အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) ရွာသားများ၏ စိုးရိမ်ပူပန်မှု
အဝတ်အစားဝတ်ပြီးနောက် လျူအာကျူးသည် သူ၏ နေရာလွတ်ထဲရှိ သေနတ်များကို စစ်ဆေးလိုက်လေသည်။
သူသည် အမျိုးအစား ၁၁ အပေါ့စားစက်သေနတ်ကို အထူးတလည် ကြည့်ရှုလိုက်ပြီး စမ်းသပ်ပစ်ခတ်ကြည့်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
ခဏနေလျှင် တောင်ပေါ်သို့တက်ကာ အသံကျယ်မကျယ် စမ်းသပ်မည်ဖြစ်ပြီး အဆင်မပြေပါက တောင်ထူထပ်သော နေရာသို့ ဆက်သွားမည်ဖြစ်သည်။ သေနတ်ရှိနေပြီဖြစ်ရာ တစ်တောင့်လောက်တော့ ပစ်ခတ်ခံစားကြည့်ရမည် ဖြစ်သည်။
ဆောင်းဦးလေသည် အေးစိမ့်နေပြီး တောင်ပေါ်ရှိ သစ်ရွက်များသည် တစ်နေ့တခြား ဝါကြင်ကြွေကျလာကာ တောင်ကတုံးကြီးတစ်ခု ဖြစ်လာတော့မည့်အလား ထင်မှတ်ရသည်။
သာမန်ပြည်သူများမှာ ဆင်းရဲဒုက္ခရောက်နေကြပြီး တိရစ္ဆာန်များမှာမူ ပို၍ပင် ဆိုးရွားလှသည်။
သူတို့သည် အစာရေစာ ပြတ်လပ်နေသည့်အပြင် ကြမ်းတမ်းသော သားရဲတိရစ္ဆာန်များနှင့် လူများ၏ အမဲလိုက်ခြင်းကိုပါ ခံနေရသဖြင့် တောင်ခြေအနီးတစ်ဝိုက်တွင် တိရစ္ဆာန်ခြေရာများ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
တောင်ပေါ်တွင်မူ ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးများစွာသည် တောဟင်းရွက်များကို တူးဖော်နေကြလေသည်။
အမျိုးသားများမှာမူ သေနတ်များ ကိုင်ဆောင်ကာ ကင်းလှည့်နေကြပြီး စားစရာ တိရစ္ဆာန်အချို့ကို အမဲလိုက်ရန် ကြိုးစားနေကြကာ ဆောင်းတွင်းအတွက် ရိက္ခာစုဆောင်းရန် ရည်ရွယ်ထားကြသည်။
လက်ရှိအခြေအနေအရကြည့်လျှင် ဤဆောင်းရာသီသည် အလွန်ခက်ခဲမည်ဖြစ်ပြီး လူအများအပြား သေဆုံးနိုင်ချေ ရှိနေလေသည်။
လျူအာကျူးသည် တောင်ပေါ်သို့ တက်သွားသောအခါ လျူကျေးရွာမှ လူများသည် မည်သည့်အလုပ်ကို လုပ်နေသည်ဖြစ်စေ သူ့ကို ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ကြလေသည်။
"ကျူးဇီ အမဲလိုက်သွားမလို့လား..."
"ကျူးဇီ ဘယ်လောက်တောင် ခန့်ညားနေလဲဆိုတာ ကြည့်စမ်းပါဦး..."
"ကျူးဇီ မင်းနဲ့အတူ အမဲလိုက်လိုက်ခဲ့ရမလား..."
"ကျူးဇီ မင်း တောင်နက်ထဲကို သွားမှာတော့ မဟုတ်ပါဘူးနော် အဲဒီမှာ အရမ်းအန္တရာယ်များတယ်..."
