← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂) သမားတော်ကြီးကျူး

လျူအာကျူးသည် ခရီးဆောင်အိတ်ကို လွတ်နေသော နေရာတစ်ခုသို့ အရင်သယ်သွားပြီးနောက် အထဲသို့ ကြည့်လိုက်လေသည်။

စောစောက သူသယ်လာစဉ်ကတည်းက အထဲ၌ တစ်ခုခုရှိနေသည်ဟု ခံစားခဲ့ရခြင်းဖြစ်၏။

ယခု ဖွင့်ကြည့်လိုက်သောအခါ သူသည် ချက်ချင်းပင် အံ့အားသင့်သွားလေတော့သည်။

အထဲတွင် အညိုရောင်သိုးမွေး ကုတ်အင်္ကျီရှည်တစ်ထည်ရှိနေပြီး ထိုအရာသည် လျူအာကျူး၏ ယခင်ဘဝက ရုပ်မြင်သံကြားဇာတ်လမ်းများထဲတွင် မြင်ဖူးခဲ့သော အရာရှိကြီးများ၏ သားသမီးများ ဝတ်ဆင်လေ့ရှိသည့် စစ်ဝတ်စုံပုံစံ သိုးမွေးကုတ်အင်္ကျီများနှင့် ခပ်ဆင်ဆင်တူနေသည်။

လျူအာကျူးသည် ထိုအင်္ကျီကို စမ်းဝတ်ကြည့်လိုက်လေသည်။ ၎င်းမှာ စစ်သုံးကုတ်အင်္ကျီထက် ပိုမိုပေါ့ပါးပြီး အဆင်ပြေသော်လည်း နွေးထွေးမှုမှာမူ အတူတူပင်ဖြစ်ကာ သူသည် ခဏမျှဝတ်ထားရုံဖြင့် ချွေးများပင် ထွက်လာလေတော့သည်။

အရေးအကြီးဆုံးမှာ ထိုအင်္ကျီသည် အလွန်သပ်ရပ်လှပပြီး သူ့ကို အရပ်ရှည်ကာ မတ်မတ်မတ်မတ်ဖြစ်နေစေပြီး ကျေးလက်သို့ စစ်ဆေးရေးဆင်းလာသော အရာရှိတစ်ဦးနှင့်ပင် တူနေစေသည်။

“အရမ်းမိုက်တယ်..”

လျူအာကျူးသည် ကုတ်အင်္ကျီကို နေရာလွတ်ထဲသို့ ပျော်ရွှင်စွာ သိမ်းဆည်းလိုက်ပြီးနောက် အိတ်ထဲတွင် အခြားပစ္စည်းများ ကျန်နေသေးသည်ကို သတိပြုမိသွားသည်။

အထဲသို့ ထပ်မံကြည့်ရှုလိုက်သောအခါ သူသည် ပို၍ပင် အံ့အားသင့်သွားရသည်။

လက်ပတ်နာရီတစ်လုံးဖြစ်နေသည်။

ရှန်ဟိုင်းတံဆိပ်ဖြစ်ပြီး အနည်းဆုံး ရာခိုင်နှုန်းရှစ်ဆယ်ခန့် သစ်လွင်နေသေး၏။ ၎င်းမှာ အသစ်စက်စက် မဟုတ်တန်ရာဘဲ တစ်စုံတစ်ယောက်၏ လက်ကောက်ဝတ်မှ ချွတ်ယူလာပုံရသည်။

“ညွှန်ကြားရေးမှူးကျိုးကတော့ တကယ့်ကို အစွမ်းထက်တာပဲ”

ဤနာရီသည် ယွမ်တစ်ရာကျော် တန်ကြေးရှိမည်မှာ သေချာပြီး ၎င်းကို ဝယ်ယူရန် လိုအပ်သော နာရီလက်မှတ်များ သို့မဟုတ် စက်မှုလုပ်ငန်းသုံး လက်မှတ်များကို ထည့်မတွက်လျှင်ပင် တော်တော်လေးကို ကုန်ကျစရိတ်များမည် ဖြစ်သည်။

နာရီကို ဝတ်ဆင်လိုက်ရင်း လျူအာကျူးသည် ညွှန်ကြားရေးမှူးကျိုးထံမှ စီးကရက်များ အများအပြား နိုင်ခဲ့သည့်အတွက် အနည်းငယ်ပင် နောင်တရမိသွားသည်။

“တကယ့်ကို သဘောကောင်းတဲ့လူပဲ”

