← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

Ch-53

"အသား ဘယ်လောက်ပါလဲ"

ပါးနပ်သောဝမ်ကျစ်သည် သူတို့၏အခြေအနေတစ်ခုခု ထူးခြားနေသည်ကို ချက်ချင်းသတိပြုမိသွားသည်။

"ဘာဖြစ်လို့လဲ၊ မင်းတို့လောင်းကြေးထပ်ထားကြတာလား"

"ငါတို့ကို အမှန်အတိုင်းသာပြောစမ်းပါ၊ ဘယ်လောက်လဲ"

လီကုန်းဇီက တိုက်တွန်းလိုက်သည်။ လီကုန်းဇီက အကူအညီမပေးခဲ့သည့်အပြင် သူ့မိသားစုကို အရူးများဟုပင် လှောင်ပြောင်ခဲ့သည်ကို ပြန်လည်သတိရသွားသောအခါ ဝမ်ကျစ်သည် ဒေါသအနည်းငယ်ထွက်သွား၏။ သူသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ့စိတ်ထဲတွင် အကြံကောင်းတစ်ခု ပေါ်လာသည်။

"မင်းတို့ လောင်းကြေးထပ်တယ်ဆိုရင် ငါလည်း အကျိုးအမြတ်ထဲက အလွတ်ခံလို့မရဘူးလေ"

ငွေရှာလိုသော သူ့ရည်မှန်းချက်က ချက်ချင်းအလုပ်လုပ်သွားသည်။ သူသည် လက်ကိုဖြန့်ကာ အလေးချိန်ချိန်ကြည့်ဟန်ဖြင့် တောင်းဆိုလိုက်သည်။

"ပေးလေ"

"မင်းလိုကောင်ကတော့"

လီကုန်းဇီက သွားများကိုတကျိကျိကြိတ်ရင်း သူ့အနောက်ရှိ လူများအား ပြောလိုက်သည်။

"ဘယ်သူ့ဆီမှာ ပိုက်ဆံပါသေးလဲ၊ ဒီမြေးလေးကို နည်းနည်းလောက် ပေးလိုက်စမ်းပါ"

လီကုန်းဇီသည် အိတ်ကပ်များကို စမ်းသပ်ရှာဖွေပြီးနောက် နောက်ဆုံးတွင် ကြေးပြားသုံးပြားကို စုဆောင်းရရှိကာ ဝမ်ကျစ်လက်ထဲသို့ထည့်ပေးလိုက်သည်။

"ကဲ အခု ငါတို့ကိုပြောလို့ရပြီလား၊ ဒီနေ့ မင်းတို့အသား ဘယ်လောက်စားခဲ့ရလဲ"

ဝမ်ကျစ်သည် ကြေးပြားများကို လေထဲသို့မြှောက်ကာ ပြန်ဖမ်းလိုက်ပြီးနောက် ရင်ဘတ်ထဲသို့ သပ်သပ်ရပ်ရပ်ထည့်သိမ်းကာ ငွေများကိုလက်ခံလိုက်သည်။

"အသား ဘယ်လောက်လဲဟုတ်လား"

ဝမ်ကျစ်က မျက်မှောင်ကြုတ်ကာ စဉ်းစားဟန်ပြုလိုက်သည်။

"အနည်းဆုံးတော့ ဆယ်ကျင်းကျော်လောက်ရှိမယ်၊ အတိအကျကိုတော့ ငါလည်း မသေချာဘူး"

"ဆယ်ကျင်းကျော်တဲ့လား"

လီကုန်းဇီ၏အသံမှာ အက်ကွဲလုမတတ် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မနက်ပိုင်းက မျက်နှာထက်ကြီးတဲ့ ဝက်သားပြားကြော်တစ်တုံးကို စားခဲ့ရတယ်၊ ပြီးတော့ နေ့လယ်ကျတော့ လူတိုင်း ဝက်သားနီချက်ခုနစ်တုံး ရှစ်တုံးလောက် ရတယ်၊ လိုချင်ရင်လည်း ထပ်ထည့်လို့ရသေးတယ်"

