အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) မီးခြစ်ပိုင်ရှင်ကို ရှာတွေ့ခြင်း
"ငွေတွေ ပေးပါ့မယ်... ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးနိုင်မလား..."
အဘိုးအိုက ရုတ်တရက် တောင်းပန်လိုက်သည်။
လျူအာကျူးမှာ ဆွံ့အသွားလေသည်။
"ခင်ဗျား အခြေအနေကို နားလည်ရဲ့လား... ခင်ဗျား ဖြောင့်ချက်ပေးနိုင်ဖို့ အားရှိအောင်လို့ ပြောင်းဖူးမုန့်တစ်လုံး အလကားကျွေးလိုက်ရတာ... အခုမှ လာပြီး ငွေပေးချင်နေသေးတယ်..."
အဘိုးအိုသည် အနည်းငယ် ရှက်ရွံ့သွားပုံရသည်။
"ငါ... ငါ့မှာ မင်းကိုပေးစရာ တခြားပစ္စည်းတွေ ရှိသေးတယ်..."
"ဘာပစ္စည်းတွေလဲ..."
လျူအာကျူးက သတင်းအချက်အလက် ရရှိရန် စတင်အကဲစမ်းလိုက်သည်။
လျူအာကျူးကို လောဘကြီးသူဟု အထင်လွဲသွားကာ အဘိုးအိုက အလျင်အမြန် ပြောလေသည်။
“မင်း အက်စ်တီဒူးပွန့်ကို သိလား..."
"..."
လျူအာကျူး၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားလေသည်။
"ကျုပ် သိတယ်..."
"ကောင်းပြီ... ငါ့မှာ အက်စ်တီဒူးပွန့် အယ်လ်-ဝမ်း မီးခြစ်တစ်ခုရှိတယ်... အဲဒါက နိုင်ငံခြားဖြစ်... အထက်တန်းလွှာတွေအတွက် သီးသန့်ထုတ်ထားတာ... အမေရိကန်ဒေါ်လာ သုံးရာတောင် ပေးရတယ်... ဒီနေရာက ငွေနဲ့ဆိုရင် ယွမ်ခြောက်ရာ ခုနစ်ရာလောက် တန်တယ်... မင်း လိုချင်ရင် ငါ အိမ်ပြန်ယူပေးနိုင်တယ်..."
"အဲ့ငွေတွေနဲ့ဆိုရင် မင်း စားချင်တာစားလို့ရတယ်... ဝယ်ချင်တာ ဝယ်လို့ရတယ်... မိန်းမတွေတောင် မင်းဆီ အများကြီး ရောက်လာလိမ့်မယ်..."
အဘိုးအို၏ အသံမှာ လျူအာကျူးကို သွေးဆောင်ဖြားယောင်းလိုသည့် ဆန္ဒများ အပြည့်ပါဝင်နေသည်။
သို့သော် လျူအာကျူးသည် သူ၏လွယ်အိတ်ထဲမှ စီးကရက်တစ်လိပ်ကို ဖြည်းညင်းစွာ ထုတ်ယူ၍ ပါးစပ်တွင်တပ်ကာ အက်စ်တီ ဒူးပွန့် မီးခြစ်ဖြင့် မီးညှိလိုက်လိုက်သည်။
"ဆက်ပြောပါဦး..."
အဘိုးအိုသည် လျူအာကျူး၏ ညာလက်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူကစားနေသော မီးခြစ်ကို စိုက်ကြည့်နေမိသည်။
"ဒါ... ငါ့မီးခြစ်က ဘယ်လိုလုပ်ပြီး မင်းလက်ထဲ ရောက်နေတာလဲ..."
"ကျုပ်ထင်တာ မမှားဘူးဆိုရင် ခင်ဗျားမှာ ငွေပြတ်ပြီး ဗိုက်ဆာနေတာနဲ့ ဒီအက်စ်တီ ဒူးပွန့် မီးခြစ်ကို သွားရောင်းဖို့ လုပ်တယ်... အဲဒီအချိန်မှာ ခင်ဗျားနဲ့ ပွဲစားကို လုံခြုံရေးအရာရှိတွေက ပိတ်ဖမ်းခဲ့တယ် မဟုတ်လား..."
လျူအာကျူးက မေးလိုက်သည်။
အဘိုးအို၏ မျက်နှာမှာ ဖြူလျော်သွားလေသည်။
"မင်းက လုံခြုံရေးအရာရှိလား..."
