အခန်း ၆၄
Vol. 7 Ch. 64
Ch-64
"အား အား အား အား"
သူ၏နှလုံးကွဲလုမတတ် အော်ဟစ်သံများက အိမ်ထဲတွင်ပဲ့တင်ထပ်သွားလေသည်။
"နင် ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ နင် ငါ့အိမ်ထဲကို ကျူးကျော်ဝင်လာတာပဲ၊ နင့်ကို ငါသတ်ပစ်လို့ရတယ်"
လင်းယွဲ့သည် မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်တွင် ဖယောင်းတိုင်နှင့် အခြားလက်တစ်ဖက်တွင် သစ်သားတုတ်ကိုကိုင်ထားပြီး ထိုအမျိုးသားထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ကလေးနှစ်ယောက်သည် သူမအင်္ကျီလက်ကို တစ်ဖက်စီဆွဲထားကြပြီး ခြေလှမ်းများ မရဲတရဲရွေ့လျားနေကြသည်။
"သွေးတွေ၊ ယောင်းမသွေးတွေ"
တာ့ယာ အော်ပြောလိုက်သည်။ လင်းယွဲ့က ခြေလှမ်းကိုကြွလိုက်သောအခါ သူမခြေအောက်တွင် စေးကပ်ကပ်ခံစားချက်ကို ရရှိလိုက်သည်။ အမျိုးသား၏ခြေထောက်မှ သွေးများ ယိုထွက်နေပြီး ကြမ်းပြင်တစ်ခုလုံးတွင် စီးကျနေ၏။ ထိုအမျိုးသားသည် အဆက်မပြတ်ညည်းတွားနေလေသည်။
"ပြောစမ်း၊ ဘာလို့ ငါ့အိမ်ထဲကို ကျူးကျော်ဝင်လာတာလဲ"
ထိုအမျိုးသားက သူမကို စူးရဲစွာစိုက်ကြည့်နေပြီး ပြန်မဖြေသည်ကိုမြင်သောအခါ လင်းယွဲ့သည် သတ္တိမွေးကာ သစ်သားတုတ်ဖြင့် တောဝက်ထောင်ချောက်ကို အားကုန်လွှဲရိုက်လိုက်လေသည်။
"အား အား အား"
ထိုအမျိုးသား၏ဟိန်းဟောက်သံမှာ ဝက်ကို သတ်နေသကဲ့သို့ဖြစ်ပြီး အဆက်မပြတ် ညည်းတွားနေလေသည်။
"ကျက်သရေမရှိတဲ့ကောင် ကုန်းဇီ မင်း အဖေ့ကိုလာမကယ်တော့ဘူးလား"
ထိုအမျိုးသားက ခေါင်းလှည့်ကာ တံခါးဘက်သို့ အော်ပြောလိုက်သည်။
“နောက်ထပ် လူတစ်ယောက်ရှိနေသေးတယ်လား”
လင်းယွဲ့ ချက်ချင်းသတိဝင်သွားပြီး ကလေးနှစ်ယောက်ကို သူမနောက်သို့ ဆွဲယူကာ ဖယောင်းတိုင်မီးကို မြှောက်၍ တံခါးဘက်သို့စိုက်ကြည့်နေလိုက်သည်။
"ကုန်းဇီ"
ထိုအမျိုးသားက ညည်းတွားလိုက်သည်။
"မင်းယောက်ဖကို ငါသွားခေါ်လိုက်မယ်"
အသံတစ်သံက တံခါးအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဘာသွားခေါ်မှာလဲ"
ထိုအမျိုးသားက ဟိန်းဟောက်လိုက်ရာ သူ့လည်ပင်းမှ သွေးကြောများပင် ထောင်ထွက်လာသည်။
"ငါ့ကို ကယ်လေ၊ သမားတော်သွားခေါ်လိုက်၊ ဒီမိန်းမ ဘာမှမလုပ်ရဲပါဘူး"
သူ စကားမဆုံးမီမှာပင် လင်းယွဲ့သည် သူ့ပါးစပ်ကို ပိတ်သွားစေရန် တောဝက်ထောင်ချောက်ကို ထပ်မံအားကုန်လွှဲရိုက်လိုက်ပြန်သည်။
"အား အား အား"