ဝမ်ကျစ်က အပြုံးလေးဖြင့် ခနဲ့လိုက်သည်။

"ဘယ်လိုလဲ၊ အခု မသွားခဲ့ရတာကို နောင်တရနေပြီ မဟုတ်လား"

"မင်းလိုကောင်က ငါ့ကိုလိမ်နေတာပဲ၊ ငါ အလုပ်သွားလုပ်အောင် မင်း လှည့်စားနေတာ မဟုတ်လား"

လီကုန်းဇီက လုံးဝမယုံကြည်နိုင်ပေ။

"ရွာထိပ်က စွန်းမိသားစု မနှစ်က အိမ်ဆောက်တုန်းကတောင် ဒီလောက် အများကြီး မကျွေးခဲ့ဘူးနော်"

ရွာထိပ်မှ စွန်းမိသားစုမှာ မာယန်ရွာတွင် အတော်အသင့်ချမ်းသာသော မိသားစု ဖြစ်သည်။ သူတို့မှာ မြေရှင်ကြီးများ မဟုတ်သော်ငြားလည်း ရွာထဲတွင် အတော်အသင့်ပြည့်စုံပြီး အပိုငွေ အမြောက်အမြားရှိကြ၏။ မနှစ်က သူတို့အိမ်ဆောက်စဉ်၌ လူအုပ်ကြီးတစ်အုပ်လာရောက်ကူညီခဲ့ကြပြီး ရက်အနည်းငယ်အတွင်းမှာပင် အိမ်ဆောက်လုပ်ပြီးစီးသွားခဲ့သည်။ လာရောက် လုပ်ကိုင်ပေးသူများမှာ စွန်းမိသားစု၏ သဘောထားကြီးမှုကြောင့်သာဖြစ်ပေသည်။ အမှန်တကယ်ပင် ဆောက်လုပ်ရေးကာလအတွင်း လူတိုင်းက စွန်းမိသားစုမှာ တကယ့်ကိုရိုးသားဖြောင့်မတ်သူများဖြစ်ကြောင်း ချီးကျူးခဲ့ကြသည်။

ထိုအချိန်က လီကုန်းဇီလည်း သွားရောက်ကူညီခဲ့ပြီး ထမင်းစားချိန်တိုင်း ဝက်သားအဆီနှစ်တုံး သုံးတုံးခန့် စားခဲ့ရသည်။ ထမင်းဖြူကိုစားပြီးနောက် သူ့ပန်းကန်အောက်ခြေတွင် ဝက်သားအဆီတစ်တုံးနှင့် ကြက်ဥကြော်တစ်လုံးတွေ့ရှိခဲ့သည်ကို သူ တိတ်တဆိတ် မှတ်သားထားခဲ့၏။ သူ ကြိုးကြိုးစားစားအလုပ်လုပ်သည်ကို စွန်းမိသားစုကသတိပြုမိပြီး သူ့ကို သီးသန့်ပေးခဲ့ခြင်းဖြစ်မည်မှာ သေချာပေသည်။ ထိုအချိန်မှစ၍ သူ ပို၍ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့လေသည်။ ကံမကောင်းစွာဖြင့် အိမ်ဆောက်သည်မှာ သိပ်မြန်လွန်းသဖြင့် သူအကြိမ်ပေါင်းများစွာ မစားခဲ့ရပေ။ ယခုအချိန်ထိ ထိုတုန်းက ဝက်သားအဆီများကို တွေးမိတိုင်း သူ သွားရည်ကျနေဆဲဖြစ်သည်။ သို့သော် ယခု ဝမ်ကျစ်က လင်းယွဲ့မှာ သူမအိမ်ဆောက်ရာတွင် အသားခုနစ်တုံး ရှစ်တုံးခန့်ပေးသည်ဟု ပြောနေသည်။

