အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁) ကစားပွဲတစ်ခု ကစားကြရအောင်
လျူအာကျူးသည် ထောက်ပံ့ရေးနှင့်သမဝါယမအသင်း၏ အပေါက်ဝတွင် နာရီဝက်တိတိ စောင့်နေခဲ့သော်လည်း မည်သူမျှ ပြန်လာသည်ကို မတွေ့ရချေ။
သူက အလွန်အမင်း ပျင်းရိငြီးငွေ့နေလေသည်။
သူသည် တစ်တော့ (သို့မဟုတ်) အခြားတစ်ခုခုကို ကြည့်ရန်အတွက် သူ၏ဖုန်းကို ထုတ်ယူရန် အကြိမ်ကြိမ် မသိစိတ်ဖြင့် အိတ်ကပ်ထဲသို့ နှိုက်မိသော်လည်း အကြိမ်တိုင်းတွင် စီးကရက်များကိုသာ တွေ့ရှိရသည်။
ထောက်ပံ့ရေးနှင့်သမဝါယမအသင်းမှ လူငယ်တစ်ယောက်သည် ဆယ်မိနစ်အတွင်း သူ စီးကရက်သုံးလိပ် သောက်ခဲ့သည်ကို မြင်သောအခါ အနီးသို့ ရောက်လာပြီး မေးလေသည်။
"ခင်ဗျား တော်တော်ပျင်းနေပုံရတယ်... ခဏလောက် ကိုက်စားဖို့ ဖရဲစေ့ နည်းနည်းလောက် ယူပေးရမလား..."
ထိုလူငယ်သည် မည်သူ့ကိုမဆို ဖရဲစေ့များကို အလကားပေး၍ မရနိုင်သည်မှာ သေချာသော်လည်း သူ့ရှေ့ရှိလူမှာ ညွှန်ကြားရေးမှူး၏ တူဖြစ်နေသည် မဟုတ်ပါလား။ ဖရဲစေ့အနည်းငယ်မျှအတွက် ညွှန်ကြားရေးမှူးက တစ်စုံတစ်ရာ ပြောမည်မဟုတ်သည်မှာ သေချာလေသည်။
လျူအာကျူးသည် ထိုလူငယ်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။
"မင်း သေနတ်နှစ်လက်နဲ့ ယုန်ပစ်ဂိမ်းကို ဘယ်လိုကစားရမလဲဆိုတာသိလား..."
သူသည် တကယ့်ကို ရွေးချယ်စရာ မရှိတော့သဖြင့် ကလေးကစားနည်းကို ကစားရန် စီစဉ်လိုက်သည်။
ထိုလူငယ်က အံ့သြသွားပုံရသည်။
"ခင်ဗျား အမဲလိုက်ချင်လို့လား... ကျုပ်မှာ အခု ခင်ဗျားနဲ့အတူ တောင်ပေါ်တက်ဖို့ အချိန်မရှိဘူးနော်..."
"အမဲလိုက်တာမဟုတ်ဘူး အဲ့တာက ကစားနည်းတစ်ခုပဲ... ငါ မင်းကို သင်ပေးမယ်..."
လျူအာကျူးသည် သစ်ကိုင်းငယ်တစ်ချောင်းကို ယူကာ မြေကြီးပေါ်တွင် မျဉ်းဖြောင့်နှင့် မျဉ်းမတ်ဆယ်ကြောင်းကို ဖြတ်ဆွဲလိုက်ရာ လေးထောင့်ကွက် ဆယ့်ခြောက်ကွက် ဖြစ်သွားလေသည်။ ထို့နောက် သူက ကျောက်စရစ်ခဲ ရှစ်ခဲကို ရှာဖွေလိုက်ပြီး
တစ်ယောက်လျှင် လေးခဲစီ ယူလိုက်သည်။
"သေချာကြည့်ထား... ဒီကျောက်ခဲတွေကို လွတ်လွတ်လပ်လပ် ရွှေ့လို့ရတယ်... ငါ့ကျောက်ခဲနှစ်ခုက ရှေ့ နောက် ဘယ် ညာ တစ်တန်းတည်းဖြစ်သွားပြီး မင်းရဲ့ကျောက်ခဲက ငါ့ကျောက်ခဲရဲ့ တည့်တည့်မှာရှိနေရင် အဲ့ကျောက်ခဲကို ဖယ်ထုတ်ရမယ်... ငါလည်း အဲ့နည်းတူ ဖယ်ခံရမှာပဲ..."