ရွာသားများ၏ စိုးရိမ်ပူပန်မှုများကို ကြားသောအခါ လျူအာကျူးသည် သူ၏ အမဲလိုက်သေနတ်ကို ပခုံးပေါ်တင်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် တောင်ပေါ်မှာ ဒီအတိုင်း လမ်းလျှောက်ထွက်ရုံပါ ဘာမှမဖြစ်ပါဘူး..."
အချို့သော ရွာသားများမှာ စိုးရိမ်နေဆဲဖြစ်ပြီး နောက်မှ လိုက်ကြည့်ချင်နေကြသည်။
လျူအာကျူးသည် သူတို့ကို မတားဆီးခဲ့သော်လည်း စောင့်မနေဘဲ တောင်ပေါ်သို့ ခြေလှမ်းကျဲကျဲဖြင့် ဆက်လျှောက်သွားခဲ့သည်။
ဤနေရာတွင် ကွာခြားချက်မှာ ထင်ရှားလာခဲ့လေသည်။
အခြားရွာသားများသည် အာဟာရပြတ်လပ်နေသဖြင့် ထိုမျှမြန်မြန်နှင့် အချိန်ကြာကြာ မလျှောက်ဝံ့ကြပေ။ သို့မဟုတ်ပါက တောင်ပေါ်တွင် မေ့လဲကျသွားခြင်းမှာ ပုံမှန်ကိစ္စတစ်ခုလို ဖြစ်နေလေသည်။
ထို့အပြင် သူတို့သည် မိမိတို့၏ အဝတ်အစားများကို တန်ဖိုးထားကြပြီး မြန်မြန်လျှောက်ပါက သစ်ကိုင်းများနှင့် ငြိကာ စုတ်ပြဲသွားမည်ကို စိုးရိမ်သောကြောင့် လျူအာကျူးကို လုံးဝ မမီနိုင်တော့ဘဲ လက်လျှော့ကာ ပြန်လှည့်လာခဲ့ကြရသည်။
လျူအာကျူးသည် တောင်နက်ထဲသို့ ရောက်သွားသောအခါ တိရစ္ဆာန်ခြေရာများ ပိုများနေသည်ကို တွေ့လိုက်ရပြီး ချေးအချို့ကိုပင် တွေ့လိုက်ရသည်။
"တောဝက်တွေ ရှိနေတာလား..."
လျူအာကျူးသည် ချက်ချင်းပင် အံ့သြဝမ်းသာဖြစ်သွားပြီး သူ၏ကျောပေါ်ရှိ အမဲလိုက်သေနတ်ကို အမျိုးအစား ၁၁ အပေါ့စားစက်သေနတ်နှင့် ချက်ချင်း လဲလှယ်လိုက်လေသည်။
တောင်နက်ထဲတွင် အန္တရာယ်များကြောင်း လူတိုင်းသိထားပြီး အထူးသဖြင့် ကျားသစ်များနှင့် တောဝက်အုပ်များ ရှိသည်ဟူသော ကောလာဟလများကြောင့် ဤအရာများသည် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်လေသည်။
အကယ်၍ သူတို့နှင့် ကြုံတွေ့ရပါက အမဲလိုက်သေနတ်ဖြင့် လုံလောက်မည် မဟုတ်ဘဲ အမျိုးအစား ၁၁ အပေါ့စားစက်သေနတ်သာလျှင် လိုအပ်သော သေစေနိုင်စွမ်း ရှိမည်ဖြစ်လေသည်။
လျူအာကျူးသည် အမဲလိုက်ခြင်းနှင့် ပတ်သက်၍ များများစားစား မသိသောကြောင့် ထိုတိရစ္ဆာန်များကို ခြေရာခံရန် ဒုက္ခမခံတော့ပေ။
သူ၏ ထုံးစံအတိုင်း သူသည် မွှေးကြိုင်သော ပြောင်းဖူးဆန်ပြုတ်တစ်အိုးကို တည်ထားလိုက်ပြီးနောက် သစ်ပင်ကြီးတစ်ပင်ကို ရှာကာ တက်လိုက်ပြီး သစ်ကိုင်းပေါ်တွင် ကုတ်ကုတ်လေးထိုင်ကာ စောင့်နေလိုက်လေသည်။