စူးရှသော အော်ဟစ်သံထွက်ပေါ်လာပြီးနောက် ထိုအမျိုးသားမှာ တိတ်ဆိတ်သွားလေသည်။ လင်းယွဲ့သည် အပြင်သို့ထွက်သွားပါက သူမ မနိုင်မည်ကို စိုးရိမ်သဖြင့် အိမ်ထဲတွင်သာနေရန် ဆုံးဖြတ်လိုက်သည်။
"မင်း ဘယ်သူလဲ"
အမျိုးသားတစ်ဦး၏ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ချုံပုတ်များကြားမှ တရှပ်ရှပ်အသံများ အိမ်အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဒေါက် ဒေါက် ဒေါက်”
"ညီမလေး ငါ ဝမ်တာ့ကျန်းပါ ဘာဖြစ်လို့လဲ၊ ငါ အော်သံအကျယ်ကြီး ကြားလိုက်ရလို့"
ဝမ်တာ့ကျန်းအသံမှာ ရိုးရှင်းပြီးဩဇာပါသဖြင့် လင်းယွဲ့ရင်တွင်း၌ အနည်းငယ် စိတ်အေးသွားစေသည်။ သူမသည် ကလေးနှစ်ယောက်ကို ပွတ်သပ်နှစ်သိမ့်ပေးလိုက်ပြီးနောက် တံခါးသွားဖွင့်လေ၏။ တံခါးအပြင်ဘက်တွင် ဝမ်တာ့ကျန်းက မီးတုတ်တစ်ချောင်းကို ကိုင်ထားပြီး အဝေးရှိ သူ့အိမ်တွင်လည်း မီးလင်းနေသည်။ လင်းယွဲ့၏စိတ်နှလုံး နောက်ဆုံးတွင် တည်ငြိမ်သွားရသည်။
"လူတစ်ယောက် ကျွန်မအိမ်ထဲကို ကျူးကျော်ဝင်လာပြီး ကျွန်မ ထောင်ထားတဲ့ တောဝက်ထောင်ချောက်မိပြီး သတိလစ်သွားတယ်၊ သူတို့ တစ်ခုခုခိုးချင်လို့လား၊ ဒါမှမဟုတ် ဘာလုပ်ချင်တာလဲဆိုတာ ကျွန်မ မသိဘူး"
ဝမ်တာ့ကျန်း အိမ်ထဲသို့ဝင်လာရာ မီးတုတ်ကြောင့် အခန်းတစ်ခုလုံး ချက်ချင်းလင်းထိန်သွားပြီး လင်းယွဲ့အနေဖြင့် မြေပြင်ပေါ်ရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ ထိုအမျိုးသား၏ ညာဘက်ခြေထောက်မှာ တောဝက်ထောင်ချောက်တွင် ညပ်နေပြီး သွေးများကကြမ်းပြင်တစ်ခုလုံးတွင် စီးကျနေသည်။ သူ့မျက်နှာမှာ ဖြူရော်နေပြီး သွေးထွက်လွန်ခြင်းကြောင့်ဖြစ်ကြောင်း ထင်ရှားနေသည်။
"စွန်းကျန်းလား"
ဝမ်တာ့ကျန်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒါကြောင့်ကိုး"
"သူက ဘယ်သူလဲ"
"သူ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ သူ့မှာ အစ်မလှလှတစ်ယောက်ရှိနေတယ်လေ၊ ခရိုင်က စစ်ဆေးရေးအရာရှိကျိုးနဲ့ လက်ထပ်ထားတာ၊ စွန်းကျန်းက ကျောထောက်နောက်ခံရသွားကတည်းက လောင်းကစားလုပ်တာ၊ ပြည့်တန်ဆာအိမ်သွားတာ၊ ကြက်ခိုးခွေးခိုးတာ၊ မကောင်းတာမှန်သမျှ အကုန်လုပ်တော့တာပဲ"
"စစ်ဆေးရေးအရာရှိလား"
"ဟုတ်တယ်"
ဝမ်တာ့ကျန်း ပြန်ဖြေလိုက်သည်။
"စစ်ဆေးရေးအရာရှိဆိုတာ သိပ်ပြီး အရှိန်အဝါကြီးမားတာတော့မဟုတ်ဘူး၊ ဒါပေမဲ့ အဲ့ဒီအရာရှိရဲ့ဝမ်းကွဲအစ်ကိုက ခရိုင်လက်ထောက်တရားသူကြီးလေ"