“လင်းယွဲ့တဲ့လား၊ လျံဖန်းရောင်းတဲ့ အမျိုးသမီး မဟုတ်ဘူးလား၊ တွက်ကပ်တတ်တဲ့ မိန်းမတစ်ယောက်က ဒီလောက်များတဲ့အသားတွေကို ပေးနိုင်ပါ့မလား၊ စွန်းမိသားစုပေးခဲ့တာထက် သုံးဆ လေးဆလောက် ပိုများတယ်တယ်ပေါ့လေ”

လီကုန်းဇီ လုံးဝမယုံကြည်နိုင်ပေ။

"ယုံချင်ယုံ မယုံချင်နေ"

ဝမ်ကျစ်မျက်လုံးလှန်ပြလိုက်သည်။

"မင်းနဲ့ စကားမပြောတော့ဘူး၊ ငါ အရိုးစွပ်ပြုတ်ပြန်သောက်ရဦးမယ်၊ ငါ ပြန်လာတော့ သူက ငါ့ကိုအရိုးတစ်ခုတောင်ပေးလိုက်သေးတယ်၊ အဲဒီအပေါ်မှာ အသားတွေအများကြီးကျန်သေးတယ်လေ"

ထိုအကြောင်းကိုတွေးမိသောအခါ ဝမ်ကျစ်မှာ လန်းဆန်းသွားသလိုခံစားလိုက်ရသည်။ နေ့လယ်ဘက် အလုပ်ပြီးသောအခါ လင်းယွဲ့သည် ခြင်ဆီရိုးကြီးများကိုထုတ်ယူကာ အိမ်သို့ယူသွား၍ စားရန် သူတို့ကိုပြောခဲ့သေးသည်။ ခြင်ဆီရိုးများတွင် အသားများ အပြည့်အဝကပ်နေ၏။

*ရှလွတ်*

ဝမ်ကျစ်သည် နှုတ်ခမ်းကိုသပ်ကာ အိမ်သို့ အမြန်ပြေးသွားလေသည်။ ဝမ်တာ့ဟဲဇနီး၏ မျက်ဝန်းများတွင်လည်း အပြုံးများဖြင့်ပြည့်နှက်နေသည်။

"ဒီလင်းယွဲ့က တကယ်ကို သဘောကောင်းတာပဲ၊ နေ့လယ်က နင့်ကို အသားတွေ အများကြီးပေးလိုက်ရုံတင် မကဘူး၊ အခု ဒီလောက်ကြီးတဲ့ ခြင်ဆီရိုးကြီးကိုပါ ပေးလိုက်သေးတယ်"

သူမသည် အရိုးပေါ်မှ အသားများကို လှီးထုတ်လိုက်သည်။

"ကြည့်စမ်း၊ ဒီမှာ အနည်းဆုံး အသားတစ်ကျင်းလောက်တော့ ရှိမယ်"

ဝမ်တာ့ဟဲသည် သူ့ဆေးတံထဲသို့ ဆေးရွက်ကြီးများကိုထည့်ကာ မီးညှိလိုက်ပြီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

"ငါတို့အားလုံး အသားတွေစားခဲ့ရတယ်ဆိုတော့ ဒီည ဒီအသားတွေကို မင်းပဲ စားလိုက်တော့"

ကုနျိုနှင့် ကုမာတို့ အိမ်သို့ပြန်ရောက်လာသောအခါ ကုနျိုရင်ထဲတွင် စိတ်လှုပ်ရှားနေသည်။

"ညီလေး၊ ဒီအရိုးကို ငါတို့ဘယ်လို ချက်ရမလဲ"

"ရေနဲ့ ပြုတ်ပြီးတော့ ဆားလေးနည်းနည်း ထည့်လိုက်"

သူတို့ မီးမွှေးလိုက်ချိန်မှာပင် မီးဖိုချောင်တံခါးကို ပြင်းပြင်းထန်ထန် ခေါက်သံကြားလိုက်ရသည်။ ကုနျိုမော့ကြည့်လိုက်ရာ မီးဖိုချောင်တံခါးဝတွင်ရပ်နေသော ကုတာ့တျန်ကိုတွေ့လိုက်ရ၏။ ကုတာ့တျန် မျက်လုံးများ ပြူးကျယ်သွားပြီး ဒယ်အိုးဆီသို့ လျှောက်သွားသည်။