ယနေ့ လေတိုက်နှုန်းမှာ အတော်လေး ပြင်းထန်သဖြင့် အနံ့မှာ အမြန်ပျံ့နှံ့သွားလေသည်။
ဆယ်မိနစ်ပင် မကြာလိုက်ဘဲ ဆာလောင်မွတ်သိပ်နေသော တောဝက်တစ်အုပ်သည် အသံများမြည်ကာ ရောက်ရှိလာလေသည်။
သို့သော် ထိုတောဝက်များသည် သိပ်မကြီးမားလှဘဲ အကောင်ကြီးတစ်ကောင်နှင့် အကောင်ငယ်သုံးကောင်သာ ဖြစ်သည်။ အကောင်ကြီးမှာ ကျင်းတစ်ရာခန့်ရှိပြီး အကောင်ငယ်များမှာ ကျင်းသုံးဆယ်မှ ငါးဆယ်ခန့်သာရှိသည်။
"အင်း သူတို့က ဝက်ပေါက်ကင် လုပ်ဖို့အတွက် အတော်ပဲ..."
ရိုးရိုးသားသား ပြောရလျှင် လျူအာကျူးသည် တိရစ္ဆာန်များကို ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်လိုစိတ် ပြင်းပြသူ တစ်ဦးဖြစ်လေသည်။
သူ၏အမြင်တွင် သူချစ်မြတ်နိုးသော ဤတိရစ္ဆာန်များကို ထမင်းတစ်နပ်စာမျှ မတွေ့ရလျှင်ပင် သူ့ရင်ထဲတွင် ဟာတာတာ ဖြစ်သွားတတ်လေသည်။
ဤတိရစ္ဆာန်များကို သေသေချာချာ မချက်ပြုတ်ရဟု တွေးမိသည်နှင့် သူ့မှာ အလွန် နှမြောတသ ဖြစ်ရလေသည်။ သူသည်ဤတိရစ္ဆာန်များ၏ အရောင်၊ အနံ့နှင့် အရသာတို့ကို ထိန်းသိမ်းရန် ကတိပြုထားသဖြင့် သူတို့ကို အကောင်းဆုံး အရသာရှိအောင် မည်သို့ချက်ပြုတ်ရမည်ကို အမြဲတွေးတောနေလေ့ရှိသည်။
ဤဝက်ကလေးများသည် ကင်ရန် အသင့်တော်ဆုံးဖြစ်ပြီး အထူးသဖြင့် အရေခွံကို ရွှေအိုရောင်သန်းသည်အထိ ကင်ကာ အတွင်းသားကို နူးညံ့နေစေခြင်းဖြင့် ကိုက်လိုက်တိုင်း မွှေးကြိုင်လှိုင်ထွက်နေမည်ဖြစ်သည်။ လျူအာကျူးသည် ဤတိရစ္ဆာန်များအနေဖြင့် သူတို့ကိုယ်သူတို့ ထိုမျှအရသာရှိအောင် လုပ်နိုင်စွမ်းရှိသည်ကို သိပါက သူ့ကို အသေအလဲ ချစ်သွားကြမည်ဟု တွေးမိလေသည်။
“ဒိုင်း…ဒိုင်း…ဒိုင်း”
လျူအာကျူးသည် အစပိုင်းတွင် ခလုတ်ကို ဖြည်းညင်းစွာ ညှစ်ကာ တစ်ချက်တည်း ပစ်ရန် ရည်ရွယ်ခဲ့သော်လည်း သူသည် ကျွမ်းကျင်မှု မရှိသောကြောင့် မျက်စိတစ်မှိတ်အတွင်း ကျည်သုံးတောင့် ထွက်သွားခဲ့သည်။ တောဝက်မကြီးမှာ ကျည်ဆန်ထိမှန်ကာ ကြောင်တောင်တောင် ဖြစ်သွားပြီး မြေကြီးပေါ်သို့ လဲကျကာ မရပ်မနား တဆတ်ဆတ် တုန်ယင်နေတော့သည်။