လျူအာကျူးက ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး... ဒါပေမဲ့ သူတို့ကို ကျုပ်သိတယ်... လုံခြုံရေးအရာရှိတစ်ယောက်က ဒါကို ကျုပ်ကို ပေးထားတာ..."
ထိုစကားကို ကြားလိုက်ရသောအခါ အဘိုးအိုသည် မျှော်လင့်ချက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။
သူ့ဘဝ ပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။
သို့သော် အကြောင်းရင်းတစ်ခုကြောင့် သူက စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
ဤဆင်းရဲဒုက္ခရောက်နေသော ဘဝမျိုးကို သူ နောက်ထပ် တစ်ရက်မျှ ဆက်မရှင်သန်ချင်တော့ပေ။
သူ၏ နိုင်ငံတွင် အခြေအနေ ကောင်းမွန်နေခဲ့သော်လည်း သူတို့က သူ့ကို သူလျှိုလုပ်ရန် ဤနေရာသို့ လွှတ်လိုက်ကြခြင်း ဖြစ်လေသည်။ ရန်ပုံငွေများကလည်း အချိန်မီဘယ်တော့မှ မရောက်လာသဖြင့် ဤခေါင်ဖျားသော ဒေသတွင် သူ့ကို ဆာလောင်ချမ်းအေးစေခဲ့သည်။ သူပိုင်ဆိုင်သမျှ အရာအားလုံးကို ရောင်းချခဲ့သော်လည်း ငွေတစ်ပြားမျှ မရရှိခဲ့ဘဲ ရဲများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရလေသည်။
သူသည် ခရိုင်မြို့မှ သီသီလေး လွတ်မြောက်လာခဲ့ပြီး ကြက် သို့မဟုတ် တစ်စုံတစ်ရာ ခိုးယူရန် ရွာငယ်လေးတစ်ရွာကို ရှာဖွေချင်ခဲ့သော်လည်း လမ်းတွင် ဆာလောင်လွန်းသဖြင့် သတိလစ်သွားကာ ဤမိစ္ဆာကဲ့သို့ ပါးနပ်သော ကောင်လေးနှင့် တိုးခဲ့ရသည်။
သူ အဖမ်းခံရလျှင်လည်း ခံရပါစေတော့။ အနည်းဆုံးတော့ အသက်ရှင်ရန် လမ်းစတစ်ခု ရရှိမည်ဖြစ်သည်။ အဆိုးဆုံးအနေဖြင့် အကျဉ်းချခံရမည်ဖြစ်သော်လည်း ထမင်းတစ်နပ်တော့ စားရမည်ဖြစ်ပြီး ထို့နောက်တွင် အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရကာ သူ၏ ဇိမ်ကျကျဘဝကို ပြန်လည်ဖြတ်သန်းရမည် ဖြစ်သည်။
လျူအာကျူးသည် အဘိုးအိုကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"ခင်ဗျား လူသတ်ဖူးလား..."
"ဟင့်အင်း... လုံးဝ မသတ်ဖူးပါဘူး... မင်းတို့လူတွေကို ငါ ဘယ်တော့မှ အန္တရာယ်မပေးခဲ့ပါဘူး... အလွန်ဆုံးလုပ်ဖူးတာက အရေးမကြီးတဲ့ သတင်းအချက်အလက် တချို့ကို ခိုးယူခဲ့တာပါပဲ..."
အဘိုးအိုက အလျင်အမြန် ပြန်ဖြေလေသည်။
လျူအာကျူးက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ခင်ဗျားကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးလို့ မရနိုင်ဘူးပေါ့..."
"ဟုတ်တယ်... ဟုတ်တယ်... ငါ ဘာအန္တရာယ်မှ တကယ်မပေးခဲ့ပါဘူး..."
အဘိုးအိုက အခွင့်အရေးယူကာ ပြောလေသည်။
"မဟုတ်ဘူး... ခင်ဗျား ကျုပ်ကို နားလည်မှုလွဲနေပြီ..."