"ကုနျို၊ ဒီအရိုးကို မင်းဘယ်ကရတာလဲ"

"ဒီနေ့ အလုပ်သွားကူတာကနေ ရလာတာလေ"

ကုနျို ခေါင်းကုတ်ရင်း အပြုံးဖြင့်ပြန်ဖြေလိုက်သည်။

"ဘုရားရေ"

လီကုန်းဇီသည် မနေနိုင်တော့ဘဲ ကုနျိုနှင့် မရင်းနှီးသော်လည်း မီးဖိုချောင်ထဲသို့ အတင်းဝင်လာပြီး ကြည့်ရှုလေသည်။ အသားများစွာကပ်နေဆဲဖြစ်သော ခြင်ဆီရိုးကြီးတစ်ခုကို မြင်တွေ့လိုက်ရ၏။ လီကုန်းဇီသည် အရှုံးမပေးသေးဘဲ မေးလိုက်သည်။

"ဒီနေ့ လင်းယွဲ့အိမ်မှာ အလုပ်သွားလုပ်တာကနေ ဒီဟာကိုရခဲ့တာလား၊ လင်းယွဲ့က မင်းတို့ကိုပေးလိုက်တာလား"

မူလက လင်းယွဲ့သည် အလုပ်သမားများအား ဤမျှများပြားသော အစားအသောက်များပေးမည်ကို သူတို့ မယုံကြည်နိုင်သောကြောင့် ကုနျိုနှင့် ကုမာတို့ထံပြန်လာကာ သေချာမေးမြန်းခြင်းဖြစ်သည်။

"ဟုတ်တယ်လေ"

"ဒီနေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းက ဘာတွေ စားခဲ့ရလဲ”

"မနက်ပိုင်းက ကြွပ်ရွပြီး မွှေးနေတဲ့ ဝက်သားပြားကြော်အကြီးကြီး တစ်တုံးနဲ့ ထမင်းဖြူကို စားခဲ့တယ်၊ နေ့လယ်ပိုင်းကျတော့ ထမင်းဖြူနဲ့ ဝက်သားနီချက်အတုံးတွေ အများကြီးကိုစားခဲ့တယ်၊ ပြီးတော့ ခရမ်းသီး၊ ပဲတောင့်ရှည်နဲ့ ကြက်ဥကြော်တွေလည်း ပါတယ်"

လီကုန်းဇီမှာ ကြားလေလေ မျက်လုံးများ ပြူးကျယ်လာလေလေဖြစ်နေသည်။

"ကျက်သရေမရှိလိုက်တာ၊ ငါတော့ရှုံးပြီကွာ"

သူသည် နောင်တရစွာဖြင့် ပေါင်ကို ရိုက်လိုက်သည်။

"ငါ ဘာလို့မသွားခဲ့ရတာလဲ"

"ဟုတ်တယ် အစ်ကိုကုန်းဇီ၊ အစ်ကိုတာ့ကျန်းက အစ်ကို့ကိုလာရှာတယ် မဟုတ်လား၊ အစ်ကိုမသွားခဲ့တာ နည်းနည်းတော့ နစ်နာတယ်၊ ဒီနေ့ နေ့လယ်က ဝက်သားနီချက်က သိပ်ကိုအရသာရှိတာပဲ"

ကုနျိုက ပျော်ရွှင်စွာရယ်မောရင်း ပြောလိုက်သည်။ သူပြောလိုက်သော စကားလုံးတိုင်းသည် လီကုန်းဇီ၏နှလုံးသားကို တစ်ချက်ပြီးတစ်ချက် ထိုးစိုက်နေသည်ကို သူမသိခဲ့ပေ။

“နောင်တလား၊ သိပ်ကို နောင်တရတာပဲ”

