← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

Ch-52

အမဲလိုက်တဲသည် တောင်ခါးပန်းရှိ မြေပြန့်နေရာလေးတစ်ခုတွင် တည်ရှိပြီး လင်းယွဲ့က အမဲလိုက်တဲကို လက်ညှိုးထိုးပြလိုက်၏။

"ဒီအခန်းကို မီးဖိုချောင်အဖြစ် သုံးလို့ရတယ်၊ အထဲမှာ မီးဖိုနဲ့ မီးခိုးခေါင်းတိုင်ပါ ဆောက်ရမယ်"

ချက်ပြုတ်ရန်အတွက် မီးမွှေးခဲ့ရသောကြောင့် အတွင်းပိုင်းရှိ နံရံများမှာ မည်းညစ်ကာ အကျည်းတန်နေလေပြီ။ ထို့ပြင် အုတ်မြစ်သေချာမချဘဲ ဖြစ်သလို ဆောက်လုပ်ထားသောကြောင့် မခိုင်ခံ့လှပေ။ ၎င်းကို မီးဖိုချောင်အဖြစ် ပြောင်းလဲလိုက်ခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်ကာ တောင်နောက်ဘက် နံရံနှင့်လည်း ကပ်လျက်ရှိနေသဖြင့် နေရာချထားမှုမှာ ပိုအဆင်ပြေလှသည်။ အရှေ့ဘက်တွင် ဧည့်ခန်းပါဝင်သော တစ်ထပ်အိမ်သုံးခန်း တွဲလျက် ဆောက်လုပ်မည်ဖြစ်သည်။

ကုတန်နှင့် တာ့ယာတို့မှာ အရွယ်ရောက်လာပြီဖြစ်သဖြင့် သီးသန့်အိပ်ခန်းများ လိုအပ်လာပြီဖြစ်၏။ မိသားစုကို သက်တောင့်သက်သာထားလိုသော သူမရည်မှန်းချက်က အိမ်သစ်ဒီဇိုင်းတွင် ထင်ဟပ်နေသည်။ သူမကိုယ်တိုင်လည်း သီးသန့်နေရာလေးတစ်ခုလိုချင်မိသည်။ ဤတစ်ကြိမ်တွင် တစ်ခါတည်း အပြီးအစီးဆောက်လုပ်လိုက်ခြင်းက ပိုမိုကောင်းမွန်ပေမည်။ ကုအာ့ကွေ့က အကြံပြုလိုက်သည်။

"အိမ်သာကိုတော့ အိမ်မကြီးနဲ့ ခွဲပြီး လေအောက်ဘက်ဖြစ်တဲ့ အနောက်ဘက်မှာ ဝက်ခြံနဲ့ တွဲဆောက်တာ အကောင်းဆုံးပဲ၊ အုတ်မြစ်ကို သိပ်အနက်ကြီးတူးစရာမလိုပါဘူး၊ အိမ်နဲ့ သိပ်နီးလွန်းရင် အနံ့အသက်မကောင်းဘူးလေ"

လင်းယွဲ့ ခေါင်းညိတ်လိုက်သည်။ သူမ ဝက်မွေးရန်တော့ အစီအစဉ်မရှိပေ။ သို့သော် ဝက်ခြံနေရာတွင် ကြက်များ မွေးမြူနိုင်သည် သို့မဟုတ် တာ့ယာ၏ ကျားပေါက်လေးကိုထားရှိရန်ပင် အသုံးပြုနိုင်ရာ အသုံးတည့်သော နေရာလွတ်တစ်ခုဖြစ်သည်။ ကုအာ့ကွေ့သည် အစီအစဉ်များချမှတ်ပြီးနောက် ရွာသူရွာသားများကို ဦးဆောင်ကာ အလုပ်စတင်လေ၏။ လင်းယွဲ့သည် ဝက်သားနီချက် ချက်ရန်သွားလေသည်။

