အခန်း ၅၄
Vol. 6 Ch. 54
Ch-54
လင်းယွဲ့သည် သံဒယ်အိုးထဲသို့ နို့မှုန့်၊ ပဲမှုန့်၊ ဂျုံမှုန့်နှင့် သကြားဖြူများကို လောင်းထည့်လိုက်ပြီးနောက် ရေထည့်ကာ ကျိုလိုက်သည်။ မကြာမီမှာပင် နို့သကြားလုံးအရည်များမှာ ပျစ်ချွဲလာလေသည်။ လင်းယွဲ့သည် ၎င်းတို့ကို လောင်းထုတ်လိုက်ပြီးနောက် လျံဖန်းပုံစံခွက်များထဲသို့ ထည့်ကာ အအေးခံ၍ အခဲဖြစ်စေရန် ထားလိုက်၏။ လှီးဖြတ်ပြီးသောအခါ နူးညံ့ပြီး ဝါးလို့ကောင်းသော နို့သကြားလုံးလေးများ အဆင်သင့်ဖြစ်သွားလေသည်။ လင်းယွဲ့က သူမပါးစပ်ထဲသို့ တစ်လုံးပစ်ထည့်လိုက်ပြီးနောက် တာ့ယာနှင့် ကုတန်ကို တစ်လုံးစီ ပေးလိုက်၏။ နို့သကြားလုံး၏ချိုမြိန်မွှေးကြိုင်လှသော အရသာက သူမပါးစပ်တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
၎င်းသည် နူးညံ့ကာ အိစက်နေပြီး ဝါးစားရသော သကြားလုံးမျိုးနှင့် ပိုတူလေသည်။ ယုန်ဖြူနို့သကြားလုံးလောက် အရသာမရှိသော်ငြားလည်း သိပ်တော့ မကွာလှပေ။ အရသာသစ်များကို ဖန်တီးလိုသော သူမရည်မှန်းချက် အနည်းငယ် အောင်မြင်သွားသည်။ တာ့ယာ၏မျက်လုံးလေးများ ပြူးကျယ်သွား၏။
"အရသာသိပ်ရှိတာပဲ"
{ကျားပေါက်လေးအမည် - မီမီ/ ကျွမ်းကျွမ်း}
သူမသည် ချက်ချင်းပင် ကျားပေါက်လေးကျွမ်းကျွမ်းကို တစ်လုံးကျွေးလိုက်သည်။ ကျွမ်းကျွမ်းသည် နို့သကြားလုံးကိုကိုင်ထားရင်း ခြင်္သေ့အက ကနေသကဲ့သို့ အချိန်အတော်ကြာအောင် အောင်ပွဲခံနေပြီးမှ အသံပြုကာ အငမ်းမရ မြိုချလိုက်လေသည်။
“အာဝူး”
ရယ်စရာကောင်းသော သူ့အမူအရာများကြောင့် အားလုံးရယ်မောလိုက်ကြ၏။ ကုတန်တစ်ယောက်သာ ဤနို့သကြားလုံးမှာ သိပ်ကိုအရသာရှိလွန်းသည်ဟု တွေးတောနေသည်။ ထိုလူအနည်းငယ်ကိုပေးလိုက်ရသည်မှာ နှမြောစရာကောင်းသည်ဟု သူခံစားလိုက်ရသည်။ လင်းယွဲ့သည် နို့သကြားလုံးကို စားနေစဉ် ရုတ်တရက်အတွေးတစ်ခု ရလာ၏။
‘ငါ နို့လက်ဖက်ရည်ရောင်းလို့ရတာပဲ’
