အခန်း ၆၃
Vol. 7 Ch. 63
Ch-63
လင်းယွဲ့သည် ချောင်းထဲသို့ဆင်းသွားပြီး ကျောက်တုံးတစ်တုံးကို လှန်ကာ ၎င်းပေါ်မှ ခရုအချို့ကို ခွာယူပြီး သူမ၏ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။ အချိန်တိုအတွင်းမှာပင် ခြင်းတောင်းမှာ တစ်ဝက်ခန့် ပြည့်သွားလေ၏။
"ဒီမှာက ငါတို့နေတဲ့နေရာထက်စာရင် ခရုတွေ အများကြီးပိုရှိတယ်နော်၊ ပြီးတော့ ဘယ်သူမှလည်း လာမကောက်ကြဘူး"
တာ့ယာက သူမလက်နှစ်ဖက်ဖြင့် အပြည့်ဆုပ်ကိုင်ထားသော ခရုများကို ခြင်းတောင်းထဲသို့ထည့်ရင်း ပြောလိုက်သည်။
"တော်ပြီ တော်ပြီ၊ ကြက်သားပေါင်းအတွက် လုံလောက်ပြီ"
လင်းယွဲ့သည် ကလေးနှစ်ယောက်နှင့်အတူ ပျော်ရွှင်စွာအိမ်ပြန်လာခဲ့ရာ အိမ်ပေါက်ဝတွင် ဒုတိယဒေါ်လေးကုနှင့် ဆုံလေသည်။
"ဒေါ်လေး၊ မနက်ဖြန် လျံဖန်း ဘယ်လောက်မှာမလဲဟင်"
"ဆယ့်ငါးတုံး မဟုတ်ဘူး၊ ဆယ်တုံးပဲ လုပ်ပေးပါ"
ဒေါ်လေးကုက တုံ့ဆိုင်းနေသော အမူအရာဖြင့် ပြောလိုက်သည်။
"မနက်ဖြန် ကုတာ့ဖူမိသားစုက တို့ဟူးလုပ်မှာဆိုတော့ လျံဖန်းရောင်းရတာ ပိုခက်လာနိုင်တယ်"
ဒေါ်လေးကုသည် ယနေ့လျံဖန်းအတုံး နှစ်ဆယ်ကို ယုံကြည်မှုအပြည့်ဖြင့် ယူသွားခဲ့၏။ မနက်ပိုင်းတွင် ကောင်းကောင်းရောင်းရသော်လည်း နေ့လယ်ပိုင်းသို့ ရောက်သောအခါ ရောင်းရပိုပိုခက်လာခဲ့သည်။ သူမနောက်ကွယ်တွင် တီးတိုးပြောဆိုသံများနှင့် ရယ်မောသံများကို ဆက်တိုက် ကြားနေရပြီး ဝယ်ရန်ရည်ရွယ်ထားသူများပင် စကားအနည်းငယ်ကြောင့် နောက်တွန့်သွားကာ ထွက်သွားကြ၏။ သူမ နားမလည်နိုင်ဘဲ သူတို့ ဘာကို ရယ်နေကြသနည်းဟု မေးချင်ခဲ့သည်။ သို့သော် သူတို့က ဘာမှမပြောကြပေ။ ယင်းက သူမကိုကြောက်ရွံ့သွားစေခဲ့၏။
လင်းယွဲ့က ယင်းမှာကောလာဟလများကြောင့်မှန်း သိရှိသည်။ မိသားစုကို ကာကွယ်လိုသော သူမရည်မှန်းချက်က ကောလာဟလများကို ဖြေရှင်းရန် နည်းလမ်းရှာဖွေစေ၏။ သို့သော် ယနေ့ညတွင် ကုတန်၏တန်ပြန်တိုက်ခိုက်မှုကြောင့် လျံဖန်းကောလာဟလမှာ မနက်ဖြန်တွင် ပျံ့နှံ့တော့မည်မဟုတ်ပေ။ ကုမိသားစုတို့ဟူးမှာလည်း ကောင်းကောင်းရောင်းရမည် မဟုတ်ချေ။ လင်းယွဲ့ပြောလိုက်သည်။