မနက်ခင်းတွင် ဒေါ်လေးကုအတွက် လျံဖန်းများကို သူမပြုလုပ်ပေးပြီးဖြစ်သည်။ နောက်ထပ်တစ်ပုံကို ယနေ့ လက်ဖက်ရည်ဆိုင်တွင် ကူညီလုပ်ကိုင်ပေးရန် ဝမ်အာ့မေအတွက် ချန်ထားခဲ့၏။ ယနေ့သည် ပထမဆုံးရက်ဖြစ်သဖြင့် သူမကိုယ်တိုင်ကြီးကြပ်ရန် လိုအပ်သည်။ မနက်ဖြန်တွင် ဟင်းချက်ပြီးသည်နှင့် လက်ဖက်ရည်ဆိုင်သို့ သွားရောက်ကူညီနိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ငွေရှာခြင်းက ထိပ်တန်းဦးစားပေးပင်ဖြစ်သည်။ အလုပ်သမားများအားလုံး တက်ကြွစွာ အလုပ်လုပ်နေကြသည်။ ကုနျိုသည် သူ့ဗိုက်ကို ပွတ်သပ်ရင်း ပျော်ရွှင်စွာပြုံးလိုက်သည်။

"ဒီလောက်အများကြီး မစားရတာ တော်တော်ကြာပြီ၊ ထမင်းဖြူက တကယ်ကို ဗိုက်ပြည့်တာပဲ"

ကုမာသည်လည်း ညည်းညူခြင်းကို ရပ်တန့်သွားပြီး သူသည် ချိုမြိန်မွှေးကြိုင်လှသော အသား၏အရသာကို ခံစားနေရဆဲဖြစ်သကဲ့သို့ နှုတ်ခမ်းကို သပ်လိုက်၏။

"နေ့လယ်စာအတွက် အသားဘယ်လောက်တောင်ပါမလဲ မသိဘူးနော်"

ဝမ်တာ့ကျန်း ရယ်မောလိုက်သည်။

"ညီမလေးယွဲ့က သဘောကောင်းပါတယ်၊ ငါတို့အတွက် အသားအလုံအလောက်ကျွေးမှာ သေချာတယ်၊ အားလုံးပဲ ကြိုးစားပမ်းစားအလုပ်လုပ်ကြစို့၊ သူမက ငါတို့ကိုသေချာပေါက် မျက်နှာငယ်အောင် လုပ်မှာမဟုတ်ဘူး"

ဝမ်တာ့ကျန်းသည် သူ့ရင်တွင်း၌လည်း ဝမ်းသာနေမိသည်။ လင်းယွဲ့သည် ဟင်းချက်ရန်အတွက် သူ့မီးဖိုချောင်ကို ငှားရမ်းခဲ့ပြီး ဤရက်ပိုင်းအတွင်း သူ့မိသားစုမှာ ဟင်းသီးဟင်းရွက် အနည်းငယ်သာ ထောက်ပံ့ပေးရသဖြင့် အသားနှင့် ဆန်အတွက် ကုန်ကျစရိတ်များစွာကို သက်သာစေခဲ့သည်။ ဟင်းသီးဟင်းရွက်များက သိပ်တန်ဖိုးမရှိလှပေ။ ဟင်းခင်းထဲတွင် ပဲတောင့်များနှင့် ခရမ်းသီးများ အလျှံပယ်ရှိနေ၏။ ထို့ပြင် သူ့ဇနီးသည်မှာ ကိုယ်ဝန်ဆောင်ထားရသဖြင့် ခန္ဓာကိုယ်အားဖြည့်ရန်အတွက် အရသာရှိသော အစားအသောက်များကို စားသုံးနိုင်မည်ဖြစ်သည်။ ဝမ်တာ့ဟဲက ဝမ်တာ့ကျန်းပခုံးကို တွန်းလိုက်သည်။

"ညီအစ်ကိုကောင်းပဲ၊ အမြဲတမ်း မင်းပဲနော်၊ မင်းက ငါတို့အတွက် ကောင်းတဲ့ကိစ္စတွေကို အမြဲတွေးပေးတယ်"

"ဒါပေါ့၊ ငါက ငါ့ရဲ့အစ်ကိုတွေ တူတွေကို ဒုက္ခပေးစရာလား"

ဝမ်ကျစ်က ဝမ်းသာအားရပြောလိုက်သည်။

"လီမိသားစုနဲ့ ကျောက်မိသားစုတော့ ဒေါသထွက်ပြီး ရူးနေလောက်ပြီ၊ သူတို့က ငါတို့ကို အရူးတွေလို့ခေါ်ကြတာ၊ ဒါပေမဲ့ သူတို့ကသာ တကယ့်အရူးတွေလို့ ငါထင်တယ်"