လက်ဖက်ရည်ထဲသို့ နို့နှင့်သကြားကို ပေါင်းထည့်ကာ ဆယ်ပြားအပိုယူပြီး အမျိုးသမီးဧည့်သည်များကို ရောင်းချနိုင်ပေသည်။ ပင်မလမ်းမကြီးသည် ကျော်ကြားလှသော တာ့ကွမ်ဘုန်းကြီးကျောင်းသို့ သွားရာလမ်းဖြစ်သောကြောင့် လဆန်းတစ်ရက်နှင့် လပြည့်နေ့တိုင်းတွင် အမျိုးသမီး ဧည့်သည်များစွာသည် ဘုရားဖူးရန်အတွက် ထိုလမ်းမကြီးမှဖြတ်သန်းသွားလာလေ့ရှိကြသည်။ အမျိုးသမီး ဧည့်သည်များမှာ များသောအားဖြင့် လက်ဖက်ရည်ကို အရသာမရှိဟု ယူဆကာ မသောက်သုံးလိုကြပေ။
လင်းယွဲ့သည် ဤသည်မှာ စီးပွားရေးအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားပြီး မနက်ဖြန်တွင် ချက်ချင်းအကောင်အထည်ဖော်ရန် စီစဉ်လိုက်သည်။ မနက်ဖြန်သည် လဆန်းတစ်ရက်နေ့ပင်ဖြစ်၏။ သို့သော် သူမသည် အလုပ်သမားများ၏မနက်စာနှင့် နေ့လယ်စာကို အရင်ဆုံးပြင်ဆင်ရမည် ဖြစ်သည်။ နောက်တစ်နေ့တွင် သူမသည် ဝမ်တာ့ကျန်းအိမ်သို့ သွားရောက်ကာ တံခါးကို အချိန်အတော်ကြာအောင် ခေါက်လိုက်မှ လီရှောင်လျန်က အလောတကြီးလာဖွင့်ပေးလေသည်။ သူမဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး ယခုမှအိပ်ရာနိုးလာကြောင်း ထင်ရှားနေ၏။
"ညီမလေးယွဲ့၊ လာ မြန်မြန်ဝင်ခဲ့"
လီရှောင်လျန်က လင်းယွဲ့အား ဆီးကြိုနှုတ်ဆက်လိုက်၏။ လီရှောင်လျန်သည် အမြဲတမ်းသပ်သပ်ရပ်ရပ် နေထိုင်တတ်သူ ဖြစ်သည်။ လင်းယွဲ့ သူမကိုမြင်တွေ့ရတိုင်း သူမသည် အမြဲတမ်းအဝတ်အစားများကို သေသပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ခေတ်မီသောဆံထုံးပုံစံထုံးဖွဲ့ထားကာ ငွေဆံထိုးလေးကိုလည်း ပန်ဆင်ထားလေ့ရှိ၏။ လင်းယွဲ့က အနည်းငယ် အားနာစွာဖြင့်ပြောလိုက်သည်။
"အစ်မရှောင်လျန်၊ ကျွန်မလာတာ သိပ်စောသွားတယ်ထင်တယ်"
"စောတာ ဟုတ်လား၊ ငါကသာ အိပ်ရာထ နောက်ကျနေတာပါ"
လီရှောင်လျန်က သူမပခုံးကိုပုတ်လိုက်သည်။
"အဲဒါကို မပြောပါနဲ့တော့၊ သားတွေက နင်ကျွေးတဲ့အစားအသောက်တွေ ကောင်းလွန်းတယ်ဆိုတာကိုကြားပြီး တာ့ကျန်းဆီကို အကုန်လာရှာကြတယ်လေ၊ သူတို့လဲအိမ်ဆောက်ချင်လို့တဲ့"
သူမကမထီမဲ့မြင်ပြုကာ ဆက်ပြောသည်။