ကုနျိုသည် ယနေ့ အသားမည်မျှစားခဲ့ရသနည်းဟု သူမေးရန်ပင် မလိုအပ်တော့ပေ။ သေချာပေါက် နှစ်ကျင်းကျော်လောက်ရှိပေမည်။ အခုမှ သူ သွားချင်တယ်လို့ ဝမ်တာ့ကျန်းကိုသွားပြောလျှင် အဆင်ပြေပါဦးမလားလို့လည်း သူ တွေးနေမိသည်။

"ငါ နိုင်ပြီ၊ ငါ တကယ်နိုင်သွားပြီဟေ့"

ဝမ်ဝမ်ချိုင်တစ်ယောက်သာ သူတို့ထဲတွင် အပျော်ဆုံးဖြစ်နေသည်။

"ငါ့ကို ပိုက်ဆံပေး၊ ငါ ပိုက်ဆံလိုချင်တယ်"

အခြားသူများအားလုံးက သူတို့လည်း သွားလို့ရနိုင်မလားဆိုပြီး အကြံထုတ်နေကြလေပြီပင်။ လူတိုင်းထွက်သွားပြီးနောက် ကုတာ့တျန်သည် ကုနျိုထံသို့ စိုးရိမ်တကြီးနှင့် အောက်ကျို့စွာ လျှောက်သွားသည်။

"အစ်ကိုက ဒီတလော အလုပ်သိပ်မများဘူးလေ၊ မနက်ဖြန်ကျရင် ငါလည်း သွားကူပေးရင် မကောင်းဘူးလား”

ကုနျိုက နားမလည်နိုင်ဟန်ဖြင့် ခေါင်းစောင်းကြည့်လာသည်။

"အစ်ကိုက ကျွန်တော်တို့ကိုတောင် သွားမကူစေချင်ခဲ့ဘူး မဟုတ်လား၊ အစ်ကို သွားချင်လို့လား"

ကုတာ့တျန်သည် အနေရခက်စွာဖြင့် လက်များကို ပွတ်သပ်လိုက်သည်။ ယနေ့ သူ စိတ်လှုပ်ရှားမှုဖြင့် ကြေးပြားနှစ်ပြားစလုံးကို ရှုံးသွားခဲ့သည်။ လောင်းကစားမလုပ်နိုင်လျှင် အရသာရှိသော အစားအသောက်များကို စားလိုက်ခြင်းက ပိုကောင်းပေမည်။

အသားတဲ့လား။

နှစ်သစ်ကူးကာလကပင် သူ အသားအနည်းငယ်မျှ မစားခဲ့ရပေ။

‘ဒါပေမဲ့ ခုနစ်တုံး ရှစ်တုံးလောက်တဲ့လား၊ အဲဒါဆိုရင် သူ့ကိုသေချာပေါက် ဝသွားအောင် ကျွေးမှာပဲ’

အစားအသောက်အတွက် သူ့ရည်မှန်းချက်က မာနကိုအနိုင်ယူသွားသည်။

"အစ်ကို မှားသွားတယ်၊ ငါတို့အားလုံးက ရွာတစ်ရွာတည်းသားတွေပဲလေ၊ ပြီးတော့ သူကလည်း ကလေးနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တည်းကို ကုမိသားစုကမကူညီရင် ငါတို့ပိုကူညီသင့်တာပေါ့"

"ဒါဆိုရင်"

ကုမာက ကုနျိုစကားကို ရုတ်တရက် ဖြတ်ပြောလိုက်ပြီး ကုတာ့တျန်အား ပြောလိုက်သည်။

"ဒါက ကျွန်တော်တို့ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး၊ အစ်ကိုတာ့ကျန်းကို သွားမေးကြည့်ပါ"

