အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) ရွာသားများ၏ အပြည့်အဝ ထောက်ခံမှု
ဝမ်ကျန့်ကျွင်းသည် စက်ဘီးစီးကာ လျူအာကျူးနှင့်အတူ လျူကျေးရွာဆီသို့ ဦးတည်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် ဝမ်ကျန့်ကျွင်းက ခေါင်းငုံ့ထားပြီး တိတ်ဆိတ်နေလေသည်။
လျူအာကျူးသည် စက်ဘီးစီးနေပုံပေါ်သော်လည်း တကယ်တမ်းတွင်မူ သူ၏ နေရာလွတ်ထဲ၌ မျိုးစေ့များကို စီမံနေခြင်းဖြစ်လေသည်။
သူသည် မြေကြီးကို ထွန်ယက်ကာ ထိုမျိုးစေ့များအားလုံးကို စိုက်ပျိုးပြီးနောက် ၎င်းတို့ကို ရေလောင်းရန်အတွက် မြစ်ရေကို ဆွဲယူနေလေသည်။
မြစ်ရေဖြင့် ရေလောင်းပေးမှုအောက်တွင် မျိုးစေ့များသည် အပင်ပေါက်လာပြီး လျင်မြန်စွာ ကြီးထွားလာကြလေသည်။
ထိုမျိုးစေ့များ အပင်ပေါက်လာသည်ကို ကြည့်ရင်း လျူအာကျူးမှာ အလွန်ဝမ်းသာပျော်ရွှင်နေလေတော့သည်။
မကြာမီတွင် သူသည် ကောက်နှံကောင်းများ၊ ပန်းသီးများနှင့် ဖရဲသီးများဖြင့် စစ်မှန်သော လွတ်လပ်မှုကို ရရှိတော့မည် ဖြစ်သည်။
"ကျူးဇီ... မင်း ငါ့ကို အထင်သေးနေတာလား..."
ဝမ်ကျန့်ကျွင်းက ရုတ်တရက် မေးလိုက်သည်။
"ဟင်..."
လျူအာကျူး၏ အာရုံသည် နေရာလွတ်ထဲမှ ပြန်လည်ရောက်ရှိလာပြီး ဝမ်ကျန့်ကျွင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။
"အစ်ကိုဝမ်... ဘာပြောလိုက်တာလဲ..."
"ကဲပါ... ဟန်ဆောင်မနေပါနဲ့တော့... ငါတို့ဒီလောက်နီးကပ်နေတာ မင်း မကြားဘဲနေမလား..."
ဝမ်ကျန့်ကျွင်းက ခါးသီးစွာ ပြုံးလိုက်သည်။
"တကယ်တော့ မင်းတို့အားလုံး ငါ့ကို အထင်သေးပြီး ငါက သူရဲဘောကြောင်တဲ့လူလို့ ထင်နေကြတာကို ငါသိပါတယ်... ဒါပေမဲ့ ငါက ငါ့မိသားစုကို ထောက်ပံ့ချင်ရုံလေးပါ... အဲဒါက ဘာမှားနေလို့လဲ..."
အလွန်အမင်း ရှုပ်ထွေးသွားသော လျူအာကျူးသည် နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။ ခါးသီးနေသော ဝမ်ကျန့်ကျွင်းကို ကြည့်ကာ သူက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"အစ်ကိုဝမ်... ကျွန်တော် ခင်ဗျားကို တစ်ခုလောက် မေးပါရစေ... ခင်ဗျားက ဘာမှမလုပ်ဘဲ ပက်လက်လှန်နေချင်တာလား..."
"ခုလိုတောကြိုတောင်ကြားထဲမှာ ငါက ဘယ်မှာသွားပြီး ပက်လက်လှန်နေရမှာလဲ... ပြီးတော့ ပက်လက်လှန်ရမယ်ဟုတ်လား... ကျောက်ခဲတွေနဲ့ဆို ငါ့တင်ပါးတွေ နာကုန်မှာပေါ့... မင်း စက်ဘီးစီးရတာ ပင်ပန်းနေရင်လည်း ငါတို့ ခဏလောက်ထိုင်ဖို့ နေရာတစ်ခုရှာလို့ ရပါတယ်..."