ကျန်ရှိနေသော တောဝက်ငယ်သုံးကောင်မှာ လန့်ဖြန့်သွားကြပြီး အသံပြဲကြီးဖြင့် အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
လျူအာကျူးသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန်ပင် ဆက်တိုက် ပစ်ခတ်လိုက်ရသည်။
ဤသို့ ခလုတ်နှိပ်လိုက်ရာ ကျည်ဆန်ဆယ်တောင့်ကျော် ပစ်ထွက်သွားပြီး တောဝက်ငယ်သုံးကောင်စလုံး မြေကြီးပေါ်တွင် အသေဆိုးဖြင့် လဲကျသွားလေတော့သည်။
လျူအာကျူးသည် သစ်ပင်ပေါ်မှ အမြန်ခုန်ဆင်းကာ တောဝက်အားလုံးကို သူ၏ နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် သစ်ပင်ပေါ်သို့ ပြန်တက်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
သူသည် တိရစ္ဆာန်များကို စောင့်နေခြင်းဖြစ်သလို လူများကိုလည်း စောင့်နေခြင်းဖြစ်သည်။
အကယ်၍ သေနတ်သံများ ထွက်ပေါ်သွားပါက စက်သေနတ်တစ်လက် ရှိနေခြင်းမှာ သာမန်ကိစ္စ မဟုတ်သောကြောင့် တစ်စုံတစ်ယောက် သေချာပေါက် လာရောက် စစ်ဆေးမည်ဖြစ်သည်။
နာရီဝက် ကြာပြီးနောက် မည်သူမျှ ရောက်မလာသလို မည်သည့် တိရစ္ဆာန်မျှလည်း ရောက်မလာတော့ပေ။
တကယ်တော့ တိရစ္ဆာန်များ ရောက်လာသည်ဟု ပြော၍ရသော်လည်း သူတို့သည် အနီးသို့ မချဉ်းကပ်လာဘဲ အဝေးမှနေ၍ အကဲခတ်ကာ ထွက်ပြေးသွားကြသည်ကို လျူအာကျူး သတိထားမိလိုက်သည်။
စောစောက တောဝက်များကို သတ်ဖြတ်ရာမှ ကျန်ရစ်ခဲ့သော သွေးများကြောင့် သစ်ရွက်စား တိရစ္ဆာန်များမှာ သွေးနံ့ကို အကဲဆတ်သွားကာ လန့်ပြေးသွားကြခြင်း ဖြစ်နိုင်သည်။
လျူအာကျူးသည် နေရာပြောင်းကာ ဆက်လက် မျှားခေါ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
ဤတစ်ကြိမ်တွင်မူ ရလဒ်ကောင်း ထွက်ပေါ်လာခဲ့ပြီး တောဆိတ်နှစ်ကောင် တကယ်ပင် ရောက်ရှိလာခဲ့သည်။
သူတို့၏ ပရောပရည်လုပ်နေသော အပြုအမူများကို ကြည့်ရသည်မှာ သူတို့သည် ဆိတ်ယဥ်များ မဟုတ်ကြောင်း ထင်ရှားနေလေသည်။
လျူအာကျူးသည် ထပ်မံပစ်ခတ်လိုက်ရာ ကျည်ဆန်ငါးတောင့် အကုန်ခံကာ ဆိတ်နှစ်ကောင်စလုံးကို သတ်ပစ်လိုက်သည်။
သူသည် ဝမ်းသာအားရ ပြေးသွားပြီး တောဆိတ်များကို သူ၏ နေရာလွတ်ထဲသို့ ထည့်လိုက်ကာ နေရာထပ်ပြောင်း၍ ဆက်လက် ချောင်းမြောင်းနေတော့သည်။