ထိုလူငယ်အား သင်ပေးရန် ပို၍လွယ်ကူစေရန်အတွက် လျူအာကျူးက အထူးသရုပ်ပြသမှုပင် လုပ်ပြခဲ့လေသည်။
ထိုလူငယ်က စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။
"ဒါက ဂိုမိုကူနဲ့ နည်းနည်းဆင်တယ်..."
"တော်တော်လေးတော့ ကွာတယ် ဒါပေမယ့်လည်း ထားလိုက်ပါ... ကစားကြရအောင်..."
လျူအာကျူး သူ့လက်များကို ပွတ်သပ်လိုက်ပြီး လူငယ်ကို ဦးစွာရွှေ့ခိုင်းလိုက်သည်။
ထိုလူငယ်က တရုတ်စစ်တုရင် ကစားနေသကဲ့သို့ မြေကြီးပေါ်ရှိ ကျောက်ခဲများကို စိုက်ကြည့်နေပြီး မရွှေ့မီ အချိန်အကြာကြီး စဉ်းစားနေလေသည်။
လျူအာကျူးမှာ စိတ်မရှည်စွာ စောင့်ဆိုင်းရင်း ချက်ချင်းပင် ထပ်ရွှေ့လိုက်သော်လည်း လူငယ်မှာ ထပ်မံ၍ နက်နက်နဲနဲ တွေးတောနေပြန်သည်။
ဆယ်မိနစ်အတွင်း ထိုလူငယ်က ငါးကွက်သာ ရွှေ့ရသေးသည်။
လျူအာကျူးသည် အလွန်စိုးရိမ်လာကာ ခေါင်းကို ကုတ်နေမိပြီး နောက်ဆုံးတွင် မိမိကိုယ်ကို တွင်းတူးမိခြင်းဆိုသည်မှာ မည်သို့အဓိပ္ပာယ်ရကြောင်းကို နားလည်သွားသည်။
မူလက အချိန်ဖြုန်းရန်သာ ရည်ရွယ်ခဲ့သော်လည်း ယခုအခါတွင်မူ ပို၍ပင် သည်းမခံနိုင်စရာ ဖြစ်နေလေပြီ။
တိုက်ဆိုင်စွာပင် သူတို့၏ ကစားပွဲသည် အနီးအနားတွင် ကစားနေသော ကလေးများကို ဆွဲဆောင်သွားလေသည်။
ဤအချိန်တွင် ကလေးအများစုမှာ ကျောင်းမတက်ကြပေ။ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးအတော်များများမှာ လမ်းပေါ်တွင် ကစားနေကြဆဲ ဖြစ်သည်။
သူတို့အားလုံးသည် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ဆာလောင်မွတ်သိပ်မှုကြောင့် ခေါင်းကြီးကိုယ်သေးဖြစ်နေကြသည်။ သူတို့၏ နံရိုးများကို တစ်ချောင်းချင်းစီ မြင်တွေ့နေရသဖြင့် ဂြိုဟ်သားများနှင့်ပင် တူနေပြီး ရယ်စရာလည်းကောင်းသလို ရင်ကွဲစရာလည်း ကောင်းလှလေသည်။
ဝအောင် မစားရသောကြောင့် ကလေးများသည် ပြေးလွှားဆော့ကစားရန် ခွန်အားမရှိကြသဖြင့် မည်သည့်အရာကို ကစားရမည်ကို တွေးတောနေကြသည်။
လျူအာကျူး တီထွင်ထားသော ဆန်းသစ်သည့် ကစားနည်းကို မြင်သောအခါ သူတို့အားလုံးက ဝိုင်းအုံကြည့်ရှုကြလေသည်။ စစ်တုရင်ကစားသည်ကို ကြည့်နေသော အဘိုးကြီးများကဲ့သို့ပင် သူတို့သည် ရံဖန်ရံခါတွင် မလိုလားအပ်သော အကြံဉာဏ်များကို ပေးတတ်ကြသည်။ လူငယ် အမှားလုပ်မိသည်ကို မြင်သောအခါ သူတို့သည် မရပ်မနား သက်ပြင်းချကြလေသည်။
ထိုအရာကို မြင်သောအခါ လျူအာကျူးက လူငယ်ကို ပုတ်လိုက်ရုံသာ လုပ်လိုက်သည်။
"ထောက်ပံ့ရေးနှင့်သမဝါယမအသင်း အထဲကနေ အဒေါ်တစ်ယောက် မင်းကို ခေါ်နေသံ ကြားလိုက်ရသလိုပဲ... မင်း သွားကြည့်သင့်တယ်..."