ညနေပိုင်းတွင် ဝမ်တာ့ကျန်းအိမ်သို့ လူတစ်သုတ်ပြီး တစ်သုတ်လာရောက်ကြလေသည်။ လင်းယွဲ့သည် အမဲလိုက်တဲတွင် နေထိုင်ဆဲဖြစ်သည်။ အမဲလိုက်တဲကို မီးဖိုချောင်အဖြစ် ပြောင်းလဲလိုက်ပြီး မီးဖိုနှင့် မီးခိုးခေါင်းတိုင် အနည်းငယ် ထပ်ထည့်ရန်သာ လိုအပ်သည်။ သူမသည် ဝမ်အာ့မေယူလာသောငွေများကို ရေတွက်ရင်း ကုတန် အက္ခရာသုံးလုံးစာအုပ်ကို ရွတ်ဆိုနေသည်ကို နားထောင်နေသည်။ လင်းယွဲ့ အလွန်တရာအံ့အားသင့်သွား၏။ ဤမျှတိုတောင်းသော အချိန်လေးအတွင်းမှာ ကုတန်သည် အလွန် လျင်မြန်စွာသင်ယူနိုင်ခဲ့ရာ သူသည် အလွန် ဉာဏ်ကောင်းလှပေသည်။

"သိပ်တော်တာပဲ"

လင်းယွဲ့က ကုတန်ခေါင်းကိုပုတ်ပေးလိုက်သည်။ တာ့ယာက နှုတ်ခမ်းဆူလိုက်၏။

"ယောင်းမ ယောင်းမ ကျွန်မလည်း နည်းနည်းရွတ်ပြနိုင်တယ်နော်"

"လိမ္မာလိုက်တာ၊ တာ့ယာလည်း သိပ်တော်တာပဲ"

ဤအချိန်တွင် ကျားပေါက်လေးမီမီသည်လည်း ထိုမြင်ကွင်းကိုမြင်သောအခါ သူတို့ကိုအတုခိုး၍ ခုတင်ပေါ်မှပြေးဆင်းလာပြီး လင်းယွဲ့အား ပွတ်သီးပွတ်သပ်လုပ်ကာ ဗိုက်လေး လှန်ပြလေသည်။ သူက လင်းယွဲ့အား မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေသည်။

"မီမီလေးလည်း သိပ်တော်တာပဲ"

လင်းယွဲ့ကပြုံးရင်း ကျားပေါက်လေး၏ ဗိုက်ကိုပွတ်ပေးလိုက်သည်။ အားလုံး ပျော်ရွှင်စွာ ရယ်မောလိုက်ကြ၏။

"မရီး ကျွန်တော့်ရဲ့ဝက်ဆီဖတ်ကြော်တွေ ကုန်သွားပြီ၊ နောက်ထပ်နည်းနည်းလောက် ထပ်ရနိုင်မလားဟင်"

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကုရှန်းလင်းသည် အချိုသပ်ခံရခြင်း၏အရသာကို ခံစားခဲ့ရပြီး ကုတန်နောက်သို့တစ်ကောက်ကောက်လိုက်ကာ စာသင်ပေးနေခဲ့သည်။ ကုတန်အိမ်သာသွားချိန်တွင်ပင် ကုရှန်းလင်းက နောက်မှလိုက်ကာ အက္ခရာသုံးလုံးစာအုပ်ကို အဆက်မပြတ်ရွတ်ဆိုပြနေခဲ့သည်။ ထို့ကြောင့် ဝက်ဆီဖတ်ကြော်များမှာ အလွန်လျင်မြန်စွာ ကုန်သွားခဲ့ခြင်းဖြစ်၏။

"အမြဲတမ်း ဝက်ဆီဖတ်ကြော်တွေချည်းပဲ စားနေတာမကောင်းပါဘူး"

လင်းယွဲ့စိတ်ထဲတွင် အတွေးတစ်ခု လျှပ်တစ်ပြက် ဝင်လာသည်။

"နေပါဦး၊ ငါ မင်းတို့အတွက် နို့သကြားလုံးလေးတွေ လုပ်ပေးမယ်"

"နို့သကြားလုံး"

တာ့ယာနှင့် ကုတန်တို့ နှစ်ဦးစလုံးက နားမလည်နိုင်စွာ မေးလိုက်ကြသည်။

"အဲဒါ ဘာလဲဟင်"

All Chapters