သူက ဝမ်တာ့ကျန်းအား ဖားယားလိုက်သည်။

"ငါတို့ဦးလေး ဘယ်လိုလူမျိုးလဲဆိုတာ သူတို့ မသိကြဘူးလား၊ သဘောထားကြီးတဲ့သူလေ၊ သူနဲ့နီးစပ်တဲ့လူတွေကို ဘယ်လိုလုပ် အနစ်နာခံခိုင်းမှာလဲ"

"သဘောထားကြီးတာက ညီမလေးယွဲ့ပါ"

ဝမ်တာ့ကျန်းက ပေါက်တူးကို မြေကြီးထဲသို့ ခပ်ပြင်းပြင်းပေါက်ချလိုက်ပြီး မြေများကို အားပါးတရပစ်ထုတ်လိုက်သည်။

"ဒါကြောင့်မို့ ငါတို့ကြိုးကြိုးစားစား လုပ်ရမယ်၊ သူ့ကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူး"

"ဒါပေါ့၊ ငါတို့ သူ့အတွက် သေချာခိုင်ခံ့အောင်ဆောက်ပေးမယ်"

"အနံ့ရလား၊ အသားဟင်းအနံ့ သင်းသင်းလေးကို ငါရနေတယ်လို့ထင်တယ်"

ဝမ်ကျစ်မျက်ဝန်းများ အရောင်လက်သွားပြီး အနံ့ကိုအားပါးတရ ရှူရှိုက်လိုက်၏။ ကုအာ့ကွေ့က အခွင့်အရေးကိုအရယူကာ သူတို့ကို အားပေးလိုက်သည်။

"မွန်းတည့်မတိုင်ခင် ဒီအပိုင်းကိုအပြီးတူးကြမယ်၊ ပြီးတာနဲ့ ဝက်သားနီချက် စားကြမယ်ဟေ့"

လင်းယွဲ့သည် သံဒယ်အိုးကြီးထဲသို့ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ဆန်အရက်နှင့် အခြားပါဝင်ပစ္စည်းများကို လောင်းထည့်လိုက်ပြီးနောက် ရေနွေးတစ်ဇလုံကြီးကိုပါထည့်လိုက်သည်။

*ပွက် ပွက်*

အသံများနှင့်အတူ ရေများလျင်မြန်စွာ ဆူပွက်လာပြီး အသားမှ ရေနွေးငွေ့များ တလူလူလွင့်တက်လာလေသည်။ လင်းယွဲ့က မီးထိုးပေးနေသော လီရှောင်လျန်အား မှာကြားလိုက်၏။

"မီးအေးအေးလေးဆို ရပြီ၊ ဖြည်းဖြည်းချင်း နှပ်ထားလိုက်"

လီရှောင်လျန်သည် မီးညှပ်ကို အသုံးပြု၍ လောင်ကျွမ်းနေသော ထင်းချောင်းနှစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

"ညီမလေး၊ နင့်ရဲ့အချက်အပြုတ်စွမ်းရည်က တကယ်ကို အံ့ဩစရာကောင်းတာပဲ၊ ဒီမနက်က ဝက်သားပြားကြော်ကလဲ အရသာသိပ်ရှိတာပဲ၊ အဲဒီလို ချက်နည်းမျိုးကို ငါတစ်ခါမှ မကြားဖူးဘူး၊ ပြီးတော့ ဒီဝက်သားနီချက်ကရော ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ"

လီရှောင်လျန်သည် လောကအတွေ့အကြုံများပြားသူဖြစ်ပြီး မိမိကိုယ်ကို တောသူတောင်သားများထက် ပိုမိုသိမ်မွေ့ပြီး အရည်အချင်းရှိသည်ဟု မှတ်ယူထားသူဖြစ်၏။ သို့သော် သူမသည် လင်းယွဲ့၏ကျွမ်းကျင်မှုကို အလွန်အထင်ကြီးသွားမိသည်။ မနက်ခင်းမှ ကြွပ်ရွသောဝက်သားပြားကြော်ဖြစ်စေ၊ ဝက်သားနီချက် ချက်ရာတွင် အသားကို ရေနွေးဖျောခြင်းနှင့် ရေနွေးထည့်ခြင်းစသည့် အသေးစိတ်အချက်အလက်များဖြစ်စေ၊ ဤအရာများအားလုံးက လီရှောင်လျန်အား လင်းယွဲ့ကို အမြင်သစ်ဖြင့်ကြည့်ရှုလာစေသည်။ လင်းယွဲ့က ဝက်သားနီချက် ဘယ်လိုချက်ရမည်နှင့် မည်သည့် အသေးစိတ်အချက်များကို ဂရုစိုက်ရမည်ကို သေချာရှင်းပြလိုက်၏။ လီရှောင်လျန်က ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံသည်။