"ဟမ့် အရင်တုန်းက ငါတို့သူတို့ဆီသွားရှာတုန်းကကျတော့ တာ့ကျန်းကို သရဲတစ္ဆေတစ်ကောင်လို ဆက်ဆံခဲ့ကြတာ၊ အခုအကျိုးအမြတ်လေးလည်း မြင်ရော အလုအယက်ပြေးလာကြတယ်၊ ဒါပေမဲ့ ညီမလေး စိတ်မပူပါနဲ့၊ ငါတို့မှာအကူအညီပေးမယ့်သူ အလုံအလောက်ရှိနေပြီဆိုတော့ ထပ်မရှာတော့ပါဘူး၊ မနေ့က သူတို့ကြောင့် ငါတို့ညနက်တဲ့အထိ မအိပ်ရဘူး၊ ညီမလေးယွဲ့ ရွာသားတွေ နင့်ဆီလာရင်လည်း စိတ်မပျော့နဲ့၊ သဘောမတူလိုက်နဲ့နော်"
လီရှောင်လျန် မှာလိုက်သည်။
"အကူအညီပေးမယ့်သူ သိပ်များနေလို့ မဖြစ်ဘူး၊ မဟုတ်ရင် စီမံခန့်ခွဲရခက်တယ်၊ ပြီးတော့ တော်တော်များများက အလုပ်ခိုတတ်ကြတော့ အလုပ်ပြီးတာ ပိုတောင်နှေးသွားနိုင်တယ်"
"ကောင်းပါပြီ"
လီရှောင်လျန်သည် သူမအတွက်တွေးပေးနေကြောင်း လင်းယွဲ့သိရှိပြီး ရင်တွင်း၌ နွေးထွေးမှုလေးတစ်ခုပျံ့နှံ့သွားလေ၏။ အပြန်အလှန်ဖေးမကူညီခြင်းဆိုသည့် သူမရည်မှန်းချက်လေး အောင်မြင်နေသည်။ ယနေ့နံနက်တွင် လင်းယွဲ့သည် ဝက်ခြေထောက်တစ်ချောင်းကိုထုတ်ယူကာ အသားအများအပြားကိုလှီးဖြတ်လိုက်၏။ ထို့နောက် ချက်အရက်၊ ကြက်သွန်မြိတ်၊ ဂျင်းတို့ဖြင့် အရသာအနည်းငယ်သွင်းပြီးနောက် ဆန်မှုန့်များဖြင့် သုတ်လိမ်းကာ ထမင်းပေါ်တင်၍ ပေါင်းလိုက်သည်။ ၎င်းကထမင်းများကို လုံးဝနီးပါး ဖုံးလွှမ်းသွားလေ၏။
ဤမျှများပြားသော အသားများကို မနက်စာရော နေ့လယ်စာအတွက်ပါ စားသုံးရန် သူမစီစဉ်ထားသည်။ ထို့နောက် သူမသည်ကြက်သုံးကောင်ကို ထုတ်ယူလိုက်၏။ ကြက်နှစ်ကောင်ကို ခုတ်ထစ်ကာ အခြားအိုးတစ်လုံးထဲသို့ထည့်ပြီး ကြက်သားနီချက် ချက်ကာ ရေနွေးဖြင့် နှပ်ထားလိုက်သည်။ သူမသည် ကြက်တစ်ကောင်ကို လီရှောင်လျန်ထံ ကမ်းပေးလိုက်သည်။
"အစ်မ၊ ဒီကြက်က အစ်မစွပ်ပြုတ်လုပ်သောက်ဖို့နော်၊ သူတို့ကို မပေးလိုက်နဲ့"
ထို့နောက် သူမသည် ကျန်ရှိနေသော ဝက်သားများကို လေးပုံ ပုံလိုက်သည်။
"အစ်မ၊ ဒါတွေက မိသားစုတစ်စုကို တစ်ပုံစီနော်၊ ဒီနေ့ညနေကျရင် သူတို့ကို ပေးလိုက်ပါ"
"နင်ကလည်း"
လီရှောင်လျန်၏မျက်နှာမှာ တွန့်သွားသည်။
"ဘယ်လိုလုပ် ဒီလိုမျိုးကျွေးနိုင်မှာလဲ"
သူမ တတ်နိုင်ပါသည်။ သူမသည် နေ့စဉ် ဝက်ပေါင်လေးချောင်းရရှိ၏။ ရေခဲသေတ္တာအပြင်ဘက်ရှိ နေရာလွတ်တွင် ဝက်ခြေထောက်များအပုံလိုက် ရှိနေပြီး သူမစားနိုင်သည်ထက်ပင် များပြားနေလေသည်။ သို့သော် လင်းယွဲ့က ထိုသို့သေချာပေါက်ပြောမည် မဟုတ်ပေ။ သူမက ရိုးသားစွာပြောလိုက်သည်။