"ဟင်..."
ထိုလူငယ်သည် ကြောက်မက်ဖွယ်ကောင်းသော ထိုအဒေါ်များကို မပြစ်မှားရဲပေ။ အထူးသဖြင့် သူသည် ထိုအဒေါ်များက သူ့ကို အလားအလာရှိသော အဖော်တစ်ယောက်နှင့် မိတ်ဆက်ပေးမည်ကို မျှော်လင့်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ဝန်လေးစွာဖြင့် မတ်တတ်ရပ်လိုက်သည်။
"ဒါဆိုလည်း ငါ ပြန်လာကစားတာကို စောင့်နေပါ..."
ဤဂိမ်းသည် အံ့သြစရာကောင်းလောက်အောင် ပျော်စရာကောင်းပြီး သူသည် စွဲလမ်းလာလေပြီ။
လျူအာကျူးသည် သူ့ကို စောင့်နေမည် မဟုတ်ပေ။ ထိုလူငယ် ထွက်သွားသည်နှင့် တစ်ပြိုင်နက် အနီးရှိ ကလေးတစ်ယောက်ကို လက်ညှိုးထိုးကာ ချက်ချင်းပင် ပြောလိုက်သည်။
"လာ... ကစားကြရအောင်..."
ထိုကလေးမှာ အလွန်ဝမ်းသာသွားပြီး လျူအာကျူးနှင့် ယှဉ်ပြိုင်ရန် အမြန်ပြေးလာခဲ့သည်။
သုံးမိနစ်အကြာတွင် တိုက်ပွဲပြီးဆုံးသွားပြီး လျူအာကျူးက အနိုင်ရသွားသည်။
အပြုံးပန်းများ ဝေဆာနေသော မျက်နှာဖြင့် သူသည် ကလေး၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
"စိတ်ဓာတ်မကျနဲ့... တိုက်ပွဲမှာ အနိုင်နဲ့ အရှုံးက ဓမ္မတာပဲလေ... နောက်တစ်ပွဲလောက် ထပ်ကစားမလား..."
"ကောင်းပြီလေ..."
ကလေးသည် နောက်ဆုံးတွင် စည်းမျဉ်းများကို ကျွမ်းကျင်သွားပြီး သူ၏လက်များကို ပွတ်သပ်လိုက်သည်။
"နောက်တစ်ခါ ထပ်ကစားမယ်..."
နောက်ထပ် သုံးမိနစ် အကြာတွင်ကား။
ထိုကလေးသည် လျူအာကျူး၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။
"စိတ်ဓာတ်မကျပါနဲ့... တိုက်ပွဲမှာ အနိုင်နဲ့ အရှုံးက ဓမ္မတာပဲလေ... နောက်တစ်ပွဲလောက် ထပ်ကစားမလား..."
"...လာစမ်းပါ... စောစောက ငါ သတိလက်လွတ်ဖြစ်သွားလို့ပါ..."
