← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) ဝက်သားဝေငှခြင်း

ကြီးမားသော တောဝက်ကြီးနှစ်ကောင်...

ဝက်သားဝေငှမည်…။

ဤသည်မှာ အလွန်စိမ်းသက်သော စကားလုံးပင် ဖြစ်လေသည်။

ရွာသားများသည် မိမိတို့ မိသားစုပိုင်ဆိုင်သည့် ပစ္စည်းများကို နိုင်ငံတော်၏ လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ပေးအပ်ရသည်ဟုသာ ကြားဖူးခဲ့ကြလေသည်။ နိုင်ငံတော်ထံမှ စားစရာဝေစုတစ်ခု ရနိုင်သည်ဆိုခြင်းမှာ သူတို့အတွက် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်ဖြစ်သည်။

လျူဟိုင်မှာလည်း အံ့သြသွားခဲ့သော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကာ တံတွေးမြိုချလိုက်မိပြီးနောက် လျူအာကျူး၏ တင်ပါးကို ခြေထောက်ဖြင့် ကန်လိုက်သည်။

"ထွက်သွားစမ်း... မင်းက မင်းရဲ့ ဦးလေးတွေနဲ့ လူကြီးတွေကို လာနောက်နေတာလား... မင်းလို လူကောင်သေးသေးလေးနဲ့ တောဝက်ကြီးနှစ်ကောင်ကို ဖမ်းမိခဲ့တယ်ပေါ့... ငါတို့ရွာက ယောကျ်ား.. မိန်းမ…ကလေး အားလုံး တောင်ပေါ်ကို အတူတူတက်သွားရင်တောင် တစ်ကောင်တောင် မိချင်မှ မိမှာကွ..."

ဤသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။ ရွာသားများမှာ အလွန်ဆာလောင်နေကြသဖြင့် ခွန်အားမရှိကြတော့ဘဲ တောဝက်များသည်လည်း အလွန်ကြမ်းတမ်းသော သတ္တဝါများ ဖြစ်လေသည်။ အကယ်၍ သူတို့သာ အုပ်စုလိုက်သွား၍ တောဝက်ဖမ်းမည်ဆိုလျှင် အောင်မြင်နိုင်မည် မဟုတ်သည့်အပြင် အသက်အနည်းငယ်ပင် ဆုံးရှုံးသွားနိုင်သေးသည်။

သေနတ်များနှင့် ပတ်သက်၍မူ ထိုအချိန်က သေနတ်များကို တားမြစ်ထားခြင်း မရှိသော်လည်း အိမ်တိုင်းတွင် ရှိမနေခဲ့ပေ။ အကယ်၍ အရင်က ရှိခဲ့လျှင်တောင် အစားအစာနှင့် လဲလှယ်ရန် အများစုမှာ ရောင်းချခံခဲ့ရပြီး ဖြစ်လေသည်။

စားစရာတစ်ခုခု ရရှိရန်အတွက် လူများသည် သူတို့၏ သမီးများနှင့် ဇနီးများကိုပင် ရောင်းချကြရာ သေနတ်များဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။

ထို့ကြောင့် လက်ရှိအချိန်တွင် ထုတ်လုပ်ရေးအဖွဲ့ တစ်ဖွဲ့လုံး၌ စုစုပေါင်း သေနတ်သုံးလက်သာ ရှိလေသည်။ တစ်လက်မှာ လျူဟိုင်ထံတွင် ရှိပြီး နောက်တစ်လက်မှာ လုံခြုံရေးတပ်မှူးထံတွင် ရှိကာ ကျန်တစ်လက်မှာ အဘိုးထံတွင် ရှိလေသည်။

သို့ရာတွင် လျူဟိုင်က လျူအာကျူးကို ဆူပူလိုက်ခြင်းမှာ သူ၏ စွမ်းရည်ကို သံသယဝင်သောကြောင့် မဟုတ်ပေ။ ဤကောင်လေးသည် သူလျှိုတစ်ယောက်ကိုပင် ဖမ်းနိုင်ခဲ့ရာ တောဝက်နှစ်ကောင်ဆိုသည်မှာ သူ၏အတွက် အသေးအဖွဲကိစ္စသာ ဖြစ်ပေလိမ့်မည်။