"အစ်မရှောင်လျန်၊ အစ်မနဲ့ အစ်ကိုတာ့ကျန်းသာမကူညီဘူးဆိုရင် ဒီအိမ်ကို ဆောက်ဖို့ လူရှာတွေ့မှာမဟုတ်ဘူး၊ လာကူညီကြတဲ့ ရွာသူရွာသားတွေကလည်း သစ္စာရှိကြတယ်၊ အစ်မတို့ကို ထောက်ထားပြီး လာကူညီကြတာ၊ ကျွန်မက သူတို့ရဲ့စေတနာတွေကို အလွဲမသုံးစားချင်ဘူး၊ ကျွန်မလုပ်နိုင်တာကို အကောင်းဆုံးလုပ်ပေးမှာပါ၊ ဒီအသားလေးတွေက ဘာမှမဟုတ်ပါဘူး"
လီရှောင်လျန်၏မျက်ဝန်းများတွင် မျက်ရည်များ စီးကျလာသည်။
"ညီမလေး၊ ငါနင့်ကို သူငယ်ချင်းအဖြစ် သတ်မှတ်လိုက်ပြီ"
"အစ်မရှောင်လျန်၊ ကျွန်မတို့က အရင်ကတည်းက သူငယ်ချင်းတွေဖြစ်နေပြီလို့ ထင်ထားတာ"
လင်းယွဲ့သည် အဓိကဟင်းလျာများကို ချက်ပြုတ်ပြီးစီးသွားသောအခါ လီရှောင်လျန်အား အသားဟင်းများနှင့် ထမင်းကျက်ပြီးပါက သက်သတ်လွတ် အရွက်ကြော်အချို့ကြော်ပေးရန် အကူအညီတောင်းလိုက်သည်။ လီရှောင်လျန်က ချက်ချင်းသဘောတူလိုက်၏။
"ညီမလေး၊ ငါ့အချက်အပြုတ်စွမ်းရည်က နင့်လောက်မကောင်းပေမဲ့ အရွက်လေး နည်းနည်းပါးပါးတော့ကြော်တတ်ပါတယ်၊ နင် အလုပ်ရှိရင်သွားလုပ်တော့လေ"
တောင်ခြေတွင် ဝမ်ကျစ်သည် နှုတ်ခမ်းကိုသပ်ကာ ပေါက်တူးကို ပခုံးပေါ်တင်ရင်း ပြောလိုက်သည်။
"ဒီနေ့ ငါတို့ဘာတွေများ စားရမလဲမသိဘူးနော်၊ မပြောနဲ့တော့၊ မနေ့က အဲဒီဟင်းတွေကိုစားပြီးကတည်းက အိမ်မှာ အမေချက်တဲ့ဟင်းတွေဆိုတာ ဘာအရသာမှကိုမရှိတော့ဘူး"
"အမေက ဆီကိုနှမြောနေမှတော့ ဘယ်လိုလုပ် အရသာရှိမှာလဲ"
ဝမ်ချုံက ဝင်ပြောလိုက်သည်။
"ငါ ဗိုက်ဆာနေပြီ၊ မြန်မြန်လျှောက်ကြရအောင်"
"မနေ့က မင်းတို့စားခဲ့တာတွေက မလောက်သေးဘူးလား၊ လောဘမကြီးစမ်းပါနဲ့"
ဝမ်တာ့ဟဲ ဆူပူလိုက်သည်။
"ဟူး အဖေပြောတာ မှန်ပါတယ်၊ ငါတို့ နေ့တိုင်း ဘယ်လိုလုပ် ဒီလောက်ကောင်းကောင်းစားရမှာလဲ"
ဝမ်ကျစ်စိတ်အားထက်သန်မှု အနည်းငယ် လျော့ကျသွားသည်။ ပုံမှန်အားဖြင့် အလုပ်လုပ်သည့် ပထမဆုံးနေ့တွင် အစားအသောက်အကောင်းဆုံးဖြစ်ပြီး နောက်ရက်များတွင် သိပ်မကောင်းတော့ချေ။
"ဟေ့ ညီမလေးယွဲ့၊ ဘယ်သွားမလို့လဲ"