"ဒေါ်လေး၊ ကျွန်မ ဒေါ်လေးကို လျံဖန်း ဆယ့်ငါးတုံးပေးလိုက်မယ်၊ အရင်ဆုံး ကြေးပြားဆယ်ပြားပေးထားပါ၊ မနက်ဖြန် ဆယ့်ငါးတုံးလုံးရောင်းကုန်သွားရင် နောက်ထပ်ငါးပြားထပ်ပေးပေါ့၊ အကယ်၍ အကုန်မရောင်းရဘူးဆိုရင် ကျန်တဲ့ လျံဖန်းတွေကို ကျွန်မ ပြန်ယူမယ်လေ၊ ဘယ်လိုလဲ"
"ဘယ်လိုလုပ် အဲဒီလိုဖြစ်နိုင်မှာလဲ၊ အဲဒါက ညည်းအပေါ် အခွင့်အရေးယူသလို ဖြစ်မနေဘူးလား"
"ဘယ်လိုလုပ် အဲဒီလိုဖြစ်ရမှာလဲ၊ အကုန်ရောင်းကုန်သွားရင် ကျွန်မလည်း အပိုငါးပြား ရတယ်မဟုတ်လား”
လင်းယွဲ့ ပြုံးရင်း ပြောလိုက်သည်။
"အဓိကကတော့ ဒီလျံဖန်းကို ကျွန်မ ယုံကြည်တယ်လေ၊ အရည်အသွေးလည်း ကောင်းတယ်၊ ဈေးလည်း သက်သာတယ်၊ စားရတာလည်း လန်းဆန်းတယ်ဆိုတော့ သေချာပေါက် ရောင်းကုန်မှာပါ"
ဤစကားများက ဒေါ်လေးကုအား ယုံကြည်မှုများ ဖြစ်ပေါ်လာစေသည်။ ဟုတ်ပေသည် ဤမျှအရသာရှိသော အရာကို အခြားသူများမဝယ်ဘဲ နေနိုင်မည်ဟု သူမ မယုံကြည်ပေ။ အကယ်၍ ရွာသူရွာသားများ မဝယ်ပါက အခြားရွာများသို့ သွားရောင်းမည်ဖြစ်သည်။
"ညီမလေးရယ်၊ ငါက အသက်ဒီလောက်ကြီးနေပြီတောင် နင့်လောက် သတ္တိမရှိဘူး၊ ကိုယ့်ကိုယ်ကိုယ် တကယ် ရှက်မိပါတယ်"
သူမသည် ကြေးပြားလက်တစ်ဆုပ်ကို လင်းယွဲ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ငါ့ကို လျံဖန်းအတုံးနှစ်ဆယ် ပေးပါ၊ ငါကတော့ မယုံဘူး"
"ကောင်းပြီလေ ဒေါ်လေး၊ ဒီလို စိတ်ဓာတ်မျိုးနဲ့ဆိုရင် ဒေါ်လေးဘာလုပ်လုပ် အောင်မြင်မှာပါ"
ဒေါ်လေးကု ထွက်သွားပြီးနောက် လင်းယွဲ့သည် ခရုနှင့် ကြက်သားပေါင်းကို စတင်ချက်ပြုတ်လေ၏။ ပြည့်ဝပြီး စပ်ရှိန်းရှိန်းအရသာရှိသောခရုနှင့် ကြက်သားပေါင်းမှာ အလွန်တရာ အရသာရှိလှပေသည်။ ခရုများတွင် ကြက်သားအရသာ ဝင်နေပြီး ကြက်သားတွင်လည်း ခရု၏ ထူးခြားသော အရသာဝင်နေ၏။
လင်းယွဲ့သည် ဝါးချွန်လေးကို အသုံးပြု၍ ခရုအခွံကိုဆွကာ အထဲမှ အသားကို စုပ်ယူလိုက်ပြီး ညင်သာစွာ ကိုက်ဖြတ်လိုက်သည်။ ခရုအသားမှာ မာကျောပြီး ဝါးလို့ကောင်းကာ စပ်ရှိန်းရှိန်းဟင်းရည်များနှင့်အတူ ပါးစပ်ထဲသို့ ဝင်ရောက်လာသဖြင့် အလွန်စားမြိန်လှပေသည်။