နောက်တစ်ခါကျရင် သူ့ကို ထမင်းတစ်နပ်လောက် ကျွေးရမည်။

နာရီ၏နောက်တွင် စက္ကူထုပ်လေးများပါသော အိတ်ငယ်တစ်လုံး ရှိနေသည်။

ထိုစက္ကူထုပ်များပေါ်တွင် စာများ ရေးသားထားသည်။

စပါးမျိုးစေ့များ၊ ကန်စွန်းဥမျိုးစေ့များ၊ ပြောင်းဖူးမျိုးစေ့များ၊ ဖရဲသီးမျိုးစေ့များ၊ ဖရုံသီးမျိုးစေ့များ၊ ဂေါ်ဖီထုပ်မျိုးစေ့များ၊ ဂျုံမျိုးစေ့များ၊ အာလူးမျိုးစေ့များ စသည်တို့ ဖြစ်ကြလေသည်။

အထုပ်တစ်ထုပ်လျှင် မျိုးစေ့ဆယ်စေ့ခန့်သာ ပါဝင်သော်လည်း ၎င်းတို့ကို ပန်းခင်းထဲတွင် စိုက်ပျိုးပါက အပင်ပေါက်လာမည်ပင် မဟုတ်ချေ။

သို့သော် လျူအာကျူးသည် ၎င်းတို့ကို နေရာလွတ်ထဲတွင် စိုက်ပျိုးရန် စီစဉ်ထားသဖြင့် ရှင်သန်ကြီးထွားလာမည်မှာ သေချာသည်။

ယခုမှစ၍ သူသည် ကောင်းမွန်သော ကောက်နှံများကို အဆုံးအစမရှိ ရရှိနိုင်မည်ဖြစ်ပြီး ဖရဲသီးကဲ့သို့သော သစ်သီးများကိုပင် စားသုံးနိုင်တော့မည် ဖြစ်သည်။

လျူအာကျူးသည် မျိုးစေ့များကို နေရာလွတ်ထဲသို့ ပျော်ရွှင်စွာဖြင့် သိမ်းဆည်းလိုက်သည်။

ယခုအခါ ခရီးဆောင်အိတ်ထဲတွင် ငွေတစ်ထပ်နှင့် စာရွက်တစ်ရွက်သာ ကျန်ရှိတော့လေသည်။

ဝက်သားမှာ တစ်ရာကိုးဆယ့်ခြောက်ကျင်း အလေးချိန်ရှိပြီး တစ်ကျင်းလျှင် တစ်ယွမ်နှုန်းဖြင့် ဝယ်ယူခဲ့ကြောင်း စာရွက်ပေါ်တွင် ရေးသားထားသည်။

ရဲစခန်းနှင့် ထောက်ပံ့ရေးနှင့်သမဝါယမအသင်း နှစ်ခုလုံးက ဤမျှဈေးကောင်းပေးခဲ့ဖူးခြင်း မရှိပေ။

သို့သော် ဤအရာမှာ ရောင်းချခြင်းမဟုတ်ဘဲ အပေးအယူတစ်ခုသာ ဖြစ်လေသည်။

ဝက်တစ်ကောင်ကို ကုန်တိုက်မန်နေဂျာရာထူး၊ ဌာနမှူးရာထူးတစ်ခုနှင့် အနာဂတ်တွင် လျူအာကျူးအတွက် ကုန်တိုက်တွင် လွတ်လပ်စွာ ဝယ်ယူနိုင်ခွင့် အထူးအခွင့်အရေးတစ်ခုတို့ဖြင့် လဲလှယ်ခြင်းဖြစ်သည်။

ရိုးရိုးသားသားပြောရလျှင် လျူအာကျူးသည် ထိုဝက်ကို ညွှန်ကြားရေးမှူးကျိုး သို့မဟုတ် စီးပွားရေးဗျူရိုသို့ အလကားပေးလိုက်ရလျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။

သို့သော် စကားပုံတစ်ခုရှိသကဲ့သို့ အကူအညီအနည်းငယ်သည် ကျေးဇူးတင်စရာဖြစ်သော်လည်း အကူအညီကြီးလွန်းပါက မလိုမုန်းထားမှုကို ဖြစ်စေနိုင်သည်။ အကယ်၍ လျူအာကျူးက သဘောကောင်းလွန်းနေပါက တစ်ဖက်လူက သူ့အား အသုံးချလာနိုင်ပြီး တစ်ချိန်ချိန်တွင် သူက သဘောမကောင်းတော့ပါက ရန်ငြိုးဖွဲ့လာနိုင်သည်။