လျူဟိုင်သည် လျူအာကျူးကို ဝက်သားများ ထုတ်၍ ဝေငှစေချင်ခြင်း မရှိသောကြောင့်သာဖြစ်သည်။ လူတိုင်းအတွက် ခက်ခဲနေသော ကာလဖြစ်ရာ မိမိတွင် အသားရှိလျှင် ကိုယ့်ဘာသာ တိတ်တဆိတ်သာ စားသင့်လေသည်။ ဝေငှမည်ဆိုသည့် စကားမှာ အဓိပ္ပာယ်မရှိပေ။

လုံခြုံရေးတပ်မှူးကလည်း လျူအာကျူးကို စူးရဲစွာ ကြည့်လိုက်ပြီး တိုးတိတ်သော အသံဖြင့် ပြောလိုက်လေသည်။

"မင်းက ဘယ်လောက်စွမ်းကြောင်း ပြချင်နေတာလား... အိမ်ပြန်တော့... အဲဒီတောဝက်တွေကို ပြန်သယ်ဖို့ ဒီညလူတချို့ကို ငါခေါ်လိုက်မယ်..."

လျူဟိုင်၏ စကားကို ကြားသောအခါ လျူဟိုင်သည် လျူအာကျူးဘက်မှ မျက်နှာသာပေးနေကြောင်း ရွာသားများလည်း သိလိုက်ကြသည်။ လျူအာကျူး၏ မျက်နှာပေါ်ရှိ အမူအရာမှာ လိမ်ညာနေပုံမရပေ။ သူ တကယ်ပင် တောဝက်များကို ဖမ်းမိခဲ့ခြင်းဖြစ်ရမည်။

သို့သော်လည်း လူတိုင်းက မိမိတို့ကိုယ်ကို ရိုးသားစွာ ပြန်မေးကြည့်ကြသည်။ တံခါးပိတ်၍ တိတ်တဆိတ် အသားမစားမည့်သူ မည်သူရှိမည်နည်း။

လျူအာကျူးသည် သူတို့အား ကြက်သားစွပ်ပြုတ်နှင့် သကြားရည်များ ပေးပို့ခဲ့ခြင်းဖြင့်ပင် လုံလောက်သည်ထက် ပို၍ ကြင်နာမှု ပြသခဲ့ပြီးဖြစ်လေသည်။

ယခု သူ၏ တောဝက်ကြီးနှစ်ကောင်ကိုပါ ယူလိုက်မည်ဆိုလျှင် ရွာသားများအနေဖြင့် သူ၏နေရာတွင် ဝင်တွေးကြည့်ရုံဖြင့် သူတို့၏ နှလုံးသားများ နာကျင်လာရပေမည်။

နျူဟုန်ဟွာမှာလည်း အလွန်ဝန်လေးနေပုံရပြီး လျူအာကျူး၏ အဝတ်အစားများကို ဆွဲကာ ဆက်မပြောရန် တားမြစ်လေသည်။

လျူအာကျူးက သူ၏မိခင်ကို ညင်သာစွာ ခေါင်းခါပြလိုက်ပြီးနောက် လျူဟိုင်ကို ပြုံးပြကာ ပြောလိုက်သည်။

"ဦးလေး... တောင်ပေါ်မှာ ဒီတောဝက်နှစ်ကောင်တည်း ရှိတာမှ မဟုတ်တာ... ဒီနေ့ ကျွန်တော် အမဲလိုက်လို့ ရသလို မနက်ဖြန်လည်း ထပ်လိုက်လို့ ရတာပဲလေ... ရွာသားတွေကို နည်းနည်းပါးပါး ဝေမျှပေးရတာ ဘာများ ခက်ခဲလို့လဲ... ဒါ့အပြင် ကျွန်တော်တို့ ဒီဆောင်းတွင်းကိုသာ ဖြတ်ကျော်မသွားနိုင်ရင် နောက်နှစ် အလုပ်လုပ်ဖို့ ကျွန်တော်တို့ရွာမှာ သန်မာတဲ့ လုပ်သားတွေ ရှိတော့မှာ မဟုတ်ဘူး..."