ဝမ်ကျန့်ကျွင်းက လိုရင်းကို လုံးဝသဘောမပေါက်ဘဲ ပြန်ဖြေလေသည်။
"..."
လျူအာကျူးက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“ကျွန်တော် ဆိုလိုတာက... ခင်ဗျားက အလကားထမင်းစားပြီး ဘာဆိုဘာမှကို မလုပ်ဘဲ နေချင်တာလားလို့ မေးတာပါ..."
ဝမ်ကျန့်ကျွင်းမှာ အနည်းငယ် ရှက်ရွံ့သွားပုံပေါ်လေသည်။
"ဒီလောက်ကြီး ပွင့်ပွင့်လင်းလင်း ပြောစရာမလိုပါဘူး... ငါက အလုပ်တော့ လုပ်ချင်ပါတယ်... ဒါပေမဲ့ အန္တရာယ်ကိုတော့ ရင်မဆိုင်နိုင်ဘူး... အိမ်မှာက အသက်အရွယ်ကြီးရင့်နေတဲ့ အမေရယ်... ပြီးတော့ မိန်းမနဲ့ ကလေးတွေ ရှိသေးတယ်လေ..."
လျူအာကျူးက လက်ကာပြလိုက်သည်။
"ဒါဆိုလည်း ပြီးတာပဲလေ... ခင်ဗျားက ဘာမှမလုပ်ဘဲ ပက်လက်လှန်နေချင်တာဆိုတော့ အန္တရာယ်လည်း မယူချင်ဘူး... အဲဒီတော့ ဘာလို့ အများကြီး တွေးနေတော့မှာလဲ... နေ့တိုင်း ပုံမှန်အလုပ်သွားလုပ်ပြီး လစာယူရုံပဲပေါ့... ဘယ်သူကမှ ခင်ဗျားကို အလုပ်ဖြုတ်လို့ မရပါဘူး..."
စနစ်ထဲတွင် သင်က ရာထူးတိုးရန် မလိုလားသရွေ့ သင်သည် အနိုင်ယူ၍မရသောသူ ဖြစ်သည်။
ထို့ကြောင့် လျူအာကျူးအနေဖြင့် ဝမ်ကျန့်ကျွင်း ဘာတွေများ လွန်ဆွဲနေသလဲဆိုတာကို နားမလည်နိုင်ဖြစ်နေသည်။ သူ၏ အထက်လူကြီးက သူ့ကို အခက်တွေ့အောင် လုပ်မည်ကို ကြောက်နေ၍များလားဟု တွေးမိသလား။
တကယ်လို့ ထိုသို့သာ တကယ်ဖြစ်လာခဲ့လျှင်လည်း သူ ဖြေရှင်းရုံသာ ရှိလေသည်။
တစ်ဖက်လူတွင် ဩဇာအာဏာရှိနေလျှင်တောင်မှ ယခုခေတ်တွင် သာမန်လူများလည်း ကြီးမားသော ညီမျှမှုပေးသည့်အရာကို ရနိုင်သေးရာ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမည်နည်း။
သို့သော်လည်း သေချာစဉ်းစားကြည့်ပါက ညွှန်ကြားရေးမှူးလျူသည် သူ၏အပေါ်တွင် ကောင်းမွန်စွာ ဆက်ဆံခဲ့သောကြောင့် လျူအာကျူးသည် ထိုနောက်ဆုံးအတွေးများကို နှုတ်မှ ထုတ်မပြောခဲ့ပေ။
ဝမ်ကျန့်ကျွင်းသည် ပစ်မှတ်ထားခံရမည်ကို တကယ်တမ်း ကြောက်ရွံ့နေခြင်း မဟုတ်ပေ။ လူတိုင်းက သူ၏ သူရဲဘောကြောင်မှုကို အထင်သေးကြမည်ကိုသာ ခံစားနေရခြင်းဖြစ်သည်။ သူက သက်ပြင်းချကာ ရှင်းပြလိုက်သည်။
"ငါကိုယ်တိုင်ကလည်း စစ်မှုထမ်းဟောင်းတစ်ယောက်ပါ... အရင်တုန်းကဆိုရင် ရန်သူကို ရင်ဆိုင်ဖို့ ငါ့အသက်ကိုတောင် စတေးရဲခဲ့တယ်... ဒါပေမဲ့ မိသားစုရှိလာပြီးတဲ့နောက်မှာတော့ ငါ... ဟူး..."