"ယောင်းမ ခရုက ဒီလောက်အရသာရှိမယ်လို့ မထင်ထားဘူး"
တာ့ယာက ခရုတစ်ကောင်ကိုစုပ်စားလိုက်ပြီး အပူများကို မှုတ်ထုတ်လိုက်သည်။
"သိပ်လတ်ဆတ်တာပဲ"
ကုတန် ခေါင်းကို အဆက်မပြတ် ညိတ်ပြသည်။
"ဒီဟင်းကို ရောင်းလို့ရတယ်နော်၊ သေချာပေါက် အများကြီးရောင်းရမှာပဲ၊ မရီး မနက်ဖြန် အလုပ်သမားတွေကို အရင်မြည်းကြည့်ခိုင်းလိုက်လေ၊ သူတို့အားလုံးကကောင်းတယ်လို့ ပြောရင် နောက်ကျရင် ဟင်းတစ်ခွက်အနေနဲ့ ရောင်းလို့ရတယ်၊ ကျွန်တော် ကျောင်းကပြန်လာရင် တာ့ယာနဲ့ အတူတူခရုသွားကောက်မယ်လေ"
"ဒီဟင်းက စားရတာသိပ်အလုပ်ရှုပ်တယ်၊ အလုပ်သမားတွေကို ကျွေးလိုက်ရင် သူတို့ နေ့လယ်ပိုင်းအလုပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး"
လင်းယွဲ့ ဆက်ပြောလိုက်သည်။
"ကုတန်လည်း လက်ဖက်ရည်ဆိုင်အတွက် စဉ်းစားပေးလာပြီပဲ၊ ကောင်းပါတယ်၊ ဒါပေမဲ့ လက်ဖက်ရည်ဆိုင်ဆိုတာ ရိုးရိုးရှင်းရှင်းအရာတွေကိုပဲ ရောင်းသင့်တယ်လေ၊ ဒီလိုဟင်းမျိုးတွေကို နောက်ကျမှ စားသောက်ဆိုင်ဖွင့်ရင် ရောင်းကြတာပေါ့"
"စားသောက်ဆိုင်လား"
ကုတန်မျက်လုံးများ ပြူးကျယ်သွားသည်။
"မရီးက နောက်ကျရင် စားသောက်ဆိုင် ဖွင့်ဖို့ အစီအစဉ်ရှိတာလားဟင်"
"ဒါပေါ့"
လင်းယွဲ့ ပြောလိုက်သည်။
"အိပ်မက်ရှိမှ တက်ကြွမှုဆိုတာရှိလာမှာလေ၊ ကုတန်ဆိုရင်လည်း နောက်ကျရင် အရာရှိကြီးဖြစ်ချင်တဲ့ အိပ်မက်တွေတောင် ရှိနိုင်တာပဲ၊ အဲဒီကျရင် မရီးကို စောင့်ရှောက်ပေးပေါ့"
"အရာရှိကြီးလား"
ကုတန် တီးတိုးရေရွတ်လိုက်သည်။
"အဖွားလီရဲ့ မိသားစုက ကျူးရန်လိုမျိုးလား၊ သူတို့မိသားစုက အခွန်တောင် ဆောင်စရာမလိုဘူးလို့ ကြားတယ်၊ ပြီးတော့ သူတို့ဘဝက သိပ်ကိုလွတ်လပ်တာပဲတဲ့"
"ယောင်းမ ကျွန်မရဲ့အိပ်မက်က ဘာလဲ"
တာ့ယာက လင်းယွဲ့အား မျှော်လင့်ချက် ကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။
"တာ့ယာရဲ့အိပ်မက်လား၊ တာ့ယာ ဘာလုပ်ရတာကြိုက်လဲ၊ အဲဒီကြိုက်တဲ့ အရာရဲ့ အမြင့်ဆုံးအဆင့်ကို အိပ်မက်အဖြစ် သတ်မှတ်လို့ ရတာပေါ့"