လျူအာကျူးသည် ခရီးဆောင်အိတ်အသစ်ကို စက်ဘီးပေါ်တွင် ချိတ်ဆွဲလိုက်ပြီး အထဲသို့ ဝက်သားတစ်ဝက်ကို ထည့်လိုက်သည်။

ဝက်ခေါင်းကို လီရှန့်ရန်အား ပေးလိုက်သောကြောင့် ဝက်သားတွင် ခေါင်းမပါတော့ပေ။

ယမန်နေ့ညက ချက်ပြုတ်စားသောက်ခဲ့သောကြောင့် အသားတစ်ပိုင်းလည်း လျော့နေသည်။

သို့တိုင်အောင် အလေးချိန်မှာ ကျင်းတစ်ရာကျော် ရှိနေသေး၏။

လျူအာကျူးသည် အထည်အလိပ်စက်ရုံသို့ ရောက်ရှိလာပြီး ဂိတ်စောင့်ကြီး အဘိုးချင်ကို ချက်ချင်း မြင်လိုက်လေသည်။

တစ်စုံတစ်ယောက် လာနေသည်ကို မြင်လိုက်ရသောအခါ ဂိတ်စောင့်ကြီး အဘိုးချင်သည် မေးမြန်းရန် ပြင်လိုက်သော်လည်း လျူအာကျူးမှန်း သိလိုက်ရသဖြင့် ပျော်ရွှင်စွာ ပြေးထွက်လာကာ ပြောလိုက်သည်။

"အိုး... လူငယ်သမားတော်ကြီး... မင်းရောက်လာပြီပဲ... ငါက မင်းကို သွားပြီးကျေးဇူးတင်မလို့ စဉ်းစားနေတာ... ဒါပေမဲ့ ညွှန်ကြားရေးမှူးလွီက မင်းဘယ်မှာနေလဲဆိုတာကို လုံးဝမပြောပြဘူး... အဲဒါကြောင့် ငါလည်း ရူးမတတ်ဖြစ်နေတာ..."

လျူအာကျူးက ပြုံးကာ ပြောလိုက်သည်။

"အဘိုးရဲ့ မျက်နှာလေး နည်းနည်းကောင်းလာတယ်... ဆေးသောက်လိုက်ပြီလား..."

"သောက်ပြီ... သောက်ပြီးပြီ... သူတို့က ငါ့ကို အပ်စိုက်ကုသမှုတောင် လုပ်ပေးလိုက်သေးတယ်... အခုတော့ တော်တော်လေး သက်သာသွားပြီ..."

"လူငယ်သမားတော်ကြီးရဲ့ သတိပေးမှုသာမရှိရင် ငါသိခဲ့မှာ မဟုတ်ဘူး... လာပါ... လာပါ... ဒီနေ့တော့ အဘိုးချင်က မင်းကို ထမင်းတစ်နပ်လောက် ကျွေးပါရစေ..."

အဘိုးချင်သည် လျူအာကျူးကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲခေါ်သွားလေသည်။

ကျေးဇူးအနည်းငယ်မျှသည်ပင် ကြီးမားသော တုံ့ပြန်မှုနှင့် ထိုက်တန်လေသည်။

ထို့အပြင် လျူအာကျူးသည် သူ၏အသက်နှင့် သူ့မိသားစုတစ်ခုလုံး၏ အသက်ကိုပါ ကယ်တင်ခဲ့ခြင်း ဖြစ်လေသည်။

အဘိုးချင်သည် ဆရာဝန်ထံမှ ကြားသိခဲ့ရသည်မှာ အကယ်၍ ရောဂါကိုသာ ဆက်လက်နှောင့်နှေးထားခဲ့ပါက သူသည် မသန်မစွမ်းဖြစ်ကာ ဘာမှမလုပ်နိုင်တော့ဘဲ သူတစ်ပါးကို မှီခိုနေရမည်ဖြစ်ပြီး ဆေးဝါးများစွာလည်း လိုအပ်မည်ဖြစ်ကြောင်းပင်။

ထို့ပြင် သူ၏လိမ်မာသော သားသမီးများနှင့်ဆိုလျှင် သူသာ ဆေးဝါးဖြင့် အသက်ဆက်ရမည်ဆိုပါက သူတို့သည် သူ့အတွက် ပြားစေ့မကျန် အကုန်အကျခံမည်ဖြစ်ရာ မိသားစုတစ်ခုလုံး အငတ်ဘေးဆိုက်သွားနိုင်သည်။

အဘိုးချင်၏ စိတ်လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ လျူအာကျူးက အလျင်အမြန် ပြောလိုက်သည်။

"ထမင်းစားဖို့ မလိုပါဘူး... ကျွန်တော်က နည်းနည်းလေး သတိပေးရုံပဲ သတိပေးခဲ့တာပါ... ဒါ့အပြင် ကျွန်တော် ညွှန်ကြားရေးမှူးလွီနဲ့ ဆွေးနွေးစရာလေး ရှိသေးလို့ပါ... သူ့ကို ခေါ်ပေးလို့ ရမလား..."