လျူအာကျူးသည် ကလေးတစ်ယောက်ကို ရှုံးနိမ့်လိမ့်မည်ဟု မထင်ထားခဲ့ဘဲ မိမိကိုယ်ကို ပြန်လည်သက်သေပြရန် ဆုံးဖြတ်လိုက်သည်။
ငါးမိနစ် အကြာတွင်ကား။
"မဆိုးပါဘူး... ကျွန်တော့်ရဲ့ အပြည့်အဝ တိုက်ခိုက်မှုအောက်မှာ အစ်ကို ဒီလောက်ကြာကြာ တောင့်ခံနိုင်လိမ့်မယ်လို့ မထင်ထားဘူး... အစ်ကိုရှုံးသွားတာ ဂုဏ်ယူစရာပဲ..."
ကလေးက လျူအာကျူး၏ ပခုံးကို ပုတ်ကာ ချီးကျူးလိုက်လေသည်။
လျူအာကျူးသည် မှောင်မိုက်နေသော မျက်နှာဖြင့် ကလေး၏ ညစ်ပတ်နေသော လက်ကို ရှောင်တိမ်းလိုက်သည်။
"နောက်တစ်ယောက်..."
ထိုကလေးမှာ အနည်းငယ် တွန့်ဆုတ်နေသည်။
"အစ်ကိုက ဒီလောက် အသက်အရွယ်ကြီးနေပြီကို ရှုံးတာကို လက်မခံနိုင်ဘူးလား..."
လျူအာကျူးက သစ်သီးသကြားလုံး တစ်လုံးကို ပစ်ပေးလိုက်သည်။
"အခု လူစားလဲလို့ ရပြီလား..."
ထိုကလေးမှာ အလွန်ဝမ်းသာသွားသည်။ သူသည် သကြားလုံးကို ယူကာ အိမ်ဘက်သို့ ပြေးသွားတော့သည်။
"အစ်ကို... အစ်ကို ထွက်လာပြီး သကြားလုံး စားရအောင်..."
သစ်သီးသကြားလုံးများသည် တစ်ပြားလျှင် နှစ်လုံးရပြီး တကယ်တမ်းတွင် ထိုမျှလောက် မဈေးကြီးသော်လည်း စားစရာပင် မဝယ်နိုင်သော မိသားစုအတွက်မူ လုံးဝမလိုအပ်သော ကုန်ကျစရိတ်တစ်ခု ဖြစ်သည်။
ဤကလေးသည် မွေးကတည်းက သကြားအရသာကို မမြည်းစမ်းဖူးပေ။ မိခင်နို့ပင် နှစ်ရက်သာ သောက်ခဲ့ရပြီး ကောက်နှံယာဂုကို သောက်ကာ ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။
ယခု သကြားလုံးရသွားသောအခါ သူသည် အလွန်ဝမ်းသာသွားသော်လည်း သူ၏ ပထမဆုံးအတွေးမှာ အိမ်သို့ပြန်၍ သူ၏မိသားစုနှင့် မျှဝေစားရန်သာ ဖြစ်သည်။
အခြားကလေးများသည် လျူအာကျူးကို အနိုင်ယူပါက သကြားလုံး ရနိုင်ကြောင်းကို မြင်သောအခါ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြပြီး အလုအယက် ဝိုင်းအုံလာကြသည်။
လျူအာကျူးက အလျင်စလို ပြောလိုက်သည်။
"စိတ်မပူကြနဲ့... တစ်ယောက်ချင်းစီလာ... အားလုံး အလှည့်ရမယ်..."