ဤနည်းဖြင့် လျူအာကျူးသည် သေနတ်တစ်ချက်ပစ်ကာ နေရာသစ်သို့ ပြောင်းရွှေ့ခဲ့လေသည်။ နေ့လယ်ပိုင်းသို့ ရောက်သောအခါ သူသည် တောဝက် ဆယ့်နှစ်ကောင် ရရှိရန်အတွက် ပြောင်းဖူးဆန်ပြုတ် သုံးအိုး ကုန်ဆုံးသွားခဲ့လေပြီ။
ထို့အပြင် တောဆိတ် ငါးကောင်ကိုလည်း ရရှိခဲ့သည်။
ဒရယ် သုံးကောင်နှင့် အမည်မသိရသော ငှက်မျိုးစုံ ဆယ်ကောင်ကျော်ကိုလည်း ရရှိခဲ့သေးသည်။
တကယ်တော့ ထိုအထဲတွင် လျူအာကျူးသည် လင်းယုန်တစ်ကောင်ကိုလည်း တွေ့ခဲ့ရသော်လည်း ကံမကောင်းစွာဖြင့် ထိုအကောင်မှာ အလွန်ရက်စက်ပြီး အရသာမရှိဟု ဆိုကြသောကြောင့် သူ မဖမ်းဆီးခဲ့ပေ။
လျူအာကျူးသည် အရာအားလုံးကို သိမ်းဆည်းပြီးနောက် နေမဝင်မီ တောင်အောက်သို့ အလျင်အမြန် ဆင်းလာခဲ့လေသည်။
သူ တောင်ခြေသို့ ရောက်သည်နှင့်တစ်ပြိုင်နက် လျူကျေးရွာမှ လူကြီးလူငယ်များ ရပ်ကာ တစ်စုံတစ်ရာကို ဆွေးနွေးနေကြပြီး တာဝန်များ ခွဲဝေပေးနေသည့်အလား တောင်ပေါ်သို့ ရံဖန်ရံခါ လက်ညှိုးထိုးနေကြသည်ကို တွေ့လိုက်ရသည်။
အချို့လူများသည် သေနတ်များ၊ ကျည်ဆန်များ၊ လေးနှင့်မြားများ၊ လှံများနှင့် အခြားအရာများကို ဝေငှနေကြလေသည်။
နျူဟုန်ဟွာ၊ လျူတာ့လျန်၊ တာ့ရွှယ်ထိုနှင့် အခြားသူများလည်း စိုးရိမ်တကြီး ဖြစ်နေကြသည်။
အမြဲတမ်း ခေါင်းငုံ့နေတတ်ပြီး မိမိကိုယ်ကို နှိမ့်ချတတ်သော ချွန်းအာပင်လျှင် ဤတစ်ကြိမ်တွင် ခေါင်းမငုံ့ထားဘဲ တောင်ပေါ်သို့ အဆက်မပြတ် ကြည့်ရှုနေသည်။
ရုတ်တရက် လျူအာကျူးကို မြင်လိုက်ရသောအခါ သူမက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
"အစ်ကိုကျူးဇီ ပြန်လာပြီ..."
လူအားလုံးသည် တောင်အောက်သို့ ဆင်းလာသော လျူအာကျူးကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြလေသည်။
လျူအာကျူးသည် တောင်ခြေတွင် စုဝေးနေသော ရွာသားများကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..."
ရွာသားများအားလုံး ဝိုင်းအုံလာကြပြီး အထူးသဖြင့် နျူဟုန်ဟွာသည် လျူအာကျူးအား ခေါင်းမှခြေဖျားအထိ စစ်ဆေးကြည့်ရှုလိုက်သည်။ သူ ဒဏ်ရာမရထားကြောင်း မြင်လိုက်ရသောအခါ သူမက ငိုယိုကာ အော်ပြောလိုက်သည်။
"နင်က အသံမပေးဘဲ တောင်ပေါ်မှာ တစ်နေကုန် နေနေတာ အမေ့မှာတော့ လန့်သေတော့မလို့ပဲ..."