"ခေါ်ပေးဖို့က ပြဿနာမရှိပါဘူး... ဒါပေမဲ့ မင်းဒီထမင်းကို စားမှဖြစ်မယ်... မဟုတ်ရင် ငါစိတ်မကောင်းဖြစ်ရလိမ့်မယ်..."

အဘိုးချင်က စကားတွေ တရစပ်ပြောရင်း လူခေါ်ရန် ထွက်သွားသည်။

မကြာမီမှာပင် လွီရှန့်လီနှင့် အဘိုးချင်တို့ ပြေးလာကြလေသည်။

လျူအာကျူးကို မြင်လိုက်ရသောအခါ လွီရှန့်လီသည် အဘိုးချင်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် လျူအာကျူး၏ လက်ကို ဆွဲကိုင်ကာ ပြင်းပြင်းထန်ထန် လှုပ်ယမ်းရင်း ပြောလိုက်သည်။

"ကျူးဇီ... ငါတို့ရဲ့ အသက်အရွယ်တွေသာ မကွာခြားဘူးဆိုရင် ငါမင်းကို ညီလေးလို့ သေချာပေါက် ခေါ်မိမှာပဲ... မင်းက တကယ့်ကို သမားတော်ကြီးပဲ..."

လွီရှန့်လီ၏ တောက်ပနေသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ လျူအာကျူးသည် သူအရင်က ပေးခဲ့သော အရွတ်သန်မာ အရိုးခိုင်မာဆေး အစွမ်းပြနေပြီဖြစ်ကြောင်း သိလိုက်သည်။ သူက သတိပေးလိုက်၏။

"အရမ်းကြီး အများကြီး မသောက်နဲ့ဦး...ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို အလွန်အကျွံ အသုံးချပစ်လိုက်ရင် နတ်ဆေးတောင် ခင်ဗျားကို ကယ်နိုင်မှာ မဟုတ်ဘူး..."

"ငါသိပါတယ်... ငါသိပါတယ်..."

လွီရှန့်လီက ခေါင်းကို ဆက်တိုက်ညိတ်ပြရင်း ပြောလိုက်သည်။

"လာ... ငါမင်းကို ထမင်းတစ်နပ်လောက် ကျွေးမယ်..."

"နေပါဦး ညွှန်ကြားရေးမှူး... ကျူးဇီကို ထမင်းကျွေးဖို့ ကျုပ်အရင်ပြောထားတာ..."

အဘိုးချင်က အလျင်အမြန် ဝင်ပြောလိုက်သည်။

"ဘာငြင်းစရာရှိလို့လဲ... ဒီတစ်ခါတော့ ငါကျွေးမယ်... ညကျရင် မင်းကျွေးပေါ့..."

လွီရှန့်လီက ပျော်ရွှင်စွာ ပြောလိုက်သည်။

အဘိုးချင်သည် ညွှန်ကြားရေးမှူးအား မငြင်းဆန်နိုင်သဖြင့် မလိုလားစွာဖြင့် သဘောတူလိုက်ရသည်။

လျူအာကျူးမှာ ငြင်းဆန်ချင်သော်လည်း လွီရှန့်လီက သူ့အား အထည်အလိပ်စက်ရုံ၏ စားသောက်ဆောင်ငယ်လေးဆီသို့ ခေါ်သွားမည်ဟု ကြားလိုက်ရသောအခါ သူ၏စက်ဘီးကို တွန်းကာ နောက်မှ လိုက်သွားလေတော့သည်။

'လူတိုင်းတန်းတူညီမျှသည်' နှင့် 'ကွန်မြူနစ်အများပိုင်ခွဲဝေမှု' ကဲ့သို့သော ကြွေးကြော်သံများကို စိတ်အားထက်သန်စွာ ဟစ်ကြွေးနေကြသော်လည်း မညီမျှမှုများမှာ နေရာတိုင်းတွင် ရှိနေဆဲဖြစ်သည်။

