နိုင်သော ပြင်းထန်သည့် ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မတက်ရောက်ခဲ့ရသော ကျင့်ကြံသူများစွာမှာ ယခုအခါ၌ နောင်တရစွာဖြင့် ရင်ဘတ်စည်တီးနေကြရလေပြီပင်။ ဤကဲ့သို့သော ကြုံတောင့်ကြုံခဲ အဖြစ်အပျက်ကို လက်လွတ်လိုက်ရခြင်းသည် တစ်သက်တာ ဝမ်းနည်းစရာပင် ဖြစ်တော့၏။
ဤစိတ်အားထက်သန်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်မှာပင် နောက်ထပ် ပေါက်ကွဲထွက်စေမည့် ကောလာဟလတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြန်သည်။
"မြင့်မြတ်တဲ့ ထျန်းရှုတောင်တော်ထိပ်မှာ ပေါ်ထွက်လာမယ့် လျှို့ဝှက်နယ်မြေက...စလှုပ်ရှားနေပြီလို့ မင်း ပြောလိုက်တာလား။"