လျူအာကျူးသည် အဘိုးအို၏ နားရွက်များကို ချိန်ရွယ်ကာ သေနတ်နှစ်ချက် ပစ်လိုက်လေသည်။
“ဒိုင်း... ဒိုင်း…”
ပြင်းထန်သော နာကျင်မှုက သူ့တစ်ကိုယ်လုံးသို့ စီးဆင်းသွားပြီး အဘိုးအိုမှာ နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ၏ လက်များဖြင့် နားရွက်များကို ဖုံးအုပ်ထားချင်သော်လည်း အနည်းငယ် ထိမိရုံဖြင့် ဒဏ်ရာများက ပို၍ နာကျင်လာစေသည်။ သူသည် အားကိုးရာမဲ့စွာဖြင့် အော်ဟစ်ညည်းတွားရုံသာ တတ်နိုင်တော့သည်။
"နိုင်ငံတော်က ခင်ဗျားကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်မပေးနိုင်ပေမဲ့ ပြည်သူတွေကတော့ ပေးနိုင်တယ်... ခင်ဗျားက သူလျှိုလုပ်ပြီးတော့ အကောင်းပကတိအတိုင်း ပြန်သွားရမယ်လို့ ထင်နေတာလား... အိပ်မက်ထဲမှာပဲ သွားလိုက်..."
လျူအာကျူးသည် အဘိုးအို၏ သွေးထွက်နေမှုကို ရပ်တန့်ပေးရန် ဆောင့်ကြောင့်ထိုင်ရင်း ဆဲရေးတိုင်းထွာလိုက်သည်။
ဤလူမှာ အသုံးဝင်နေသေးသည်။ သွေးထွက်လွန်ပြီး သေဆုံးသွားပါက ပြဿနာရှိသည်။ ထို့ပြင် နားရွက်နှစ်ဖက်စလုံး ဆုံးရှုံးသွားပြီးနောက်တွင် ဂျပန်၌လည်း သူ့ကို တန်ဖိုးထားတော့မည် မဟုတ်ပေ။ သူသည် လူရယ်စရာတစ်ခု ဖြစ်လာမည်ဖြစ်ပြီး သူ၏ ကျန်ရှိနေသော ဘဝတစ်လျှောက်လုံးကို လှောင်ပြောင်မှု အရိပ်အောက်တွင်သာ ဖြတ်သန်းရမည် ဖြစ်သည်။
သွေးထွက်ရပ်သွားပြီးနောက် လျူအာကျူးသည် စက်ဘီး၏ နောက်ခန်းတွင် ထိုင်လိုက်ပြီး ထိုသူလျှိုအား သေနတ်ဖြင့် ချိန်ထားလိုက်သည်။
"ဒီနေရာကို လာပြီး စက်ဘီးနင်းစမ်း... ကျုပ်ကို ခရိုင်မြို့ဆီ ခေါ်သွား... မြန်မြန်လုပ်..."
အဘိုးအိုမှာ အလွန်အမင်း နာကျင်နေသည်။ သူသည် လျူအာကျူးကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။
"ငါက... ငါက မင်းကို တင်နင်းရမှာလား..."
"ဘာလဲ... ကျုပ်က စက်ဘီးနင်းပြီး ခင်ဗျားကို တင်ခေါ်သွားရမယ်လို့ မျှော်လင့်နေတာလား... အိပ်မက်မက်နေလိုက်…”
လျူအာကျူးက သရော်လိုက်သည်။
"ငါ တိုင်တန်းမယ်... မင်း လူ့အခွင့်အရေးကို လေးစားမှုမရှိဘူးဆိုတာကို ကုလသမဂ္ဂဆီ တိုင်မယ်... မင်းက သုံ့ပန်းတစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်နေတာပဲ..."
အဘိုးအိုက ဝမ်းနည်းဒေါသထွက်စွာဖြင့် ဟစ်အော်လိုက်သည်။
လျူအာကျူးသည် အဘိုးအိုအား အကဲခတ်ကြည့်လိုက်ပြီး သူ၏ အကြည့်များမှာ အဘိုးအို၏ ဘယ်ဘက်လက်ပေါ်တွင် အဆုံးသတ်သွားသည်။
"ဒါဆိုရင် ခင်ဗျားရဲ့ ဘယ်ဘက်လက်ကလည်း အသုံးမဝင်တော့ဘူးပေါ့လေ..."
အဘိုးအို၏ နှလုံးသားမှာ ချက်ချင်းပင် ကျုံ့ဝင်သွားသည်။ သူက အလျင်အမြန် ပြောလိုက်၏။
"ငါ နင်းပါ့မယ်... မင်းကို မြို့ထဲ အခုပဲ ခေါ်သွားပါ့မယ်..."