ဤစားသောက်ဆောင်ငယ်လေးကို ဥပမာပြရလျှင် စက်ရုံအရာရှိများသာ ဝင်ရောက်ခွင့်ရှိပြီး အစားအစာများမှာလည်း စုပေါင်းထမင်းစားဆောင်များထက် များစွာပိုကောင်းသည်။

လွီရှန့်လီသည် လျူအာကျူးကို စားသောက်ဆောင်ငယ်လေးဆီသို့ ခေါ်လာပြီး စားဖိုမှူးအား လှမ်းခေါ်လိုက်သည်။

"ဟင်းသုံးပွဲ ပြင်ပေးပါ... အသားများများ ပါပါစေ... ဒီနေ့တော့ ငါက ဘယ်ရောဂါကိုမဆို ကုသပေးနိုင်တဲ့ သမားတော်ကြီးကို ဧည့်ခံမှာ... ခဏနေကျရင် သူ့ကို မင်းရောဂါတွေပါ ပြခိုင်းရတာက မင်းရဲ့ ကံကောင်းမှုပဲ..."

စားဖိုမှူးက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

"ညွှန်ကြားရေးမှူး... အသားမကျန်တော့ဘူး... အဲဒီယုန်သားလေးနည်းနည်းက တစ်ရက်တည်းနဲ့ ကုန်သွားပြီ... ယုန်ရေတွေကိုလည်း ခွဲဝေယူသွားကြပြီ... အခုတော့ အသားဆိုလို့ ဘာမှမရှိတော့ဘူး..."

လွီရှန့်လီ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး စားဖိုမှူးအား ဆူပူရန် ပြင်လိုက်သည်။

လျူအာကျူးက အလျင်အမြန် ပြောလိုက်သည်။

"ကျွန်တော့်မှာ အသားရှိတယ်... ဒီတစ်ခါ ဝါဂွမ်းနည်းနည်းနဲ့ လဲချင်လို့ ဝက်သားတချို့ ယူလာခဲ့တယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ လွီရှန့်လီနှင့် စားဖိုမှူးတို့ နှစ်ယောက်စလုံး၏ မျက်လုံးများမှာ တောက်ပသွားပြီး လျူအာကျူးအား ပြိုင်ဘက်ကင်း အလှမယ်လေးတစ်ဦးကို ကြည့်နေသကဲ့သို့ စိုက်ကြည့်နေကြသည်။

သူတို့၏ အကြည့်အောက်တွင် အနေရခက်လာသဖြင့် လျူအာကျူးသည် ခရီးဆောင်အိတ်ကို အလျင်အမြန် သယ်လာကာ မြေကြီးပေါ်တွင် ချထားလိုက်သည်။

ဖွင့်ကြည့်လိုက်သောအခါ တောဝက်တစ်ကောင်၏ တစ်ဝက်ကျော်ခန့်ကို တွေ့လိုက်ရသည်။

ခေါင်းနှင့် အသားတစ်ပိုင်း လျော့နေသော်လည်း လွီရှန့်လီ၏ စိတ်လှုပ်ရှားမှုကိုတော့ မလျော့ကျစေခဲ့ပေ။ သူသည် လျူအာကျူး၏ လက်ကို ဆွဲကိုင်ကာ ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်သည်။

"ကျူးဇီ... အိုး ကျူးဇီ... ငါ့ရဲ့ အချစ်တော် ကျူးဇီ..."

"..."

ညွှန်ကြားရေးမှူးလွီ၏ လေသံကို နားထောင်ရင်း လျူအာကျူးက ငိုကြွေးနေသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ့အား အလျင်အမြန် တားဆီးလိုက်သည်။

"ညွှန်ကြားရေးမှူး... အသားကို အရင်စစ်ကြည့်ရအောင်..."

သူစကားပြောလို့ပင် မဆုံးသေးမီ စားဖိုမှူးသည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ အသားအိတ်ကို မ,တင်ပြီး စစ်ဆေးနေလေပြီ။

"ညွှန်ကြားရေးမှူး... ဒါက အသားကောင်းပဲ... အခုမှ လတ်လတ်ဆတ်ဆတ် သတ်ထားတာ... နွေးတောင် နွေးနေသေးတယ်... ဝက်သွေးတောင် တော်တော်များများ ထွက်နိုင်သေးတယ်..."

စားဖိုမှူးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

လွီရှန့်လီက လှည့်ကာ ဆူပူလိုက်လေသည်။

"မင်း ဘာတွေပြောနေတာလဲ... ငါ့ရဲ့ ကျူးဇီက အသားပုပ်တွေ ယူလာမှာမို့လို့လား... မင်းကို ပါးနှစ်ချပ်လောက် ရိုက်သင့်တယ်... အခုချက်ချင်း ကျူးဇီကို တောင်းပန်လိုက်..."

စားဖိုမှူးက လျူအာကျူးအား အလျင်အမြန် ပြုံးကာ တောင်းပန်လိုက်သည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်...ငါ စကားမှားသွားတာပါ... ကျူးဇီရယ်... စိတ်ထဲမထားပါနဲ့..."

လျူအာကျူးမှာ ဒေါသမထွက်ပေ။ သူ့အား အကဲခတ်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ရပါတယ်... ခင်ဗျားရဲ့ ပခုံးနဲ့ လည်ပင်းကို ကြည့်ရတာ သိပ်ကောင်းပုံမရဘူး... တစ်ခါတလေ စူးရှတဲ့ နာကျင်မှုမျိုး ခံစားရလား... အထူးသဖြင့် လက်မောင်းကို မြှောက်လိုက်တဲ့အချိန်မျိုးပေါ့..."

လွီရှန့်လီသည် စားဖိုမှူးကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

စားဖိုမှူးက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

"ငါ့ပခုံးတွေ တစ်ခါတလေ နာတတ်တယ်... ဒါပေမဲ့ အကြောဆွဲတာပဲဖြစ်မှာပါ..."

"ဘာအကြောဆွဲတာလဲ... မင်းက ဆရာဝန်မို့လို့လား... ကျူးဇီကိုသာ ပြောခိုင်းလိုက်... သူက ဘယ်ရောဂါကိုမဆို ကုသပေးနိုင်တယ်..."

လွီရှန့်လီက အတားအဆီးမရှိ ဝါကြွားလိုက်သည်။

လျူအာကျူးက အလျင်အမြန် လက်ကာပြလိုက်သည်။ စားဖိုမှူးကို စစ်ဆေးပြီးနောက် သူက ပြောလိုက်သည်။

"ကျွန်တော်က အဲဒီလောက်လည်း မစွမ်းပါဘူး... ဒါပေမဲ့ ဒါက အကြောဆွဲတာတော့ မဟုတ်ဘူး... ပခုံးအဆစ်ရောင်ရောဂါပဲ... စာရွက်နဲ့ ဘောပင်သွားယူခဲ့... ကျွန်တော် ဆေးစာရေးပေးမယ်... အိမ်ရောက်ရင် အဲဒါကို လိမ်းလိုက်... တော်တော်လေး သက်သာသွားလိမ့်မယ်... မဟုတ်ရင် အသက်ကြီးလာတဲ့အခါ ခင်ဗျားရဲ့ လက်မောင်းက အရမ်းနာကျင်လာပြီး ပဲငံပြာရည်ပုလင်းကိုတောင် မ,နိုင်တော့တဲ့အထိ ဖြစ်သွားလိမ့်မယ်..."

စားဖိုမှူးအများစုသည် သွေးကြောထုံးရောဂါ၊ အစာအိမ်ရောဂါ၊ လေးဘက်နာရောဂါ၊ အရွတ်အမြှေးပါးရောင်ရောဂါနှင့် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကဲ့သို့သော ကျန်းမာရေးပြဿနာ အမျိုးမျိုးကို ခံစားရလေ့ရှိကြသည်။

ဤစားဖိုမှူးမှာ အတော်လေး ကံကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး လိမ်းဆေးဖြင့် သက်သာစေနိုင်သော ပခုံးအဆစ်ရောင်ရောဂါ အနည်းငယ်သာ ရှိသည်။

လျူအာကျူးအနေဖြင့် ၎င်းကို လျစ်လျူရှုထားနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆိုးရွားလာမည့် အသေးစားရောဂါတစ်ခုကို မြင်လိုက်ရသောအခါ သူက မနေနိုင်ဘဲ သတိပေးမိသွားခြင်း ဖြစ်သည်။

၎င်းမှာ သမားတော်တစ်ဦး၏ မိဘကဲ့သို့သော မေတ္တာတရားမျိုးတော့ မဟုတ်သော်လည်း သူလုပ်စရာမရှိသည့်အတွက် ကုသိုလ်အနည်းငယ် ယူလိုက်ခြင်းသာ ဖြစ်လေတော့သည်။

All Chapters