အခန်း ၅၆
Vol. 6 Ch. 56
Ch-56
“လတ်ဆတ်လိုက်တာ”
ပြည့်ဝလှသော အူမာမီအရသာက ထိုအမျိုးသမီးခေါင်းထဲထိတိုင် တိုက်ရိုက် တိုးဝင်သွားလေသည်။ ဝမ်တန်များထဲတွင် လတ်ဆတ်သော ပုစွန်များနှင့် အနီရောင်ဥလေးများကို မြင်တွေ့လိုက်ရသောအခါ သူမမျက်လုံးများ အနည်းငယ်ပြူးကျယ်သွားပြီး အလွန်တရာ စားချင်စိတ်ဖြစ်သွားရ၏။ ဤမျှလောက်အရည်အသွေးကောင်းမွန်သောပုစွန်မျိုးမှာ ရှားပါးလှပေသည်။
သူမသည် အမြန်စားပစ်လိုက်ပြီးနောက် အပြင်ဘက်မှကြည့်လျှင် အရောင်မည်းနေသော နောက်ထပ်ဝမ်တန်တစ်လုံးကို ခပ်ယူလိုက်သည်။ အရသာရှိလှသော်ငြားလည်း သူမသည် အထက်တန်းကျသောမိသားစုဝင်တစ်ဦး၏စားသောက်မှုပုံစံကို မမေ့လျော့ဘဲ အစပိုင်းတွင် ဝမ်တန်တစ်ဝက်ကိုသာ ကိုက်စားလိုက်၏။ သို့သော် သူမလှုပ်ရှားမှုများမှာ သိသိသာသာပိုသွက်လက်နေလေသည်။ တစ်လုတ် ကိုက်စားလိုက်သည်နှင့် တစ်ပြိုင်နက် လတ်ဆတ်မှု၊ နူးညံ့မှု၊ ချောမွေ့မှု၊ အိစက်မှုတို့နှင့်အတူ ဘဲဥငန်၏ အငန်ဓာတ်နှင့် အချိုဓာတ်အနည်းငယ်က လတ်ဆတ်သော အသားများနှင့် ရောနှောကာ သူမပါးစပ်ထဲတွင် ရစ်သိုင်းသွားပြီး အလွန်ကြွယ်ဝသော အရသာ အထိအတွေ့ကို ဖန်တီးပေးလေသည်။ သူမသည် အငမ်းမရ အကုန်စားပစ်လိုက်ပြီး နောက်တစ်လုံးကို ထပ်မံခပ်ယူလိုက်၏။
"အမေ"
မိန်းကလေးက မျက်မှောင်ကြုတ်လိုက်ပြီး သူမလေသံတွင် မကျေနပ်မှုများ အနည်းငယ် ရောယှက်နေသည်။
"သမီး စားချင်တယ်လေ"
အမျိုးသမီးမှာ အနေရခက်သွားကာ သမီးဖြစ်သူက သူမဘေးတွင်ရှိနေသေးသည်ကို သူမ အမှန်တကယ် မေ့လျော့သွားခဲ့ခြင်းဖြစ်သည်။ သူမသည် ဝမ်တန်တစ်လုံးကို မိန်းကလေးထံ အမြန်ခွံ့ကျွေးလိုက်၏။ သို့သော် သူမ ပန်းကန်လုံးထဲရှိ ဝမ်တန်များကိုကြည့်လိုက်သောအခါ ပန်းကန်လုံးကြီးမားသော်လည်း ဝမ်တန်ဆယ်လုံးခန့်သာ ပါဝင်သည်ကို တွေ့ရသည်။
“သူတို့ သားအမိနှစ်ယောက်အတွက် လုံလောက်ပါ့မလား”
အမျိုးသမီးက လင်းယွဲ့အားကြည့်ကာ အသာပြောလိုက်သည်။
"နောက်တစ်ပွဲ ထပ်ပေးပါ"