"ကျွန်မက ယောင်းမကိုကြိုက်တယ်"
တာ့ယာ တွေးတောလိုက်သည်။
"ကျွန်မက ယောင်းမကို ဇနီးအဖြစ် လက်ထပ်ချင်တယ်"
"အရူးမ"
ကုတန် မျက်လုံးလှန်ကြည့်လိုက်သည်။
"အစ်ကိုကမှ အရူး"
လင်းယွဲ့သည် မနက်ဖြန်အလုပ်သမားများအတွက် ဘာချက်ရမည်ကို တွေးတောနေစဉ် ခြောက်နာရီကြာသော် ပစ္စည်းပြန်လည်ပြည့်ချိန်သို့ ရောက်ရှိလာသည်။ သူမသည် ရေခဲသေတ္တာထဲမှ ဖွင့်ထားသောပစ္စည်းများကို နေရာလွတ်သို့ အမြန်ရွှေ့ပြောင်းလိုက်သည်။ သို့သော် သူမသည် ဝက်ခြေထောက်တစ်ချောင်းကို ထုတ်ယူလိုက်စဉ် အခြားဝက်ခြေထောက်တစ်ချောင်း လင်းလက်လာသည်ကို မြင်လိုက်ရ၏။
“ဟင်”
လင်းယွဲ့ အနည်းငယ်သံသယဝင်သွားသည်။ သူမသည် စမ်းသပ်သည့်အနေဖြင့် ထုတ်ယူကြည့်ရာ အမှန်တကယ်ပင် နောက်ထပ်ဝက်ခြေထောက်တစ်ချောင်းကို ထုတ်ယူနိုင်ခဲ့သည်။ ထို့ပြင် အောက်ဘက်ရှိ ရေတွက်ချိန်မှာ ၃ နာရီသို့ ပြောင်းလဲသွားသည်ကိုလည်း သူမတွေ့လိုက်ရ၏။ လင်းယွဲ့မှာ သိပ်မယုံကြည်နိုင်သေးပေ။ သူမသည် ကြက်ဥတစ်ဗန်းကို ထုတ်ယူလိုက်ပြီးနောက် နောက်ထပ်တစ်ဗန်းကို ထပ်ထုတ်လိုက်သည်။ ကြက်ဥများအတွက် ပြသထားသော ပြန်လည်ပြည့်ချိန်မှာလည်း ၃ နာရီသို့ ပြောင်းလဲသွားလေသည်။
ရေခဲသေတ္တာ အဆင့်တက်သွားပြီပဲ။
ပြန်လည်ပြည့်ဖြိုးချိန် ထက်ဝက် လျော့နည်းသွားရုံသာမက ကြိုတင် သိမ်းဆည်းထားနိုင်စွမ်းလည်းရှိလာလေပြီ။ ကြိုတင် သိမ်းဆည်းထားနိုင်သဖြင့် ပစ္စည်းများ ထုတ်ယူရန်အတွက် အချိန်ကို အမြဲတမ်းစောင့်ကြည့်နေရန် မလိုအပ်တော့ပေ။
‘ဘာလို့ ရုတ်တရက် အဆင့်တက်သွားတာလဲ’
လင်းယွဲ့ရင်ဘတ်ကို စမ်းကြည့်လိုက်ရာ ရင်ဘတ်ထဲတွင် ဘာမျှမရှိတော့ပေ။ အမှန်တကယ်ပင် ရွှေဆံထိုးလေး ပျောက်သွားလေရာ လင်းယွဲ့ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူမသည် ရွှေဆံထိုးလေးကို သေချာပင်မကြည့်ရသေးသလို စမ်းသပ်ဝတ်ဆင်ကြည့်ခြင်းလည်းမရှိသေးပေ။ ဘာကြောင့် ယင်းကို အဆင့်တက်ရန် ယူသွားရသနည်း။ ဤရေခဲသေတ္တာမှာ အလွန်ပါးနပ်လှပေသည်။ အိမ်ဆောက်ရန် လိုအပ်သော ငွေများကိုမယူဘဲ သူမ မလိုအပ်သော ရွှေဆံထိုးကိုသာ ယူသွားလေသည်။ သူမအတွေးများကို သိရှိနေသည်လား။