ဤစကားမှာ လျူဟိုင်၏ နှလုံးသားတည့်တည့်သို့ ထိမှန်သွားစေလေသည်။

အကယ်၍ ရွာတွင် သန်မာသော လုပ်သားများ မရှိတော့ပါက ကောက်နှံအထွက်နှုန်း ကျဆင်းသွားမည်သာမက အခြားရွာမှ လူများ၏ အနိုင်ကျင့်ခြင်းကိုပါ ခံရပေလိမ့်မည်။

ထို့ကြောင့်ပင် ဤခေတ်ကာလရှိ လူများသည် အလွန်ဆင်းရဲသော်လည်း ကလေးများစွာ မွေးဖွားရန် တောင်းဆိုကြပြီး သားယောက်ျားလေး ရရှိရန်အတွက် သေသည်အထိပင် တိုက်ပွဲဝင်ကြခြင်း ဖြစ်လေသည်။

အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ မျိုးဆက်ပြန့်ပွားရန် ဖြစ်သည်။ အရေးအကြီးဆုံး အကြောင်းရင်းမှာ ကျေးလက်ဒေသများတွင် သင့်၌ သားယောက်ျားလေးမရှိလျှင် သို့မဟုတ် သားယောက်ျားလေး အလွန်နည်းပါက အခြားသူများက သင့်ကို အမှန်တကယ်ပင် အနိုင်ကျင့်ရဲကြပြီး သေသည်အထိပင် အနိုင်ကျင့်ကြမည် ဖြစ်သောကြောင့်ပင်။

လျူဟိုင်သည် ပြဿနာတက်နေသော အမူအရာဖြင့် လျူအာကျူးကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒါဆို... တစ်ကောင်လောက် ထုတ်ပြီး ဝေလိုက်ရင်ကော ဘယ်လိုလဲ... စုပေါင်းထမင်းစားဆောင်တွေကို ပို့လိုက်... ရွာသားတွေအတွက် ငါချက်ပေးမယ်..."

"ထားလိုက်ပါတော့..."

လျူအာကျူးက ပြတ်သားစွာ ငြင်းဆန်လိုက်သည်။

"စုပေါင်းထမင်းစားဆောင်တွေ ဘယ်လို လူစုကွဲသွားလဲဆိုတာ ဦးလေး မေ့သွားပြီလား..."

လျူအာကျူးသည် စုပေါင်းထမင်းစားဆောင်များ ရှိနေသေးသည့် အချိန်ကို မှတ်မိနေသည်။ ရွာသားများသည် အငမ်းမရ စားသောက်ကြပြီး တစ်ပန်းကန်ရလျှင် နှစ်ပန်းကန်စားရန် ကြိုးစားကြကာ ပေါက်စီတစ်လုံးကို သုံးကိုက်ဖြင့် အကုန်စားပြီးနောက် အသစ်တစ်လုံးကို ထပ်ယူကြသည်။ မည်သူကမျှ အခြားသူများထက် လျော့၍ မစားလိုကြပေ။

ဤသည်မှာ အနာဂတ်အတွက် ကြိုတင်စားသုံးခြင်း ဖြစ်သွားကာ အစားအစာအများစုမှာ အလဟဿဖြစ်သွားပြီး နောက်ဆုံးတွင် မည်သူမျှ စားစရာ းမရှိတော့ပေ။

လျူဟိုင်က တစ်ခုခု ထပ်ပြောချင်နေသေးသည်။

လျူအာကျူးက ပွင့်လင်းစွာ ပြောလိုက်လေသည်။

"တတိယဦးလေး... ဒုတိယဦးလေး... အစ်ကိုကုံရှန့်... အစ်ကိုတာ့ဖေး... တောဝက်တွေကို သယ်ဖို့ ကျွန်တော့်ကို လာကူပေးကြပါဦး... အဒေါ်တို့ကတော့ ရေနွေးတည်ပြီး လိုအပ်တဲ့ ပစ္စည်းတွေ ပြင်ထားပေးကြပါ... တောဝက်တွေရဲ့ သွေးတွေကို မြန်မြန်ဖောက်ထုတ်ရမယ်... မဟုတ်ရင် အသားတွေ ပုပ်သွားလိမ့်မယ်..."