လျူအာကျူးသည် ဘာဖြစ်နေသလဲဆိုတာကို သဘောပေါက်သွားပြီး ပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။
"ဒါဆို ခင်ဗျားက အထင်သေးခံရမှာကို ကြောက်နေတာပေါ့... အဲဒီလိုဖြစ်မှာမဟုတ်ပါဘူး... ခင်ဗျားရဲ့ အခြေအနေကို လူတိုင်းသိပါတယ်... ခင်ဗျား ဘယ်လိုခံစားနေရလဲဆိုတာကို သူတို့ နားလည်ပေးကြမှာပါ..."
"တကယ်လား..."
ဝမ်ကျန့်ကျွင်းက မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။
လျူအာကျူးက ပြုံးလျက် ခေါင်းညိတ်လိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ လုံးဝမဟုတ်ပေဟု အဖြေပေးလိုက်လေသည်။
ဂုဏ်ရောင်ပြောင်စွာ သေဆုံးခြင်းသည် အမြင့်မားဆုံးသော ဂုဏ်ကျက်သရေဖြစ်သည့် ဤခေတ်တွင် ဝမ်ကျန့်ကျွင်း၏ အပြုအမူသည် စစ်ပြေးတစ်ယောက်နှင့် ဘာမှမကွာခြားပေ။ ဤကိစ္စပြီးနောက် သူ့ကို တစ်စုံတစ်ယောက်က လေးစားသေးလျှင်ပင် အံ့ဖွယ်တစ်ခု ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း အတိတ်က ခင်မင်ရင်းနှီးမှုကို ထောက်ထားသောအားဖြင့် လူတွေက သူ့ကို မျက်နှာချင်းဆိုင်တွင်တော့ ပြောကြမည် မဟုတ်ပေ။
လျူအာကျူးပင်လျှင် သူ့ကို တိုက်ရိုက်ထုတ်မပြောခဲ့ဘဲ နှစ်သိမ့်စကား အနည်းငယ်မျှသာ ပြောပေးခဲ့သည်။
ဝမ်ကျန့်ကျွင်းသည် လျူအာကျူး၏ အဓိပ္ပာယ်မရှိသော စကားများကို ယုံသွားသည်ဖြစ်စေ သို့မဟုတ် တကယ်ပဲ လက်ခံသွားသည်ဖြစ်စေ သူ၏ စိတ်အခြေအနေမှာ သိသိသာသာ တိုးတက်လာပြီး သူ၏ မျက်နှာအမူအရာမှာလည်း လင်းလက်လာခဲ့သည်။
သူ ဖြေမပေးနိုင်သော မေးခွန်းများကို ထပ်မေးလာမည်ကို ကာကွယ်ရန်အတွက် လျူအာကျူးက ချက်ချင်းပင် ပြောလိုက်သည်။
“အစ်ကိုဝမ်... ကျွန်တော်တို့ ပြိုင်ကြရအောင်... ဘယ်သူပိုမြန်လဲ ကြည့်ကြတာပေါ့..."
"သွားစမ်းပါ... ဒီစက်ဘီးကို ဝယ်ဖို့အတွက် ငါ တစ်နှစ်ကျော်လောက် ပိုက်ဆံစုခဲ့ရတာ... ဒီလို လမ်းပျက်ကြီးပေါ်မှာ စီးရတာကိုက နာကျင်ဖို့ကောင်းနေပြီ... ဘယ်သူက မင်းနဲ့ ပြိုင်မှာလဲ..."
ဝမ်ကျန့်ကျွင်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ထို့နောက် ဝမ်ကျန့်ကျွင်းသည် တခြားတစ်ခုကို တွေးမိသွားပြီး ထပ်မေးလိုက်ပြန်သည်။
"ညွှန်ကြားရေးမှူးကများ..."
