← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

Ch-65

ရွာသူရွာသားအများစုသည် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေဆဲဖြစ်ပြီး သူတို့အိပ်မက်များကို နှောင့်ယှက်သည့်အတွက် သူမအားဆဲဆိုတော့မည့်ဆဲဆဲတွင် သူခိုးအကြောင်းကြားလိုက်ရသဖြင့် သူတို့သိချင်စိတ်များ ချက်ချင်း နိုးကြားလာလေသည်။

"လင်းယွဲ့ ဘာဖြစ်တာလဲ"

ယခုမှနိုးလာသော ရွာသူရွာသားတစ်ဦး ဖြစ်သည်ကိုမြင်သောအခါ လင်းယွဲ့က အမြန်ပြောလိုက်သည်။

"ရွာထဲမှာ သူခိုးဝင်နေတယ်၊ ရွာသူကြီးက အားလုံးကို သူ့အိမ်သွားခိုင်းနေတယ်"

"အိုး သူခိုးက ငါတို့ရွာကိုလာရဲတယ်ပေါ့၊ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ၊ ငါ အခုပဲ သွားမယ်"

ရွာသူရွာသားများမှာ အိပ်ချင်စိတ်လုံးဝ မရှိတော့ပေ။ အလုပ်ပါးသော ဤရာသီတွင် ဤမျှစိတ်ဝင်စားဖွယ်ကောင်းသော အဖြစ်အပျက်မျိုးမှာ သေချာပေါက် ပျော်စရာတစ်ခုဖြစ်ပေသည်။ လင်းယွဲ့က လိုက်ခေါ်စရာပင်မလိုတော့ဘဲ နိုးလာသော ရွာသူရွာသားအချို့သည် အိမ်မှလက်နက်ကိရိယာများကို ဆွဲယူကာ အိမ်နီးချင်းများ၏တံခါးများကို အပြေးအလွှား သွားခေါက်ကြလေသည်။

"အဘိုးဝမ် မြန်မြန်ထ၊ ငါတို့ သူခိုးသွားကြည့်မလို့"

ထိုသို့ဖြင့် ၁၅ မိနစ်မပြည့်မီမှာပင် လင်းယွဲ့သည် ရွာတစ်ရွာလုံးကိုနှိုးနိုင်ခဲ့ပြီး သူတို့သည် လူအုပ်ကြီးဖြင့် ရွာသူကြီးအိမ်သို့ ချီတက်သွားကြလေသည်။ လင်းယွဲ့သည် ဝမ်တာ့ကျန်းအား ရွာသူကြီးအိမ်ရှေ့တွင် တွေ့သဖြင့် ခေါင်းညိတ်ပြလိုက်၏။ ဝမ်တာ့ကျန်းက တံခါးကို ချက်ချင်းအားကုန်ခေါက်လိုက်ရာ ဒုန်းကနဲအသံကြီးထွက်ပေါ်လာလေသည်။

ရွာသူကြီးက မကျေမနပ်ဖြင့်တံခါးကို ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် တုတ်များ၊ ထွန်ခြစ်များ သို့မဟုတ် ပေါက်တူးများ ကိုယ်စီကိုင်ဆောင်ထားသော လူအုပ်ကြီးကို မြင်တွေ့လိုက်ရရာ တုန်လှုပ်ထစ်ငေါ့စွာ မေးလိုက်သည်။

"တောင်ပေါ်က ဓားပြတွေဝင်လာတာလား"

"မဟုတ်ဘူး သူခိုး"

"အိုး သူခိုးလေးပဲဟာ၊ ဘာလို့ ဒီလောက်တောင် ရုတ်ရုတ်သဲသဲလုပ်နေရတာလဲ"

ရွာသူကြီးက ဒေါသတကြီးပြောလိုက်သည်။

"ရွာထိပ်က သစ်ပင်မှာသွားချည်ထားလိုက်၊ အားလုံး တစ်ချက်စီရိုက်၊ သူ သေရင်လည်း သေပါစေ၊ မသေရင် ဆက်ရိုက်"

"ကျက်သရေမရှိလိုက်တာ၊ ဒီပြဿနာက ငါ့အိပ်ရေးကိုလာနှောင့်ယှက်နေတယ်"

ရွာသူကြီးကပြောပြီး တံခါးကိုပိတ်ရန် ပြင်လိုက်သည်။

"ရွာသူကြီး၊ သူ့ကို ရိုက်ဖို့ပြောတာက ရွာသူကြီးပဲနော်၊ တစ်ခုခုဖြစ်သွားရင်...."