လင်းယွဲ့ အသက်ရှူမှားသွားရသည်။ ခရိုင်လက်ထောက်တရားသူကြီးဆိုသည်မှာ ခရိုင်တစ်ခု၏ဒုတိယ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပြီး များသောအားဖြင့် ဒေသခံများဖြစ်ကြသည်။ ဆိုလိုသည်မှာ သူ့အာဏာတည်ဆောက်ပုံ ကောင်းမွန်ပါက မြို့တော်မှ လာသော ခရိုင်တရားသူကြီးထက်ပင် အာဏာပိုရှိနိုင်ကြောင်းညွှန်ပြနေသည်။
"ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"
ဝမ်တာ့ကျန်း ခဏမျှတွေးတောလိုက်ပြီးနောက် ကလေးနှစ်ယောက်ကိုမြင်သွားကာ လင်းယွဲ့အားပြောလိုက်သည်။
"ကလေးနှစ်ယောက် အရမ်းထိတ်လန့်တာမျိုးမဖြစ်အောင် သူတို့ကို ငါ့အိမ်ဆီအရင်လွှတ်လိုက်"
"ခဏလေး"
လင်းယွဲ့သည် ယခင်တစ်ကြိမ်က ဝမ်စုန်ရှင်းပေးခဲ့သော ကျောက်စိမ်းဆွဲပြားကို သူမရင်ဘတ်ထဲမှ ထုတ်ယူလိုက်သည်။ သူမက ထိုဆွဲပြားကို ကုတန်အား ပေးလိုက်သည်။
"ကုတန် မြေပိုင်ရှင်ဝမ်ရဲ့အိမ် ဘယ်မှာလဲဆိုတာ မင်းသိလား၊ မင်း ဒီကျောက်စိမ်းဆွဲပြားကိုယူပြီး ဟိုတစ်ခေါက်က အစ်ကိုကြီးကို သွားရှာပေးလို့ ရမလား"
"မြေပိုင်ရှင်ဝမ်၊ မြေပိုင်ရှင်ဝမ်"
ကုတန်မှာ အကြောက်လွန်ကာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေသည်။ အကြိမ်အနည်းငယ် ရေရွတ်ပြီးနောက် သူပြောလိုက်သည်။
"မြေပိုင်ရှင်ဝမ်ရဲ့အိမ်က နင်ယွဲ့မြို့မှာလေ"
"ဟုတ်တယ်၊ နင်ယွဲ့မြို့မှာ"
လင်းယွဲ့ထပ်ပြောလိုက်ရာ သူမနှလုံးသားမှာ လေးလံသွားသည်။
‘ဒီလောက်ခရီးဝေးကို ကလေးတစ်ယောက်ဆီ တာဝန်ပေးလိုက်တာ တကယ်ပဲ အလုပ်ဖြစ်ပါ့မလား’
ထို့ပြင် ယခင်တစ်ကြိမ်က ကျူတောကို ဖြတ်သန်းသွားစဉ် အစ်ကိုတာ့ကျန်းက ထိုနေရာတွင် ဓားပြများပေါများကြောင်းပြောခဲ့သည်ကို သူမကြားခဲ့ရသေးသည်။
"နင်က မြေပိုင်ရှင်ဝမ်ကို အကူအညီ တောင်းချင်လို့လား”
ဝမ်တာ့ကျန်း ဝင်ပြောလိုက်သည်။
"အလုပ်ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ကုတန်က ငယ်လွန်းသေးတယ်လေ "
"ဦးလေးနဲ့ မရီး ကျွန်တော်လုပ်နိုင်ပါတယ်"
ကုတန်သည် အခြေအနေကိုနားလည်သွားသည်။ သူ ကျောင်းသွားစဉ်က သူငယ်ချင်းများနှင့် စကားပြောဆိုရင်း ခရိုင်လက်ထောက်တရားသူကြီးဆိုသည်မှာ မည်မျှအရှိန်အဝါကြီးမားကြောင်း သူသိရှိခဲ့ရ၏။ မိသားစုကို ကာကွယ်လိုသော သူ့ရည်မှန်းချက်က ဤဘေးအန္တရာယ်ကို ကူညီဖြေရှင်းရန် တွန်းအားပေးလိုက်သည်။
"ခဏစောင့်၊ ငါတို့ နောက်မှဆုံးဖြတ်မယ်၊ ငါ မင်းမရီးနဲ့ အရင်စကားပြောစရာရှိသေးတယ်"
ဝမ်တာ့ကျန်းသည် အသံများအပြင်သို့ မထွက်စေရန် တံခါးကိုပိတ်လိုက်ပြီး ပြောသည်။
"ညီမလေး"
"ဘာဖြစ်လို့လဲ"