ဝမ်ကျစ်သည် လင်းယွဲ့ကျောပိုးခြင်းကို လွယ်ကာ တာ့ယာကိုခေါ်ပြီး တောင်အောက်သို့ဆင်းလာသည်ကို မြင်သောအခါ အမြန်လှမ်းမေးလိုက်သည်။
"ကျွန်မ လျံဖန်းသွားရောင်းမလို့ပါ"
လင်းယွဲ့ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ဒီနေ့ အစ်ကိုတို့ တော်တော်စောစော လာကြတာပဲ၊ ပင်ပန်းနေကြပြီပေါ့"
ဝမ်ကျစ် ညည်းညူလိုက်သည်။
"ငါတို့ပင်ပန်းနေတာကိုသိရင် ကောင်းတာလေးတွေ လုပ်ကျွေးလေ၊ အခုလို စောစောစီးစီးထွက်သွားတော့ အစားအသောက်ကောင်းတွေ ပြတင်းပေါက်ကနေ လွင့်ထွက်သွားပြီထင်တယ်"
ဝမ်တာ့ဟဲမျက်နှာထား တင်းမာသွားပြီး ဝမ်ကျစ်နောက်စေ့ကို ရုတ်တရက် ရိုက်ကာ အမြန်ပြောလိုက်သည်။
"မပင်ပန်းပါဘူး မပင်ပန်းပါဘူး၊ မနေ့ညကပေးလိုက်တဲ့ ဝက်ရိုးတွေက သိပ်ကောင်းတာပဲ၊ ငါ့မိန်းမက ကျေးဇူးအများကြီးတင်တယ်လို့ ပြောခိုင်းလိုက်တယ်"
"ဒီနေ့လည်း ရှိသေးတယ်၊ အဲဒီအခါကျရင် ယူသွားလို့ရပါတယ်"
လင်းယွဲ့ ရွှင်မြူးစွာရယ်မောရင်း ပြောလိုက်သည်။
"အစ်ကိုတို့က ကျွန်မအိမ်ကိုကြိုးကြိုးစားစားဆောက်ပေးနေကြတာပဲ၊ ဒီဟာတွေက အစ်ကိုတို့ရသင့်ရထိုက်တာတွေပါ"
"ဒီလောက်တောင် ပေးနေမှတော့ နောက်ထပ်ဘယ်လိုလုပ် ထပ်တောင်းရဲတော့မှာလဲ"
ဝမ်တာ့ဟဲ လက်ယမ်းပြလိုက်ပြီးနောက် ထပ်ပြောသည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့၊ အိမ်ဆောက်တယ်ဆိုတာ တစ်သက်တာကိစ္စပဲလေ၊ ငါတို့ အစွမ်းကုန် သေချာကူညီပေးမှာပါ"
ဝမ်ကျစ်တစ်ယောက်သာ ဤညတွင် အသားရှိသေးသည်ဟု ကြားသောအခါ ပြန်လည်လန်းဆန်းတက်ကြွသွားလေသည်။ ထမင်းပေါ်တွင် အပြည့်အမောက်တင်ထားသော ဝက်သားပေါင်း၊ အရွက်ကြော်နှင့် ငရုတ်သီးဆော့စ်တို့ကို မြင်တွေ့လိုက်ရပြီး မီးဖိုချောင်မှ ကြက်သားဟင်းရနံ့ကို ရှူရှိုက်မိသောအခါ သူအလွန်အမင်းပျော်ရွှင်သွားပြီး သီချင်းလေးတောင် တီးတိုးညည်းတွားနေမိသည်။
"ဒီဘဝက နတ်စည်းစိမ်ကျနေတာပဲ"
လင်းယွဲ့ လက်ဖက်ရည်ဆိုင်သို့ရောက်သောအခါ မိုးလင်းကာစသာရှိသေးသည်။ လက်ဖက်ရည်ဆိုင်ပတ်လည်တွင် လူအုပ်ကြီး စုရုံးနေပြီး အုတ်အော်သောင်းနင်းဖြစ်နေသည်ကို သူမ တွေ့လိုက်ရ၏။
"ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ"
သူမသည် ကြည့်ရှုရန်အတွက် လူအုပ်ထဲသို့ တိုးဝင်သွားလေသည်။ အထက်တန်းလွှာအမျိုးသမီးတစ်ဦးက မိန်းကလေးတစ်ယောက်ကို ပွေ့ဖက်ကာ ငိုကြွေးနေသည်ကို သူမတွေ့လိုက်ရသည်။
"ဝမ်ချင်း သမီးဘာဖြစ်သွားတာလဲ၊ ဝမ်ချင်း"
ထိုအမျိုးသမီးသည် ပိုးသားဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်တွင် ရွှေဆံထိုးပန်ဆင်ထားကာ ကျက်သရေရှိပြီး အထက်တန်းကျသောအသွင်အပြင် ရှိသည်။ သူမရင်ခွင်ထဲရှိ မိန်းကလေးမှာ အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး အနားကွပ်တွင် မက်မွန်ပန်းများထိုးထားသော အစိမ်းနုရောင်ဂါဝန်ကို ဝတ်ဆင်ထားကာ ဆံပင်တွင် အနီရောင်ပိုးဖဲကြိုးနှစ်ချောင်းကို ချည်နှောင်ထား၏။ အလုပ်ကြမ်းများ လုံးဝလုပ်ဖူးပုံမရဘဲ သိုးဆီဥကျောက်စိမ်းကဲ့သို့ ချောမွေ့နေသော သူမလက်ချောင်းလေးများအရ သူမသည် အလွန်ချစ်ခင်ယုယခံ၍ကြီးပြင်းလာခဲ့ရကြောင်း ထင်ရှားနေသည်။ သို့သော် သူမသည် အရပ်ရှည်ပြီးပိန်သွယ်နေသဖြင့် နူးညံ့ပျော့ပျောင်းသော အသွင်အပြင်ကို ပေးစွမ်းနေသည်။ သူတို့ပတ်လည်တွင် အစေခံများနှင့် အထိန်းတော်များက ထိတ်လန့်တုန်လှုပ်ကာ ကြောက်ရွံ့စွာဖြင့် ဒူးထောက်ဝိုင်းရံနေကြသည်။
"ကျွန်တော်မျိုးမ အနီးအနားမှာ သမားတော်သွားရှာလိုက်ပါ့မယ်"
ထိုအမျိုးသမီးက ဝမ်အာ့မေအား လက်ညှိုးထိုးကာ ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
"နင့်ရဲ့လက်ဖက်ရည်ထဲမှာ အဆိပ်ပါနေတာလား၊ ငါ့ကလေး အဲဒါကိုသောက်လိုက်တာနဲ့ ဘာလို့သတိလစ်သွားရတာလဲ"
"ငါ့ကလေး သနားစရာဝမ်ချင်းလေး၊ သူတို့ကို ဖမ်းစမ်း၊ အကုန်လုံးကို ဖမ်းပြီး ရုံးတော်ကိုပို့လိုက်၊ ငါ့ယောကျာ်းကို ပြောပြီး နင်တို့အားလုံးကို သေဒဏ်ပေးခိုင်းမယ်"
"ကျွန်မ ကျွန်မ အဆိပ်မခတ်ပါဘူး၊ ကျွန်မ မလုပ်ပါဘူး"
ဝမ်အာ့မေသည် ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်၏။ ထိုအမျိုးသမီး၏အစေခံများသည် ဝမ်အာ့မေအား ဖမ်းဆီးရန် ဒေါသတကြီး ရှေ့သို့တက်လာကြသည်။
"ခဏစောင့်ပါဦး"
လင်းယွဲ့ ဝင်ရောက်တားဆီးလိုက်လေသည်။