"ခင်ဗျား မပြိုင်ရင်လည်း ကျွန်တော့်ဘာသာ ကျွန်တော် ပြိုင်မယ်... အဘိုးကြီးစွန်းတော့ သွားပြီဗျို့..."
လျူအာကျူးက ခပ်ပြင်းပြင်း နင်းလိုက်ပြီး လျူကျေးရွာဆီသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားလိုက်သည်။
ဝမ်ကျန့်ကျွင်းမှာ ပြာယာခတ်သွားသည်။
"ဖြည်းဖြည်းသွား... လမ်းဘေးမှာ ချုံခိုတိုက်ခိုက်မယ့်လူတွေကို သတိထားဦး..."
လျူအာကျူးသည် အဒေါ်ရှန်လင်ကဲ့သို့ အသံထွက်လာသော ဝမ်ကျန့်ကျွင်း၏ ပွစိပွစိပြောနေမှုများကို မကြားချင်တော့ပေ။ သူသည် ခြေထောက်တွင် လေမီးဘီးများ တပ်ထားသည့်အလား စက်ဘီးကို နင်းကာ ရှေ့သို့ ဒုံးပျံသဖွယ် ပြေးထွက်သွားလိုက်သည်။
နောက်ဆုံးတွင် ဝမ်ကျန့်ကျွင်းသည် သူ၏ အသက်မွေးဝမ်းကျောင်းနှင့် တာဝန်ကို မမေ့လျော့ခဲ့ပေ။
သူလျှိုများကို တိုက်ခိုက်ရန် အဖွဲ့နှင့်အတူ မလိုက်ရဲသည်မှာ လုံလောက်အောင် သူရဲဘောကြောင်နေပြီ ဖြစ်သည်။ တကယ်လို့ လျူအာကျူးသာ တစ်ခုခုဖြစ်သွားပါက သူသည် လုံခြုံရေးအရာရှိတစ်ယောက်အဖြစ် ဆက်လုပ်ရန် မျက်နှာရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ စက်ဘီးကို တန်ဖိုးထားသော်လည်း သူသည် ကမန်းကတန်း လိုက်သွားလေတော့သည်။
ဝမ်ကျန့်ကျွင်းက လိုက်သွားရင်း အော်ဟစ်လိုက်သည်။
“ဖြည်းဖြည်းသွားပါ... မပြေးနဲ့တော့... ရပ်လိုက်တော့..."
သူတို့နှစ်ယောက်သည် တစ်ယောက်ကလိုက်၊ တစ်ယောက်ကပြေးဖြင့် လျူကျေးရွာထဲသို့ ဝင်ရောက်လာကြလေသည်။
လောလောဆယ်တွင် လယ်ကွင်းထဲ၌ အလုပ်မရှိသဖြင့် အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးတစ်စုသည် ရွာအဝင်ဝရှိ နေရောင်အောက်တွင် စကားစမြည် ပြောဆိုနေကြလေသည်။
လျူအာကျူးသည် အဝေးမှနေ၍ ဖုန်လုံးကြီးများ ထောင်းထောင်းထကာ အမြန်ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ ရွာသားများစွာမှာ ဆွံ့အသွားကြ၏။
ဖူရှန့်၏ ကလေးသည် မည်မျှကောင်းမွန်ကြောင်း၊ အလွန်ထက်မြက်ပြီး ရင့်ကျက်ကာ ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် သူ၏မိသားစုကို ထောက်ပံ့ပေးနိုင်ရုံသာမက ရွာကိုပါ စောင့်ရှောက်ပေးနိုင်ကြောင်း သူတို့ ပြောနေကြဆဲ ဖြစ်သည်။
ထိုစဉ် လျူအာကျူးက အမြီးကို မီးလောင်နေသော တောဝက်တစ်ကောင်ကဲ့သို့ အလုအယက် ပြန်ရောက်လာခြင်းမှာ သူတို့၏ ချီးကျူးစကားများကို မျက်နှာဖြတ်ရိုက်လိုက်သည်မှာ ထင်ရှားနေသည်။
ရွာသားအချို့က ပြုံးကာ လျူအာကျူးကို နှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏အနောက်မှ တစ်စုံတစ်ယောက်ကို သတိထားမိလိုက်ကြသည်။
ထိုသူသည် လုံခြုံရေးအရာရှိ ဝတ်စုံကို ဝတ်ဆင်ထားပြီး စက်ဘီးကို အရူးအမူး နင်းလာကာ လျူအာကျူးအား အော်ဟစ်နေလေသည်။
“မပြေးနဲ့တော့... ရပ်လိုက်တော့..."
ရွာသားများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ လုံခြုံရေးအရာရှိတစ်ယောက်က လျူအာကျူးကို ဖမ်းဆီးရန် ဘာကြောင့် ဤနေရာသို့ ရောက်လာရသနည်းဟု တွေးမိကြ၏။
ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် လျူရှို့လင်သည်လည်း ထိုနေရာတွင် နေပူဆာလှုံနေလေသည်။ လျူအာကျူး လိုက်ဖမ်းခံနေရသည်ကို မြင်သောအခါ သူက အနီးနားရှိ ရွာသားများကို အမြန်အချက်ပြလိုက်သည်။
ထိုရွာသားများက သဘောပေါက်သွားကြသည်။ လျူအာကျူး ရွာထဲသို့ ပြေးဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် ကလေးတစ်စုကို ခေါ်ဆောင်ကာ အဝင်ဝကို ချက်ချင်းပင် ပိတ်ဆို့လိုက်ကြသည်။
လမ်းကို ပိတ်ဆို့ထားသော လူများကို မြင်လိုက်ရသည့်အခါ ဝမ်ကျန့်ကျွင်းက ကမန်းကတန်း အော်ဟစ်လိုက်သည်။
"ဖယ်ကြ... လမ်းဖယ်ပေးကြ... ငါ့ဘရိတ်က အလုပ်မလုပ်တော့ဘူး..."
ကလေးများမှာ အကြောက်အလန့် မရှိကြပေ။ သူ ဘရိတ်အုပ်နိုင်သည်ဖြစ်စေ၊ မအုပ်နိုင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ ထိုနေရာတွင် ဆက်၍ ကစားနေကြသည်။
မတတ်သာတော့သည့်အဆုံး ဝမ်ကျန့်ကျွင်းက ဘရိတ်ကို အတင်းညှစ်အုပ်လိုက်ရသည်။ တာယာများက မြေကြီးပေါ်တွင် အနက်ရောင် ရော်ဘာရာရှည်ကြီးကို ပွတ်တိုက်သွားစေပြီး မီးလောင်ကျွမ်းနေသော အနံ့သင်းသင်းကို ထွက်ပေါ်လာစေကာ နောက်ဆုံးတွင်မူ သူ ရပ်တန့်သွားနိုင်ခဲ့လေသည်။
ရွာသားများက ချက်ချင်းပင် ရှေ့သို့ တိုးလာကာ ဝမ်ကျန့်ကျွင်းကို ဝိုင်းရံလိုက်ကြပြီး သူတို့၏ ကလေးများကို စတင်ဆူပူကြလေတော့သည်။
"နင်တို့ မျက်လုံးကန်းနေတာလား... လုံခြုံရေးအရာရှိ လာနေတာကို မမြင်ဘူးလား... လမ်းကို ဘယ်လိုလုပ် ပိတ်ရဲရတာလဲ..."
"နင်တို့ သောက်ကလေးတွေ မှတ်လောက်အောင် ဆုံးမမှဖြစ်မယ်..."
"အရာရှိမင်း... ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့... ကျွန်တော် အခုပဲ သူတို့ကို ဆုံးမလိုက်ပါ့မယ်..."