လင်းယွဲ့သည် ဝမ်တန်တစ်ဘူးလုံးကို ပြုတ်ထားပြီးဖြစ်ရာ ချပေးထားသည်ထက်များစွာ ပိုမိုများပြားနေလေသည်။ ချမ်းသာသူများသည် အစားအသောက် ရွေးချယ်တတ်သဖြင့် အများကြီးချပေးလိုက်ပါကမကုန်ဘဲ ဖြုန်းတီးရာကျမည်ကို စိုးရိမ်၍သာ အနည်းငယ်ချပေးခဲ့ခြင်းဖြစ်သည်။ ထိုစကားကိုကြားသောအခါ သူမသည် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြီး နောက်ထပ်တစ်ပွဲကို ခပ်ယူကာ အမျိုးသမီးရှေ့တွင် ချပေးလိုက်၏။ အမျိုးသမီးမှာ အနည်းငယ်ကျေနပ်သွားပြီး လင်းယွဲ့မှာ အတော်လေးပါးနပ်သည်ဟု တွေးလိုက်သည်။ အတိတ်က အမှားများကို ခွင့်လွှတ်ပေးရန် ဆုံးဖြတ်လိုက်ပြီး နောက်မှငွေပိုပေးမည်ဟု စိတ်ကူးလိုက်၏။ သူမ တစ်ဝက်ခန့်စားပြီးချိန်တွင် မြင်းခွာသံများ ရုတ်တရက်ထွက်ပေါ်လာပြီး နီးကပ်လာလေသည်။
အမျိုးသမီးက မော့ကြည့်လိုက်ပြီး သူမမျက်မှောင်များ အသာတွန့်ချိုးသွား၏။ ဤလက်ဖက်ရည်ဆိုင်က အရသာကောင်းမွန်သော်လည်း လက်ဖက်ရည်ဆိုင်မျှသာဖြစ်ပြီး သေသေသပ်သပ် စားသောက်ရမည့်နေရာမျိုး မဟုတ်ပေ။ မြင်းများပြေးလွှားသွားလာကာ ဖုန်တထောင်းထောင်းထနေပါက မည်သို့ စားသောက်နိုင်မည်နည်း။ အမျိုးသမီးအား အချိန်အကြာကြီး အလုပ်အကျွေးပြုခဲ့သော အထိန်းတော်ကြီးက သူမသဘောကို အသိဆုံး ဖြစ်သည်။ သူမသည် အစေခံများကို ချက်ချင်းအချက်ပြလိုက်၏။ အစေခံများက တုံ့ပြန်မှုမရှိသည်ကိုမြင်သောအခါ သူမက သူတို့ထံ အပြေးအလွှားသွားရောက်ကာ ဆူပူလိုက်၏။
"ဒီလမ်းကို ဘာလို့မြန်မြန်မပိတ်ကြသေးတာလဲ၊ သခင်မကြီး စားလို့ပြီးမှ လူတွေကို ပေးဖြတ်လေ၊ မြင်းတွေ ဖြတ်သွားလို့ ဖုန်တွေက သခင်မကြီးရဲ့ အစားအသောက်တွေထဲ ဝင်သွားရင် ဘယ်လိုလုပ်မလဲ"
အစေခံများက ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြသည်။ ပါးနပ်သော အစေခံလူငယ်တစ်ဦးသည် မြင်းနှင့် မြင်းလှည်းကိုမောင်းနှင်ကာ လမ်း၏ အလယ်တည့်တည့်တွင် ပိတ်ရပ်ထားလိုက်၏။ ထိုအခါမှသာ အမျိုးသမီးက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး အစားအသောက်များကို ဆက်လက် စားသောက်နေလေတော့သည်။
*ဟီး ဟီး*
မြင်းများ၏စူးရှရှဟီသံများ ထွက်ပေါ်လာပြီး ခဏတာမျှပြာယာခတ်သွားစေသည်။
"မင်းတို့က လမ်းကိုပိတ်ထားတာလား"