"နင် လျံဖန်းလုပ်နိုင်တာ အံ့ဩစရာတော့ မဟုတ်ဘူး၊ အစားအသောက်နဲ့ ပတ်သက်တဲ့ နင့်ရဲ့လေ့လာမှုတွေအရဆိုရင် နင်စားသောက်ဆိုင်တစ်ဆိုင်တောင် ဖွင့်လို့ရတယ်လို့ ငါထင်တယ်"

“စားသောက်ဆိုင်တဲ့လား”

မူလခန္ဓာကိုယ်ပိုင်ရှင်မှာ မြို့တော်ရှိထျန်းရှန်းစားသောက်ဆိုင်၏တစ်ဦးတည်းသောသမီးဖြစ်ပြီး စားသောက်ဆိုင်ကို အမွေဆက်ခံရမည်ဖြစ်သော်လည်း ဦးလေးဖြစ်သူ၏လုပ်ကြံမှုကြောင့် ဝေးလံခေါင်ဖျားသောရွာလေးသို့ နယ်နှင်ဒဏ်ပေးခံခဲ့ရသည်ကို လင်းယွဲ့ ပြန်လည်သတိရသွားသည်။ အနာဂတ်တွင် ထျန်းရှန်းစားသောက်ဆိုင်ကို မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် သေချာပေါက် ပြန်လည်ရယူပေးမည်ဟု သူမဆုံးဖြတ်လိုက်၏။ တရားမျှတမှုကို ရှာဖွေလိုသော သူမရည်မှန်းချက်က ရင်တွင်း၌ ကိန်းအောင်းနေသည်။

သို့သော် လတ်တလောတွင် ဆောက်လုပ်နေသောအိမ်လေးကို သူမ ကြည့်လိုက်၏။ အရာအားလုံးက အောင်မြင်ဖြစ်ထွန်းနေ၏။ သူမ အရင်ဆုံး အင်အားစုဆောင်းကာ လက်ဖက်ရည်ဆိုင်လေးကို သေချာလုပ်ကိုင်သွားမည်ဖြစ်သည်။ အလုပ်သမားများသည် စိတ်အားထက်သန်မှုအပြည့်ဖြင့် အလုပ်လုပ်နေကြရာ မွန်းတည့်ချိန်သို့ရောက်သောအခါ သူတို့တူးထားသော အုတ်မြစ်မှာ မူလစီစဉ်ထားသည်ထက် များစွာ ပိုပြီးစီးနေလေပြီ။ ကုအာ့ကွေ့က လည်ပင်းမှ ချွေးများကို ချွေးသုတ်ပဝါဖြင့် သုတ်လိုက်သည်။

"အရင်ဆုံး စားကြရအောင်၊ ပြီးမှ ဆက်လုပ်ကြမယ်"

"ကောင်းပါပြီ”

ဝမ်ကျစ်က ပေါက်တူးကိုပစ်ချလိုက်ပြီး ခေါင်းပေါ်မှ ချွေးများကို ပဝါဖြင့် အားပါးတရသုတ်လိုက်သည်။ သူ ပဝါကို ညှစ်လိုက်ရာ ရေများ တောက်လျှောက် ကျဆင်းလာလေသည်။

"ဒီနေ့ တကယ်ကိုပူတာပဲ”

ဝမ်တာ့ဟိုင်က တူးထားသောမြေကြီးများကို အခြားတစ်နေရာသို့သယ်သွားရင်း ညည်းညူလိုက်သည်။

"ငါ သိပ်ပင်ပန်းနေလို့ အစားအသောက်တောင်မစားချင်တော့ဘူး"

"အဖေ၊ ဒါဆိုလည်း နည်းနည်းပဲစားပေါ့”

ဝမ်ချမ်က ဝါးကျည်တောက်ကိုယူကာ ရေကို အငမ်းမရ မော့သောက်လိုက်သည်။

"ကျွန်တော်ကတော့ စားနိုင်တယ်၊ အသားများများ စားရမယ်"