အချို့က ကလေးများကို ဆူပူကြပြီး အချို့က ဝမ်ကျန့်ကျွင်းကို စကားပြောရန် ကြိုးစားကြကာ အချို့ကမူ လူပုံအလယ်တွင် သူတို့၏ ကလေးများကိုပင် ရိုက်နှက်နေကြသည်။ အတိုချုပ်ပြောရလျှင် သူတို့သည် အခြေအနေကို တမင်သက်သက် တတ်နိုင်သမျှ ရှုပ်ထွေးသွားစေရန် ဖန်တီးနေကြခြင်း ဖြစ်လေသည်။
ဝမ်ကျန့်ကျွင်းမှာ လူအုပ်ကြီးကြားတွင် ပိတ်မိနေပြီး လှုပ်၍ပင် မရတော့ပေ။ သူသည် ခြေဖျားထောက်ကာ လျူအာကျူးကို မြင်နိုင်ရန် အသေအလဲ ကြိုးစားနေသည်။
လျူအာကျူးသည်လည်း ရပ်တန့်သွားပြီး အလုပ်များနေကြသော ရွာသားများကို နားမလည်နိုင်စွာဖြင့် ကြည့်နေမိသည်။
လျူရှို့လင်သည် ဝမ်ကျန့်ကျွင်းဘက်သို့ ကျောခိုင်းထားရင်းမှ လျူအာကျူးအား အမြန်ထွက်သွားရန် မျက်စိမှိတ်ပြကာ ဆက်တိုက် အချက်ပြနေလေသည်။
လျူအာကျူးသည် လုံခြုံရေးအရာရှိ၏ လိုက်ဖမ်းခြင်းကို ဘာကြောင့်ခံနေရသည်ဖြစ်စေ သူတို့အနေဖြင့် သူ့ကို အဖမ်းခံရစေရန် ခွင့်မပြုနိုင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူသည် အပြစ်ကင်းစင်နေလျှင်တောင်မှ အဖမ်းခံရသည်နှင့် တစ်ပြိုင်နက် ရိုက်နှက်ခံရဖို့ သေချာနေသည်။
တကယ်လို့ လျူအာကျူးဘက်က မှားနေလျှင်တောင်မှ ထုတ်လုပ်ရေးအဖွဲ့ရုံးက ဤကိစ္စကို အတွင်းရေးအနေဖြင့်သာ ဖြေရှင်းပေးမည် ဖြစ်လေသည်။ သူ့ကို ရေနှစ်ပုံး သယ်ခိုင်းခြင်းကပင် လုံလောက်သော ပြစ်ဒဏ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
လျူရှို့လင်၏ မရပ်မနား မျက်စိမှိတ်ပြနေမှုများကို မြင်လိုက်ရသည့်အခါ လျူအာကျူးသည် ရွာသားများ အထင်လွဲနေကြပြီဆိုတာကို သဘောပေါက်သွားလေသည်။ သူက အမြန်ပြုံးလိုက်ပြီး ပြောလိုက်သည်။
"အစ်ကိုဝမ်က ကျွန်တော့်ကို အိမ်အထိ လိုက်ပို့ပေးရုံပါ... ကျွန်တော့်ကို ဖမ်းဖို့ လာတာမဟုတ်ပါဘူး... အားလုံးပဲ စိတ်မပူကြပါနဲ့..."
ဝမ်ကျန့်ကျွင်းသည် လျူအာကျူး၌ ရွာထဲတွင် ဤမျှလောက် ဂုဏ်သတင်းကြီးမားပြီး ရွာသားများက သူ့ကိုပင် တားဆီးရန် ကြိုးစားလာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"အားလုံးပဲ ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါဦး... ကျူးဇီလည်း အိမ်ရောက်ပြီဆိုတော့ ကျွန်တော် ပြန်တော့မယ်..."
ရွာသားများသည် သံသယဖြစ်စွာဖြင့် လမ်းဖယ်ပေးလိုက်ကြသော်လည်း ဝမ်ကျန့်ကျွင်းက လျူအာကျူးကို ဖမ်းရန် အနောက်သို့ ပြန်လှည့်လာမည်ကို စိုးရိမ်နေသဖြင့် သူတို့၏ မျက်လုံးများကို သူ၏အပေါ်မှ မခွာခဲ့ကြပေ။ ဝမ်ကျန့်ကျွင်းသည် အဝေးသို့ ပျောက်ကွယ်သွားမှသာ သူတို့လည်း စိတ်အေးသွားကြတော့သည်။