အေးစက်သော အသံတစ်သံထွက်ပေါ်လာလေသည်။ အမျိုးသမီးသည် စားသောက်ခြင်း၌သာ အာရုံစိုက်နေပြီး ဤကဲ့သို့သော အသေးအဖွဲကိစ္စရပ်များကို သူမ မည်သည့်အခါမျှဂရုမစိုက်ဘဲ အစေခံများကိုသာ လွှဲထားလေ့ရှိသည်။
"ငါတို့သခင်မကြီး အခုစားသောက်နေလို့ပါ၊ ခင်ဗျားတို့ နောက်မှဖြတ်သွားကြပါ"
အစေခံသည် အသစ်ရောက်လာသူများမှာ အမျိုးသားတစ်ဦးနှင့် မိန်းကလေးတစ်ဦးသာဖြစ်သည်ကို မြင်သောအခါ သူတို့ကို လုံးဝအလေးမထားပေ။ သူ့သခင်မှာ ရှီထိုင်ခရိုင်၏တရားသူကြီးဖြစ်သော်လည်း ယန်မိသားစု၏ ကိုယ်လုပ်တော်သားတစ်ဦးဖြစ်သည်။ ယန်မိသားစုမှာ မြို့တော်တွင်ပင် ထင်ရှားသော အထက်တန်းလွှာ မိသားစုကြီးဖြစ်သည်။ သခင်ကြီးမှာ မြို့စားဘွဲ့ကိုအမွေဆက်ခံထားပြီး အခွန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးလည်းဖြစ်ရာ အလွန်မြင့်မားသော ရာထူးတစ်ခုဖြစ်၏။ သခင်ကြီးအပြင် သူ့သခင်သာလျှင် ကျန်ရှိတော့သည်။ ထို့ကြောင့် သူ့သခင်က ခရိုင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်နေခြင်းမှာ အတွေ့အကြုံယူရန်မျှသာဖြစ်သည်။ သူ့သခင်မကြီးမှာ စွန်းမိသားစု၏တရားဝင်သမီး စွန်းမြောင်းယင်ဖြစ်သည်။ သူမဖခင်မှာ ယန်ကျိုးခရိုင်၏လက်ထောက်တရားသူကြီးဖြစ်၏။ အဆင့်ခြောက်အရာရှိမျှသာဖြစ်သော်လည်း နန်းတော်မှ ဒေသန္တရသို့တိုက်ရိုက်ခန့်အပ်သော ရာထူးဖြစ်ပြီး နောင်တွင်ရာထူးတိုးလာနိုင်ချေ ရှိသည်။ ထို့ပြင် ယန်ကျိုးမှာ ချမ်းသာကြွယ်ဝသောဒေသတစ်ခု ဖြစ်သည်။ ရှီထိုင်ခရိုင်လို နေရာသေးသေးလေးမှာ သူတို့ ဘယ်သူ့ကို ကြောက်စရာလိုမည်နည်း။
"လင်းယွဲ့ သူတို့ ဘာတွေစားနေတာလဲ၊ ငါလည်း စားချင်တယ်"
ဝမ်ယာဝေ့က ဝမ်စုန်ရှင်းလက်ကိုကိုင်ထားရင်း သူမနှာခေါင်းလေးဖြင့် အနံ့ကို ရှူရှိုက်လိုက်သည်။
"ဝမ်တန်တွေပါ"
လင်းယွဲ့သည် ဝမ်ယာဝေ့ကိုမြင်သောအခါ စိတ်သက်သာရာရသွားကာ လျှောက်သွားလိုက်သည်။
"ဒါတွေက ကျက်လွယ်ပါတယ်၊ ရှင်တို့ နှစ်ယောက် အရင်ထိုင်ကြမလား"
"ကောင်းပြီလေ"
ဝမ်ယာဝေ့စိတ်ထဲတွင် ဝမ်တန်များကိုသာ စွဲလမ်းနေလေ၏။ လျံဖန်းဖြစ်စေ၊ ပြီးခဲ့သည့်အကြိမ်က ဝက်သားလုံးဟင်းရည်ဖြစ်စေ အရာအားလုံးက အရသာရှိလှသည်ပင်။ ထို့ကြောင့် သူတို့ တားဆီးခံလိုက်ရချိန်တွင် သူမ ဒေါသထွက်သင့်သော်လည်း လင်းယွဲ့၏အစားအသောက်များက သူမအာရုံကို အရင်ဆုံးဖမ်းစားသွားခဲ့သည်။ ထိုအခြေအနေကိုမြင်သောအခါ လင်းယွဲ့က ဝမ်ယာဝေ့ထံသို့ နို့သကြားလုံး တစ်လုံးကမ်းပေးလိုက်သည်။