"စား စား စား၊ မင်းက ငတ်သေသွားတဲ့ တစ္ဆေဝင်စားတာလား"

အမျိုးသားကိုးဦးသည် ဝမ်တာ့ကျန်း၏ အိမ်သို့လျှောက်သွားကြပြီး လင်းယွဲ့က လက်ဖက်ရည်များကို အမြန်ငှဲ့ပေးလိုက်သည်။

"မြန်မြန်၊ ရေအရင်သောက်ကြပါဦး"

လင်းယွဲ့သည် လက်ဖက်ရည်ထဲသို့ ရေခဲတုံးများကို တမင်တကာ အများအပြား ထည့်ပေးထားသည်။ အသက်အကြီးဆုံးဖြစ်သော ဝမ်တာ့ဟိုင်က အရင်ဆုံး တစ်ငုံသောက်လိုက်ရာ လန်းဆန်းအေးမြသွားလေ၏။

*ဂလု ဂလု*

အသံများနှင့်အတူ သူအကုန်မော့သောက်လိုက်ပြီး နဖူးမှ ချွေးများကို ခါထုတ်ကာ အော်လိုက်သည်။

"လန်းဆန်းသွားတာပဲ"

ဝမ်တာ့ကျန်းက လက်မထောင်ပြလိုက်သည်။

"တကယ်ကို ကျေနပ်စရာပဲ"

သူတို့ ထိုင်ပြီးနောက် လင်းယွဲ့က သူတို့ရှေ့တွင် ပန်းကန်လုံးများကိုအမြန်ချပေးလိုက်သည်။ ၎င်းတို့ကို ပင်လယ်ပန်းကန်လုံးများဟု ခေါ်ဆိုကြပြီး ပန်းကန်လုံးတစ်လုံးစီမှာ မျက်နှာတစ်ပြင်ထက်ပင် ကြီးမားလှ၏။ ရှေးခေတ်ကာလများတွင် ဆီများများစားစားမရှိသဖြင့် ထမင်းမည်မျှစားစား ဗိုက်ဆာလွယ်သောကြောင့် လူများသည် အများအပြားစားသုံးလေ့ရှိကြပြီး များသောအားဖြင့် ထိုပင်လယ်ပန်းကန်လုံးများကို အသုံးပြုလေ့ရှိကြသည်။

သို့သော် လင်းယွဲ့ချပေးသော ပန်းကန်လုံးများထဲတွင် ထမင်းဖြူများကို ပြည့်သိပ်နေအောင်ထည့်ထားသည်။ ထမင်းဖြူပေါ်တွင် ကြီးမားထူထဲလှသော ဝက်သားနီချက်ခုနစ်တုံး ရှစ်တုံးခန့်ကို ပန်းကန်ထဲမှလျှံကျမတတ် အစီအရီတင်ထား၏။ ဝက်သုံးထပ်သားဘေးတွင် ခရမ်းသီးနှင့် ပဲတောင့်ရှည်ဟင်း၊ အချဉ်ဖတ်နှင့် အသားစဉ်းကောဟင်း၊ ကြက်ဥကြော် တစ်လုံးနှင့် အမဲသားဆော့စ်အစပ်တစ်ဇွန်းတို့ ပါဝင်သည်။

သူတို့ပန်းကန်လုံးများထဲရှိ အစားအသောက်များကို မြင်သောအခါ လူတိုင်းမျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့စကားပြောခြင်းကို ရပ်တန့်လိုက်ကြပြီး ပင်ပန်းနွမ်းနယ်မှုများလည်း ပျောက်ကွယ်သွားကာ တံတွေးများကိုသာ အဆက်မပြတ် မျိုချနေကြလေတော့သည်။ လင်းယွဲ့က တက်ကြွစွာ တိုက်တွန်းလိုက်၏။

"လိုရင် ဟင်းထပ်ထည့်နော်၊ ဝက်သားနီချက် ရှိသေးတယ်"