စောစောက ကလေးမှာ ခြွင်းချက်အနေဖြင့် ပါရမီထူးချွန်ပြီး အနာဂတ်တွင် အီးစပေါ့တ် သခင်တစ်ယောက် ဖြစ်လာမည့်သူမျိုး ဖြစ်ရမည်ဟု သူ ခံစားလိုက်ရသည်။
သူ့ကို ရှုံးနိမ့်ခြင်းမှာ ရှက်စရာမဟုတ်သော်လည်း ကလေးတစ်အုပ်လုံးကို ရှုံးနိမ့်ရန်မှာ မဖြစ်နိုင်ပါဘူးလေ ဟုတ်တယ်မဟုတ်လား။
နောက်ထပ် တစ်နာရီအကြာတွင်ကား။
ညွှန်ကြားရေးမှူးကျိုးသည် သူ၏ သုံးဘီးစက်ဘီးကို စီးကာ ပန်ဇီအော်ပရာ ကြာပန်းမီးအိမ်သီချင်းကို ညည်းတွားရင်း ဖြည်းညင်းစွာ ပြန်လည်ရောက်ရှိလာသည်။
အဝေးမှနေ၍ သူက လျူအာကျူးကို အော်ခေါ်လိုက်သည်။
"ကျူးဇီ... မင်း စောင့်နေတာ ကြာပြီလား... အပြန်လမ်းမှာ မင်းရဲ့ပစ္စည်းတွေကို ယူဖို့ မျိုးစေ့စခန်းကို ဝင်ခဲ့သေးတယ်... အင်း... မင်း ဘာဖြစ်နေတာလဲ..."
လျူအာကျူးသည် အပေါက်ဝတွင် မှိုင်တွေစွာ ထိုင်နေပြီး သူ၏ဆံပင်များမှာ ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေကာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံထားရသကဲ့သို့ ဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။
ထောက်ပံ့ရေးနှင့်သမဝါယမအသင်း တစ်ဝိုက်တွင် အစာရှာရန် အမြဲလာတတ်သော ကလေးများကိုလည်း မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။
အသံကို ကြားသောအခါ လျူအာကျူးသည် နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ သူက လက်ကာပြပြီး ဘာမှမဖြစ်ပါဘူးဟု ပြောတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ သူ၏ မျက်လုံးများသည် လမ်းဆုံးနေသော လောင်းကစားသမားတစ်ယောက်ကဲ့သို့ စိတ်အားထက်သန်လာသည်။
"ဦးလေးကျိုး... ကျွန်တော်တို့ ဂိမ်းတစ်ခု ဆော့ကြမလား..."
"ရတာပေါ့... ဘာဂိမ်းလဲ..."
ညွှန်ကြားရေးမှူးကျိုးသည် သူ၏ အထက်လူကြီးထံမှ အာမခံချက်တစ်ခုကို ယခုလေးတင်ရရှိခဲ့ပြီး သူ၏နာမည်ကိုပင် ထောက်ခံပေးခြင်း ခံခဲ့ရသည်။ ကုန်တိုက် မန်နေဂျာရာထူးမှာ သူ၏လက်ထဲတွင် ရှိနေပြီဖြစ်ကြောင်း သူ သိထားသည်။ သူက စိတ်အခြေအနေ ကောင်းနေသဖြင့် လျူအာကျူး၏ ကလေးဆန်သော ဖိတ်ခေါ်ချက်ကို မငြင်းပယ်ခဲ့ပေ။
ကလေးနှင့် ခဏလောက် ကစားရုံဖြင့် ဘာများ ထိခိုက်နစ်နာသွားစရာ ရှိမည်နည်း။
"လာ... ကျွန်တော် သင်ပေးမယ်..."
လျူအာကျူးသည် မြေကြီးပေါ်ရှိ ကျောက်ခဲရှစ်ခဲကို လက်ညှိုးထိုးပြကာ စည်းမျဉ်းများကို ရှင်းပြလိုက်သည်။
"ရှုံးတဲ့လူက စီးကရက်တစ်လိပ်ပေးရမယ်... ဘယ်လိုလဲ..."
"စည်းမျဉ်းတွေက တော်တော်ရိုးရှင်းပါတယ်... ကောင်းပြီလေ ဒီနေ့ ငါ မင်းနဲ့ ကစားပေးမယ်..."