"ဒါက နို့သကြားလုံးပါ၊ အရင်မြည်းကြည့်မလား"
"နို့သကြားလုံး၊ ဒါမျိုး တစ်ခါမှမကြားဖူးဘူး၊ ထင်းရှူးစေ့ သကြားလုံးပဲသိတာ"
ဝမ်ယာဝေ့မှာ ငယ်ရွယ်သေးပြီး အချိုအဆိမ့်များကို အထူးနှစ်သက်သော အရွယ်ဖြစ်နေသည်။ သူမသည် နို့သကြားလုံးကို အမြန်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ငါ စမ်းစားကြည့်မယ်"
ရုတ်တရက် သူမမျက်လုံးများပြူးကျယ်သွားသည်။
"ဒါက နို့သကြားရေခဲမဟုတ်ဘူးလား၊ မြို့တော်ကနေ ထွက်လာပြီးကတည်းက စားရမယ်လို့ မထင်ထားဘူး"
"နို့သကြားရေခဲ ဟုတ်လား"
"ဟုတ်တယ်လေ၊ ရေခဲခြစ်ပေါ်မှာ နို့မလိုင်နဲ့ သကြားတွေတင်ထားတာ၊ ငါ့အစ်ကိုက ငါ့ကိုအများကြီး စားခွင့်မပေးဘူး၊ ဒါပေမဲ့ ဒီအထဲမှာ ရေခဲလုံးဝမပါဘဲနဲ့ကို နို့သကြားရေခဲရဲ့စစ်မှန်တဲ့ အရသာကို အပြည့်အဝရနေတယ်"
ဝမ်ယာဝေ့က ဝမ်စုန်ရှင်းအင်္ကျီလက်ကို ဆွဲလိုက်သည်။
"အစ်ကို၊ အစ်ကိုက နို့သကြားရေခဲကို အကြိုက်ဆုံး မဟုတ်လား၊ လာ တူမတူ မြည်းကြည့်လိုက်စမ်းပါ"
"ယာဝေ့"
ဝမ်စုန်ရှင်းမှာ အနည်းငယ်အနေရခက်သွားပြီး ဝမ်ယာဝေ့နာမည်ကို လေးနက်သောလေသံဖြင့် ခေါ်လိုက်သည်။
"အစ်ကို၊ တကယ်ပဲ နို့သကြားရေခဲ အရသာနဲ့ တူတယ်နော်၊ စမ်းကြည့်လိုက်ပါ"
လင်းယွဲ့က ထိုစကားကိုကြားသောအခါ နို့သကြားလုံးတစ်လုံးကို ကမ်းပေးလိုက်သော်လည်း ဝမ်စုန်ရှင်း၏လည်ပင်းနှင့် နားရွက်များမှာ ရုတ်တရက်နီရဲသွားသည်ကို တွေ့လိုက်ရသည်။
"ကျေးဇူးတင်ပါတယ်"
သူ့လေသံမှာ တင်းမာနေသော်လည်း အမူအရာက အေးစက်နေဆဲဖြစ်သည်။ သူသည် လက်ကိုဆန့်တန်းကာ လက်ဖဝါးကို ဖြန့်ထားပြီး နို့သကြားလုံးကို ထိုအပေါ်တွင်တင်ပေးရန် လင်းယွဲ့အား အချက်ပြလိုက်၏။ လင်းယွဲ့ ထိုအခါမှသာ သူ့လုပ်ရပ်ကို နားလည်သွားလေသည်။ နို့သကြားလုံးမှာ သေးငယ်လွန်းသဖြင့် သူမကတိုက်ရိုက် ကမ်းပေးလိုက်ပါက သူ့လက်ချောင်းများနှင့် မလွဲမသွေထိတွေ့မိမည် ဖြစ်သည်။ သူသည် ဤအချက်ကို ကြိုတင်ခန့်မှန်းမိပြီး သံသယကင်းရှင်းစေရန် ရည်ရွယ်၍ ဝမ်ယာဝေ့ကို ထပ်မပြောရန် တားမြစ်ခဲ့ခြင်းဖြစ်မည်။ သို့သော် လင်းယွဲ့မှာ ခေတ်သစ်လူသားတစ်ဦးဖြစ်သဖြင့် ဤကဲ့သို့သော အသေးအဖွဲကိစ္စရပ်များကို ဂရုစိုက်လေ့မရှိဘဲ တိုက်ရိုက်ကမ်းပေးခဲ့မိသည်။ သူသည်လည်း အနေရခက်သော အခြေအနေသို့ရောက်သွားပြီး လက်ဖဝါးကိုဆန့်တန်းကာ သူမအား သတိပေးရန်သာ တတ်နိုင်တော့သည်။ သူက တကယ့်ကို လူကြီးလူကောင်း တစ်ယောက်ပင်။ လင်းယွဲ့သည် နို့သကြားလုံး၏အပေါ်ပိုင်းကိုကိုင်ထားပြီး သူ၏လက်ဖဝါးနှင့် မီလီမီတာ အနည်းငယ်အကွာမှ လွှတ်ချလိုက်သည်။
*ဘုတ်*
အသံနှင့်အတူ နို့သကြားလုံးသည် ဝမ်စုန်ရှင်းလက်ထဲသို့ ကျသွားလေသည်။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမရှိခဲ့သော်ငြား လင်းယွဲ့လက်ချောင်းများမှ နွေးထွေးမှုကို သူခံစားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ့လက်ဖဝါးတွင် အနည်းငယ် ယားကျိကျိ ခံစားချက်လေးဖြစ်ပေါ်သွားလေ၏။ နို့သကြားလုံးကို ပါးစပ်ထဲသို့ထည့်လိုက်ချိန်တွင် နို့သကြားလုံး၌ စွဲကပ်နေသော သိမ်မွေ့သည့်ရနံ့လေးကို သူ ရရှိလိုက်သေးသည်။ သူ ကိုက်လိုက်သောအခါ ထိုသိမ်မွေ့သောရနံ့လေးက သူ၏ နှာခေါင်းပေါက်တစ်ဝိုက်တွင် ရစ်သိုင်းနေသည်ဟု သူခံစားလိုက်ရသည်။
"အစ်ကို တူရဲ့လားဟင်"
ဝမ်ယာဝေ့က ဝမ်စုန်ရှင်းအင်္ကျီလက်ကို ဆွဲကာ သူမအကြံကိုလက်ခံလာစေရန် အတင်းအကျပ် လုပ်ဆောင်နေလေသည်။
"အင်း"
ဝမ်စုန်ရှင်းထံမှ အဖြေရသောအခါ ဝမ်ယာဝေ့က ဝမ်းသာအားရအော်ဟစ်လိုက်သည်။
"အော် ဒါနဲ့ လင်းယွဲ့၊ နင့်ကိုမတွေ့ရတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ပိုလှလာရတာလဲ"
အလှအပကို စတင်သတိထားတတ်လာသောအရွယ်ဖြစ်သည့် ဝမ်ယာဝေ့က မေးလိုက်သည်။
"နင် ဘာတွေသုံးထားတာလဲ၊ မြို့တော်က နောက်ဆုံးပေါ်မျက်နှာချယ်မှုန့်တွေများလား"