သို့သော်
‘ထားလိုက်ပါတော့’
အဆင့်တက်သွားသော ရေခဲသေတ္တာမှာ များစွာအဆင်ပြေပြီး ရွှေဆံထိုးတစ်ခုထက် သေချာပေါက် ပိုတန်ဖိုးရှိလှပေသည်။ လင်းယွဲ့ ခဏမျှ စဉ်းစားပြီးနောက် တဆေးကို ဖွင့်ယူလိုက်သည်။ မနက်ဖြန်ညတွင် ကောက်ညှင်းအနည်းငယ်ဝယ်ပြီး အချဉ်ဖောက်ထားသော ကောက်ညှင်းကို အရင်စမ်းလုပ်ကြည့်ရန် သူမ စီစဉ်လိုက်၏။ ပူအိုက်သဖြင့် အချဉ်ဖောက်ထားသော ကောက်ညှင်းမှာ နှစ်ရက် သို့မဟုတ် သုံးရက်ခန့်အတွင်း အဆင်သင့်ဖြစ်သွားနိုင်ပေသည်။ ထိုအခါမှ လက်ဖက်ရည်ဆိုင်သို့ယူသွားပြီး စမ်းသပ်ရောင်းချကြည့်မည် ဖြစ်သည်။ အချိုရည်များကို တစ်မျိုးပြီး တစ်မျိုး ထည့်သွင်းရောင်းချနိုင်၏။
တစ်ပြိုင်နက်တည်း အများကြီး စဉ်းစားရန် မလိုအပ်ပေ။ ထိုသို့မဟုတ်ပါက အမျိုးအစားများလွန်းလျှင် ပြုလုပ်ရာတွင် ပင်ပန်းရုံသာမက ဈေးသို့ ယူသွားသောအခါ ရောင်းမကောင်းရုံသာမက မှတ်မိရန်လည်း ခက်ခဲနိုင်ပေသည်။ ချန်းမိသားစု အချိုပွဲဆိုင်ကဲ့သို့ပင်၊ ပဲနီလေးဆီသတ် တစ်မျိုးတည်းရှိသော်လည်း အလွန်ရောင်းကောင်းနေဆဲ ဖြစ်သည်။ ဆုံးဖြတ်ချက်ချပြီးနောက် လင်းယွဲ့သည် တောဝက်ထောင်ချောက်ကို တံခါးဝသို့ရွှေ့လိုက်ပြီး ဖယောင်းတိုင်ကိုမှုတ်ကာ အိပ်ရာဝင်လေသည်။
"ယောင်းမ ကျွန်မအိပ်မပျော်ဘူး၊ အရင်တစ်ခေါက်က ယောင်းမပြောပြတဲ့ မျောက်အကြောင်းပုံပြင်ကို ဆက်နားထောင်ချင်သေးတယ်"
"အဲဒါက အနောက်ဘက်သို့ ခရီးသွားခြင်းလို့ခေါ်တယ်"
ကုတန် ပြောလိုက်သည်။
"မရီး အရင်တစ်ခေါက်က စွန်းဝူခုန်း တပည့်ခံပြီး သိုင်းပညာတွေသင်ယူခဲ့တယ်၊ ပြီးတော့ ကောင်းကင်ဘုံကို မြင်းထိန်းလုပ်ဖို့ လှည့်စားခံခဲ့ရတယ်လို့ ပြောတယ်လေ၊ ပြီးတော့ ဘာဆက်ဖြစ်လဲဟင်၊ မျောက်မင်းကြီး သိသွားလား"
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ဆက်ပြောပြမယ်နော်"
လင်းယွဲ့က တိုးညှင်းစွာပြောရင်း သူတို့ကျောကို ပွတ်သပ်ပေးလိုက်သည်။
"အဲဒီတော့ မျောက်ကြီးက မြင်းတွေ သွားကျောင်းတာပေါ့ "