ကုတာ့တျန် အော်ပြောလိုက်သည်။

"ဘယ်သူက တာဝန်ယူမှာလဲ"

ရွာသူကြီးက စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။

"သူခိုးတစ်ယောက်ကို သေအောင်ရိုက်တာ ဘာများဖြစ်နိုင်လို့လဲ"

ရွာသူကြီး၏ဆွေမျိုးတစ်ဦးက အမြန်ပြောလိုက်သည်။

"ဦးလေး သူက ဘယ်သူလဲဆိုတာ ကြည့်ပါဦး"

"ဘယ်သူများ ဖြစ်နိုင်မှာလဲ"

ရွာသူကြီးက ညည်းညူရင်း ခန္ဓာကိုယ်ကိုကိုင်းကာ ထိုလူအားကြည့်လိုက်ရာ စွန်းကျန်းက ရုတ်တရက်မျက်လုံးဖွင့်ပြီး သူ့ကို စူးရဲစွာစိုက်ကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။

"အမလေး"

ရွာသူကြီးမှာ ထိုအကြည့်ကြောင့်လန့်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားလေသည်။ သူ့စိတ်များ အသိပြန်ဝင်လာသောအခါ

"သူ သူ သူက စွန်းကျန်းလေ၊ သူ့ယောက်ဖက စစ်ဆေးရေးအရာရှိ၊ အိုး ဘာလို့ သူပဲထပ်ဖြစ်ရတာလဲ"

ရွာသူကြီးမှာ ခေါင်းကိုက်လာလေသည်။ ဤစွန်းကျန်းမှာ အမြဲတမ်း ပြဿနာရှာတတ်ပြီး ဖျင်ဆန်းရွာတွင်သာမက သူတို့ရွာသို့လည်းမကြာခဏ ပြေးလာတတ်သည်။ သို့သော် သူ့ယောက်ဖကြောင့် သူတို့သည် မသိချင်ယောင်သာဆောင်နေခဲ့ကြရ၏။ သို့သော် လက်ရှိအမှုအတွက်ကတော့ ရွာသူကြီးသည် သူခြေထောက်ရှိ တောဝက်ထောင်ချောက်ကို မြင်လိုက်ရပြီးနောက် နေရာအနှံ့သွေးများ စွန်းထင်းနေသော တံခါးခုံကိုမြင်လိုက်ရသောအခါ သူ့နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားသည်။

"သမားတော် ဘေးရွာကိုသွားပြီး သမားတော်မြန်မြန် သွားပင့်ကြ"

"ရွာသူကြီး သူက သူခိုးလေ၊ ရွာသူကြီးက သူခိုးအတွက် သမားတော်ခေါ်ပေးချင်တာလား"

လင်းယွဲ့က ရွာသူကြီးအား စူးရှရှလေသံဖြင့် စိုက်ကြည့်ကာမေးလိုက်သည်။ ဤအကြောက်တရား လွှမ်းမိုးနေသော လေထုကို ဆက်လက်ပျံ့နှံ့ခွင့်လုံးဝမပြုနိုင်ပေ။ ထိုသို့မဟုတ်ပါက စစ်ဆေးရေးအရာရှိ ရောက်လာသောအခါ အကြောင်းစုံမစုံစမ်းဘဲ သူမကို ချက်ချင်းလွှဲပြောင်းပေးလိမ့်မည် ဖြစ်သည်။ မိမိကိုယ်ကို ကာကွယ်လိုသော သူမ၏ရည်မှန်းချက်က သတ္တိကို မွေးဖွားပေးသည်။

"ရွာသူကြီး ရှင်က ရွာသူကြီးဖြစ်သလို လူကြီးတစ်ယောက်လည်းဖြစ်တယ်လေ၊ ရွာရဲ့ အရေးကိစ္စအကြီးအသေး အားလုံးကို စီမံခန့်ခွဲနေရတာ၊ ရွာသူရွာသားအားလုံးက ရှင့်ကို လေးစားပြီး ရှင့်ရဲ့အစီအစဉ်တွေကို လိုက်နာကြတယ်၊ အခု သူက သူခိုးတစ်ယောက်ပဲလေ၊ သူ့ကိုသေအောင် ရိုက်မယ်ဆိုတဲ့ ခုနက ရှင့်စကားကိုထည့်မတွက်တော့ဘူးလား၊ အဲဒီအစား သမားတော်သွားပင့်ချင်နေတယ်၊ ကျွန်မအမြင်တော့ ရှင်က ဒီသူခိုးကို ကြောက်နေတာမဟုတ်ဘူးမလား"

ရွာသူကြီးက ချောင်းဟန့်လိုက်ပြီး ထရပ်ကာ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