ဝမ်တာ့ကျန်းသည် သူစဉ်းစားထားသောနည်းလမ်းကို ကလေးများမကြားသင့်သောကြောင့် ကလေးများကို သူ့အိမ်သို့ သွားစေချင်ခဲ့ခြင်းဖြစ်သည်။ သူက တံခါးအပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"တခြားနည်းလမ်းကတော့ ငါတို့ သူ့ကို တိုက်ရိုက်သတ်ပစ်လိုက်လို့ရတယ်"
လင်းယွဲ့သည် ခေါင်းငုံ့ကာတွေးတောလိုက်သည်။
"ခုနက ကျွန်မလည်း အဲဒီလိုစဉ်းစားမိသေးတယ်၊ ဒါပေမဲ့ အဆင်မပြေလောက်ဘူးလို့ထင်တယ်၊ သူ့မှာ ကြံရာပါတွေရှိတယ်လေ၊ ပြီးတော့ သူ့ယောက်ဖကို သွားခေါ်မယ်လို့ပြောတယ်"
"ခုန အပြင်က ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ကောင်တော့မဖြစ်နိုင်ဘူး မဟုတ်လား"
ဝမ်တာ့ကျန်း နောင်တရစွာဖြင့်ပြောလိုက်သည်။
"ငါသာကြိုသိခဲ့ရင် သူ့ကိုပါဖမ်းပြီး နှစ်ယောက်စလုံးကို သတ်ပစ်ခဲ့မှာ"
"ဒါပေမဲ့ "
လင်းယွဲ့မှာ တုံ့ဆိုင်းသွားပြီး သူမသည်လည်း သူ့ကိုသတ်ပစ်ချင်နေမိသည်။ သူမက ဝမ်တာ့ကျန်းကိုပြောနေခြင်းလား သူမကိုယ်သူမ နှစ်သိမ့်နေခြင်းလားဆိုသည်ကို သူမကိုယ်တိုင်ပင်မသိပေ။
"သူ တကယ်ပဲ သူ့ယောက်ဖကိုသွားခေါ်တာ မဟုတ်လောက်ပါဘူး၊ သူတို့ ဆက်ဆံရေးမကောင်းဘူးဆိုတာ ကျွန်မ သတိထားမိတယ်၊ ပြီးတော့ စစ်ဆေးရေးအရာရှိက ရှီထိုင်ခရိုင်မှာမဟုတ်ဘူးလား၊ သူ အိမ်မှာမရှိလောက်ဘူး"
ဝမ်တာ့ကျန်း သက်ပြင်းချလိုက်သည်။
"စစ်ဆေးရေးအရာရှိက လွန်ခဲ့တဲ့ရက်အနည်းငယ်က ခွင့်ယူထားတာလေ၊ ပြီးတော့ ဖျင်ဆန်းရွာမှာရောက်နေတာ"
လင်းယွဲ့အတွေးများ ကြေမွသွားပြီး သူမနှလုံးသားမှာ လေထဲတွင်လွင့်မျောသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါဆိုရင် "
"ငါတို့ရွာသူကြီးဆီ သွားရှာကြမယ်၊ အလင်းရောင်အောက်မှာဆိုရင် သူကစစ်ဆေးရေးအရာရှိဖြစ်နေရင်တောင်မှ ဘာလှည့်ကွက်မှမသုံးရဲပါဘူး"
ဝမ်တာ့ကျန်း ဆက်ပြောလိုက်သည်။
"အကယ်၍ စစ်ဆေးရေးအရာရှိက မင်းအိမ်ကိုလာပြီး စွန်းကျန်း အခုလိုဖြစ်နေတာမြင်သွားရင် သူက တရားဝင် တာဝန်အရလုပ်တာပါဆိုပြီး ငါတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လောက်တယ်"
ဤဖြစ်နိုင်ချေကို တွေးမိသောအခါ လင်းယွဲ့ ပြောလိုက်သည်။
"ဒါဆို ကျွန်မတို့ သူ့ကိုရွာသူကြီးအိမ်ဆီ အရင်ဆွဲသွားကြမယ်၊ ပြီးရင် ရွာတစ်ရွာလုံးနိုးသွားအောင် မောင်းတွေတီးပြီး သူ တစ်ခုခုလာခိုးတယ်လို့ ပြောကြမယ်"
"ကောင်းပြီ"
လင်းယွဲ့လည်း ခေါင်းညိတ်လိုက်သည်။
"အချိန်ဆွဲနေလို့ မဖြစ်ဘူး၊ အခုပဲသွားကြရအောင်"