လုံခြုံရေးတပ်မှူးသည်လည်း လျှောက်လာပြီး လျူအာကျူး၏ တင်ပါးကို ကန်ကာ ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။
"အခုတော့ မင်းကိုယ်မင်း တော်လှပြီ ထင်နေတာပေါ့လေ တောင်နက်ထဲမှာ တစ်နေကုန်နေပြီး နေဝင်မှ ပြန်လာရဲတာလား မင်း သေချင်နေတာလား..."
လျူဟိုင်ကလည်း အပြစ်တင်လိုက်သည်။
"ကျူးဇီ မင်းက ဒီရွာမှာပဲ ကြီးပြင်းလာတာ တောင်နက်တွေက ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ ငါ ပြောပြစရာ မလိုပါဘူး တောင်ပေါ်မှာ ဒဏ်ရာမရတဲ့နှစ်ဆိုတာ ရွာမှာ ရှိလို့လား မင်းက ဘယ်လိုလုပ်ပြီး တောင်နက်ထဲကို တစ်ယောက်တည်း သွားရဲရတာလဲ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."
သူ တစ်နေကုန် ပြန်မလာသောကြောင့် အားလုံးက စိုးရိမ်နေကြပြီး သူ့ကို ရှာရန် တောင်ပေါ်သို့ တက်တော့မည်ကို လျူအာကျူး သဘောပေါက်သွားလေသည်။
သူသည် ရွာသားများကို အလျင်အမြန် ဦးညွှတ်ကာ လက်အုပ်ချီလိုက်ပြီး ပြောလိုက်သည်။
"ဦးလေးတို့…အဘိုးတို့… အဒေါ်တို့နဲ့ လူကြီးမင်းတို့ အားလုံးကို တောင်းပန်ပါတယ် ကျွန်တော် တောင်ပေါ်မှာ ထောင်ချောက်တူးပြီး အတော်ကြာကြာ စောင့်နေလိုက်တာ အချိန်မလင့်သွားတာကို သတိမထားမိလိုက်ဘူး အားလုံးကို စိုးရိမ်အောင် လုပ်မိသွားပြီ..."
လျူဟိုင်က ဒေါသတကြီးဖြင့် ပြောလေသည်။
"ငါတို့ စိုးရိမ်တာက ကိစ္စမရှိပေမဲ့ မင်းအမေက လွန်ခဲ့တဲ့ နာရီဝက်အတွင်းမှာ အကြိမ်တော်တော်များများ ငိုထားတာ မျက်လုံးတောင် ကန်းတော့မလို့ပဲ မြန်မြန် အိမ်ပြန်တော့..."
လျူအာကျူး ဘာမှမဖြစ်သည်ကို မြင်သောအခါ အခြားရွာသားများလည်း စိတ်သက်သာရာရသွားကြပြီး လူစုခွဲရန် ပြင်ဆင်ကြလေသည်။
တစ်ရွာလုံးကို ဤမျှကြာအောင် စိုးရိမ်စေခဲ့ပြီး သူ့ကို ရှာဖွေရန် အမှောင်ထဲတွင် တောင်ပေါ်သို့ အန္တရာယ်ခံကာ တက်ရန် ပြင်ဆင်နေကြသည်ကို သိရသဖြင့် လျူအာကျူးသည် အနည်းငယ် အားနာသွားကာ အလျင်အမြန် ပြောလိုက်သည်။
"ဦးလေးဟိုင် ခဏလေး စောင့်ပါဦး ကျွန်တော် တောဝက်ကြီးနှစ်ကောင် မိထားလို့ တကယ့်ကို သယ်မလာနိုင်တော့ဘူး သူတို့ကို သယ်ဖို့ လူနည်းနည်းလောက် ရှာပေးပါ ပြီးရင်တော့ ကျွန်တော်တို့ရွာက လူတွေ အသားဝေစားကြတာပေါ့..."