ရွာသားများသည် နဂိုက ယဉ်ကျေးမှုအရ ဟန်ဆောင်၍ ငြင်းဆန်ရန် ရည်ရွယ်ထားခဲ့သော်လည်း လျူအာကျူးက ညွှန်ကြားချက်များ ပေးလိုက်ပြီးနောက် တစ်ယောက် စတင်လှုပ်ရှားလိုက်သည်နှင့် အခြားသူများလည်း ချက်ချင်းပင် လိုက်ပါလုပ်ဆောင်ကြလေတော့သည်။

ဤသည်မှာ သူတို့တွင် အရှက်မရှိသောကြောင့် မဟုတ်ပေ။ အစားအစာ၏ ရှေ့မှောက်တွင် အရှက်ဆိုသည်မှာ ဘာလုပ်ရန်နည်း။ သူတို့သည် သူတို့၏ ဘယ်ဘက်ပါးပြင်များကို ညာဘက်ပါးပြင်များအဖြစ်သို့ ပြောင်းလဲထားခဲ့သည်မှာ ကြာပြီဖြစ်ရာ တစ်ဝက်မှာ အရှက်မရှိဘဲ နောက်တစ်ဝက်မှာ မျက်နှာပြောင်တိုက်နေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အသားဝေငှချင်သူမှာ ကျူးဇီ ဖြစ်သည်။ သူတို့ကို ရယ်ချင်သူတိုင်း ရယ်ပါစေတော့။ ဗိုက်ဝရန်သာ အရေးအကြီးဆုံး ဖြစ်၏။

လျူအာကျူး၏ ခေါ်သံကို တုံ့ပြန်မှုရာပေါင်းများစွာဖြင့် ပြန်လည်ဖြေကြားနေပြီး ထိုလူများက သူ၏စကားကို နာခံကာ အလုပ်လုပ်နေကြသည်ကို မြင်သောအခါ လျူဟိုင်၏ မျက်လုံးများထဲတွင် အတွေးတစ်ချို့ လက်ကနဲ ဖြစ်သွားသည်။

လုံခြုံရေးတပ်မှူးက သူ့ကို နှုတ်ဆက်ကာ ပြောလိုက်သည်။

"အရမ်းကြီးမတွေးပါနဲ့... ဒီလူတွေက စားစရာအသားရှိလို့ ကျူးဇီစကားကို နားထောင်နေကြတာပါ... ခင်ဗျားက ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်နေတုန်းပဲလေ... ဒီနေ့ပြီးသွားရင် အားလုံးက ခင်ဗျားစကားကိုပဲ ပြန်နားထောင်ကြမှာပါ..."

လျူဟိုင်သည် ဤလူက အထင်လွဲသွားကြောင်း သိလိုက်သဖြင့် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ကျူးဇီက ငါ့ကို ဘေးဖယ်ထုတ်သွားမှာကို ငါမကြောက်ပါဘူး... သူ့အတွက် တရားဝင်ရာထူး တစ်ခုခုလောက် ရှာပေးရမလားလို့ ငါတွေးနေတာ..."

"ဟင်... ဘာဖြစ်လို့လဲ..."

လုံခြုံရေးတပ်မှူးက တုံ့ဆိုင်းသွားသည်။

"ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် သဘောကောင်းနေပြီး လူတိုင်းကို အသားဝေဖို့ တောင်းဆိုနေတယ်လို့ မင်းထင်လဲ..."

လျူဟိုင်က လုံခြုံရေးတပ်မှူးကို တစ်ချက်ကြည့်လိုက်သည်။

"ဒီကောင်စုတ်လေးက ဘယ်လိုနောက်ခံမျိုးကနေ လာတာလဲဆိုတာ မင်းမေ့သွားပြီလား..."