သူသည် ကပျာကယာ သွားရောက်ကာ စက်ဘီးကို ခရိုင်မြို့ဆီသို့ အပြင်းအထန် နင်းသွားတော့သည်။ ဤမိစ္ဆာကောင်နှင့် နောက်ထပ် စက္ကန့်ဝက်မျှပင် အတူမနေချင်တော့ပေ။
မကြာမီတွင် သူတို့သည် ခရိုင်မြို့ရှိ အရှေ့ဂိတ်ရဲစခန်း ရှေ့သို့ ရောက်ရှိသွားကြသည်။
ညွှန်ကြားရေးမှူးလျူသည် အိမ်သာသို့ သွားရန် ထွက်လာစဉ် လျူအာကျူး နောက်တစ်ကြိမ် ရောက်လာသည်ကို မြင်လိုက်ရပြီး ဤအကြိမ်တွင် ဒဏ်ရာရထားသော လူတစ်ယောက် ပါလာသည်။ သူက အံ့အားသင့်စွာဖြင့် မမေးဘဲ မနေနိုင်တော့ပေ။
"ကျူးဇီ... သူက မင်းရဲ့သူငယ်ချင်းလား... သူ ဒဏ်ရာရထားရင် ဘာလို့ ဆေးရုံမသွားတာလဲ... ဒီနေရာကို ဘာလို့ လာတာလဲ... အမှုလာဖွင့်တာလား..."
"မဟုတ်ဘူး... ဒီကောင်က ခွေးသူလျှိုပဲ... လမ်းဘေးမှာ ဗိုက်ဆာလို့ သတိလစ်နေတာကို ကျွန်တော်နဲ့ အမှတ်မထင်ဆုံလို့ ခင်ဗျားဆီ ခေါ်လာတာ..."
လျူအာကျူးသည် အဘိုးအို၏ တင်ပါးကို ကန်လိုက်လေသည်။
"ကျုပ်ရဲ့ ဦးလေးလျူကို ခင်ဗျားရဲ့ သက်သေခံကတ်ပြား ပြလိုက်စမ်း..."
အဘိုးအိုသည် သူ၏ သက်သေခံကတ်ပြားကို အလျင်အမြန် ကမ်းပေးလိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုယိုလေသည်။
“အရာရှိကြီး... ခေါင်းဆောင်ကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကိုသာ အချုပ်ထဲ ထည့်လိုက်ပါတော့... ကျွန်တော်... ကျွန်တော့် ခြေထောက်တွေကို မခံစားရတော့ဘူး..."
လမ်းတစ်လျှောက်လုံး စက်ဘီးကို နင်းလာခဲ့ရသဖြင့် အဘိုးအိုမှာ တစ်ခဏမျှပင် မနားရဲခဲ့ပေ။ သူ၏ ခြေထောက်များမှာ ပြင်းထန်စွာ ကိုက်ခဲနေပြီး ခွန်အား လုံးဝ မကျန်တော့ချေ။
ညွှန်ကြားရေးမှူးလျူသည် လျူအာကျူး၏ စကားများကြောင့် အံ့အားသင့်နေဆဲဖြစ်သော်လည်း သက်သေခံကတ်ပြားကို မြင်လိုက်ရသည့်အခါ အဘိုးအို၏ ရင်ဘတ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ကန်ချလိုက်သည်။
“မင်းက သောက်ရူးလို ဘာတွေလာငိုနေတာလဲ... တစ်ယောက်ယောက် ထွက်လာပြီး သူ့ကို အထဲ ဆွဲသွင်းသွားစမ်း..."
သူလျှိုတစ်ယောက် ရှိနေသည်ဟု ကြားလိုက်ရသဖြင့် တာဝန်ကျအခန်းထဲရှိ လူတိုင်း အပြေးအလွှား ထွက်လာကြသည်။
အဘိုးအို မြေပြင်ပေါ်သို့ ကန်ချခံရသည်ကို မြင်သောအခါ သူတို့သည် အထဲသို့ ဆွဲသွင်းရန် ချက်ချင်း ရှေ့တိုးလာကြသည်။
အချို့က သူ၏ ဆံပင်ကို ဆွဲကိုင်ကြပြီး အချို့က အဝတ်အစားများကို ဆွဲကာ တခြားသူများက ခြေထောက်များကို ဆွဲယူကြလျက် သူ့ကို ထိုအတိုင်းပင် အထဲသို့ ဆွဲသွင်းသွားကြသည်။
လျူအာကျူးသည် တာဝန်ကျအခန်းကို လှမ်းကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒီလူ့ကို ဘယ်လို ကိုင်တွယ်မလဲလို့ ကျွန်တော် မေးလို့ရမလား..."