အားလုံးမှာ စကားပြောရန်ပင်အချိန်မရတော့ဘဲ ခေါင်းညိတ်ပြကာ အငမ်းမရ ခေါင်းငုံ့စားသောက်နေကြလေတော့သည်။ ဝမ်ကျစ်သည် ထမင်းဖြူကို ရယူရန်အတွက် ဟင်းလျာများကြားထဲတွင် အချိန်အတော်ကြာအောင် တူးဆွနေရသည်ကို တွေ့လိုက်ရ၏။ ဤသည်မှာ ဟင်းလျာများကို အလွန်အမင်း ရက်ရက်ရောရောထည့်ပေးထားကြောင်း ဖော်ပြနေသည်။ ထို့ပြင် ထမင်းဖြူပေါ်တွင် ဝက်သားနီချက် ဟင်းရည်တစ်ဇွန်းကို ဆမ်းထားရာ အညိုရောင်ဟင်းရည်မှာ ထမင်းများကို ဖုံးလွှမ်းသွားပြီး ဆီအနည်းငယ် ပြောင်လက်နေကာ အလွန်တရာ စားချင်စဖွယ် ဖြစ်နေလေသည်။

“လန်းဆန်းလိုက်တာ”

သူ ဤမျှလောက်ကျေနပ်အားရစွာ တစ်ခါမျှမစားခဲ့ဖူးပေ။ ဝမ်ကျစ်သည် ဝက်သားနီချက်ကို ကိုက်စားလိုက်ရာ အသားများမှာ အိစက်နေပြီး အတွင်းရှိ အဆီများမှာ နူးညံ့ကာ ချိုမြိန်နေလေသည်။ သူ့ဗိုက်လေးမှာ ဤမျှလောက် သက်တောင့်သက်သာမဖြစ်ခဲ့ဖူးချေ။ သာမန်အချိန်များတွင် အလုပ်ခိုတတ်သောသူပင်လျှင် နောက်ပိုင်းအလုပ်များတွင် အစွမ်းကုန်ကြိုးစားလုပ်ကိုင်လေတော့သည်။ ပုံပြင်ပြောသူများထံမှ သူမကြာခဏ ကြားဖူးသော 'တစ်သက်တာလုံး လှည့်လည်သွားလာခဲ့ရပေမဲ့ မှန်ကန်တဲ့သခင်နဲ့ မတွေ့ခဲ့ရတာကိုပဲ နောင်တရတယ်၊ တစ်ကယ်လို့ သင်ကသာ ကျွန်တော့်ကို မရွံရှာဘူးဆိုရင် သင့်ကိုမွေးစားဖခင်အဖြစ် အသိအမှတ်ပြုချင်ပါတယ်' ဟူသည့် စာပိုဒ်၏ခံစားချက်ကို သူ နောက်ဆုံးတွင် နားလည်သွားလေပြီပင်။

ထို့နောက် သူသည်လင်းယွဲ့ကိုကြည့်လိုက်ရာ သူမသည် သူ့ထက်ပင် ငယ်ရွယ်နေသေးကြောင်း ခံစားလိုက်ရသည်။

ထားလိုက်ပါတော့။

ထိုအတွေးကို ဖျောက်ဖျက်လိုက်ပြီး ကြိုးစားပမ်းစားအလုပ်လုပ်ရန်သာ သူ ဆုံးဖြတ်လိုက်၏။ ထိုနေ့ ညနေပိုင်းတွင် ဝမ်ကျစ်အိမ်ပြန်ရောက်သောအခါ အနားပင်မရသေးမီ သူ့ငယ်သူငယ်ချင်းက သူ့ကိုလာရောက်ရှာဖွေလေသည်။ သူ အပြင်သို့ထွက်သွားသောအခါ သူ့ငယ်သူငယ်ချင်းနောက်တွင် လူအုပ်ကြီး တစ်အုပ်လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။ သူမျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"မင်းတို့ ဘာလုပ်ကြမလို့လဲ၊ လူအုပ်ကြီးနဲ့ သူခိုးလာလုပ်မလို့လား"

သူ့ငယ်သူငယ်ချင်းဖြစ်သူ လီကုန်းဇီသည်လည်း ယနေ့ လောင်းကစားပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်။ သူ့မျက်ဝန်းများတွင် မျှော်လင့်ချက်များ အပြည့်အဝဖြင့် အလောတကြီးမေးမြန်းလိုက်၏။

"ဒီနေ့ အစားအသောက် ဘယ်လိုနေလဲ၊ အသား ဘယ်လောက်ပါလဲ"

All Chapters