လုံခြုံရေးတပ်မှူးသည် ရုတ်တရက် နားလည်သွားပြီး သူ၏ နဖူးကို ရိုက်လိုက်လေသည်။

"လျူဖူရှန့်က ဒ္နှစ်တွေထဲမှာ အရမ်းကို ရိုးသားပြီး ရိုးရှင်းလွန်းနေခဲ့တာ... ပြီးတော့ လျူအာကျူးကလည်း အရမ်းကို အသိဉာဏ်ရှိလွန်းနေတော့ သူတို့မိသားစုက အရင်တုန်းက မြေရှင်ကြီးတွေ ဖြစ်ခဲ့တယ်ဆိုတာကို ငါမေ့သွားခဲ့တယ်... အမှန်တိုင်းပြောရရင် ပတ်ဝန်းကျင်က ရွာဆယ်ရွာနဲ့ ကျေးလက်ရှစ်ခုက လူကြီးပိုင်းတွေ အားလုံးနီးပါးက သူတို့ရဲ့ အငှားလယ်သမားတွေချည်းပဲ..."

"ဟုတ်တယ်... မြေရှင်ကြီးကိစ္စက အတိတ်မှာ ကျန်ခဲ့ပြီဆိုပေမယ့် နောက်ပိုင်းမှာ စာရင်းရှင်းတာတွေ ရှိမလာဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ..."

လျူဟိုင်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု တစ်ချို့ ပေါ်လာလေသည်။

"ငါ ဒီကောင်လေးအတွက် တရားဝင်ရာထူး တစ်ခုခုလောက် ရှာပေးဖို့ စဉ်းစားနေတာ... ဒါမှနောင်တစ်ချိန် လျူဖူရှန့်အတွက် တစ်ခုခု ထပ်ဖြစ်လာခဲ့ရင်တောင် သူကိုယ်သူ ကာကွယ်နိုင်မှာလေ..."

လျူဟိုင်သည် လျူအာကျူး၏ မိသားစုတစ်စုလုံးကို ကာကွယ်နိုင်လိမ့်မည်ဟု တွေးတောရလောက်အောင် ရည်မှန်းချက် မကြီးမားခဲ့ပေ။

သူလုပ်နိုင်သမျှမှာ အကယ်၍ တစ်ခုခု အမှန်တကယ် ဖြစ်လာခဲ့လျှင် လျူအာကျူးကို ကြိုးစားကာကွယ်ပေးပြီး လျူဖူရှန့်၏ မိသားစုအတွက် မျိုးဆက်တစ်ခု ချန်ထားပေးရန်သာ ဖြစ်သည်။

လုံခြုံရေးတပ်မှူးက ခဏမျှ စဉ်းစားပြီးနောက် တိတ်ဆိတ်စွာ ပြောလိုက်သည်။

"သူ့ကို ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ရာထူးလောက် ပေးလိုက်ရင်ကော ဘယ်လိုလဲ..."

"မဖြစ်ဘူး... အဲဒါက သူ့ကို ဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်... သာမန်ပြည်သူတွေက ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြောကြလဲဆိုတာ မင်းမကြားဖူးဘူးလား... သူတို့က လယ်ကွင်းတွေနဲ့ မြေယာတွေကို ထိန်းချုပ်ထားတဲ့ မြေရှင်ပေါက်စတွေနဲ့ တူပြီး သာမန်လူတွေကို အသက်ရှူရခက်အောင် လုပ်နေကြတယ်လို့ ပြောကြတယ်လေ..."

"လျူအာကျူးကိုယ်တိုင်က မြေရှင်ကြီးနောက်ခံကနေ လာတာ... နောက်ပိုင်းမှာ အလုပ်ရမှတ်တွေ ဒါမှမဟုတ် တာဝန်တွေ ခွဲဝေတဲ့နေရာမှာ မညီမျှတာတွေရှိလာရင် ပြဿနာကြီးတွေကို ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ်..."

"မင်းရဲ့ လုံခြုံရေးအဖွဲ့ထဲမှာကော သူ့အတွက် နေရာတစ်နေရာလောက် မရှိဘူးလား... သူရဲကောင်းလေးတစ်ယောက်ကို လက်အောက်ငယ်သားအဖြစ် ထားရတာဆိုတော့ ပြောရတာ သိပ်ဟန်မကျဘူးလား..."