ညွှန်ကြားရေးမှူးကျိုး၏ အတွင်းစိတ်မှ ကလေးသဘာဝမှာလည်း နိုးကြားလာပြီး လျူအာကျူးနှင့် စတင်ကစားတော့သည်။
နာရီဝက် အကြာတွင်ကား။
လျူအာကျူးသည် စီးပွားရေးအမှတ်တံဆိပ် စီးကရက်တစ်ဗူးနှင့်အတူ ကျေနပ်စွာ မတ်တတ်ရပ်လိုက်သည်။ သူသည် အောင်ပွဲခံ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး လှပသော မီးခိုးကွင်းတစ်ကွင်းကို မှုတ်ထုတ်လိုက်သည်။
ညွှန်ကြားရေးမှူးကျိုးသည် ငှက်သိုက်ကဲ့သို့ ဖြစ်နေသော သူ၏ဆံပင်ကို ကုတ်လိုက်ပြီး သူတို့ ယခုလေးတင် ကစားခဲ့သော အကွက်များကို မယုံကြည်နိုင်သော အမူအရာဖြင့် ပြန်လည်သုံးသပ်နေသည်။
"ဒါကမဖြစ်နိုင်ဘူး... ငါ အသေအချာ နိုင်ရမှာ..."
"တိုက်ပွဲမှာ အနိုင်နဲ့အရှုံးက ဓမ္မတာပဲလေ ဦးလေးကျိုးရဲ့... အရမ်းကြီးလည်း ခံစားမနေပါနဲ့..."
လျူအာကျူးက ပြုံးဖြီးဖြီးဖြင့် အကြံပေးလိုက်သည်။
သူသည် သစ်သီးသကြားလုံးတစ်ကျင်းရှုံးခဲ့ပြီး ရှစ်ဆင့်တန် စီးပွားရေးအမှတ်တံဆိပ် စီးကရက်တစ်ဗူးသာ ပြန်ရခဲ့သော်လည်း ဤသည်မှာ သေချာပေါက် အနိုင်ပင်ဖြစ်သည်။
လျူအာကျူးသည် အလွန်ပျော်ရွှင်နေဆဲပင်။ သူ ငွေနိုင်ဖို့အတွက် ကစားနေခြင်းမှ မဟုတ်ဘဲ။ သူသည် ကစားရသည့် ဖြစ်စဉ်ကိုသာ ပျော်မွေ့နေခြင်း ဖြစ်သည်။
ညွှန်ကြားရေးမှူးကျိုးသည် တကယ့်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ကျောက်ခဲများကို ကန်ထုတ်လိုက်ပြီး သုံးဘီးစက်ဘီးပေါ်မှ ရွက်ဖျင်အိတ်ကြီးကို ယူကာ ထိုးပေးလိုက်သည်။
"ထွက်သွား... ထွက်သွား... မင်းကို ငါ့မျက်စိရှေ့မှာ အတွေ့မခံနဲ့..."
လျူအာကျူးသည် အိတ်ကို ဝမ်းသာအားရ ယူလိုက်သည်။ သူသည် တောရိုင်းခို ဆယ်ကောင်ကို အိတ်တစ်လုံးထဲသို့ အရင်ထည့်ကာ ညွှန်ကြားရေးမှူးကျိုးကို ပေးလိုက်ပြီးနောက် သူတို့၏ သကြားလုံးများကို ဖြည်းဖြည်းချင်း လျက်နေသော အဝေးမှ ကလေးများကို နှုတ်ဆက်လိုက်သည်။
ညွှန်ကြားရေးမှူးကျိုးသည် မှောင်မိုက်နေသော မျက်နှာဖြင့် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသို့ ပြန်သွားလေသည်။ သူ အပေါ်ထပ်သို့ တက်တော့မည့်အချိန်တွင် ကောင်တာရှိ လူငယ်လေးသည် ပုံကြမ်းတစ်ခုဆွဲကာ 'သေနတ်နှစ်လက်ဖြင့် ယုန်ပစ်ဂိမ်း' ကို လေ့လာနေသည်ကို မြင်လိုက်ရလေသည်။ ထိုလူငယ်၏ ကိုးရိုးကားယားနိုင်လှပုံကို မြင်သောအခါ ညွှန်ကြားရေးမှူးကျိုး၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။
"ရှောင်လီ... ငါတို့ ဂိမ်းတစ်ခု ဆော့ကြမလား..."