ဝမ်စုန်ရှင်းသည် ထိုစကားကြောင့် လင်းယွဲ့မျက်နှာဆီသို့ မသိမသာအာရုံစိုက်ကြည့်လိုက်မိပြီး သူအံ့အားသင့်သွားသည်။ သူမ အမှန်တကယ်ပင် ပြောင်းလဲသွားလေပြီ။ သူမသည် ယခင်ကကဲ့သို့ ဖြူရော်၊ မည်းညစ်ပြီး ပိန်ချုံးနေသူမဟုတ်တော့ပေ။ ယခုအခါ သူမအသားအရေမှာ ဖြူဝင်းနေပြီး နှုတ်ခမ်းများမှာ နီသွေးရောင်သန်းနေ၏။ ပို၍အရေးကြီးသည်မှာ အပြုံးများပြည့်နှက်နေပြီး အသက်ဝင်တောက်ပနေသော သူမ၏မျက်ဝန်းများမှာ အလွန်တရာဆွဲဆောင်မှုရှိလှသည်။ သူမကို ကြည့်လိုက်သည်နှင့် မိမိ၏စိတ်အခြေအနေမှာလည်း အလိုအလျောက် တိုးတက်ကောင်းမွန်လာသကဲ့သို့ ခံစားလိုက်ရ၏။ ဝမ်စုန်ရှင်းသည် မိမိအကြည့်များ အချိန်အကြာကြီး ရပ်တန့်နေမိကြောင်း သတိပြုမိသွားပြီး ခေါင်းကိုအမြန်လှည့်လိုက်သည်။
"ကျွန်မ ပြောင်းလဲသွားတာလား"
လင်းယွဲ့က သူမမျက်နှာကို စမ်းကြည့်လိုက်သည်။ သူမအနီးတွင် ကြည့်စရာ မှန်မရှိသလို သူမ၏အလှအပကို ဂရုစိုက်ရန်လည်း အားအင်မရှိပေ။ မည်သို့ပင်ဆိုစေကာ သူမသည် အသက်ရှင်သန်ရေးအတွက် အလုပ်များနေခဲ့သည်ပင်။
"ဒီတလော ကောင်းကောင်းမွန်မွန် စားသောက်ဖြစ်နေလို့နေမှာပါ"
အရင်တုန်းကဆိုလျှင် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ဤနေရာသို့ လူကုန်ကူးခံခဲ့ရပြီး ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရကာ အဝစားရသည်မှာ ရှားပါးလှသည်။ ကုလင်းနှင့် လက်ထပ်ပြီးနောက် ကာလတစ်ခုအထိ ဗိုက်ပြည့်အောင်စားခဲ့ရသည်။ သို့သော် ကုလင်းထွက်သွားပြီးနောက် သုံးရက်လျှင် နှစ်နပ်သာစားရသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ သူမ၏အလှအပကို မေ့ထားလိုက်ပါ။ သူမ အသက်ရှင်သန်နေခြင်းကပင် သူမ၏ပြင်းထန်သောအသက်ရှင်လိုစိတ်ကို သက်သေပြနေခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ကြက်သားများနှင့် ဝက်သားများကို စားရသောကြောင့် သူမခန္ဓာကိုယ်တွင် အဆီဓာတ် အနည်းငယ်တက်လာပြီး သဘာဝအလျောက် ပြောင်းလဲလာခြင်း ဖြစ်သည်။ ဝမ်ယာဝေ့၏ချီးကျူးစကားကိုကြားသောအခါ လင်းယွဲ့ပျော်ရွှင်သွား၏။
"ရှင်တို့ နှစ်ယောက်ထိုင်ကြလေ၊ ကျွန်မ ရှင်တို့အတွက် စားစရာတစ်ခုခု သွားလုပ်ပေးမယ်"
"ခဏနေဦး"
စွန်းမြောင်းယင်၏အစေခံက သူ့ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
"ငါတို့က နင့်ကိုလုပ်ခွင့်ပြုထားလို့လား"
အခြားအစေခံတစ်ဦးကလည်း လင်းယွဲ့အားတားဆီးလိုက်သည်။
"ငါတို့သခင်မကြီး စားလို့ပြီးတဲ့အထိ စောင့်နေစမ်း"