"ငါက သူ့ကို ဘယ်လိုလုပ်ကြောက်ရမှာလဲ၊ သူ့ကို အထဲခေါ်လာခဲ့"

ထိုအချိန်တွင် ရွာသူကြီးအိမ်၌ ဖယောင်းတိုင်များ ထွန်းညှိထားသဖြင့် လင်းထိန်နေလေသည်။ ရွာသူကြီးနှင့် အခြားလေးစားရသော လူကြီးတစ်ဦးတို့မှာ ဧည့်ခန်းမကြီး၏အဓိကနေရာများတွင်ထိုင်နေကြပြီး အခြားသူများမှာ မိမိတို့အသက်အရွယ် ကြီးစဉ်ငယ်လိုက်အတိုင်း ဘေးဘက်နေရာများတွင်ထိုင်ကြသည်။ ကျန်သူများမှာ မတ်တတ်ရပ်နေကြ၏။

စွန်းကျန်းမှာ မြေပြင်ပေါ်တွင်သေနေသော ခွေးတစ်ကောင်ကဲ့သို့ လဲလျောင်းနေပြီး သူ့မျက်လုံးများမှာ ပွင့်ရုံသာပွင့်နေသည်။ သို့သော် သူ့အကြည့်များမှာ ဝေဝါးနေသဖြင့် သတိလစ်နေဆဲ ဖြစ်ကြောင်းညွှန်ပြနေသည်။

"တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ"

စွန်းကျန်းအခြေအနေကို မြင်သောအခါ ရွာသူကြီး၏နှလုံးမှာ သုံးကြိမ်တိုင်တိုင် တုန်ယင်သွားသည်။ စစ်ဆေးရေးအရာရှိများမှာ များသောအားဖြင့် သူတို့ကို မထိန်းချုပ်နိုင်သော်လည်း အခွန်ကောက်ခံသည့်အခါတွင် စစ်ဆေးရေးအရာရှိများကသာ အမြဲလာရောက်ကောက်ခံလေ့ရှိကြ၏။အခွန်ကောက်ခံရာတွင် လှည့်ကွက်များစွာရှိသည်။

ဆန်ချိန်တွယ်သည့် ကိရိယာများကိုပင် ကစား၍ရနိုင်သေးရာ အခြားအရာများကို ပြောစရာပင်မလိုတော့ပေ။ ဆောင်းဦးရိတ်သိမ်းပြီးသည်နှင့် အခွန်ကောက်ခံရမည်ဖြစ်ရာ ဤကဲ့သို့အရေးကြီးသော အချိန်အခါမျိုးတွင် သူတို့ကိုသွားမစော်ကားသင့်ပေ။ ရွာသူကြီးက စားပွဲကိုရိုက်ချလိုက်သည်။

"တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ၊ သူက ဘယ်လိုလုပ် သူခိုးဖြစ်သွားတာလဲ"

လင်းယွဲ့ ရှင်းပြလိုက်သည်။

"ရွာသူကြီး၊ ကျွန်မအိမ်မှာ အိပ်မောကျနေတုန်း အော်သံတစ်သံကြားလိုက်ရတယ်၊ ပြီးတော့ သူ့ခြေထောက်က ကျွန်မထောင်ထားတဲ့ တောဝက်ထောင်ချောက်မှာ ညှပ်ပြီးအိမ်ထဲ ရောက်နေတာကိုတွေ့လိုက်ရတယ်လေ၊ သူကခိုးတာမဟုတ်ဘူးဆိုရင် ဘာလာလုပ်တာလဲ"

"အဲဒါက"

ရွာသူကြီးက သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။

"ဒါဆို မင်းသူ့ကိုဖမ်းမိတဲ့အချိန်မှာ သူ့ကိုယ်ပေါ်မှာဖြစ်ဖြစ် သူ့အနားမှာဖြစ်ဖြစ် မင်းအိမ်က ငွေတွေနဲ့ ပစ္စည်းတွေ ပါနေသေးလား"

"မပါဘူး"

ရွာသူကြီး သက်ပြင်းချကာရယ်မောလိုက်သည်။

"ဒါဆို သူ ခိုးတာမဟုတ်လောက်ပါဘူး"

"ရွာသူကြီး ရှင့်စကားက သိပ်ကို ဘက်လိုက်လွန်းတယ်၊ ဒီစွန်းကျန်းက ကြက်ခိုးခွေးခိုးတာ ဝါသနာပါတယ်ဆိုတာ ဘယ်သူမသိလို့လဲ၊ အရင်တုန်းက သူ ကျွန်တော့်ကြက်လေးငါးကောင် ခိုးသွားတာတောင် ဘာမှမလုပ်ခဲ့ဘူးလေ"