လျူဟိုင်သည် လုံခြုံရေးအဖွဲ့ထဲမှ ရာထူးတစ်ခုကို မျက်စိကျနေခဲ့သည်မှာ အတန်ကြာပြီ ဖြစ်ပြီး စတင်မေးမြန်းရန် အစပျိုးလိုက်ခြင်း ဖြစ်သည်။

လုံခြုံရေးတပ်မှူးက သေချာပေါက် ဆန္ဒရှိသော်လည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

"လောလောဆယ်တော့ အလုပ်ခေါ်တာတွေ တကယ်မရှိသေးဘူး... အဲ့ကိစ္စကို ခဏလောက် ဘေးဖယ်ထားပြီး နောက်ပိုင်း သူ့အတွက် ကောင်းတဲ့အလုပ်များ ရှိမလားဆိုတာ စောင့်ကြည့်ရင်ကော ဘယ်လိုလဲ..."

"ဒါဆိုလည်း ကောင်းပါပြီလေ... ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး..."

လျူဟိုင်သည် ဤကိစ္စကို သူ့ရင်ထဲတွင် ယာယီဖယ်ထားလိုက်ရလေသည်။

ထိုအချိန်တွင် လျူအာကျူးသည် ရွာသားဆယ်ကျော်ခန့်ကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်သွားခဲ့လေပြီ။ သူသည် တမင်သက်သက်ပင် လက်နှိပ်ဓာတ်မီးကို အသုံးမပြုခဲ့ပေ။ နေဝင်သွားပြီးနောက် တောင်ပေါ်တွင် လမ်းကိုပင် သေချာမမြင်ရလောက်အောင် မှောင်မိုက်နေချိန်၌ သူသည် ရွာသားများ သတိမထားမိသည့် အချိန်ကို အခွင့်ကောင်းယူကာ မြက်ခင်းပြင် တစ်နေရာကို ရှာပြီး သူ၏ နေရာလွတ်ထဲမှ တောဝက်များကို ဆွဲထုတ်လိုက်သည်။

"ဒီဘက်မှာ... မြန်မြန်လာကြ..."

လျူအာကျူးက လှမ်းခေါ်လိုက်သည်။

ရွာသားများ ဝိုင်းအုံလာကြပြီး တောဝက်ကြီးနှစ်ကောင်ကို အမှန်တကယ် မြင်လိုက်ရသောအခါ အလွန်ပျော်ရွှင်သွားကြလေသည်။

ထိုလူများသည် တောဝက်များကို ကျွမ်းကျင်စွာ ကြိုးတုပ်လိုက်ကြပြီး သူတို့ ယူဆောင်လာသော ဝါးလုံးများနှင့် ချည်နှောင်ကာ တောင်အောက်သို့ မြန်မြန်ဆန်ဆန် ထမ်းချသွားကြလေသည်။

ထိုအခါမှသာ လျူအာကျူးသည် သူ၏ လက်နှိပ်ဓာတ်မီးကို ထုတ်ယူကာ လူတိုင်းအတွက် လမ်းမီးထိုးပေးလိုက်သည်။

သူတို့ တောင်အောက်သို့ ရောက်သောအခါ ရေနွေးများလည်း ဆူပွက်နေပြီဖြစ်ပြီး ဝက်ပေါ်ရန်အတွက် လိုအပ်သော ကိရိယာများလည်း အဆင်သင့် ဖြစ်နေလေပြီ။

တောဝက်များ နွေးနေစဉ်မှာပင် သူတို့က သွေးများကို အမြန်ဖောက်ထုတ်လိုက်ကြသည်။ ထို့နောက် လူများသည် အမွေးများကို ကျွမ်းကျင်စွာ ဖယ်ရှားပြီး ကလီစာများကို ထုတ်ယူလိုက်ကြသည်။

ပတ်ဝန်းကျင်ရှိ ရွာသားများသည် တောဝက်နှစ်ကောင်၏ ဘေးတွင် ဝိုင်းအုံနေကြပြီး မည်သည့် အစိတ်အပိုင်းများကို လိုချင်ကြောင်း စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြလေတော့သည်။

All Chapters