"အခြေအနေပေါ် မူတည်တယ်... သူသာ မြန်မြန်ဆန်ဆန်နဲ့ အပြည့်အစုံ ဖြောင့်ချက်ပေးရင် အကောင်းဆုံးကတော့ သေလုမျောပါးပဲဖြစ်မယ်..."
ညွှန်ကြားရေးမှူးလျူကပြောရင်း လျူအာကျူးထံသို့ လျှောက်လာကာ ပခုံးကို ပုတ်လိုက်သည်။
“ဒါပေမဲ့ အရင်ဆုံး မင်းအကြောင်းလေး ပြောကြရအောင် လူငယ်သူရဲကောင်းလေး..."
ဤသို့ ချီးကျူးခံရခြင်းကြောင့် လျူအာကျူးမှာ အနည်းငယ် ရှက်ရွံ့သွားသည်။
"အဲ့လို ဂုဏ်ပြုမှုကြီးမျိုး မလိုပါဘူး..."
"မလိုဘူး ဟုတ်လား..."
ညွှန်ကြားရေးမှူးလျူက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
"မင်း သိရဲ့လား...ခုလိုသူလျှိုတစ်ယောက်ကို ဖမ်းမိတာက ရဲစခန်းမှာ မင်းကို အလုပ်တစ်ခုရဖို့ လုံလောက်တယ်... မင်းက ရဲစခန်းအသီးသီးမှာ အစီရင်ခံစာတွေနဲ့ မိန့်ခွန်းတွေ လိုက်ပြောလို့ရတဲ့အပြင် မြို့တော်ခေါင်းဆောင်တွေနဲ့တောင် တွေ့ဆုံနိုင်တယ်... မင်းက ငါတို့ တစ်ခရိုင်လုံးအတွက် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတော့မှာ..."
လျူအာကျူးမှာ အံ့သြမှင်သက်သွားသည်။
"အဲ့လောက် အရေးကြီးတာလား... ကျွန်တော် စာအုပ်တွေထဲမှာ ဖတ်ဖူး... အဟမ်း... ဆိုလိုတာက သူလျှိုတစ်ယောက်က အဲ့လောက်အရေးကြီးတယ်ဆိုတာကို အရင်က မကြားဖူးလို့ပါ..."
ညွှန်ကြားရေးမှူးလျူ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားသည်။
"ဒီသူလျှိုတွေရဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေကို ခိုးယူဖို့၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေဖို့နဲ့ အစိုးရကို ဖြုတ်ချဖို့အထိ ပါဝင်တယ်... သူ မအောင်မြင်သေးဘူးဆိုရင်တောင် နိုင်ငံတော် ထိခိုက်နစ်နာမှုကို မင်း ကာကွယ်ပေးနိုင်ခဲ့တယ်... ဒါက သေချာပေါက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ..."
"နိုင်ငံနဲ့ ပြည်သူကို ကာကွယ်တာက အရေးပါတဲ့ ကိစ္စမဟုတ်ဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား..."
လျူအာကျူးက ခေါင်းကို တရစပ် ခါရမ်းပြလိုက်သည်။
“ကျွန်တော် သေချာပေါက် အဲဒီလိုမထင်ပါဘူး..."
"ဒါပေါ့..."
ညွှန်ကြားရေးမှူးလျူက လျူအာကျူးကို ပြုံး၍ ကြည့်လိုက်လေသည်။
"မင်းက တကယ့်ကို ငါ့ရဲ့ ကံကောင်းခြင်းကြယ်ပွင့်လေးပဲ... မင်းက အသားတွေ ယူလာပေးရုံတင်မကဘူး... ငါ့ကို ဒီလောက်ကြီးမားတဲ့ လက်ဆောင်ကြီးကိုပါ ယူဆောင်လာပေးသေးတယ်... မင်းကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးကွာ..."