ရွာသားတစ်ဦးက အော်ပြောလိုက်သည်။

"သူ ခိုးရတာဝါသနာပါတယ်ဆိုတာ ဘယ်သူမသိလို့လဲ"

"ဟုတ်တယ်၊ သူ ငါ့ရဲ့ခွေးကြီးကိုလည်း ခိုးသွားတယ်၊ ငါသွားရှာတော့ အရိုးတွေပဲ ကျန်တော့တယ်၊ အဲဒါက ငါ့အိမ်စောင့်ခွေးလေ၊ သိပ်လိမ္မာတာကို သူက စားပစ်လိုက်တယ်"

"သူက ပိုက်ဆံမပေးဘဲ အလကားလည်း အိပ်သွားသေးတာ"

အမျိုးသမီးတစ်ဦးက အော်ပြောလိုက်သည်။

"သူက တစ်ကြိမ်ကိုသုံးပြားလို့ပြောတယ်၊ ပြီးတော့ သူ့ဘောင်းဘီသူဆွဲတင်ပြီး ထွက်သွားတာ၊ ကျွန်မကပိုက်ဆံတောင်းတော့ သူကျွန်မကို ပါးရိုက်တယ်၊ တကယ့် လူယုတ်မာပဲ၊ ပြည့်တန်ဆာခတောင် လိမ်သွားသေးတယ်"

"နင်တို့ကမှ သက်သာသေးတယ်၊ ဖျင်ဆန်းရွာက မုဆိုးဖိုဝမ်ရှန်းကို နင်တို့သိလား၊ သူ့သမီးက လှလည်းလှတယ်၊ ခရိုင်က ချမ်းသာတဲ့မိသားစုတစ်စုနဲ့တောင် စေ့စပ်ထားတာ၊ သူတို့ဘဝလေး အဆင်ပြေလာတော့မယ့်အချိန်ကျမှ သူက ကောင်မလေးကိုမုဒိမ်းကျင့်လိုက်တာ"

"ဝမ်ရှန်းနဲ့ သူ့သမီးနှစ်ယောက်စလုံး ကြိုးဆွဲချသေသွားကြတယ်၊ စွန်းကျန်းကတော့ ဘာအပြစ်မှမခံရဘူး၊ ချမ်းသာတဲ့မိသားစုက စစ်ဆေးရေးအရာရှိရဲ့အစ်မကိုတောင် လက်ထပ်လိုက်တယ်လို့ ကြားသေးတယ်၊ စစ်ဆေးရေးအရာရှိရဲ့အစ်မက ကိုယ်လုံးကိုယ်ပေါက် ကြီးကြီးနဲ့လေ ကျွတ် ကျွတ် ကျွတ် "

"ပါးစပ်ပိတ်ထား ပါးစပ်ပိတ်ထားစမ်း"

ရွာသူကြီး အကြိမ်အနည်းငယ် အော်ဟစ်လိုက်သည်။

"အဲဒါတွေက ဒီအမှုနဲ့ဘာဆိုင်လို့လဲ"

"မဆိုင်ဘူးလား"

လင်းယွဲ့ ခနဲ့၍ပြောလိုက်သည်။

"သူက ပုံမှန်ဆိုရင်ကြက်ခိုးခွေးခိုးတာ ဝါသနာပါတယ်၊ ပြီးတော့ သူကကျွန်မအိမ်ထဲကို ကျူးကျော်ဝင်လာပြီး တောဝက်ထောင်ချောက်နဲ့ မိတာလေ၊ ကျွန်မသာ ထောင်ချောက်မထောင်ထားဘူးဆိုရင် သူခိုးမလား မုဒိမ်းကျင့်မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"ဒါကြောင့် ငါ့ညီသွားမယ့်လမ်းမှာ မင်းကတောဝက်ထောင်ချောက်ကို ဘာလို့ သွားထောင်ထားရတာလဲ"

ဒေါသတကြီးဟိန်းဟောက်သံတစ်သံက အိမ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။ လင်းယွဲ့လှည့်ကြည့်လိုက်ရာ တံခါးအပြင်ဘက်မှ လူနှစ်ယောက်ဝင်လာသည်ကို တွေ့လိုက်ရ၏။ တစ်ယောက်မှာ စစ်ဆေးရေးအရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ပေါက်ကြီးမားတောင့်တင်းကာ လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဒေါသတကြီးဝင်လာလေသည်။ သူ့နောက်မှ လူမှာ အလွန်တရာပိန်ပိန်ပါးပါးလေးဖြစ်ပြီး အရာရှိနောက်မှ အမောတကော လိုက်ပါလာသည်။