အစပိုင်းတွင် သူတို့သည် ပုံပြင်ထဲတွင် နစ်မြောနေခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူတို့အသက်ရှူသံများငြိမ်လာလေသည်။ လင်းယွဲ့ စကားပြောရပ်လိုက်ပြီး သူမကိုယ်တိုင်လည်း တဖြည်းဖြည်း အိပ်ပျော်သွားလေသည်။ အချိန်မည်မျှ ကြာသွားသည်မသိ ရုတ်တရက် စူးရှရှအော်ဟစ်သံတစ်ခုကို သူမကြားလိုက်ရ၏။
"အား အား အား အား"
ဆက်တိုက်ထွက်ပေါ်လာသော အော်ဟစ်သံများကြောင့် သူမနှင့် ကလေးများနိုးသွားကြသည်
"ဘယ်သူလဲ"
လင်းယွဲ့သည် သူမခေါင်းအုံးအောက်မှ ဓားထက်ထက်တစ်ချောင်းကို ဆွဲထုတ်ကာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ဤလောကသို့ရောက်ရှိလာစဉ်၌ တာ့ဟွမ်ယာ၏တိုက်ခိုက်ခြင်းကိုခံရပြီးကတည်းက ဤအကြောက်တရားမှာ လင်းယွဲ့နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။ သူမသည် ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်သော စိတ်ဝေဒနာရှင်တစ်ဦးကဲ့သို့ဖြစ်နေပြီး နေရာတိုင်းတွင် ဘေးကင်းလုံခြုံရေး ပစ္စည်းများကို ထားရှိထားလေ၏။
အသက်အန္တရာယ်ကို ကာကွယ်လိုသော သူမရည်မှန်းချက်က အမြဲတမ်းသတိဝီရိယရှိစေသည်။ သူမမျက်လုံးများ မှောင်မိုက်မှုနှင့် တဖြည်းဖြည်း အသားကျလာသောအခါ လင်းယွဲ့သည် မြေပြင်ပေါ်တွင် ရုန်းကန်နေသော အမည်းရောင်ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။ သူ့အော်ဟစ်သံများမှာ အလွန်တရာစူးရှနေပြီး တောဝက်ထောင်ချောက်တွင် မိနေကြောင်း ထင်ရှားပေသည်။
ကုတန်သည် ကုတင်ဘေးရှိ ဖယောင်းတိုင်ကို အမြန်စမ်းသပ်ရှာဖွေလိုက်ပြီး မီးမွှေးရန်အတွက် မီးစာကို မှုတ်လိုက်သည်။ မှိန်ပျပျအလင်းရောင်အောက်တွင် လင်းယွဲ့သည် ကျောက်ပေါက်ခွက်များဖြင့် မျက်နှာတစ်ခုကိုမြင်တွေ့လိုက်ရသည်၊ ယင်းမှာ ပိန်ပိန်ပါးပါး အမျိုးသားငယ်တစ်ဦး ဖြစ်သည်။
"ငါ့ကို မြန်မြန်ဖြုတ်ပေးစမ်း၊ ငါ့ကို မြန်မြန် ဖြုတ်ပေးစမ်း၊ အရမ်း နာနေပြီကွ"
သူ့လေသံမှာ မောက်မာနေသည်။
"မင်းတို့ သေချင်နေတာလား၊ ငါ့ယောက်ဖက ဘယ်သူလဲဆိုတာသိလား"