ဝမ်တာ့ကျန်းသည် စွန်းကျန်းအား တစ်ချက်တည်း ပွေ့ချီလိုက်သည်။ တောဝက်ထောင်ချောက်မှာ အလွန် လေးလံသော်လည်း ကံကောင်းထောက်မစွာဖြင့် စွန်းကျန်းမှာ လူကောင်သေးသဖြင့် အဆင်ပြေသွားလေသည်။ ထင်းခုတ်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော ဝမ်တာ့ကျန်းအတွက် သူ့ကိုသယ်ဆောင်ရန် ပြဿနာမရှိပေ။ သို့သော် တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကုတန်နှင့် တာ့ယာတို့ပျောက်နေသည်ကို တွေ့လိုက်ရသည်။
"သူတို့ ဘယ်ရောက်သွားတာလဲ"
လင်းယွဲ့ ပို၍ပင်စိုးရိမ်သွားရသည်။
"သူတို့ အစ်ကိုတို့အိမ်ဆီသွားတာများလား၊ ကျွန်မ သွားကြည့်လိုက်ဦးမယ်"
လင်းယွဲ့ ဝမ်တာ့ကျန်းအိမ်သို့ ပြေးသွားသောအခါ တာ့ယာတစ်ယောက်တည်းကိုသာ တွေ့ရသည်။
"ကုတန်ရော"
"အစ်ကိုက မြေပိုင်ရှင်ဝမ်ကိုသွားရှာမယ်လို့ ပြောတယ်"
"ဟမ်"
လင်းယွဲ့ပြာယာခတ်သွားသည်။ ယခု သူမစိတ်များ တွေးတောနိုင်စွမ်းရှိလာသောအခါ သူမ၏ခုနကအကြံအစည်မှာ အလွန်တရာယုတ္တိမတန်ကြောင်း ခံစားလိုက်ရ၏။ ဤမျှမှောင်မိုက်နေသောညဉ့်ယံတွင် ကလေးငယ်လေး တစ်ယောက်တည်းဖြင့် ဤမျှရှည်လျားသောခရီးတစ်လျှောက် ဝမ်စုန်ရှင်းအား သွားရှာရန် သူမမည်သို့ ခွင့်ပြုရက်မည်နည်း။
"အစ်ကိုက ကျိုးလိုင်ထုန်ရဲ့သားလည်း ကျောင်းတက်တယ်လို့ပြောတယ်၊ သူ့သူငယ်ချင်းပဲတဲ့၊ ကျိူးလိုင်ထုန်ရဲ့ မိသားစုမှာ နွားလှည်းရှိပြီးတော့ နင်ယွဲ့မြို့ကို တို့ဟူးသွားရောင်းတယ်၊ အစ်ကိုက သူ့ကိုနင်ယွဲ့မြို့လိုက်ပို့ပေးဖို့ အကူအညီသွားတောင်းမယ်တဲ့၊ ယောင်းမ အစ်ကို လုပ်နိုင်မှာပါ"
တာ့ယာက လင်းယွဲ့၏စိုးရိမ်ပူပန်နေမှုကို မြင်သောအခါ အမြန်နှစ်သိမ့်ပေးလိုက်သည်။
"အစ်ကိုက အစ်ကိုကြီးနဲ့အတူ တောင်ပေါ်ကိုလည်း သွားဖူးတယ်၊ ပြီးတော့ တခြားနေရာတွေကိုလည်း အကုန်သွားရောင်းဖူးတယ်၊ သူက သိပ်ပါးနပ်တာ"
"တာ့ယာရယ်"
လင်းယွဲ့က တာ့ယာကိုတင်းကျပ်စွာ ဖက်ထားလိုက်ရာ နွေးထွေးသော ခန္ဓာကိုယ်အပူချိန်က သူမကို အနည်းငယ် စိတ်သက်သာရာရစေခဲ့သည်။ သို့သော် အရာအားလုံးမှာ အစသာရှိသေးသည်။ လင်းယွဲ့သည် ရွာသူကြီးမှ ပြဿနာတက်မည်ကိုကြောက်ရွံ့မည်အားစိုးရိမ်သဖြင့် ရွာသူရွာသားများအားလုံးကို နှိုးကာ ရွာသူကြီးအိမ်သို့ လွှတ်ရန်အတွက် အသုဘအိမ်တစ်အိမ်မှ မောင်းတစ်ခုကို အရင်သွားငှားလိုက်သည်။ လင်းယွဲ့က မောင်းကိုအားကုန်တီးလိုက်ရာ စူးရှကြည်လင်သောမောင်းသံက ရွာတစ်ရွာလုံးတွင် ပဲ့တင်ထပ်သွား၏။
"ထကြပါ ထကြပါ၊ ရွာထဲမှာ သူခိုး ဝင်နေတယ်ဟေ့"
လင်းယွဲ့အော်ဟစ်လိုက်သည်။
"ရွာထဲမှာ သူခိုးဝင်နေတယ်၊ အားလုံး ရွာသူကြီးအိမ်ကိုသွားကြ"