‘အဲဒါ ခုနအပြင်ကနေ စောင့်ကြည့်နေတဲ့လူဖြစ်ရမယ်’

"ရွာသူကြီး ငါ့ညီကိုသွေးထွက်လွန်ပြီး သေစေချင်နေတာလား"

စစ်ဆေးရေးအရာရှိက ရွာသူကြီးအား ဖိအားပေးစိုက်ကြည့်လိုက်သည်။

"ဘာလို့ သမားတော်မြန်မြန်မခေါ်တာလဲ"

"အဲဒါက"

ရွာသူကြီးသည် စစ်ဆေးရေးအရာရှိ၏ အရှိန်အဝါကြောင့် စိတ်ရှုပ်သွားသည်။ သူ့ယောက်ဖစွန်းကျန်းက ကြက်ခိုးခွေးခိုး၍ဒုက္ခကို ကိုယ်တိုင်ရှာခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားနေသော်လည်း သူက အလွန်အမင်းကိုယ့်ကိုကိုယ် မှန်သည်ဟုထင်နေသည်။

"အဓိက,က မင်းယောက်ဖစွန်းကျန်း သူများအိမ်ထဲ ခိုးဝင်တာလေ၊ ရွာရဲ့ စည်းမျဉ်းတွေအရဆိုရင် သူ့ကိုသေအောင် ရိုက်ရမှာ၊ ငါတို့က ဘာလို့ သမားတော်ခေါ်ပေးရမှာလဲ"

"ဟမ့် ခုနက ငါ နားစွန်နားဖျားကြားလိုက်တယ်"

စစ်ဆေးရေးအရာရှိက ပြောလိုက်သည်။

"ငါ့ညီကဖြူစင်ပြီး အပြစ်ကင်းတယ်၊ ဒီမိန်းမက မထောင်သင့်တဲ့နေရာမှာ တောဝက်ထောင်ချောက်ကို သွားထောင်တာ၊ သူက ငါ့ညီကိုဒုက္ခပေးထားပြီးတော့ သူကပဲတိုင်တောရဲသေးတယ်ပေါ့"

"မြန်မြန် သမားတော်သွားခေါ်စမ်း”

စစ်ဆေးရေးအရာရှိက ရွာသူကြီးအား အေးစက်စက်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"မနှစ်က ဆောင်းဦးရိတ်သိမ်းချိန်မှာ အရမ်းအဆင်ပြေသွားလို့ မင်းတို့ အားလုံးပျော့ညံ့သွားတယ်လို့ ငါထင်တယ်၊ ဒီနှစ်တော့ မင်းတို့အတွက်နည်းနည်းတင်းကျပ်ပေးရမလား"

စစ်ဆေးရေးအရာရှိ၏ ခြိမ်းခြောက်မှုကို ကြားသောအခါ ရွာသူကြီးမှာခေါင်းကိုက်သွားလေသည်။ ဆောင်းဦး ရိတ်သိမ်းခြင်းဆိုသည်မှာ ရွာသူရွာသား အားလုံး၏အသက်အိုးအိမ်စည်းစိမ်နှင့် သက်ဆိုင်သော အရေးကြီးသည့်ကိစ္စရပ်တစ်ခုဖြစ်သည်။ အကယ်၍ စပါးအထွက်နှုန်းနည်းပါးသွားပါက သူတို့ ဆောင်းတွင်းကို ကျော်ဖြတ်နိုင်မည်လားဆိုတာပင် မသိနိုင်တော့ပေ။

"မြန်မြန် မြန်မြန် မြန်မြန်"

ရွာသူကြီး ပြောလိုက်သည်။

"သမားတော်သွားခေါ်ကြစမ်း"

ဧည့်ခန်းမကြီးအတွင်းရှိ ရွာသူရွာသား တစ်ယောက်မျှမလှုပ်ရှားကြပေ။

"အာ့ဇီ"

ရွာသူကြီးက သူ့တူအကြီးဆုံးကိုကြည့်လိုက်သည်။

"မင်း မသွားဘူးလား"

အာ့ဇီက ခေါင်းကိုလှည့်ကာ နားမကြားသလိုဟန်ဆောင်နေသည်။

"ဒါက လွန်လွန်းတယ်၊ လွန်လွန်းတယ်"

ရွာသူကြီးက သူ့သားအကြီးဆုံးကို ကြည့်လိုက်သည်။

"မင်းသွားစမ်း"

All Chapters